သွေးအန်ခြင်းသည် အရေးကြီးသည့် ပြင်းထန်သော အရေးပေါ်လက္ခဏာတစ်ခုဖြစ်သောကြောင့် ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားရောက်ပြသသင့်သည်။ သွေးအန်ခြင်းကို ဆေးပညာအရ Haematemesis ဟုခေါ်ဆိုသည်။ အစာခြေလမ်းကြောင်း အထက်ပိုင်းဖြစ်သော အစာရေမျိုပြွန်၊ အစာအိမ် သို့မဟုတ် အူသိမ်ဦးပိုင်း (duodenum) တို့၌ သွေးယိုစိမ့်မှု ဖြစ်ပွါးနေသည့် လက္ခဏာရပ်တစ်ခုဖြစ်သည်။
သွေးသည် အစာအိမ်မှ အစာများနှင့်အတူ ရောနှောပါဝင်၍ အန်ထွက်လာနိုင်သကဲ့သို့ သွေးသက်သက်လည်း အန်ထွက်လာနိုင်သည်။ သွေးအန်သောအခါ သွေး၏ အရောင်မှာ လတ်ဆတ်သော အနီရောင်ရဲရဲ သို့မဟုတ် (အစာအိမ်အက်ဆစ်နှင့် ထိတွေ့သွားသောအခါ) ကော်ဖီရောင် သို့မဟုတ် နီညိုရောင်ကဲ့သို့လည်း ဖြစ်နိုင်သည်။
မည်သည့်ပုံစံဖြစ်စေကာမူ သွေးအန်ခြင်းသည် အရေးကြီး၍ အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်သော ပြင်းထန်သည့် လက္ခဏာတစ်ရပ်ဖြစ်သည်။
အစာခြေလမ်းကြောင်းတွင် ဖြစ်ပွါးသော သွေးယိုစိမ့်မှုသည် ဝမ်းသွားရာတွင်လည်း ပါလာနိုင်ပြီး၊ ဝမ်းအရောင်မှာ အမည်းရောင် သို့မဟုတ် ကတ္တရာစေးကဲ့သို့ ဖြစ်နေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- အစာအိမ်နှင့် အူသိမ်ဦးပိုင်း အနာများ (Peptic Ulcers)
သွေးအန်ခြင်းကို အများဆုံးဖြစ်စေသော အကြောင်းရင်းဖြစ်သည်။ ဤအနာများသည် အစာအိမ်ပိုး (H. pylori) သို့မဟုတ် အကိုက်အခဲပျောက်ဆေးများ (NSAIDs) ကို ပုံမှန်သုံးစွဲခြင်းကြောင့် ဖြစ်ပွါးနိုင်သည်။ - အစာရေမျိုပြွန် သွေးကြောထုံးပေါက်ခြင်း (Ruptured Oesophageal Varices)
အသည်းခြောက်ခြင်း (Cirrhosis) ရောဂါ သို့မဟုတ် အသည်းသို့ သွားသော သွေးပြန်ကြောအတွင်း သွေးဖိအားများခြင်း (Portal Hypertension) တို့၏ အကျိုးဆက်အဖြစ် အစာရေမျိုပြွန်ရှိ သွေးပြန်ကြောများ ဖောင်းလာခြင်းဖြစ်သည်။ ဤသွေးကြောထုံးများသည် ပေါက်ပြဲလွယ်သဖြင့် ရုတ်တရက် ပြင်းထန်စွာ သွေးအန်တတ်သည်။ - အစာရေမျိုပြွန်နှင့် အစာအိမ်ဆက်ကြား အတွင်းနံရံ စုတ်ပြဲဒဏ်ရာ (Mallory-Weiss Tear)
ပြင်းထန်စွာ အန်ခြင်း သို့မဟုတ် အတင်းအကြပ် အန်ရန် ကြိုးစားခြင်းကြောင့် အစာရေမျိုပြွန်အောက်ပိုင်း သို့မဟုတ် အစာအိမ်အဝင်ဝ အတွင်းသားနံရံတွင် စုတ်ပြဲသွားခြင်းဖြစ်သည်။ များသောအားဖြင့် အရက်အလွန်အကျွံ သောက်သုံးသူများတွင် ထိုးအန်ပြီးနောက် ဖြစ်ပွါးလေ့ရှိသည်။ - အစာအိမ်ရောင်ခြင်းနှင့် အစာရေမျိုပြွန်ရောင်ခြင်း (Gastritis and Oesophagitis)
စားချဥ်ပြန်ရောဂါ (GERD)၊ အရက်အလွန်အကျွံသောက်ခြင်း၊ NSAIDs သို့မဟုတ် aspirin သုံးစွဲခြင်းတို့ကြောင့် အစာအိမ် သို့မဟုတ် အစာရေမျိုပြွန် ရောင်ရမ်းရာမှ သွေးအန်နိုင်သည်။ - အသားပို သို့မဟုတ် အကျိတ်များ (Growths or Tumours)
အစာရေမျိုပြွန်၊ အစာအိမ် သို့မဟုတ် ပန်ကရိယဂလင်း စသည်တို့တွင် ဖြစ်ပွါးသော အကျိတ် (ကင်ဆာဖြစ်စေ၊ ရိုးရိုးအကျိတ်ဖြစ်စေ) တို့သည် သွေးယိုစိမ့်မှု ဖြစ်ပြီး သွေးအန်နိုင်သည်။ - အခြားရောဂါအခြေအနေများ
ပန်ကရိယရောင်ရောဂါ (Pancreatitis)၊ အစာအိမ်အူလမ်းကြောင်းနံရံရှိ သွေးကြောငယ်များ မူမမှန်သည့်ရောဂါ (Angiodysplasias) သို့မဟုတ် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်း စသည်တို့ကြောင့် သွေးအန်နိုင်သည်။
သွေးမတိတ်ရောဂါအပါအဝင် သွေးရောဂါများ၊ သွေးလွန်တုတ်ကွေးရောဂါစသည်တို့တွင်လည်း သွေးအန်နိုင်သည်။ ထို့အပြင် နှာခေါင်းသွေးယိုရာမှ သွေးကို မျိုချမိပြီး ပြန်အန်သောအခါ သွေးပါနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ရုတ်တရက် သွေးပမာဏများပြီး လျင်မြန်စွာ အန်ပါက သွေးလန့်ခြင်း (Shock) ဖြစ်နိုင်သည်။ အချိန်မီ မကုသပါက အသက်သေဆုံးနိုင်သည်။
သွေးလန့်ခြင်း လက္ခဏာများမှာ_
- နုံးချည့်လွယ်ခြင်း
- ခြေဖျား၊ လက်ဖျားအေးစက်သွားခြင်း
- အသားအရောင် ဖြူဖျော့သွားခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- ဆီးနည်းသွားခြင်း၊ ဆီးမထွက်ခြင်း
- လက်သည်း၊ နှုတ်ခမ်းများ ပြာနှမ်းခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- မှိန်းခြင်း
- သတိလစ်ခြင်း
- အသက်ရှူမြန်ခြင်း
- သွေးခုန်နှုန်းမြန်ခြင်း၊ ရင်တုန်ခြင်း
- သွေးပေါင်ကျခြင်း စသည်တို့ဖြစ်သည်။
ကာလကြာရှည် သွေးတစိမ့်စိမ့် ထွက်ခြင်းဖြစ်ပါက_
- သွေးအားနည်းခြင်း
- ခေါင်းမူးခြင်း
- အသက်ရှူကျပ်ခြင်း
- ရုတ်တရက် မူးလဲခြင်း
- ရင်ဘတ်အောင့်ခြင်း
- ဝမ်းဗိုက်အောင့်ခြင်း၊ ရစ်ခြင်းစသည့် လက္ခဏာများ ပြသနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
သွေးအန်ခြင်းသည် အရေးပေါ် အခြေအနေဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်သည်။ ထို့ကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီ အမြန်ဆုံး သွားရောက်ပြသ ကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
သွေးလန့်ခြင်း (Shock) ဖြစ်သည့် လက္ခဏာများရှိပါက အရေးပေါ်ကုသမှုများ ချက်ချင်းလုပ်ဆောင်ပြီးမှ သွေးအန်ရသည့်အကြောင်းရင်းကို ရှာဖွေကုသမည်ဖြစ်သည်။
ဆရာဝန်သည် အစာအိမ်အူလမ်းကြောင်း မည်သည့်နေရာမှ သွေးယိုစိမ့်နေသည်ကို ရှာဖွေမည်ဖြစ်သည်။ သွေးအန်သည့်အချိန်၊ သွေး၏ ပုံစံ၊ ယခင်က ဖြစ်ဖူးခြင်း ရှိမရှိ၊ အခြားသော လက္ခဏာများ၊ ဆေးဝါးသုံးစွဲမှု မှတ်တမ်း (ဥပမာ _ aspirin, NSAIDs သို့မဟုတ် သွေးကျဲဆေးများ) စသည့် ရောဂါရာဇဝင်မေးခြင်း၊ ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်းစသည်တို့ ပြုလုပ်မည်။ လက်ချောင်းဖြင့် စအိုအတွင်း စစ်ဆေးခြင်း (Digital rectal examination) ပြုလုပ်ရန် လိုအပ်သည်။ ထို့နောက် အောက်ဖော်ပြပါ စစ်ဆေးမှုများကို လိုအပ်သလို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
- သွေးစစ်ဆေးခြင်း (Blood Tests)
သွေးအတွင်းရှိ သွေးနီဥ၊ သွေးဥမွှား ပမာဏတို့ကို စစ်ဆေးခြင်း၊ အသည်းလုပ်ဆောင်မှု စစ်ဆေးခြင်း စသည်တို့ဖြစ်သည်။ ဆုံးရှုံးခဲ့သော သွေးပမာဏ၊ အသက်ကယ်ရန်အတွက် သွေးသွင်းရန် လိုအပ်ခြင်း ရှိမရှိ စသည်တို့အတွက် အထောက်အကူပြုသည်။ - ဝမ်းစစ်ဆေးခြင်း (Stool Test)
ဝမ်းအတွင်း သာမန်မျက်လုံးဖြင့် မမြင်နိုင်သော သွေးများ ပါဝင်မှု ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။ - အစာအိမ်မှန်ပြောင်းကြည့်ခြင်း (Upper Gastrointestinal Endoscopy)
သွေးအန်သည့် အကြောင်းရင်းကို ရှာဖွေသည့်အခါနှင့် သွေးယိုစိမ့်သည့်နေရာ တွေ့ရှိပါက ချက်ချင်း သွေးတိတ်အောင် ကုသရာတွင် အလွန်ထိရောက်သည်။ ဆေးရုံရောက်သည့်အချိန်မှ (၂၄) နာရီအတွင်း အစာအိမ်မှန်ပြောင်း ကြည့်ရှုစစ်ဆေးသင့်သည်။
အရင်းခံအကြောင်းရင်းကို ရှာဖွေရန် အခြားစစ်ဆေးမှုများ (Investigating Underlying Causes)
- ဝမ်းဗိုက် အာထရာဆောင်း (Abdominal Ultrasound) – အသည်းခြောက်ခြင်း သို့မဟုတ် သည်းခြေလမ်းကြောင်း ပြဿနာများကဲ့သို့သော သွေးယိုစိမ့်မှုဖြစ်စေနိုင်သည့် အရင်းခံအကြောင်းရင်းများကို ရှာဖွေရန်
- ကွန်ပျူတာ ဓာတ်မှန် (CT Scan) – အစာအိမ် သို့မဟုတ် အူလမ်းကြောင်းတွင်ရှိသော အနာ၊ ကင်ဆာ စသည်တို့ကိုပိုမိုအသေးစိတ် မြင်နိုင်ရန်
- Helicobacter pylori (H. pylori) ပိုးစစ်ဆေးခြင်း
အစာအိမ်အနာနှင့် အစာအိမ်ရောင်ရမ်းခြင်းကို ဖြစ်စေသော H. pylori ပိုး ရှိမရှိကို စစ်ဆေးခြင်းဖြစ်သည်။ ဤပိုးသည် သွေးအန်ခြင်း၏ အဖြစ်များသော အကြောင်းရင်းတစ်ခု ဖြစ်သည်။- မှန်ပြောင်းကြည့်နေစဉ် တစ်ရှူးနမူနာယူစစ်ခြင်း (Biopsy during Endoscopy) – အတိကျဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်
- အသက်ရှူလမ်းကြောင်းမှ စစ်ဆေးခြင်း (Urea Breath Test) သို့မဟုတ် ဝမ်းမှ စစ်ဆေးခြင်း (Stool Test) – မှန်ပြောင်းမကြည့်ဘဲ ပိုး ရှိမရှိကို သိရှိနိုင်သော နည်းလမ်းများဖြစ်သည်
ကုသခြင်း
သွေးအန်ပါက ရောဂါပြင်းထန်မှုအပေါ် မူတည်၍ ကုသသည်။
- အရေးပေါ် အသက်ကယ်ကုသမှု (Resuscitation)
လူနာတွင် သွေးထွက်လွန်၍ သွေးလန့်ခြင်း ဖြစ်နေပါက အရေးပေါ် အသက်ကယ် ကုသရမည့် အခြေအနေဖြစ်သည်။ ဦးစွာ သွေးပြန်ကြောမှ ဆေးရည်များပေးခြင်း (IV fluids)၊ လိုအပ်ပါက သွေးသွင်းခြင်း (blood transfusions) နှင့် အောက်ဆီဂျင်ပေးခြင်း စသည်တို့ကို ပြုလုပ်မည်ဖြစ်သည်။ လိုအပ်ပါက အစာအိမ်မှန်ပြောင်းဖြင့် အရေးပေါ် သွေးတိတ်အောင် ပြုလုပ်ပေးမည်ဖြစ်သည်။ - သွေးတိတ်အောင် ပြုလုပ်ခြင်း
အစာအိမ်မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးနေစဉ် သွေးယိုစိမ့်သည့် ရောဂါအလိုက် အောက်ပါနည်းလမ်းများဖြင့် သွေးတိတ်အောင် ပြုလုပ်ပေးမည်ဖြစ်သည်။- မှန်ပြောင်း ပြွန်အတွင်းမှတစ်ဆင့် အထူးပြုလုပ်ထားသည့် သားရေကွင်းပစ်၍ သွေးကြောပိတ်ခြင်း (rubber band ligation)
- သွေးတိတ်ဆေးထိုးပေးခြင်း
- အထူးပြုလုပ်ထားသည့် ကလစ်သုံးခြင်း
- အာဂွန်ဓာတ်ငွေ့ သို့မဟုတ် Bipolar diathermy ကိရိယာအသုံးပြုခြင်း
အချို့သော အခြေအနေများတွင် သွေးယိုစိမ့်မှု ပြင်းထန်ပြီး မရပ်တန့်ပါက အရေးပေါ် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။
- ရောဂါရင်းမြစ်ကို ကုသခြင်း
သွေးတိတ်သွားပြီးနောက် သွေးယိုစိမ့်ရသည့် အကြောင်းရင်း ရောဂါရင်းမြစ်အား (ဥပမာ _ အသည်းခြောက်ခြင်း၊ အစာအိမ်နာ၊ H Pylori ပိုး) ဆက်လက် ကုသပေးမည်ဖြစ်သည်။ ကာလရှည်သွေးယိုစိမ့်မှုကြောင့် သွေးအားနည်းနေပါက ရောဂါရင်းမြစ်ကို ကုသခြင်းအပြင် သံဓာတ်အားဖြည့်ဆေးကဲ့သို့သော ဆေးဝါးများ လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
သွေးစိမ့်နိုင်သောရောဂါအားလုံးကို ကာကွယ်၍မရနိုင်သော်လည်း အစာအိမ်နှင့် အူသိမ်ဦးပိုင်းအနာကို ဖြစ်စေတတ်သော အောက်ပါအချက်များကို သတိပြုခြင်းဖြင့် သွေးစိမ့်မှုကို ကာကွယ်နိုင်သည်။
- အကိုက်အခဲပျောက်ဆေး၊ သွေးကျဲဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်သုံးရမည်၊ မိမိသဘောအတိုင်း သုံးစွဲခြင်းမပြုရ
- အရက်ကို ချင့်ချိန်သောက်သုံးပါ၊ ဆရာဝန်မှ အရက်ဖြတ်ရန် ညွှန်ကြားလျှင် လိုက်နာပါ
- ဆေးလိပ်ဖြတ်ပါ
- စိတ်ဖိစီးမှုလျှော့ချပါ
- အစာအိမ်ပိုးဖြစ်သည့် H.pylori ဘက်တီးရီးယားပိုးသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သောကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ခြင်း၊ လက်ကိုပုံမှန်ဆေးခြင်း (အထူးသဖြင့် အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း) စသည်တို့ကို လိုက်နာကျင့်သုံးပါ
References:
- Mayo Clinic. (n.d.). Vomiting blood: Causes. Retrieved October 29, 2025, from https://www.mayoclinic.org/symptoms/vomiting-blood/basics/causes/sym-20050732
- Patient.info. (n.d.). Vomiting blood (haematemesis). Retrieved October 29, 2025, from https://patient.info/digestive-health/vomiting-blood-haematemesis
- Cleveland Clinic. (n.d.). Vomiting blood. Retrieved October 29, 2025, from https://my.clevelandclinic.org/health/symptoms/17708-vomiting-blood
- Mayo Clinic. (n.d.). Gastrointestinal bleeding: Symptoms and causes. Retrieved October 29, 2025, from https://www.mayoclinic.org/diseases-conditions/gastrointestinal-bleeding/symptoms-causes/syc-20372729
Published: 27 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
