မှတ်ဉာဏ်ချို့ယွင်းခြင်း (Amnesia) ဆိုသည်မှာ မှတ်ဉာဏ်ဆုံးရှုံးမှု (Memory loss) ပြင်းထန်စွာ ဖြစ်ပေါ်ခြင်းဖြစ်သည်။ Amnesia ဆိုသည့် စကားသည် ဂရိရှေးဟောင်းစကားလုံးမှ ဆင်းသက်လာပြီး “မေ့လျော့ခြင်း” ဟု အဓိပ္ပာယ်ရသည်။ သို့သော် ပကတိအခြေအနေသည် ထိုအဓိပ္ပာယ်ထက် ပို၍ပြင်းထန်သည်။
မေ့လျော့ခြင်း (Forgetfulness) ဆိုသည်မှာ သာမန်မေ့လျော့ခြင်းမျိုးဖြစ်ပြီး ဥပမာအားဖြင့် အိမ်တွင် သော့မေ့ထားခဲ့ခြင်း သို့မဟုတ် အလုပ်တစ်ခုကို အာရုံစိုက်နေစဥ် နောက်အလုပ်တစ်ခုကို လုပ်ရန် မေ့သွားခြင်းစသည်တို့ဖြစ်သည်။
မှတ်ဉာဏ်ချို့ယွင်းမှု (Amnesia) တွင်မူ လူတစ်ဦးသည် မိမိဘဝ၏ မိသားစုဝင်များအပါအဝင် မိတ်ဆွေများ၊ အရေးပါသောဖြစ်ရပ်များ၊ ဖြစ်ရပ်များ၏ အသေးစိတ်အချက်အလက်များကိုပင် ပြန်လည်မမှတ်မိနိုင်ခြင်းကို တွေ့ရသည်။
မှတ်ဉာဏ်ချို့ယွင်းခြင်းသည် အကြောင်းရင်းတစ်ခုခုမရှိဘဲ သီးသန့်ဖြစ်ခဲသော လက္ခဏာတစ်ခုဖြစ်ပြီး အချို့သောရောဂါများ၏ အသိသာအထင်ရှားဆုံး လက္ခဏာတစ်ရပ်အနေဖြင့် တွေ့ရသည်။ အထူးသဖြင့် ဦးနှောက်ထိခိုက်ပျက်စီးခြင်းနှင့် ဦးနှောက်အာရုံကြော ဆက်သွယ်မှုများ ချို့ယွင်းခြင်းတို့ကြောင့် ဖြစ်ပွါးသောရောဂါများတွင် တွေ့ရသည်။ မှတ်ဉာဏ်ချို့ယွင်းမှုကို ဖြစ်စေသော အဓိကအကြောင်းရင်းမှာ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် အယ်လ်ဇိုင်းမားရောဂါကြောင့် မှတ်ဉာဏ်ချို့ယွင်းသူ သန်းပေါင်းများစွာရှိသည်။ ၎င်းအပြင် မှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်စေသည့် အခြားအကြောင်းရင်းများစွာလည်း ရှိသေးသည်။
မှတ်ဉာဏ်ဖြစ်ပေါ်ခြင်းအဆင့်များ (Memory development)
မှတ်ဉာဏ်ဆိုသည်မှာ ပတ်ဝန်းကျင်မှရရှိသော သတင်းအချက်အလက်များကို ဦးနှောက်အတွင်းရှိ Prefrontal cortex နှင့် Hippocampus နေရာများတွင် အာရုံကြောအချက်ပြမှုများအဖြစ် ပြောင်းလဲသိမ်းဆည်းထားခြင်းဖြစ်သည်။ ၎င်းဖြစ်စဉ်တွင် အဓိကအားဖြင့် အောက်ပါအဆင့် (၃) ဆင့် ပါဝင်သည်။
- အချက်အလက်များကို လက်ခံခြင်း (Encoding / Input)
ပတ်ဝန်းကျင်မှ အမြင်၊ အကြား၊ အနံ့၊ အရသာနှင့် အထိအတွေ့စသည့် အာရုံများမှတစ်ဆင့် ရရှိသော သတင်းအချက်အလက်များကို ဦးနှောက်က စတင်လက်ခံသည့်အဆင့်ဖြစ်သည်။ ဤအဆင့်တွင် အာရုံစိုက်မှု (Attention) ရှိမှသာ အချက်အလက်များသည် မှတ်ဉာဏ်စနစ်ထဲသို့ စတင်ဝင်ရောက်နိုင်သည်။ - သိမ်းဆည်းခြင်း (Storage)
လက်ခံရရှိလာသော အချက်အလက်များကို ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များတွင် စနစ်တကျ ပြုပြင်ပြောင်းလဲ၍ သိုလှောင်ထားသည့် အဆင့်ဖြစ်သည်။ ၎င်းကို အပိုင်း (၂) ပိုင်း ခွဲခြားနိုင်သည်။- Short-term Memory – အချိန်တိုအတွင်းမှတ်ထား၍ ချက်ချင်းပြန်လည်မှတ်မိနိုင်သော မှတ်ဉာဏ် (ဥပမာ _ ဖုန်းနံပါတ်၊ လူနာမည်စသည်)
- Long-term Memory – အချိန်ကြာကြာ ရေရှည်စွဲမြဲစွာ မှတ်မိသော မှတ်ဉာဏ် (ဥပမာ _ အမှတ်တရနေ့စွဲများ၊ ဖြစ်ရပ်များစသည်)
- ပြန်လည်ထုတ်ယူအသုံးပြုခြင်း (Retrieval / Output)
သိုလှောင်ထားသော အချက်အလက်များကို လိုအပ်သည့်အခါ ပြန်လည်တွေးတော အသုံးပြုခြင်းဖြစ်သည်။ ၎င်းတွင် အဓိက ဖြစ်စဉ် (၂) ခုရှိသည်။- Recall (ပြန်လည်တွေးတောခြင်း) – မှတ်ဉာဏ်တစ်ခုကို ပြင်ပအချက်အလက် အကူအညီမပါဘဲ ပြန်လည်တွေးတောစဥ်းစားခြင်း
- Recognition (မှတ်မိခြင်း) – မြင်ဖူး၊ ကြားဖူးသည့် အချက်များကို ပြန်လည်မှတ်မိခြင်း
မှတ်ဉာဏ်ချို့ယွင်းမှု ပုံစံအမျိုးအစားများ
မှတ်ဉာဏ်ချို့ယွင်းခြင်းသည် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သကဲ့သို့ ဖြစ်ပွါးမှုပုံစံ အမျိုးအစားများစွာလည်းရှိသည်။ အချို့တွင် ခေတ္တမျှသာဖြစ်ပေါ်၍ ပြန်လည်ကောင်းမွန်လာနိုင်သော်လည်း အချို့သူများတွင် ရေရှည်ဖြစ်ခြင်း၊ တဖြည်းဖြည်း ပိုဆိုးလာခြင်းတို့ကို တွေ့ရသည်။ မှတ်ဉာဏ်ချို့ယွင်းမှုတွင် အဓိကဝိသေသလက္ခဏာ (၂) မျိုးရှိပြီး၊ အချို့သူများတွင် လက္ခဏာ (၂) မျိုးလုံးကို တွဲလျက်တွေ့ရနိုင်သည်။
- အတိတ်မေ့ခြင်း (Retrograde amnesia)
အတိတ်ကာလ၏ မှတ်ဉာဏ်များကို ပြန်လည်၍ မမှတ်မိခြင်း (ဥပမာ _ ကားတိုက်ခံရသူတစ်ဦးသည် မိမိကားတိုက်ခံခဲ့ရကြောင်းကို လုံးဝမမှတ်မိခြင်း) ဖြစ်သည်။ အတိတ်မေ့ခြင်းတွင် နှစ်ပေါင်းများစွာက မှတ်မိသော အဖြစ်အပျက်များထက် လက်ရှိအချိန် လပိုင်း၊ ရက်ပိုင်း၏ မှတ်ဉာဏ်များကို မေ့ခြင်းက ပိုများသည်။ အချို့သူများတွင်မူ မှတ်ဉာဏ်အားလုံး ပြိုင်တူလျော့နည်းပြီး ယခင်အဖြစ်အပျက်အားလုံးကို တူညီစွာမေ့လျော့လာခြင်း ဖြစ်နိုင်သည်။ - မှတ်ဉာဏ်အသစ်မမှတ်နိုင်ခြင်း (Anterograde amnesia)
မှတ်ဉာဏ်ချို့ယွင်းမှု မဖြစ်မီက ကိစ္စများ၊ အချက်အလက်များ အားလုံးကို မှတ်မိနိုင်သေးသော်လည်း ချို့ယွင်းမှုဖြစ်ပြီးနောက်ပိုင်းတွင် ရှေ့လျှောက်ဖြစ်ပေါ်လာသော ကိစ္စများကို မှတ်ဉာဏ်အသစ်အနေဖြင့် မမှတ်နိုင်ခြင်းဖြစ်သည်။ ဥပမာ _ မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်ပွါးပြီးနောက် လူတစ်ဦးသည် နေ့တိုင်းကို ထိုမတော်တဆမှုဖြစ်သည့်နေ့ဟုသာ မှတ်မိနေပြီး၊ နေ့ရက်များ ပြောင်းလဲနေမှုကို လုံးဝမမှတ်မိခြင်း၊ ထို့နေ့စွဲနောက်ပိုင်း ဆက်ဖြစ်နေသော အဖြစ်အပျက်များ၊ ပြောဆိုဆက်သွယ်မှုများ၊ တွေ့ကြုံရသော မိတ်ဆွေအသစ်များကို လုံး၀မမှတ်မိခြင်း (Short term memory loss) စသည်တို့ဖြစ်သည်။
မှတ်ဉာဏ်ချို့ယွင်းမှု အမျိုးအစားများ
- ထိခိုက်ဒဏ်ရာရပြီးနောက်ပိုင်း မှတ်ဉာဏ်ချို့ယွင်းမှု (Posttraumatic amnesia)
ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်းများ (ဥပမာ _ ဦးခေါင်းကို ပြင်းထန်စွာ ဆောင့်မိခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ ခေါင်းထိခိုက်သော ကားမတော်တဆမှုများ) ဖြစ်ပြီးနောက် တွေ့ရသော မှတ်ဉာဏ်ချို့ယွင်းမှုဖြစ်ပြီး၊ မှတ်ဉာဏ်အသစ်မမှတ်နိုင်ခြင်းနှင့် အတိတ်မေ့ခြင်း (၂) မျိုးလုံး ပေါင်းစပ်ဖြစ်ပေါ်နိုင်သည်။ - မှတ်ဉာဏ်အလုံးစုံ ခေတ္တချို့ယွင်းမှု (Transient global amnesia)
အချိန်တိုအတွင်း ခေတ္တဖြစ်ပေါ်တတ်သော အခြေအနေတစ်ခုဖြစ်ပြီး အထက်ပါ မှတ်ဉာဏ်ချို့ယွင်းမှု (၂) မျိုးလုံး ဖြစ်နိုင်သည်။ များသောအားဖြင့် (၂၄) နာရီအတွင်း ပြန်လည်သက်သာသွားလေ့ရှိသည်။ - စိတ်ပိုင်းဆိုင်ရာ မှတ်ဉာဏ်ချို့ယွင်းမှု (Dissociative amnesia)
စိတ်ကျန်းမာရေးဆိုင်ရာ အကြောင်းရင်းများကြောင့် ဖြစ်ပေါ်သော မှတ်ဉာဏ်ချို့ယွင်းမှုဖြစ်သည်။ ထိတ်လန့်စရာဖြစ်ရပ်များ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းနှင့် ပြင်းထန်သော အခြားစိတ်ဖိစီးမှုများကြောင့် ဖြစ်ပေါ် နိုင်သည်။ အချို့လူနာများတွင် မိမိကိုယ်ကို မည်သူ၊ မည်ဝါဆိုသည်ကို လုံးဝမသိတော့ခြင်း၊ အတိတ်ကို လုံးဝမမှတ်မိခြင်းအထိ ရှားရှားပါးပါး ဖြစ်နိုင်သည်။ ပညာရှင်များက ထိုသို့ဖြစ်ခြင်းသည် ကြုံတွေ့ခဲ့ရသော ဆိုးဝါးသည့်ဖြစ်ရပ်များကို မေ့ဖျောက်ရန်အတွက် ဦးနှောက်၏ ခုခံကာကွယ်မှု ယန္တရားတစ်ခု ဖြစ်နိုင်သည်ဟု ဆိုကြသည်။ မှတ်ဉာဏ်ချို့ယွင်းမှုသည် အချိန်တိုအတွင်း ပြန်လည် ကောင်းမွန်လာနိုင်ပြီး ထိတ်လန့်စရာ ဖြစ်ရပ်တစ်ခုတည်းကိုသာ လုံးဝမမှတ်မိတော့ခြင်း ဖြစ်နိုင်သည်။ - အိပ်မွေ့ချကုသမှု ခံယူပြီးနောက် မှတ်ဉာဏ်ချို့ယွင်းမှု (Posthypnotic amnesia)
- အရက်အလွန်အကျွံသောက်ပြီးနောက် မှတ်ဉာဏ်ချို့ယွင်းမှု (Blackout)
- မျက်နှာမှတ်မိနိုင်ခြင်းဆိုင်ရာ မှတ်ဉာဏ်ချို့ယွင်းမှု (Prosopamnesia)
ဘေးပတ်ဝန်းကျင်ရှိ မိသားစုဝင်များ အပါအဝင် လူအမျိုးမျိုး၏ မျက်နှာများကို လုံးဝမမှတ်မိနိုင်ဘဲ မျက်နှာနှင့်နာမည် တွဲ၍မခေါ်နိုင်ခြင်း၊ နေ့စဥ်လုပ်ငန်းခွင်တွင် ခက်ခဲခြင်းများ ဖြစ်နိုင်သည်။ ဦးနှောက်ကို ထိခိုက်ခြင်း၊ ခွဲစိတ်ခြင်းတို့ ပြုလုပ်ပြီးနောက် ဖြစ်ပေါ်တတ်ပြီး အချို့တွင် မွေးရာပါဖြစ်တတ်သည်။ - ကလေးဘဝဆိုင်ရာ မှတ်ဉာဏ်ချို့ယွင်းမှု (Infantile amnesia)
ရောဂါဟု မသတ်မှတ်သော အခြေအနေဖြစ်ပြီး လူတိုင်းနီးပါးတွင် ရှိတတ်သည်။ မွေးကင်းစအရွယ်မှ အကြောင်းအရာများကို မမှတ်မိခြင်းဖြစ်သည်။ ကလေးငယ်များ၏ ဦးနှောက်သည် ငယ်ရွယ်စဥ် အလျင်အမြန်ဖွံ့ဖြိုးနေချိန်၌ မှတ်ဉာဏ်အမြောက်အမြားကို မှတ်နေရသောကြောင့် မွေးကင်းစအရွယ်မှ အဖြစ်အပျက်များကို မမှတ်မိနိုင်တော့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်စေနိုင်သော အကြောင်းရင်းများကို ဦးနှောက်အာရုံကြောဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဟူ၍ (၂) မျိုးခွဲခြားနိုင်သည်။
- ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ အကြောင်းရင်းများ
ဦးနှောက်ကို တိုက်ရိုက်ထိခိုက်စေသော သို့မဟုတ် အာရုံကြောဆက်သွယ်မှုများကို ပြတ်တောက်စေသော၊ ချို့ယွင်းစေသော ရောဂါအခြေအနေများ ပါဝင်သည်။- အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease)
- အရက်အလွန်အကျွံသောက်ခြင်း (Alcohol intoxication)
- ဦးနှောက်အကျိတ်များနှင့် သွေးကြောထုံးများ (Brain tumors, Aneurysms)
- ဦးနှောက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုများ (Brain surgery)
- ဦးနှောက်တွင်း အောက်ဆီဂျင် ပြတ်တောက်ခြင်း (Cerebral hypoxia)
- အိပ်ဆေးများနှင့် မေ့ဆေးများ အသုံးပြုခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း (Drugs and medications)
- အတက်ရောဂါများ (Seizures and Epilepsy)
- ခေါင်းထိခိုက်သော မတော်တဆမှုများ (Traumatic brain injuries)
- ဦးနှောက်ပိုးဝင်ရောင်ရမ်းခြင်း (Encephalitis)
- လေဖြတ်ခြင်း (Stroke)
- အာရုံကြောဖုံးအဆီလွှာ ပျက်စီးသောရောဂါ (Multiple sclerosis)
- ပါကင်ဆန်ရောဂါ (Parkinson’s disease)
- ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း၊ သတ္တုအဆိပ်သင့်ခြင်း (Poisoning)
- ဗီတာမင် B1 ပြင်းထန်စွာချို့တဲ့ခြင်း (Wernicke-Korsakoff syndrome)
- စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများ
ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်းတစ်စုံတစ်ရာမရှိဘဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု (Mental trauma) ပြင်းထန်ခြင်း၊ စိတ်ဖိစီးမှု (Mental stress) အလွန်အမင်း ခံစားရခြင်း၊ အတွင်းစိတ်ပဋိပက္ခများ (Conflicts) ဖြစ်ပေါ်ခြင်း စသည်တို့ကြောင့် မှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်စေနိုင်သည်။ အတိတ်မေ့ခြင်းနှင့် အသစ်မမှတ်မိခြင်း ပုံစံ (၂) မျိုးလုံး တစ်ပြိုင်နက် ဖြစ်ပေါ်နိုင်သည်။ မည်သည့်နည်းလမ်းဖြင့် မှတ်ဉာဏ်ချို့ယွင်းမှုကို ဖြစ်စေသည်၊ မည်သို့ဆက်စပ်မှုရှိသည်ကို အတိအကျ မသိရသော်လည်း ကိုယ်ခန္ဓာအား စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်း အန္တရာယ်မှ ကာကွယ်သော ဦးနှောက်၏ တုံ့ပြန်မှုတစ်ခု ဖြစ်နိုင်သည်ဟု ဆိုကြသည်။
အောက်ပါ စိတ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေများတွင် မှတ်ဉာဏ်ချို့ယွင်းမှုကို တွဲ၍တွေ့ရတတ်သည်။- အတိတ်မေ့ကာ အကြောင်းမဲ့ ခရီးထွက်သွားခြင်း (Dissociative Fugue)
လက်ရှိအခြေအနေမှ ရှောင်ပြေး၍ ရုတ်တရက် အဝေးတစ်နေရာသို့ အစီအစဥ်မရှိ ခရီးထွက်သွားခြင်း၊ မိသားစု မိတ်ဆွေများနှင့် ရုတ်တရက် အဆက်အသွယ်ဖြတ်သွားခြင်း စသည့်လက္ခဏာများ ပါဝင်တတ်သည်။ - လူတစ်ကိုယ် စိတ်အမျိုးမျိုး ဖြစ်နေခြင်း (Dissociative identity disorder)
လူတစ်ဦးတည်းတွင် (၂) မျိုးထက်ပိုသော ကိုယ်ရည်ကိုယ်သွေးရှိသည့် စိတ်ကွဲလွဲမှုများ ဖြစ်ပေါ်သော အခြေအနေဖြစ်ပြီး Multiple Personality Disorder – MPD ဟုလည်း ခေါ်သည်။ - ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (Post-traumatic stress disorder – PTSD)
- လတ်တလောစိတ်ဖိစီးမှုကို တုံ့ပြန်ခံစားခြင်း (Acute stress reaction)
- အတိတ်မေ့ကာ အကြောင်းမဲ့ ခရီးထွက်သွားခြင်း (Dissociative Fugue)
ဖြစ်စေသော အကြောင်းရင်းခံများ သို့မဟုတ် လှုံ့ဆော်မှုများ
- အကြမ်းဖက်မှုဆိုင်ရာ ရာဇဝတ်မှု သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရခြင်း
- လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုကို ခံရခြင်း
- သဘာဝဘေးအန္တရာယ်များမှ အသက်ရှင်ကျန်ရစ်ခြင်း
ရောဂါလက္ခဏာများ
မှတ်ဉာဏ်ချို့ယွင်းမှု၏ လက္ခဏာများသည် ဖြစ်ပွါးသည့် ရောဂါအမျိုးအစားပေါ် မူတည်သည်။ တစ်ခါတစ်ရံ အကြောင်းရင်းခံရောဂါ၏ လက္ခဏာများနှင့် တွဲ၍ ဖြစ်ပေါ်တတ်သည်။ (ဥပမာ _ လေဖြတ်ခြင်း၊ အတက်ရောဂါ၊ ဦးနှောက်ရောင်ရမ်းခြင်း)
တွေ့နိုင်သော လက္ခဏာများမှာ_
- ယခင်တွေ့ကြုံဖူးသော အရာများနှင့် ဖြစ်ရပ်များကို မှတ်မိရန် ခက်ခဲလာခြင်း၊ မကြာခဏ မေ့ခြင်း
- နာမည်များနှင့် မျက်နှာများကို ပြန်လည်တွေးတောမှတ်မိရန် ခက်ခဲခြင်း၊ လူများကို မမှတ်မိခြင်း
- အရပ်ဒေသများနှင့် နေရာများကို မမှတ်မိတော့ခြင်း၊ သွားနေကျနေရာတစ်ခုသို့ သွားလာသည့် လမ်းကြောင်းကို မေ့သွားခြင်း
- တက်ရောက်ရန် စီစဥ်ထားသော ပွဲများ၊ ချိန်းဆိုထားမှုများကို မေ့လျော့သွားခြင်းတို့ဖြစ်သည်။
မှတ်ဉာဏ်ချို့ယွင်းသူများသည် အတုအယောင်မှတ်ဉာဏ်များ ဖန်တီးခြင်း (Confabulation) ကိုလည်း ခံစားရနိုင်သည်။ ဦးနှောက်သည် မမှတ်မိသော မှတ်ဉာဏ်အစိတ်အပိုင်း၏ အသေးစိတ် အချက်အလက်များကို အလိုအလျောက် ဖန်တီးဖြည့်စွက်ခြင်းဖြစ်သည်။ ဥပမာ_ ဖြစ်ရပ်တစ်ခု၏ ရက်စွဲကို မှားယွင်းစွာ မှတ်ထားခြင်း သို့မဟုတ် အသေးစိတ်အချက်အလက်တစ်ခုကို မှားယွင်းစွာ မှတ်မိနေခြင်းဖြစ်ပြီး ထိုမှတ်ဉာဏ်များကိုသာ အမှန်ဖြစ်သည်ဟု ယုံကြည်လက်ခံကြသည်။ အခြားသူများကို လိမ်ညာလှည့်စားလိုသော ရည်ရွယ်ချက်မရှိဘဲ ဦးနှောက်၏ အလိုအလျောက် တုံ့ပြန်မှုတစ်ခုပင်ဖြစ်သည်။ သို့ရာတွင် မှတ်ဉာဏ်ဆုံးရှုံးမှု ပိုမိုပြင်းထန်လာပါက ပိုဆိုးလာတတ်သည်။
နောက်ဆက်တွဲပြဿနာများ
မကြာခဏမေ့တတ်ခြင်းကြောင့် လူမှုဆက်ဆံရေးနှင့် လုပ်ငန်းခွင်တွင် အခက်အခဲများ ကြုံတွေ့နိုင်သည်။ ထိုမျှသာမက အပြစ်တင်ဝေဖန်ခံရခြင်း၊ ပြက်ရယ်ပြုခံရခြင်းတို့ကြောင့် စိတ်ဓာတ်ကျခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်း စသည်တို့ကို ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ရောဂါလက္ခဏာများသည် တဖြည်းဖြည်းချင်းသာ ဖြစ်ပေါ်သောကြောင့် သတိမပြုမိနိုင်ခြေ များသည်။ များသောအားဖြင့် လူနာကိုယ်တိုင် သတိမပြုမိဘဲ အတူနေမိသားစုဝင်များမှ ဦးစွာသတိပြုမိနိုင်သည်။ အကယ်၍ မိမိ၏ မိသားစုဝင်တစ်ဦးတွင် မှတ်ဉာဏ်ချို့ယွင်းမှု လက္ခဏာများကို တွေ့ရပါက သေချာတိုင်ပင်ဆွေးနွေးပြီး ဆရာဝန်နှင့် ပြသရန် တိုက်တွန်းသင့်သည်။ အကယ်၍ မှတ်ဉာဏ်ဆုံးရှုံးမှု ရုတ်တရက်ဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရပြီးနောက် မှတ်ဉာဏ်ဆုံးရှုံးခြင်း စသည့်အချက်များရှိပါက ဦးနှောက်ထိခိုက်ခြင်းကြောင့် ဖြစ်နိုင်သဖြင့် ဆေးရုံ၊ ဆေးခန်းတွင် အရေးပေါ်ပြသရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
မှတ်ဉာဏ်ချို့ယွင်းခြင်းကို ရှာဖွေအတည်ပြုရန်အတွက် ဆရာဝန်သည် လူနာ၏ ရောဂါလက္ခဏာများကို အသေးစိတ် မေးမြန်းရန် လိုအပ်သည်။ မေးမြန်းရာတွင် မှတ်ဉာဏ်ချို့ယွင်းသည့် ပုံစံ၊ ရေတို သို့မဟုတ် ရေရှည်မှတ်ဉာဏ်များကို မေ့လျော့ခြင်း၊ စတင်ဖြစ်ပေါ်သည့်အချိန်နှင့် တဖြည်းဖြည်း ပိုဆိုးလာခြင်း ရှိမရှိတို့ကို အဓိကထား စစ်ဆေးရသည်။
ထို့ပြင် မှတ်ဉာဏ်ချို့ယွင်းမှုကို ဖြစ်စေနိုင်သော အချက်များဖြစ်သည့် ဦးခေါင်းထိခိုက်ခြင်း၊ ခွဲစိတ်မှုခံယူထားခြင်း၊ လေဖြတ်ခြင်း၊ မိသားစုဝင်များတွင် မျိုးရိုးလိုက်သော အာရုံကြောရောဂါရှိခြင်း၊ ဆေးဝါးသုံးစွဲမှု ရာဇဝင်၊ အရက်စွဲခြင်း၊ အတက်ရောဂါ၊ ခေါင်းကိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ကင်ဆာရောဂါ ရှိမရှိ တို့ကိုလည်း မေးမြန်းစမ်းသပ်ရန် လိုအပ်သည်။
စမ်းသပ်စစ်ဆေးမှု နည်းလမ်းများ
လူနာ၏ ကိုယ်ခန္ဓာနှင့် အာရုံကြောစနစ်ကို စမ်းသပ်ခြင်းအပြင် အောက်ပါ အဆင့်မြင့်စစ်ဆေးမှုများကို လိုအပ်သလို ပြုလုပ်နိုင်သည်။
- ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များကို စစ်ဆေးခြင်း (Neuropsychological assessment)
လူနာ၏ တွေးခေါ်စဉ်းစားခြင်း၊ ကောက်ချက်ချခြင်း၊ စာဖတ်ခြင်း၊ ဘာသာစကား ကျွမ်းကျင်မှု၊ အာရုံစိုက်နိုင်ခြင်း၊ အသစ်သင်ယူနိုင်ခြင်းနှင့် ပြဿနာများကို ဖြေရှင်းနိုင်ခြင်း စသည့် မှတ်ဉာဏ်ဆိုင်ရာ စွမ်းဆောင်ရည်များ (Cognitive tests) ကို ဆန်းစစ်ခြင်းဖြစ်သည်။ ၎င်းအပြင် စိတ်ခံစားမှုနှင့် အပြုအမူ ပြောင်းလဲမှုများကိုလည်း စစ်ဆေးနိုင်သည်။ - ဦးနှောက် ပုံရိပ်ဖော်စစ်ဆေးခြင်း
ဦးနှောက်အာရုံကြောဆိုင်ရာ အကြောင်းရင်းများကို ရှာဖွေရန်အတွက် ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ရန် လိုအပ်နိုင်သည်။ - ဦးနှောက်လျှပ်စစ်လှိုင်း တိုင်းတာခြင်း (EEG)
မှတ်ဉာဏ်ချို့ယွင်းခြင်းသည် အတက်ရောဂါနှင့် ဆက်စပ်မှု ရှိမရှိ ရှာဖွေရန်အတွက်ဖြစ်သည်။ - သွေးစစ်ဆေးခြင်း
ရောဂါပိုးဝင်ခြင်း၊ သွေးတွင်းဆီးချိုဓာတ်အပါအဝင် မှတ်ဉာဏ်အတွက် အရေးပါသော ဗီတာမင်နှင့် သတ္တုဓာတ်များ (ဥပမာ _ ဗီတာမင် B12) ချို့တဲ့ခြင်း စသည်တို့ကို စစ်ဆေးနိုင်သည်။ - ခါးဆစ်ကြားမှ အရည်ထုတ်ယူ စစ်ဆေးခြင်း (Lumbar puncture)
ဦးနှောက်နှင့် အာရုံကြောအတွင်း ရောဂါပိုးဝင်ခြင်း သို့မဟုတ် အခြားသော ရောင်ရမ်းမှုဆိုင်ရာ အကြောင်းရင်းများကို ရှာဖွေသိရှိနိုင်သည်။
ကုသခြင်း
မှတ်ဉာဏ်ချို့ယွင်းခြင်း (Amnesia) ကို ပျောက်ကင်းအောင် တိုက်ရိုက်ကုသနိုင်သော ကုထုံးနှင့် ဆေးဝါးများ လက်ရှိအချိန်ထိ မရှိသေးပါ။ သို့သော် ဖြစ်ပွါးစေသော အကြောင်းရင်းများကို ရှာဖွေကုသခြင်းဖြင့် မှတ်ဉာဏ်ချို့ယွင်းမှုကို သက်သာစေနိုင်သည့်အပြင် နောက်ထပ် မဆိုးရွားလာအောင် ကာကွယ်နိုင်မည်ဖြစ်သည်။
ကုသမှု နည်းလမ်းများသည် ဖြစ်ပွားရသည့် အကြောင်းရင်းပေါ် မူတည်၍ အလွန်ကျယ်ပြန့်သည်။ ဥပမာအားဖြင့် ဗီတာမင် B1 (Thiamine) ချို့တဲ့ခြင်းကြောင့် ဖြစ်ပါက ၎င်းဗီတာမင်ကို ပြန်လည် ဖြည့်တင်းပေးခြင်း၊ အယ်လ်ဇိုင်းမားရောဂါကြောင့် ဖြစ်ပါက ရောဂါတိုးတက်မှုကို နှေးကွေးစေမည့် ဆေးဝါးများပေးခြင်း စသည်တို့ဖြစ်သည်။ မှတ်ဉာဏ်ချို့ယွင်းသူ အများစုသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပြန်လည်သက်သာလာနိုင်သော်လည်း အယ်လ်ဇိုင်းမားကဲ့သို့သော ဦးနှောက်ဆဲလ်များ ပျက်စီးသည့် ရောဂါများတွင်မူ ပို၍ဆိုးလာတတ်သည်။
မှတ်ဉာဏ် ပြန်လည်လေ့ကျင့်ပေးခြင်း ကုထုံးများ
Cognitive Rehabilitation နှင့် Occupational Therapy တို့ကို အသုံးပြု၍ လူနာ၏ လိုအပ်ချက်အလိုက် ပြန်လည်လေ့ကျင့်ပေးခြင်း ဖြစ်သည်။ ၎င်းတွင် အောက်ပါ နည်းလမ်းများ ပါဝင်သည်။
- အာရုံစူးစိုက်မှုနှင့် မှတ်သားမှု လေ့ကျင့်ခြင်း
အာရုံစူးစိုက်နိုင်စွမ်း၊ ရေတိုမှတ်ဉာဏ်နှင့် စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်းများ တိုးတက်လာအောင် သင်ကြားပေးခြင်း - မှတ်ဉာဏ် ပြန်လည်ရရှိအောင် လှုံ့ဆော်ခြင်း (Restorative)
မှတ်ဉာဏ်ဟောင်းများ ပြန်လည်ရရှိရန်နှင့် မှတ်ဉာဏ်သစ်များ ဖန်တီးနိုင်ရန် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း - အစားထိုး အထောက်အကူပစ္စည်းများ အသုံးပြုခြင်း (Compensatory)
မှတ်ဉာဏ်အားနည်းချက်ကို ဖြည့်ဆည်းရန် လက်ကိုင်ဖုန်းများ၊ နှိုးစက်များ၊ ဒိုင်ယာရီမှတ်တမ်းများနှင့် အစီအစဉ်ချမှတ်သည့် စာရင်း (To-do lists) များကို စနစ်တကျ အသုံးပြုတတ်အောင် လေ့ကျင့်ပေးခြင်း
မိသားစုဝင်များ၏ အခန်းကဏ္ဍနှင့် ပြုစုစောင့်ရှောက်ခြင်း
လူနာများသည် မှတ်ဉာဏ်ချို့ယွင်းမှုကြောင့် ဆေးကုသမှုဆိုင်ရာ အချက်အလက်များကို နားလည်ရန်နှင့် ကုထုံးများကို ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်ရန် ခက်ခဲနိုင်သဖြင့် မိသားစုဝင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။
- ကိုယ်စား ဆုံးဖြတ်ပေးခြင်း – လူနာအတွက် အကောင်းဆုံးဖြစ်မည့် ကုသမှုများကို မိသားစုဝင်များက ဆရာဝန်နှင့် တိုင်ပင်၍ ဆုံးဖြတ်ပေးရမည်
- ရေရှည်ပြုစုစောင့်ရှောက်ခြင်း – မှတ်ဉာဏ်ချို့ယွင်းသော လူနာများသည် ရေရှည်စောင့်ရှောက်မှု လိုအပ်သဖြင့် မိသားစုဝင်များအတွင်း တာဝန်ခွဲဝေခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးခြင်းများ ပြုလုပ်ရန် လိုအပ်သည်
- ပြင်ပအကူအညီများ ရယူခြင်း – လိုအပ်ပါက လူနာပြုစုစောင့်ရှောက်ရေးဂေဟာများ (Nursing Homes)၊ အထူးကုဆေးခန်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများထံမှ အကူအညီများ ရယူနိုင်ရန် ဆက်သွယ်ပေးသင့်သည်
ကာကွယ်ခြင်း
မှတ်ဉာဏ်ချို့ယွင်းမှု (Amnesia) ဖြစ်ပေါ်ခြင်းကို လုံးဝမဖြစ်အောင် ကာကွယ်၍ မရနိုင်သော်လည်း၊ ဖြစ်စေသည့် အကြောင်းရင်းခံ ရောဂါများကို ကြိုတင်ကာကွယ်ခြင်းဖြင့် မှတ်ဉာဏ်ထိခိုက်နိုင်ခြေကို လျော့နည်းအောင် ပြုလုပ်နိုင်သည်။
- ဦးခေါင်းထိခိုက်ဒဏ်ရာများ ရရှိနိုင်မှုကို ကာကွယ်ပါ
ကားမောင်းစဉ် ထိုင်ခုံခါးပတ်ပတ်ခြင်း၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းခြင်းနှင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ဘေးကင်းလုံခြုံရေး အကာအကွယ်ပစ္စည်းများကို စနစ်တကျ ဝတ်ဆင်အသုံးပြုပါ - ဦးနှောက်ကို အမြဲတက်ကြွအောင် ထားပါ
ဦးနှောက်မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှု တိုးတက်စေရန် စာအုပ်များ ဖတ်ခြင်း၊ ဉာဏ်စမ်းပဟေဠိများ ဖြေရှင်းခြင်းနှင့် အတတ်ပညာသစ်များ သင်ယူခြင်းတို့ကို ပြုလုပ်ပါ။ - ရောဂါအခံများကို ထိရောက်စွာ ကုသပါ
လေဖြတ်ခြင်းကြောင့် မှတ်ဉာဏ်မထိခိုက်စေရန် သွေးတိုး၊ ဆီးချိုနှင့် သွေးတွင်းအဆီများခြင်း စသည့်ရောဂါများကို စနစ်တကျ ကုသထိန်းညှိပါ။ - ပိုးဝင်ခြင်းကို ဂရုစိုက်ပါ
နားနှင့်မျက်လုံး ပိုးဝင်ခြင်းများကို ထိထိရောက်ရောက် ကုသခြင်းဖြင့် ပိုးမွှားများ ဦးနှောက်သို့ မပျံ့နှံ့စေရန် ကာကွယ်ပါ။ - ကျန်းမာသော လူနေမှုပုံစံကို ကျင့်သုံးပါ
အာဟာရ ပြည့်စုံမျှတစွာ စားသောက်ပြီး ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။- လုံလောက်စွာ အနားယူ အိပ်စက်ပြီး စိတ်ဖိစီးမှုများကို တတ်နိုင်သမျှ လျှော့ချပါ
- ဆေးလိပ်၊ ဆေးရွက်ကြီးဖြတ်ပါ၊ အရက်အလွန်အကျွံ သောက်ခြင်းကို လုံးဝရှောင်ကြဉ်ပါ
References:
- Cleveland Clinic. (n.d.). Amnesia. Retrieved November 26, 2025, from https://my.clevelandclinic.org/health/diseases/21455-amnesia
- Mayo Clinic. (n.d.). Amnesia: Symptoms and causes. Retrieved November 26, 2025, from https://www.mayoclinic.org/diseases-conditions/amnesia/symptoms-causes/syc-20353360
- Mayo Clinic. (n.d.). Amnesia: Diagnosis and treatment. Retrieved November 26, 2025, from https://www.mayoclinic.org/diseases-conditions/amnesia/diagnosis-treatment/drc-20353366
- Medical News Today. (n.d.). Amnesia overview. Retrieved November 26, 2025, from https://www.medicalnewstoday.com/articles/967
Published: 23 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
