ကာဗွန်မိုနောက်ဆိုဒ်ဆိုသည်မှာ အရောင်၊ အနံ့၊ အရသာမရှိသော အဆိပ်အတောက်ဖြစ်စေနိုင်သည့် ဓာတ်ငွေ့တစ်မျိုးဖြစ်သည်။ ကာဗွန်မိုနောက်ဆိုဒ်အငွေ့များသည် ဂတ်စ်၊ သစ်သား၊ ကျောက်မီးသွေးကဲ့သို့သော လောင်စာများ လောင်ကျွမ်းခြင်းကြောင့် ထွက်ရှိလာကြသည်။ အချို့သော စက်ပစ္စည်းများနှင့် အင်ဂျင်များသည် ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ကို ထုတ်လွှတ်တတ်ပြီး အထူးသဖြင့် လေဝင်လေထွက် မကောင်းသော ပိတ်လှောင်နေသည့်နေရာများတွင် အန္တရာယ်ရှိသော ပမာဏအထိ စုပုံလာစေနိုင်သည်။ ထိုကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့များ ရှူရှိုက်မိပြီး သွေးထဲတွင် စုပုံလာသောအခါ သွေးနီဥဆဲလ်များမှ အောက်ဆီဂျင်ကို ဖယ်ရှားလိုက်သောကြောင့် တစ်ရှူးနှင့် ကိုယ်တွင်းအင်္ဂါများတွင် ပြင်းထန်သော ထိခိုက်မှုများ ဖြစ်ပေါ်လာပြီး ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း ဖြစ်ပေါ်လာစေသည်။ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းသည် အသက်အန္တရာယ်ရှိနိုင်သောကြောင့် အရေးပေါ်ဆေးကုသမှုခံယူရန် အရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
လောင်စာသုံးပစ္စည်းများနှင့် အင်ဂျင်အများစုသည် ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ကို ထုတ်လွှတ်ကြသော်လည်း လေဝင်လေထွက်ကောင်းမွန်သော နေရာများတွင် ဤဓာတ်ငွေ့ပမာဏသည် စိုးရိမ်စရာမရှိပါ။ သို့သော် လေဝင်လေထွက် မကောင်းသော အလုံပိတ်နေရာများတွင် အဆိုပါပစ္စည်းများကို အသုံးပြုပါက ထိုကာဗွန်မိုနောက်ဆိုဒ်ပမာဏသည် အန္တရာယ်ရှိလာနိုင်သည်။ ဥပမာအားဖြင့် အိမ်တွင်းမီးသွေးမီးဖိုများ အသုံးပြုခြင်း၊ ကားဂိုဒေါင်အတွင်း ကားစက်နှိုးထားခြင်းတို့ဖြစ်ကြသည်။
ဤဓာတ်ငွေ့များကို ရှူရှိုက်မိသောအခါ သွေးထဲတွင် အောက်ဆီဂျင်အစား ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့များ ဝင်ရောက်သွားသဖြင့် တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများထံသို့ အောက်ဆီဂျင်ရောက်ရှိမှုကို ဟန့်တားစေသည်။ ထို့ကြောင့် ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့အများအပြား ရှူရှိုက်မိသောအခါ ဦးနှောက်နှင့် နှလုံးကဲ့သို့ အရေးကြီးအင်္ဂါများ ထိခိုက်ပျက်စီးခြင်းနှင့် အသက်အန္တရာယ်ရှိသည်အထိ ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများတွင် ဖြစ်နိုင်ခြေ ပို၍မြင့်မားပြီး ဘေးအန္တရာယ် ပိုမိုဖြစ်စေနိုင်သည်။
ကာဗွန်မိုနောက်ဆိုဒ်သည် လောင်ကျွမ်းမှု ဖြစ်စဥ်၏ ဘေးထွက်ပစ္စည်းတစ်မျိုးဖြစ်ပြီး အောက်ဖော်ပြပါအရာများမှ ထုတ်လွှတ်နိုင်သည်။
- မီးသွေး၊ ဓာတ်ဆီ၊ ရေနံဆီ၊ ဆီ၊ ပရိုပိန်း သို့မဟုတ် ထင်းများ လောင်ကျွမ်းခြင်း
- မော်တော်ကား အင်ဂျင်များ၊ ဓာတ်ဆီသုံး အင်ဂျင်များ
- မီးသွေးမီးဖိုများ ၊ ဓာတ်ငွေ့သုံး မီးဖိုများ
- အိမ်တွင်းသုံးနှင့် သယ်ယူသုံးဆောင်နိုင်သော အပူပေးစက်များ
- ဓာတ်ဆီသုံး လျှပ်စစ်ဓာတ်အားပေးစက်
- အလုပ်ကောင်းကောင်းမလုပ်သည့် လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်း
- မီးလောင်ရာမှ ထွက်သော မီးခိုးငွေ့များ
- ဆေးလိပ်အငွေ့များ
- ရှီရှား (Shisha) ဟု လူသိများသော ပိုက်ဖြင့် ဆေးရွက်ကြီးအငွေ့ရှူခြင်းတို့မှ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့များ ထွက်လာနိုင်သည်။
ရောဂါလက္ခဏာများ
အစောပိုင်းသတိပေးလက္ခဏာများ အနေဖြင့် ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အသက်ရှူကျပ်ခြင်းတို့ စတင်ဖြစ်ပေါ်လေ့ရှိသည်။ ကာဗွန်မိုနောက်ဆိုဒ်နှင့် အသင့်အတင့်ထိတွေ့မှု ရှိလာသောအခါ အောက်ဖော်ပြပါလက္ခဏာများ ဖြစ်ပေါ်လာသည်။
- ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း
- ခေါင်းမူးခြင်း၊ ပြင်းထန်သော ခေါင်းကိုက်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ငိုက်ခြင်း
- ကြွက်သားအားနည်းခြင်း
- သတိလစ်ခြင်း၊ တက်ခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း
- အမြင်အာရုံ ဝေဝါးခြင်း
- ဗိုက်နာခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်ကြသည်။
ဤရောဂါလက္ခဏာများသည် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေနိုင်သည်။ လေဝင်လေထွက်မကောင်းသည့် ပိတ်လှောင်နေသော အခန်းတွင်း ဆက်လက်နေထိုင်လျှင် ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာနိုင်ပြီး အပြင်ထွက်လိုက်သောအခါ သက်သာလာနိုင်သည်။
ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်းသည် အိပ်ပျော်နေသူများ၊ မူးယစ်ဆေးဝါးသုံးစွဲထားသူများ၊ အရက်သေစာသောက်သုံးထားသူများ သို့မဟုတ် အိပ်ဆေးသောက်ထားသူများအတွက် အလွန်အန္တရာယ်ကြီးမားသည်။ ထိုအခြေအနေများတွင် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်သည့်ပြဿနာ ရှိမှန်းမသိလိုက်မီကပင် ဦးနှောက်ထိခိုက်ပျက်စီးမှု သို့မဟုတ် အသက်သေဆုံးမှုများ ဖြစ်ပေါ်နိုင်သောကြောင့်ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင် ဖော်ပြထားသော ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်သည့် လက္ခဏာများ ဖြစ်ပေါ်လျှင် အိမ်အပြင်သို့ ချက်ချင်းထွက်၍ လေ့ကောင်းလေသန့်ရရှိအောင် ဦးစွာပြုလုပ်ပါ။ အသက်အန္တရာယ်ရှိနိုင်သော အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူရန် လိုအပ်သည်။
အရေးပေါ်ကုသခြင်း
ရှေးဦးကုသခြင်း
ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်သည်ဟု သံသယဖြစ်ပြီး အထက်ဖော်ပြပါလက္ခဏာများ ဖြစ်ပေါ်လျှင်
- အပြင်သို့ ချက်ချင်းထွက်၍ လေကောင်းလေသန့်ကို ရှူရှိုက်ပါ၊ အကယ်၍ သတိလစ်နေသူ၊ အသက်ရှူရပ်နေသူများဖြစ်ပါကလည်း လေကောင်းလေသန့်ရသော အပြင်ဘက်သို့ အမြန်ဆုံး ပို့ဆောင်ပေးပါ
- အကယ်၍ အပြင်ဘက်သို့ ဘေးကင်းစွာ မထွက်နိုင်သည့် အခြေအနေများတွင် ပြတင်းပေါက်များ၊ တံခါးများကို အမြန်ဆုံးဖွင့်၍ နီးစပ်ရာကို အရေးပေါ်အော်ခေါ် ၍ အကူအညီတောင်းခံပါ
- ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ထွက်စေသည့် စက်ပစ္စည်းများ (ဥပမာ _ ရေနွေးအိုး၊ မီးဖို၊ အပူပေးစက်) အသုံးပြုနေပါက အသုံးပြုမှုကို ချက်ချင်းရပ်တန့်ပါ
- သတိလစ်နေသောလူနာဖြစ်ပါက အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု မရှိစေရန် လူနာကို ဘေးသို့ စောင်းထားခြင်း၊ ခေါင်းကို နောက်သို့ လှန်၍ မော့ထားခြင်း သို့မဟုတ် မေးရိုးကို ရှေ့သို့ဆွဲခြင်း ပြုလုပ်ပေးပါ
- နှလုံးခုန်ရပ်ခြင်းနှင့်အသက်ရှူရပ်ခြင်းဖြစ်ပါက ရင်ခေါင်းဖိနှလုံးနှိုးဆွခြင်း (CPR) ကို ချက်ချင်း စတင်လုပ်ဆောင်ပါ
- ထို့နောက် ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူပါ
အရေးပေါ်ဆေးကုသခြင်း
ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ ရောက်ရှိသောအခါ လူနာ၏ ကိုယ်အပူချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ သွေးပေါင်ချိန်နှင့် အောက်ဆီဂျင်တို့ကို ဦးစွာတိုင်းတာပြီး၊ လိုအပ်သော အရေးပေါ်ကုသမှုများကို အောက်ပါအတိုင်း ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
အောက်ဆီဂျင်ပေးခြင်း
- (၁၀၀) ရာခိုင်နှုန်း အောက်ဆီဂျင် (Pure oxygen) ပေးခြင်း
- ကိုယ်တိုင်အသက်မရှူနိုင်သူများအတွက် အသက်ရှူစက် (Ventilator) ကို အသုံးပြု၍ (၁၀၀) ရာခိုင်နှုန်း အောက်စီဂျင်ပေး၍ ကုသခြင်း
ဤကုသမှုသည် ဦးနှောက်နှင့် နှလုံးသို့ အောက်ဆီဂျင် ပြန်လည်ရောက်ရှိစေရန် အရေးကြီးဆုံးကုသမှုဖြစ်သည်။ ထို့နောက် သွေးနှင့်ဆီးများ စစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ အီးစီဂျီဆွဲခြင်းတို့ကို ဆက်လက်ပြုလုပ်၍ သွေးကြောအတွင်းသို့ အရည်ဓာတ်ဖြည့်ပေးခြင်းနှင့် ရောဂါလက္ခဏာများ သက်သာစေရန် ဆေးဝါးများပေး၍ ကုသနိုင်သည်။ သွေးထဲတွင် ကာဘွန်မိုနောက်ဆိုဒ်နှင့် ဟေမိုဂလိုဘင် ပေါင်းစပ်တည်ရှိမှု (၁၀) ရာခိုင်နှုန်းအောက်ရောက်ရှိသည်အထိ ဆေးရုံတွင် ကုသမှုခံယူရန်လိုသည်။
ဟိုက်ပါဘာရစ် အောက်ဆီဂျင် ကုထုံး (Hyperbaric oxygen therapy)
ဤကုထုံးကို ကာဘွန်မိုနောက်ဆိုဒ်ပမာဏများစွာ အဆိပ်သင့်ခံရပြီး ဦးနှောက်ထိခိုက်မှုကြောင့် သတိလစ်သူ၊ နှလုံးခုန်စည်းချက်မမှန်သူများနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် လိုအပ်ပါက အသုံးပြုသည်။ အထူးဖိအားမြင့် အောက်ဆီဂျင်အခန်းတွင် သတ်မှတ်ထားသော အချိန်ကာလအတွင်း (၁၀၀) ရာခိုင်နှုန်းအောက်ဆီဂျင်စစ်စစ်ကို ရှူရှိုက်စေ၍ ကုသခြင်းဖြစ်သည်။ အခန်းတွင်းအောက်ဆီဂျင်ဖိအားကို ပြင်ပဖိအားထက် နှစ်ဆမှသုံးဆအထိ မြှင့်တင်ထားခြင်းဖြစ်သည်။ ထိုသို့ကုသခြင်းဖြင့် သွေးတွင်းရှိ ကာဗွန်မိုနောက်ဆိုဒ်ကို အောက်ဆီဂျင်ဖြင့် လဲလှယ်ပေးနိုင်ပြီး နှလုံးနှင့် ဦးနှောက်တစ်ရှူးများ ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သည်။ ထိုကုထုံးကို ပြင်းထန်သော ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းနှင့် ကိုယ်ဝန်ဆောင်များတွင် မွေးလာမည့်ကလေးကို ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုဒဏ်မှ ကာကွယ်ရန် အသုံးပြုနိုင်သည်။
ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှု ကြာမြင့်ချိန်
ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း၏ သာမန်လက္ခဏာများဖြစ်ပါက လေကောင်းလေသန့်ရရှိသော နေရာသို့ရွှေ့ပြောင်းပြီးနောက် သို့မဟုတ် (၁၀၀) ရာခိုင်နှုန်းအောက်ဆီဂျင်စစ်စစ်ပေး၍ ကုသခြင်းတို့ကြောင့် ပြန်လည်ကောင်းမွန်သက်သာလာနိုင်သည်။ ကာဗွန်မိုနောက်ဆိုဒ်များ ခန္ဓာကိုယ်ထဲမှ ထွက်သွားစေရန် အချိန် (၂၄) နာရီကြာနိုင်သောကြောင့် ထိုအချိန်အတွင်း ရောဂါလက္ခဏာများ ဆက်လက်ရှိနေနိုင်သည်။ သို့သော်လည်း ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့နှင့် ထိတွေ့ပြီးနောက် (၂) ပတ်အထိ ရောဂါလက္ခဏာများ ကျန်ရှိနေနိုင်သေးသည်။
ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်သောကြောင့် သတိလစ်သူများ၊ ရောဂါလက္ခဏာမသက်သာသူများ၊ ဦးနှောက်အာရုံကြောဆိုင်ရာ လက္ခဏာ၊ နှလုံးဆိုင်ရာပြဿနာများ၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆေးရုံတွင် ဆက်လက်စောင့်ကြည့်ကုသမှုခံယူရန် လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုကို ကာကွယ်ရန် အရေးကြီးသောအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- အိမ်တွင်းသုံးစက်ပစ္စည်းများ စနစ်တကျ အသုံးပြုခြင်း
- လေဝင်လေထွက်ကောင်းသော နေရာများတွင်သာ မီးဖို၊ ရေနွေးအိုး၊ အပူပေးစက် စသည်တို့ကို အသုံးပြုပါ
- စက်ပစ္စည်းများကိုပုံမှန်စစ်ဆေးပါ (ဓာတ်ငွေ့ယိုစိမ့်မှု၊ ပြွန်များစိမ့်မှု ရှိမရှိ)
- မီးသွေးမီးဖိုများကို အိမ်တွင်း၌ လုံးဝမသုံးရ
- ယာဉ်နှင့်ပတ်သက်သော ကာကွယ်မှုများ
- ဂိုဒေါင်ကဲ့သို့ ပိတ်လှောင်နေရာများတွင်ကားစက်နှိုးမထားရ
- ဓာတ်အားပေးစက် သုံးစွဲခြင်း
- အိမ်မှ အနည်းဆုံး ပေ (၂၀) အကွာတွင် ဓာတ်အားပေးစက်များကို ထားရှိပါ
- အိမ်သုံးလုံခြုံရေးစနစ်များ
- အန္တရာယ်ရှိသည့် ကာဗွန်မိုနောက်ဆိုက်ပမာဏကို အချက်ပေးသည့် ကိရိယာ (CO Alarm)များ တပ်ဆင်ထားပါ
- အိပ်ခန်းအနီး
- မီးဖိုခန်းအနီး
- ဓာတ်အားပေးစက်အနီး
- ထိုကိရိယာများ၏ဘက်ထရီအခြေအနေကို အမြဲစစ်ဆေးပါ
- အန္တရာယ်ရှိသည့် ကာဗွန်မိုနောက်ဆိုက်ပမာဏကို အချက်ပေးသည့် ကိရိယာ (CO Alarm)များ တပ်ဆင်ထားပါ
References:
- Centers for Disease Control and Prevention. (n.d.). Carbon monoxide poisoning. Retrieved April 24, 2026, from https://www.cdc.gov/
- Cleveland Clinic. (2023). Carbon monoxide poisoning. Retrieved April 24, 2026, from https://my.clevelandclinic.org/health/diseases/15663-carbon-monoxide-poisoning
- Johns Hopkins Medicine. (n.d.). Carbon monoxide poisoning. Retrieved April 24, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/carbon-monoxide-poisoning
- Mayo Clinic. (2025). Carbon monoxide poisoning: Diagnosis and treatment. Retrieved April 24, 2026, from https://www.mayoclinic.org/diseases-conditions/carbon-monoxide/diagnosis-treatment/drc-20370646
- Mayo Clinic. (2025). Carbon monoxide poisoning: Symptoms and causes. Retrieved April 24, 2026, from https://www.mayoclinic.org/diseases-conditions/carbon-monoxide/symptoms-causes/syc-20370642
- National Health Service. (n.d.). Carbon monoxide poisoning. Retrieved April 24, 2026, from https://www.nhs.uk/conditions/carbon-monoxide-poisoning/
- NSW Health. (n.d.). Carbon monoxide. Retrieved April 24, 2026, from https://www.health.nsw.gov.au/environment/factsheets/Pages/carbon-monoxide.aspx
- Penn Medicine. (n.d.). Carbon monoxide poisoning. Retrieved April 24, 2026, from https://www.pennmedicine.org/for-patients-and-visitors/patient-information/conditions-treated-a-to-z/carbon-monoxide-poisoning
Published: 22 April 2025
Last updated: 5 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.