စကားပြော မပီသခြင်း (Dysarthria) ဆိုသည်မှာ စကားပြောရာတွင် အသုံးပြုသည့် ကြွက်သားများနှင့် ထိုကြွက်သားများကို ထိန်းချုပ်ထားသော အာရုံကြောစနစ် ထိခိုက်မှုကြောင့် ကြွက်သားလှုပ်ရှားမှုများ အားနည်းခြင်း၊ နှေးကွေးခြင်း သို့မဟုတ် ထိန်းချုပ်ရခက်ခဲခြင်းတို့ ဖြစ်ပေါ်စေသော စကားပြောဆိုမှုဆိုင်ရာ ချို့ယွင်းချက်တစ်ခုဖြစ်သည်။ ဤသို့စကားမပီမသဖြစ်ခြင်းသည် မိမိကိုယ်တိုင် ရှင်းလင်းပြတ်သားစွာ စကားမပြောဆိုနိုင်ခြင်းသာဖြစ်ပြီး အခြားသူများမှပြောသော ဘာသာစကားကို နားလည်သဘောပေါက်မှု အပိုင်းတွင်မူ ထိခိုက်မှုမရှိကြောင်း တွေ့ရသည်။
ပုံမှန်အားဖြင့် စကားပြောဆိုရာတွင် စကားသံများ တိကျပီသစေရန် ပါးစပ်ရှိ နှုတ်ခမ်း၊ လျှာ၊ မေးရိုးနှင့် လည်ချောင်းတွင်းရှိ အသံအိုး၊ လည်ပင်းကြွက်သားများစသည့် အစိတ်အပိုင်းများသည် စည်းချက်ညီညီ ပေါင်းစပ်လှုပ်ရှား၍ လိုအပ်သောအသံများ ထွက်ပေါ်လာစေခြင်းဖြစ်သည်။ ထိုအစိတ်အပိုင်းများကို ထိန်းချုပ်ထားသော အာရုံကြောစနစ်ကို ထိခိုက်စေသည့် အခြေအနေများနှင့် ကြွက်သားအားနည်းစေသော ရောဂါများသည် အဆိုပါစည်းချက်ညီလှုပ်ရှားမှုကို အားနည်းစေပြီး စကားဗလုံးဗထွေးဖြစ်ခြင်းကို ဖြစ်ပေါ်စေသည်။ ထို့ပြင် အချို့သောဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း ဤအခြေအနေမျိုး ဖြစ်ပွါးတတ်သည်။
ဤအခြေအနေကို ကုသရာတွင် ဖြစ်ပေါ်စေသော အကြောင်းရင်းခံကို အဓိကရှာဖွေကုသခြင်းဖြင့် စကားပြောဆိုမှုစွမ်းရည်ကို ပိုမိုကောင်းမွန်လာစေနိုင်သည့်အပြင် စကားပြောဆိုမှုဆိုင်ရာ ကုထုံး (Speech Therapy) ခံယူရန်လည်း လိုအပ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
စကားမပီသခြင်းသည် မွေးရာပါဖြစ်နိုင်သလို အသက်အရွယ်ကြီးမှလည်း ဖြစ်ပွားနိုင်သည်။ သန္ဓေသားဖွံ့ဖြိုးချိန် သို့မဟုတ် မွေးဖွားချိန်တွင် ဦးနှောက်ထိခိုက်မှုများကြောင့် မွေးရာပါ စကားမပီသခြင်း (Developmental Dysarthria) ကို ဖြစ်ပေါ်စေပြီး ကလေးငယ်များတွင် အများဆုံး တွေ့ရတတ်သည်။ အသက်အရွယ်ကြီးမှ ဖြစ်ပေါ်တတ်သော စကားမပီသခြင်းသည် လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်နှင့် ပါကင်ဆန်ရောဂါကဲ့သို့ ဦးနှောက်ထိခိုက်စေသော ရောဂါများကြောင့် အဓိကဖြစ်ပေါ်သည်။
စကားပြောဆိုရန် လိုအပ်သော မျက်နှာနှင့် လည်ပင်းရှိ ကြွက်သားများအပြင် အသက်ရှူရန် ကူညီပေးသော ကြွက်သားများကိုပါ ထိန်းချုပ်ထားသော အာရုံကြောစနစ် ထိခိုက်စေသည့် အောက်ပါအခြေအနေများသည် စကားပြော မပီသခြင်း၏ အဓိကအကြောင်းရင်းများ ဖြစ်ကြသည်။
- ကြွက်သားအာရုံကြော ပျက်စီးသောရောဂါ [Amyotrophic lateral sclerosis (ALS)]
- လေဖြတ်ခြင်း (Stroke)
- ဦးနှောက်အကျိတ်များ (Brain Tumours)
- ဦးခေါင်းပြင်းထန်စွာ ထိခိုက်ခြင်းကြောင့် ဦးနှောက်ဒဏ်ရာရခြင်း (Traumatic brain injury)
- စီပီရောဂါ (Cerebral palsy)
- အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်း (Dementia)
- ပါးတစ်ခြမ်းရွဲ့ အာရုံကြော လေဖြန်းရောဂါ (Bell’s palsy)
- အာရုံကြောဖုံး အဆီလွှာ ပျက်စီးသောရောဂါ (Multiple sclerosis)
- ကြွက်သားအားနည်းသည့်ရောဂါများ (ဥပမာ – Muscular dystrophy နှင့် Myasthenia gravis)
- ပါကင်ဆန်ရောဂါ (Parkinson’s disease)
- ဦးခေါင်း၊ လည်ပင်း၊ လျှာနှင့် အသံအိုးတို့ကို ထိခိုက်ဒဏ်ရာရခြင်း
- မျက်နှာနှင့် ပါးစပ် ထိခိုက်ဒဏ်ရာရခြင်း
- အာရုံကြောစနစ်ကို ထိခိုက်စေသော မူးယစ်ဆေးများ၊ စိတ်ငြိမ်ဆေးအချို့နှင့် အတက်ရောဂါကုသဆေးများကို သုံးစွဲခြင်း
ဖြစ်နိုင်ခြေများသူများ
အောက်ဖော်ပြပါ ရောဂါအခံရှိသူများနှင့် ကျန်းမာရေးအခြေအနေများသည် စကားမပီသခြင်း ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေသည်။
- ကြွက်သားအာရုံကြော ပျက်စီးသောရောဂါရှိသူများ
- ပါကင်ဆန်ရောဂါ ခံစားနေရသူများ
- လေဖြတ်ရောဂါ ဖြစ်ဖူးသူများ
- အာရုံကြောဖုံး အဆီလွှာ ပျက်စီးသောရောဂါရှိသူများ
- ဦးခေါင်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရဖူးသူများ
ကလေးငယ်များတွင် ဖြစ်နိုင်ခြေများသော အခြေအနေများ
- မွေးရာပါ ဦးနှောက်နှင့် အာရုံကြော ချို့ယွင်းချက် ပါရှိသူများ
- မွေးဖွားစဉ် ဦးနှောက်သို့ အောက်ဆီဂျင် မလုံလောက်ခြင်း သို့မဟုတ် ဦးနှောက်ထိခိုက်ဒဏ်ရာရရှိခြင်း
- ကြွက်သားအားနည်းသည့် ရောဂါမျိုးရိုးရှိသူများ သို့မဟုတ် ခံစားနေရသူများ
- ဦးနှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်စေသော ရောဂါပိုး ဝင်ရောက်ကူးစက်ခံရဖူးသူများ (ဥပမာ – ဦးနှောက်အမြှေးရောင်ရောဂါ)
ယှဥ်တွဲလာနိုင်သော ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် အပျော့စားမှ ပြင်းထန်သောအဆင့်အထိ အမျိုးမျိုး ရှိနိုင်သည်။ အသက်အရွယ်အလိုက် အနည်းငယ် ကွဲပြားမှုများ ရှိသော်လည်း ယေဘုယျအားဖြင့် အောက်ပါလက္ခဏာများကို တွေ့ရတတ်သည်။
- စကားသံ ဗလုံးဗထွေးဖြစ်ခြင်း
- စကားပြော အလွန်နှေးကွေးခြင်း သို့မဟုတ် နားလည်ရခက်လောက်အောင် အလွန်မြန်ခြင်း
- တိုးတိုးလေးသာ ပြောနိုင်ခြင်း သို့မဟုတ် အလွန်ကျယ်လောင်စွာ ပြောခြင်း
- နှာသံပါခြင်းနှင့် အသံဝင်ခြင်း
- စကားပြောရာတွင် စည်းချက် သို့မဟုတ် အသံအတိုးအကျယ် မညီညာခြင်း
- အသံအနိမ့်အမြင့်မရှိဘဲ တစ်ပြေးညီ (Monotone) ပြောဆိုခြင်း
- စကားကို ပြတ်တောင်းပြတ်တောင်း ပြောဆိုခြင်း
- လျှာ သို့မဟုတ် မျက်နှာကြွက်သားများ လှုပ်ရှားရခက်ခဲခြင်း
- လည်ပင်းကြွက်သား လှုပ်ရှားမှုချို့ယွင်းမှုကြောင့် အစာမျိုချရခက်ခဲခြင်း
ကလေးငယ်များတွင် အထူးသတိပြုရမည့် လက္ခဏာများ
- အရွယ်နှင့်မလိုက်အောင် စကားပြောနောက်ကျခြင်း သို့မဟုတ် စကားသံထွက်ရန် ရုန်းကန်ရခြင်း
- မျက်နှာကြွက်သားများ အားနည်းခြင်းကြောင့် သွားရည်မကြာခဏ ကျခြင်း
- နို့စို့အရွယ်နှင့် ကလေးငယ်များတွင် အစာစားခြင်း၊ မျိုချခြင်းနှင့် နို့စို့ခြင်းတို့တွင် အခက်အခဲရှိခြင်း
နောက်ဆက်တွဲပြဿနာများ
ဆက်သွယ်ပြောဆိုရန် ခက်ခဲခြင်းကြောင့် လူနာ၏ အသက်အရွယ်အလိုက် အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- လူမှုရေးအခက်အခဲများ – စကားပြောဆိုဆက်သွယ်ရန် ခက်ခဲခြင်းကြောင့် မိသားစု၊ သူငယ်ချင်းများနှင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်
- စိတ်ဓာတ်ကျခြင်း – လူမှုအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံရခြင်းနှင့် တစ်ဦးတည်း အထီးကျန်ခြင်းတို့ကြောင့် စိတ်ဓာတ်ကျခြင်းများ ဖြစ်ပေါ်နိုင်သည်
ကလေးငယ်များတွင် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ
- ပညာရေးထိခိုက်ခြင်း – ကျောင်းတွင် စာသင်ကြားရာ၌ ဆရာ၊ ဆရာမများ၊ သူငယ်ချင်းများနှင့် ဆက်သွယ်ရာတွင် အခက်အခဲရှိသောကြောင့် သင်ယူမှုနောက်ကျခြင်းများ ဖြစ်ပေါ်နိုင်သည်
- စိတ်ပိုင်းဆိုင်ရာ ပြဿနာများ – မိမိပြောလိုသောအရာကို သူတစ်ပါး နားလည်အောင် ဖော်ပြနိုင်စွမ်း မရှိသောကြောင့် စိတ်တိုလွယ်ခြင်း၊ အလိုမကျဖြစ်ခြင်းနှင့် ကျောင်းတွင် အနိုင်ကျင့်ခံရနိုင်ခြေ မြင့်မားခြင်းလည်း ရှိနိုင်သည်
လူကြီးများတွင် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ
- အလုပ်အကိုင် အခက်အခဲ – လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက်များ၊ ဖောက်သည်များနှင့် ဆက်သွယ်ပြောဆိုရာ၌ အဆင်မပြေမှုများ ဖြစ်ပေါ်ကာ အလုပ်အကိုင်နှင့် လူမှုဘဝကိုပါ ထိခိုက်လာနိုင်သည်
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန်အတွက် ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးခြင်း၊ အထူးသဖြင့် ဦးနှောက်အာရုံကြော ကြွက်သားများစစ်ဆေးခြင်းနှင့် အစာမျိုချခြင်း စစ်ဆေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် စကားပြောနှင့် ဘာသာစကားဆိုင်ရာ ကျွမ်းကျင်ပညာရှင် (Speech-language pathologist) ထံ လွှဲပြောင်း၍ စကားမပီသခြင်းအတွက် အသေးစိတ်စစ်ဆေးမည်ဖြစ်သည်။ ထိုပညာရှင်သည် လူနာ၏ စကားပြောပုံ၊ အသက်ရှူပုံနှင့် အသံထွက်ပုံတို့ကို စစ်ဆေးပြီး နှုတ်ခမ်း၊ လျှာနှင့် မျက်နှာကြွက်သားများ၏ စည်းချက်ညီ လှုပ်ရှားမှုကို စနစ်တကျ စစ်ဆေးပေးသည်။
ထို့နောက် ရောဂါဖြစ်စေသော အကြောင်းရင်းခံများကို ရှာဖွေရန် အောက်ပါစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နိုင်သည်။
- သံလိုက်ဓာတ်မှန် (MRI) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) များဖြင့် ဦးနှောက်နှင့် လည်ပင်းကို ပုံရိပ်ဖော်စစ်ဆေးခြင်း
- ဦးနှောက်လျှပ်စစ်လှိုင်းတိုင်းခြင်း (EEG) နှင့် ကြွက်သားလျှပ်စစ်လှိုင်းတိုင်းခြင်း (EMG) ပြုလုပ်ခြင်း
- ဘာသာစကားနားလည်မှု၊ ဆက်စပ်တွေးခေါ်နိုင်မှု၊ စာဖတ်ခြင်းနှင့် စာရေးခြင်း စွမ်းရည်များကို စစ်ဆေးခြင်း (Neuropsychological tests)
- အစာမျိုချခြင်းဆိုင်ရာ ပြဿနာများအတွက် ဘေရီယမ်ဆေးရည်ကို သောက်၍ အစာရေမျိုပြွန်ကို ဗီဒီယိုဓာတ်မှန်ဖြင့် ပုံရိပ်ဖော်စစ်ဆေးခြင်း (Videofluoroscopy သို့မဟုတ် Modified barium swallow study)
ကုသခြင်း
ကုသမှုသည် ရောဂါအကြောင်းရင်းခံများနှင့် ပြင်းထန်မှုအပေါ် မူတည်သည်။ အကြောင်းရင်းခံရောဂါများကို ဆေးဝါးများ၊ ခွဲစိတ်မှုများဖြင့် ကုသနိုင်ပြီး ထိုသို့ ကုသခြင်းဖြင့် စကားပြောဆိုမှုကို တိုးတက်လာစေနိုင်သည်။ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပါက သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်၍ ဆေးရပ်ခြင်း သို့မဟုတ် ဆေးပြောင်းခြင်းတို့ကို ပြုလုပ်နိုင်သည်။
ထို့နောက် စကားပြောတိုးတက်လာစေရန်အတွက် စကားပြောကုထုံးများ (Speech Therapy) ဖြင့် ကုသနိုင်သည်။ စကားပြောကုထုံးမှတစ်ဆင့် အောက်ပါအချက်များကို လေ့ကျင့်ပေးနိုင်သည်။
- လျှာနှင့် နှုတ်ခမ်း လှုပ်ရှားမှု ပိုမိုသန်မာပြီး စည်းချက်ညီအောင် လေ့ကျင့်ပေးခြင်း
- စကားပြောရာတွင် အသုံးပြုရသော ကြွက်သားများကို သန်မာစေခြင်း
- စကားပြောနှုန်းကို ထိန်းညှိခြင်းနှင့် အသက်ရှူစနစ်ကို ကောင်းမွန်စေခြင်း
- စကားလုံးများကို ပိုမိုရှင်းလင်းစွာ အသံထွက်နိုင်အောင် လေ့ကျင့်ပေးခြင်း
- မိသားစုဝင်များနှင့် အတူတကွ လေ့ကျင့်စေခြင်းဖြင့် ပြောဆိုဆက်ဆံမှု တိုးတက်စေခြင်း
စကားပြောကုထုံးများအပြင် အောက်ပါအချက်များကို ကျင့်သုံးခြင်းဖြင့် ပြောဆိုဆက်ဆံမှုကို ပိုမိုတိုးတက်စေနိုင်သည်။
- နားထောင်သူ၏ အာရုံစိုက်မှုကို ရယူခြင်း (ဥပမာ – အမည်ခေါ်ခြင်း၊ မျက်လုံးချင်းဆုံ၍ ပြောခြင်း)
- စကားကို ဖြည်းဖြည်းပြောခြင်း
- စကားလုံးနည်းနည်းဖြင့် လိုရင်းကို ပြောခြင်း
- နားထောင်သူ နားလည်၊ မလည် ပြန်မေးခြင်း
- အရန်အနေဖြင့် စာရိုက်၍၊ စာရေး၍ သို့မဟုတ် ပုံဆွဲ၍ ပြောခြင်း
မိသားစုဝင်များကလည်း လူနာအား စိတ်ရှည်စွာဖြင့် နားစိုက်ထောင်ပေးခြင်း၊ မိသားစုစကားဝိုင်းများတွင် ပါဝင်ပြောဆိုစေခြင်းနှင့် တိုးတက်မှုကို အသိအမှတ်ပြု၍ အားပေးခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်။
အကယ်၍ စကားပြောကုထုံးများဖြင့် လုံလောက်သော တိုးတက်မှုမရှိပါက အခြားဆက်သွယ်မှုနည်းလမ်းများ အသုံးပြု၍ ပြောဆိုနိုင်ရန် လေ့ကျင့်ပေးနိုင်သည်။ ထိုနည်းလမ်းများတွင် လက်ဟန်ပြ၍ ပြောခြင်း၊ ပုံပါကတ်များကို သုံးခြင်း၊ စာရွက် သို့မဟုတ် သင်ပုန်းတွင် စာရေး၍ပြောခြင်း စသည်တို့ပါဝင်သည်။
ယနေ့ခေတ် ဆေးပညာနှင့် နည်းပညာတိုးတက်လာမှုများနှင့်အတူ စကားမပီသသူများအတွက် အထောက်အကူပြု ဆက်သွယ်ရေးနည်းပညာသစ်များ – Augmentative and Alternative Communication (AAC) ကိုလည်း တွင်ကျယ်စွာ အသုံးပြုလာကြသည်။ စမတ်ဖုန်းနှင့် တက်ဘလက်များတွင် စာရိုက်၍ အသံထွက်ပေးသော ဆော့ဖ်ဝဲများ၊ စကားမပီသသူများ၏ အသံကို နားလည်အောင် အထူးလေ့ကျင့်ထားသော AI နည်းပညာသုံး အက်ပ်လီကေးရှင်းများနှင့် ပြင်းထန်သော အခြေအနေများတွင် မျက်လုံးလှုပ်ရှားမှုဖြင့် စာရိုက်ဆက်သွယ်နိုင်သော ကိရိယာများကိုပါ အသုံးပြု၍ လူမှုဘဝ အရည်အသွေးကို များစွာ မြှင့်တင်နိုင်ပြီဖြစ်သည်။
ကာကွယ်ခြင်း
စကားမပီသခြင်းကို တိုက်ရိုက်ကာကွယ်၍ မရနိုင်သော်လည်း ၎င်းကို အဓိကဖြစ်စေနိုင်သည့် အကြောင်းရင်းတစ်ခုဖြစ်သော လေဖြတ်ရောဂါကို ကျန်းမာသော လူနေမှုပုံစံဖြင့် အောက်ပါအတိုင်း ကာကွယ်နိုင်သည်။
- ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
- ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ပိုစားပြီး ဆား၊ အဆီနှင့် ကိုလက်စထရော လျှော့စားခြင်း
- ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်း
- သွေးတိုး၊ ဆီးချိုနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို စနစ်တကျ ကုသထိန်းချုပ်ခြင်း
ထို့ပြင်ကလေးငယ်များတွင် စကားမပီသခြင်း ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ရန် အောက်ပါအချက်များကိုပါ အထူးဂရုပြုရန် လိုအပ်သည်။
- ကိုယ်ဝန်ဆောင်စဉ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ခံယူခြင်းဖြင့် သန္ဓေသား ဖွံ့ဖြိုးချိန်နှင့် မွေးဖွားချိန်တို့တွင် ဖြစ်ပေါ်နိုင်သော ဦးနှောက်ထိခိုက်မှုများကို ကာကွယ်ခြင်း
- ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်စေနိုင်သော ကူးစက်ရောဂါများ (ဥပမာ – ဦးနှောက်အမြှေးရောင်ရောဂါ) မဖြစ်စေရန် ကလေးငယ်များကို သတ်မှတ်ထားသော ကာကွယ်ဆေးများ အချိန်မီ ထိုးနှံပေးခြင်း
- မတော်တဆ ဦးခေါင်းထိခိုက်ဒဏ်ရာ မရရှိစေရန် စက်ဘီး၊ ဆိုင်ကယ်စီးသည့်အခါတိုင်း ဦးထုပ်ဆောင်းပေးခြင်းနှင့် ကားစီးလျှင် ထိုင်ခုံခါးပတ် သို့မဟုတ် ကလေးထိုင်ခုံကို စနစ်တကျ အသုံးပြုခြင်း
- ကလေး၏ ဖွံ့ဖြိုးမှုအဆင့်ဆင့်ကို စောင့်ကြည့်ပြီး စကားပြောနောက်ကျခြင်း သို့မဟုတ် ကြွက်သားအားနည်းခြင်းများကို သတိထားမိပါက ဆရာဝန်နှင့် စောလျင်စွာ ပြသတိုင်ပင်ခြင်း
စကားပြော မပီသခြင်း (Dysarthria) သည် အသိဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်မဟုတ်ဘဲ ကြွက်သားနှင့် အာရုံကြောပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့်သာ ဖြစ်ပေါ်လာသော အခြေအနေတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ရောဂါကို စောလျင်စွာ သိရှိပြီး အကြောင်းရင်းခံကို မှန်ကန်စွာ ကုသခြင်းနှင့် စကားပြောကုထုံးများကို စနစ်တကျ လေ့ကျင့်ခြင်းတို့ဖြင့် လူနာ၏ ပြောဆိုဆက်ဆံရေးစွမ်းရည်ကို များစွာတိုးတက်လာစေနိုင်သည်။ မိသားစုဝင်များ၏ နားလည်ပေးမှုနှင့် ဖေးမကူညီမှုများသည် လူနာ၏ စိတ်ဓာတ်ခွန်အားအတွက် အလွန်အရေးကြီးသကဲ့သို့ နည်းပညာအကူအညီများကိုပါ ပေါင်းစပ်အသုံးပြုခြင်းဖြင့် လူနာများအနေဖြင့် ပုံမှန်လူမှုဘဝတွင် ယုံကြည်မှုရှိရှိ ဆက်လက် ဖြတ်သန်းသွားနိုင်မည်ဖြစ်သည်။
References:
- Cleveland Clinic. (2025). Dysarthria (slurred speech). Retrieved February 20, 2026, from https://my.clevelandclinic.org/health/diseases/17653-dysarthria
- Healthline. (n.d.). Dysarthria. Retrieved February 20, 2026, from https://www.healthline.com/health/dysarthria
- Mayo Clinic. (2024). Dysarthria: Symptoms and causes. Retrieved February 20, 2026, from https://www.mayoclinic.org/diseases-conditions/dysarthria/symptoms-causes/syc-20371994
- National Health Service. (n.d.). Dysarthria. Retrieved February 20, 2026, from https://www.nhs.uk/conditions/dysarthria/
Published: 10 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.