အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း (Puberty) ဆိုသည်မှာ ကလေးတစ်ဦး၏ ခန္ဓာကိုယ် တရှိန်ထိုးထွားကြိုင်းလာပြီး လူကြီးတစ်ဦး၏ လိင်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အင်္ဂါရပ်များ ဖွံ့ဖြိုးလာသည့် ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်သည်။ ကလေး၏ဦးနှောက်အတွင်းရှိ ဟိုက်ပိုသလမတ်စ် (Hypothalamus) မှ ဓာတုပစ္စည်းများ (ဟော်မုန်းများ) ကို စတင်ထုတ်လွှတ်ပြီး ပစ်ကျူထရီဂလင်း (Pituitary gland) မှ Gonadotropins ဟုခေါ်သော ဟော်မုန်းများကို ဆက်လက်ထုတ်လွှတ်စေသည်။ ၎င်း Gonadotropins ဟော်မုန်းများသည် လိင်အင်္ဂါဂလင်းများ (Gonads) ကြီးထွားမှုကို လှုံ့ဆော်ပေးသည်။ ယောက်ျားလေးများတွင် ၎င်းလိင်အင်္ဂါဂလင်းမှာ ဝှေးစေ့ (Testicles) ဖြစ်ပြီး Testosterone ဟော်မုန်းကို ထုတ်လွှတ်သည်။ မိန်းကလေးများတွင်မူ မမျိုးဥအိမ် (Ovaries) ဖြစ်ပြီး Estrogen ဟော်မုန်းကို ထုတ်လွှတ်ပေးသည်။
ဆေးပညာဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်များအရ အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် နောက်ကျခြင်း (Delayed puberty) ဟု သတ်မှတ်သော အသက်အရွယ်များသည် ကျား၊ မ ကွဲပြားမှုအပေါ် မူတည်ပြီး ခြားနားသည်။ မိန်းကလေးများတွင် အသက် ၁၃ နှစ်၊ ယောက်ျားလေးများတွင် အသက် ၁၄ နှစ်အထိ အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းဆိုင်ရာ ခန္ဓာကိုယ်ပြောင်းလဲမှု သို့မဟုတ် ထွားကြိုင်းမှုအရှိန်အဟုန် စတင်ခြင်းမရှိပါက အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် နောက်ကျခြင်း ဟု သတ်မှတ်သည်။
မိန်းကလေးများတွင် အပျိုဖော်ဝင်ချိန် နောက်ကျခြင်း သတ်မှတ်ချက်များ
- အသက် ၁၃ နှစ် ပြည့်သည်အထိ ရင်သား စတင်ဖွံ့ဖြိုးလာခြင်း မရှိခြင်း
သို့မဟုတ် - အသက် ၁၅ နှစ် ပြည့်သည်အထိ သို့မဟုတ် ရင်သားစတင်ဖွံ့ဖြိုးပြီး ၃ နှစ်အတွင်း ဓမ္မတာ (ရာသီသွေး) စတင်ပေါ်ပေါက်လာမှု မရှိခြင်း
ယောက်ျားလေးများတွင် လူပျိုဖော်ဝင်ချိန် နောက်ကျခြင်း သတ်မှတ်ချက်များ
- အသက် ၁၄ နှစ် ပြည့်သည်အထိ ဝှေးစေ့များ စတင်ကြီးထွားလာခြင်း မရှိခြင်း
သို့မဟုတ် - ဝှေးစေ့များ စတင်ကြီးထွားလာခဲ့သည်မှာ အနည်းဆုံး ၅ နှစ် ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း လူပျိုဖော်ဝင်ခြင်းဖြစ်စဉ် တစ်ခုလုံး အပြည့်အဝ ပြီးမြောက်ခြင်း မရှိသေးခြင်း
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် နောက်ကျရခြင်းတွင် အောက်ပါအကြောင်းရင်းများ ပါဝင်သည်။
- မျိုးရိုးလိုက်ခြင်းကြောင့် သဘာဝအလျောက် နောက်ကျခြင်း (Constitutional Delay)
၎င်းသည် အဖြစ်အများဆုံး အကြောင်းရင်းဖြစ်ပြီး ရောဂါကြောင့်မဟုတ်ဘဲ ခန္ဓာကိုယ်ဇီဝနာရီ နှေးကွေးနေခြင်းသာဖြစ်သည်၊ မိဘ၊ မောင်နှမ သို့မဟုတ် ဆွေမျိုးများထဲတွင် လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်းနောက်ကျခဲ့သည့် ရာဇဝင်ရှိတတ်သည်။ - နာတာရှည်ရောဂါများ ရှိနေခြင်း
ကျောက်ကပ်ရောဂါ၊ ပြင်းထန်ပန်းနာရင်ကျပ်ရောဂါ၊ ဆစ်စတစ်ဖိုက်ဘရိုးဆစ် (Cystic Fibrosis)၊ အဆစ်အမြစ်ရောင်ရမ်းနာ (Rheumatoid Arthritis)၊ အူလမ်းကြောင်းရောင်ရမ်းသည့်ရောဂါ သို့မဟုတ် သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း (Hypothyroidism) စသည့် နာတာရှည်ရောဂါရှိသူများတွင် အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း နောက်ကျနိုင်သည်။ - မျိုးပွားအင်္ဂါများ ချို့ယွင်းခြင်း
မမျိုးဥအိမ် သို့မဟုတ် ဝှေးစေ့မှ လိုအပ်သော ကျား၊မ ဟော်မုန်းများ လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း ဥပမာ – တာနာဆင်ဒရုန်း (Turner Syndrome) ရှိသော မိန်းကလေးများ၊ ကလိုင်းဖဲလ်တာ ဆင်ဒရုန်း (Klinefelter Syndrome) ရှိသော ယောက်ျားလေးများနှင့် ကင်ဆာကုသမှု၏နောက်ဆက်တွဲ မျိုးပွားအင်္ဂါများ ချို့ယွင်းခြင်းစသည်တို့ကြောင့် အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် နောက်ကျခြင်း သို့မဟုတ် လုံးဝမဝင်ခြင်း တွေ့ရနိုင်သည်။ - ပစ်ကျူထရီဂလင်းရောဂါများ
ပစ်ကျူထရီဂလင်းမှ လိင်အင်္ဂါများကို လှုံ့ဆော်ပေးသည့် ဟော်မုန်းများ (FSH နှင့် LH) မထုတ်ပေးနိုင်သည့် အခြေအနေများတွင် (ဥပမာ – ပစ်ကျူထရီဂလင်းတွင် အကျိတ်ဖြစ်ခြင်း၊ ဦးခေါင်းတွင်ပြင်းထန်စွာထိခိုက်ဒဏ်ရာရခြင်း၊ ပစ်ကျူထရီဂလင်းကို ခွဲစိတ်ကုသမှု ခံယူဖူးခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ပြ ကုသဖူးခြင်း၊ မွေးရာပါ မျိုးဗီဇချို့ယွင်းချက်ရှိခြင်း) အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း နောက်ကျနိုင်သည်။ - အစာစားခြင်းဆိုင်ရာ စိတ်ရောဂါနှင့် ပြင်းထန်စွာ ကိုယ်လက်လှုပ်ရှားခြင်း
Anorexia Nervosa ကဲ့သို့ စားသောက်မှုအလေ့အထ မူမမှန်ခြင်းဆိုင်ရာရောဂါရှိသူများ၊ ဘဲလေးကချေသည်များ၊ ဂျွမ်းဘားနှင့် အားကစားသမားများတွင် ကိုယ်အလေးချိန် အလွန်နည်းခြင်း သို့မဟုတ် စွမ်းအင်သုံးစွဲမှု များလွန်းခြင်းကြောင့် ဖြစ်တတ်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
- ခန္ဓာကိုယ်ထွားကြိုင်းမှု နှေးကွေးခြင်း – အပျိုဖော်၊ လူပျိုဖော်ဝင်သည့်အရွယ် မရောက်မချင်း အရပ်ရှည်နှုန်း အလွန်နှေးကွေးပြီး အသက်တူရွယ်တူများထက် အရပ်ပုနေတတ်သည်
- လိင်ပိုင်းဆိုင်ရာ လက္ခဏာများ မပြောင်းလဲခြင်း – မိန်းကလေးများတွင် ရင်သားဖွံ့ဖြိုးလာမှု မရှိခြင်း၊ ယောက်ျားလေးများတွင် ဝှေးစေ့ကြီးထွားလာမှု မရှိခြင်းနှင့် ဆီးခုံမွှေး မပေါက်ခြင်း တို့တွေ့ရနိုင်သည်
- စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ပြဿနာများ – အသက်တူရွယ်တူများနှင့်မတူဘဲ ကလေးပုံသဏ္ဌာန်သာ ဖြစ်နေသည့်အတွက် စိတ်အားငယ်ခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုနည်းခြင်း၊ ကျောင်းတွင် အနိုင်ကျင့်ခံရခြင်း သို့မဟုတ် ကျောင်းပြေးခြင်းများ ကြုံတွေ့ရနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အောက်ပါအခြေအနေများရှိပါက ကလေးအထူးကု သို့မဟုတ် ကလေးဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်နှင့် ပြသဆွေးနွေးသင့်သည်။
- မိန်းကလေးတွင် အသက် ၁၃ နှစ် ပြည့်သည့်တိုင် ရင်သားဖွံ့ဖြိုးမှု သို့မဟုတ် အရပ်ရှည်လာသည့်လက္ခဏာ လုံးဝမရှိလျှင်
- ယောက်ျားလေးတွင် အသက် ၁၄ နှစ် ပြည့်သည့်တိုင် ဝှေးစေ့ကြီးထွားလာခြင်း သို့မဟုတ် အပျိုဖော်၊ လူပျိုဖော်ဝင်သည့် လက္ခဏာ လုံးဝမရှိလျှင်
- ကလေးသည် အသက်တူရွယ်တူများထက် အလွန်အမင်း အရပ်ပုနေပြီး ကြီးထွားမှုနှုန်း သိသိသာသာ နှေးကွေးကျဆင်းသွားလျှင်
- ကလေးသည် မိမိ၏ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနောက်ကျခြင်းကြောင့် လူမှုပတ်ဝန်းကျင်တွင် စိတ်ဒုက္ခ အကြီးအကျယ် ခံစားနေရလျှင်
အရေးပေါ်ပြသရန် (စိုးရိမ်ရသည့်လက္ခဏာများ)
အပျိုဖော် ၊ လူပျိုဖော်ဝင်နောက်ကျခြင်းသည် အရေးပေါ်အသက်အန္တရာယ်ရှိသော အခြေအနေ မဟုတ်သော်လည်း အောက်ပါအခြေအနေများ တွဲလျက်ရှိနေပါက အမြန်ဆုံး ဆေးဝါးကုသမှု ခံယူရမည်။
- Anorexia Nervosa ကဲ့သို့ စားသောက်မှုအလေ့အထ မူမမှန်ခြင်းဆိုင်ရာ ရောဂါကြောင့် ကိုယ်အလေးချိန် သိသိသာသာ လျင်မြန်စွာ ကျဆင်းသွားခြင်းနှင့် အာဟာရချို့တဲ့ခြင်း
- မိမိကိုယ်မိမိ ယုံကြည်မှု ပျောက်ဆုံးပြီး ပြင်းထန်သော စိတ်ဓာတ်ကျခြင်း သို့မဟုတ် အပြုအမူဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ပြင်းထန်စွာ ခံစားရခြင်း
- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လက္ခဏာများ – အကြောင်းရင်းမရှိဘဲ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးလာခြင်း၊ မကြာခဏ ပျို့အန်ခြင်း၊ လမ်းလျှောက်လျှင် ဟန်ချက်မထိန်းနိုင်ဘဲ ယိုင်လဲခြင်း၊ တက်ခြင်း သို့မဟုတ် သတိလစ်မေ့မြောသွားခြင်း
ရောဂါရှာဖွေခြင်း
ဆရာဝန်များသည် ရောဂါရာဇဝင် မေးမြန်းစစ်ဆေးပြီးနောက် လိုအပ်ပါက အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။
- အရိုးဓာတ်မှန်ရိုက်ခြင်း (Bone Age X-ray) – အရိုးအသက်ကို တိုင်းတာခြင်းဖြင့် ကလေး၏ အရိုးကြီးထွားနှုန်းနှင့် ဆက်လက်ကြီးထွားနိုင်မည့် အလားအလာကို ခန့်မှန်းနိုင်သည်
- သွေးစစ်ခြင်း – ခန္ဓာကိုယ်တွင်း လိင်ဟော်မုန်းများနှင့် မမျိုးဥအိမ်၊ ဝှေးစေ့တို့ကို လှုံ့ဆော်ပေးသော ဟော်မုန်းပမာဏများကို တိုင်းတာခြင်း သို့မဟုတ် အခြားနာတာရှည်ရောဂါများ ရှိမရှိ ရှာဖွေခြင်း
- ခရိုမိုဆုန်း စစ်ဆေးခြင်း (Karyotyping) – တာနာဆင်ဒရုန်း သို့မဟုတ် ကလိုင်းဖဲလ်တာဆင်ဒရုန်း ကဲ့သို့သော မျိုးဗီဇဆိုင်ရာ ပုံမှန်မဟုတ်မှုများကို ရှာဖွေခြင်း
- အာထရာဆောင်းရိုက်ခြင်း – မိန်းကလေးများတွင် သားအိမ်နှင့် မမျိုးဥအိမ် တည်ရှိမှုနှင့် အရွယ်အစားကို စစ်ဆေးခြင်း
- ကွန်ပျူတာဓာတ်မှန် (CT scan) ၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) စသည့် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ခြင်း
ကုသခြင်း
ကုသမှုသည် ဖြစ်ပွားရသည့် အကြောင်းရင်းပေါ် မူတည်သည်။
- နာတာရှည်ရောဂါကြောင့်ဖြစ်လျှင် နောက်ခံရောဂါကို ထိရောက်စွာ ကုသပေးခြင်းဖြင့် သဘာဝအလျောက် အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း ပြန်လည်စတင်လာတတ်သည်
- ဟော်မုန်းချို့တဲ့ခြင်း သို့မဟုတ် မျိုးပွားအင်္ဂါ ပျက်စီးနေလျှင် လိုအပ်ပါက ဟော်မုန်းအစားထိုး ကုသမှု (HRT) ခံယူရန် လိုအပ်သည်
- မိန်းကလေးများတွင် အီစထရိုဂျင် (Oestrogen) ဟော်မုန်း ပမာဏအနည်းငယ်ဖြင့် စတင်ပြီး နောက်ပိုင်းတွင် ရာသီသွေးပေါ်စေရန် ပရိုဂျက်စတီရုန်း (Progesterone) ဟော်မုန်း တွဲဖက်ပေးသည်၊ (မှတ်ချက်- အစောပိုင်းတွင် သားဖွားမီးယပ် တားဆေးကတ်များ တိုက်ကျွေးခြင်းကို ရှောင်ကြဉ်ရမည်)
- ယောက်ျားလေးများတွင် တက်စတိုစတီရုန်း (Testosterone) ဟော်မုန်းကို ဆေးပြား၊ ဂျယ် သို့မဟုတ် ကာလရှည်ခံ ထိုးဆေးများအဖြစ် အသုံးပြုကုသသည်
- စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီခြင်း
- မျိုးရိုးကြောင့် သဘာဝအလျောက် နောက်ကျခြင်း (Constitutional Delay) ဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်၍ ဟော်မုန်းဖြင့်လှုံ့ဆော်ခြင်း ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း
မျိုးဗီဇနှင့် သဘာဝအလျောက် နောက်ကျခြင်းများကို ကြိုတင်ကာကွယ်၍ မရနိုင်ပါ။ သို့သော် အောက်ပါအချက်များဖြင့် အထွေထွေဖွံ့ဖြိုးမှုနောက်ကျခြင်းကို လျှော့ချနိုင်သည်။
- ကလေးကို မျှတပြီး အာဟာရပြည့်ဝသော အစားအစာများ ကျွေးမွေးခြင်း
- ပြင်းထန်လွန်းသော အားကစားလေ့ကျင့်ခန်းများကြောင့် ခန္ဓာကိုယ်အလေးချိန်နှင့် စွမ်းအင် အလွန်အမင်း မယုတ်လျော့စေရန် ဂရုစိုက်ခြင်း
- ကလေးတွင် နာတာရှည်ရောဂါ လက္ခဏာများ ရှိပါက အချိန်ဆွဲမထားဘဲ စောစီးစွာ စနစ်တကျ ကုသမှု ခံယူစေခြင်းစသည်တို့ ပြုလုပ်ပေးနိုင်သည်။
References:
- Australasian Paediatric Endocrine Group. (2024). Hormones and me: Delayed puberty. Retrieved June 26, 2026, from https://media.anzsped.org/2016/03/12121215/Hormones-and-Me-Delayed-Puberty_FINAL-2024.pdf
- Cleveland Clinic. (n.d.). Delayed puberty. Retrieved June 26, 2026, from https://my.clevelandclinic.org/health/diseases/delayed-puberty
- Johns Hopkins Medicine. (n.d.). Delayed puberty. Retrieved June 26, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/delayed-puberty
- MSD Manuals. (n.d.). Delayed puberty. Retrieved June 26, 2026, from https://www.msdmanuals.com/home/children-s-health-issues/hormonal-disorders-in-children/delayed-puberty
Published: 22 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.