နားဖာချေး (Earwax) သည် နား၏အပြင်ဘက်သုံးပုံတစ်ပုံအတွင်းရှိ ဂလင်းများမှထုတ်ပေးသည့် ဖယောင်းကဲ့သို့သော သဘာဝပစ္စည်းဖြစ်သည်။ ဆေးပညာအရ “Cerumen” ဟုခေါ်သော နားဖာချေးသည် နားအတွင်းအစိုဓာတ်ကို ထိန်းပေးပြီး နားကျန်းမာရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ပေးသည်။ နားအတွင်းသို့ ပြင်ပမှ ဖုန်မှုန့်များ၊ အညစ်အကြေးများနှင့် ရောဂါပိုးများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည်။ နားဖာချေးနှင့် နားအတွင်းရှိ အရေပြားဆဲလ်အသေများသည် နားစည်မှ နားဝသို့ တဖြည်းဖြည်း ရွေ့လျားလာပြီး၊ အစာဝါးခြင်း၊ မေးရိုးလှုပ်ရှားခြင်းများ ပြုလုပ်သည့်အခါ နားအပြင်သို့ ထွက်ကျခြင်းဖြင့် သဘာဝအတိုင်း နားကိုသန့်ရှင်းစေသည်။ နားဖာချေးသည် ထိုကဲ့သို့ အကျိုးကျေးဇူးများရှိသော်လည်း နားထဲတွင် အများအပြား စုပုံလာပါက ပြဿနာဖြစ်နိုင်သည်။ ထို့ကြောင့် အဆိုပါအခြေအနေမျိုးဖြစ်ပေါ်ပါက နားလည်တတ်ကျွမ်းသူများနှင့် ပြသတိုင်ပင်ရန်လိုသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နားဖာချေးများသည် သဘာဝအတိုင်း နားအတွင်းတွင်ရှိသော်လည်း နားကျပ်ဂွမ်းဖြင့် နားသန့်ရှင်းရေး ပြုလုပ်ရာမှ နားဖာချေးများ နားအတွင်းသို့တိုးဝင်၍ ပိုမိုစုပုံလာခြင်းကို အတွေ့ရများသည်။
ထို့အပြင် အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့်လည်း ပုံမှန်ထက်ပို၍ နားဖာချေးများ ဖြစ်ပေါ်ကာ နားဖာချေးများ စုပုံနိုင်သည်။ ၎င်းတို့မှာ_
- ပုံမှန်ထက် နားဖာချေးပိုထွက်သူများ
- နားကြားကိရိယာတပ်ဆင်သူများ
- မကြာခဏ နားကြပ်တပ်ဆင် အသုံးပြုသူများ
- ပုံမှန်ထက် နားလမ်းကြောင်းကျဥ်းသူများ
- နားထဲတွင် ပုံမှန်ထက် အမွေးအမှင်များသူများ
- နားအတွင်းသို့ နားကျပ်ဂွမ်းသုံး၍ နားကျပ်သူများ
- နားနှင့် ဦးခေါင်းအရေပြားအနီးတွင် နှင်းခူပေါက်နေသူများ
- အသက်အရွယ်ကြီးသူများ
- ဖွံ့ဖြိုးမှုမသန်စွမ်းသူများ စသည်တို့ပါဝင်သည်။
ရောဂါလက္ခဏာများ
အများအားဖြင့် ပုံမှန်နားဖာချေးရှိရုံဖြင့် ရောဂါလက္ခဏာမပြတတ်သော်လည်း ပမာဏအလွန်များပြားပြီး စုပုံလာပါက အောက်ပါရောဂါလက္ခဏာများကို တွေ့ရှိရသည်။ ၎င်းတို့မှာ_
- နားထဲတွင် ပြည့်နေသကဲ့သို့ ဖိအားခံစားရခြင်း
- နားကိုက်ခြင်း
- နားအူခြင်း
- နားအတွင်း ယားယံခြင်း
- နားထဲမှ အနံ့ဆိုးထွက်ခြင်းနှင့် အရည်ထွက်ခြင်း
- ခေါင်းမူးဝေခြင်း
- ချောင်းဆိုးခြင်း စသည်တို့ကို တွေ့ရှိရသည်။
နောက်ဆက်တွဲပြဿနာများ
ယေဘုယျအားဖြင့် နောက်ဆက်တွဲပြဿနာ အလွန်နည်းပါးသည်။ သို့သော် နားဖာချေးကို နားကျပ်ဂွမ်း၊ မသန့်ရှင်းသော တုတ်၊ ကလစ် စသည်တို့ကိုအသုံးပြု၍ ဖယ်ရှားရာမှ နားစည်ပေါက်ခြင်း (Eardrum perforation) ဖြစ်တတ်သည်။ ထိုမှတစ်ဆင့် ပိုးဝင်ရောက်၍ နားအတွင်းအလယ်ခန်း ရောင်ရမ်းခြင်းနှင့် နားပြည်ယိုခြင်း (Otitis media) စသည်တို့ ဖြစ်တတ်သည်။ ထိုသို့ဖြစ်ခြင်းကြောင့် ယာယီ အကြားအာရုံဆုံးရှုံးခြင်း (Hearing loss) ဖြစ်သည်အထိ တွေ့ရှိရသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ယေဘုယျအားဖြင့် နားဖာချေးပိတ်ဆို့ခြင်းသည် ဆေးရုံ၊ ဆေးခန်းသို့ အရေးပေါ် ပြသရန် လိုအပ်သောအခြေအနေ မဟုတ်ပါ။ သို့သော် ရုတ်တရက် အကြားအာရုံဆုံးရှုံးခြင်း၊ ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်ခြင်း၊ ပြည် သို့မဟုတ် အနံ့ဆိုးသောအရည်များ နားမှထွက်လာခြင်း စသည်တို့ဖြစ်ပေါ်ပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သောကြောင့် မိမိ၏မိသားစုဆရာဝန်နှင့် ချက်ချင်းပြသ၍ ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် နားအတွင်းပိုင်းကြည့်ကိရိယာ (Otoscope) ဖြင့် ကြည့်ရှုစမ်းသပ်ပြီး ရောဂါရှာဖွေနိုင်သည်။ အကြားအာရုံဆုံးရှုံးသည့် လက္ခဏာများပါ အတူတွေ့ရှိပါက နားစည်မြှေးကို စက်ဖြင့်စစ်ဆေးခြင်း (Tympanometry) နှင့် အကြားအာရုံကြော စမ်းသပ်သည့်စက်ဖြင့် စစ်ဆေးခြင်း (Audiogram) များဖြင့် ဆက်လက်ရှာဖွေရန်လိုသည်။
ကုသခြင်း
နားဖာချေးပိတ်ဆို့ခြင်းကို ဖယ်ရှားရန် လိုအပ်သောကုသမှုများသည် အိမ်တွင်ပြုလုပ်နိုင်သကဲ့သို့ ဆရာဝန်နှင့် ပြသ၍လည်း ပြုလုပ်နိုင်သည်။ ကုသမှုတွင် _
- နားဖာချေးကို ပျော်စေသည့် ဆေးရည်များခပ်ခြင်း
- နားအတွင်း ဆားရည်အသုံးပြု၍ ဆေးကြောခြင်း
- ဆရာဝန်မှ ကိရိယာ သို့မဟုတ် စက်ကို အသုံးပြု၍ ဖယ်ရှားခြင်း စသည်တို့ ပါဝင်သည်။
ကုသမှုတစ်ခုခု မပြုလုပ်ခင် မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်လိုသည်။
- နားဖာချေးကို ပျော်စေသည့် ဆေးရည်များခပ်ခြင်း
နားဖာချေးကို ပျော်စေသော ဆေးရည်များ ခပ်ပေးခြင်းဖြင့် နားဖာချေးများ ပျော့ပျောင်းလာပြီး သဘာဝအတိုင်း အပြင်သို့ထွက်ကျစေသည်။ အသုံးပြု၍ရသော ဆေးရည်များမှာ_- Saline ရည်
- ကလေးများတွင်သုံးသော အဆီများ
- ဂလစ်စရင်းအဆီ (Glycerin)
- Hydrogen peroxide သို့မဟုတ် Carbamide peroxide ပါသောဆေးရည်များ စသည်တို့ကို ဆရာဝန်နှင့် တိုင်ပင်၍ အသုံးပြုနိုင်သည်
- ထိုဆေးရည်များထဲမှ မိမိအသုံးပြုမည့် ဆေးရည် (၂-၃) စက်ကို နားဖာချေးပိတ်နေသောနားထဲသို့ အစက်ချ၍ ဦးခေါင်းကို ဆန့်ကျင်ဘက်သို့ လှည့်ပြီး (၅-၁၀) မိနစ်ခန့် လှဲနေရန်လိုသည်
- ထို့သို့လှဲနေခြင်းသည် နားအတွင်း အစက်ချထည့်ထားသော ဆေးရည်များ အပြင်သို့ ထွက်မကျရန် ရည်ရွယ်သည်
- ဆေးရည်ထည့်ခြင်းကို တစ်နေ့လျှင် (၃-၄) ကြိမ်ဖြင့် (၃-၅) ရက်အထိ ပြုလုပ်နိုင်သည်
- (၂) ပတ်ကြာသည်အထိ အထက်ပါအတိုင်းပြုလုပ်ပါက နားဖာချေးများ အလိုအလျောက် ထွက်ကျနိုင်သည်
- သို့သော် Hydrogen peroxide သို့မဟုတ် Carbamide peroxide ပါသော ဆေးရည်များကို အချို့သောအခြေအနေများ ရှိနေပါက ရှောင်ကြဥ်ရန်လိုသည် (ဥပမာ_ နားစည်ပေါက်ခြင်း၊ နားအတွင်းအလယ်ခန်း ရောင်ရမ်းခြင်းနှင့် နားပြည်ယိုခြင်း၊ နားစည်အတွင်း ပြွန်ထည့်ထားခြင်းစသည်)
- နားအတွင်း Saline ရည်အသုံးပြု၍ ဆေးကြောခြင်း
နားအတွင်းသို့ ဆေးထိုးပြွန်ကဲ့သို့သော ပြွန်ဖြင့် အသုံးပြု၍ saline ရည် သို့မဟုတ် ရေနွေးထည့်ကာ ဆေးကြောဖယ်ရှားခြင်းဖြစ်သည်။ ထို့သို့မဆေးကြောမီတွင် နားဖာချေးကို ပျော်စေသည့် ဆေးရည်ကို ကြိုတင်အသုံးပြုထားရန် လိုအပ်သည်။ - ဆရာဝန်မှ ကိရိယာ သို့မဟုတ် စက်ကို အသုံးပြု၍ ဖယ်ရှားခြင်း
နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်မှ အထူးပြုလုပ်ထားသော သေးငယ်သည့် ကိရိယာများကို အသုံးပြု၍ ပိတ်ဆို့နေသည့် နားဖာချေးကို ညှပ်ထုတ်ဖယ်ရှားနိုင်သည်။ ထို့အတူ နားအတွင်း ဆေးရည်ထည့် ဆေးကြောသည့်စက်ကို သုံး၍ဖြစ်စေ သို့မဟုတ် နားဖာချေးများကို စက်ဖြင့်စုပ်၍ဖြစ်စေ ဖယ်ရှားနိုင်သည်။
ကာကွယ်ခြင်း
မှန်ကန်သော အိမ်တွင်းနားသန့်ရှင်းရေး နည်းလမ်းများဖြင့် နားအတွင်း နားဖာချေး များပြားစုပုံမှုကို ကာကွယ်နိုင်သည်။
- နားအပြင်ပိုင်းကို ပျော့ပျောင်းသော အဝတ်ဖြင့် ရေချိုးပြီးတိုင်း သန့်ရှင်းရေး ပြုလုပ်ပြီး နားကို ခြောက်သွေ့အောင်ထားပါ
- နားသန့်ရှင်းရေးလုပ်ရန် နားအတွင်းထဲသို့ မည့်သည့် ပြင်ပပစ္စည်းများကိုမှ မထည့်ပါနှင့်
- နားကျပ်ဂွမ်းကို အသုံးပြု၍ နားသန့်ရှင်းခြင်း မပြုရပါ
- နားကြားကိရိယာတပ်ဆင်ထားသူများသည်လည်း နားဖာချေးဖြင့် ပိတ်ခြင်း ရှိမရှိ နေ့စဥ် ကြည့်ရှုစစ်ဆေးရမည်
- နားဖာချေးပိတ်ခြင်းကို ဖယ်ရှားရန် ကလစ်၊ ချွန်ထက်သော အရာများအသုံးမပြုရပါ
- ဖယောင်းတိုင်သုံး၍ ထိုအပူငွေ့ဖြင့် နားဖာချေးဖယ်ရှားခြင်းသည် နားစည်နှင့်နားကို အန္တရာယ်ဖြစ်စေသောကြောင့် အသုံးပြုရန် မသင့်ပါ
References:
- American Academy of Otolaryngology–Head and Neck Surgery. (n.d.). Earwax (cerumen impaction). Retrieved April 26, 2026, from https://www.enthealth.org/conditions/earwax-cerumen-impaction/
- Cleveland Clinic. (2023). Earwax blockage. Retrieved April 26, 2026, from https://my.clevelandclinic.org/health/diseases/14428-ear-wax-buildup–blockage
- HealthHub Singapore. (n.d.). Ear wax impaction. Retrieved April 26, 2026, from https://www.healthhub.sg/a-z/medications/ear-wax-impaction
- Mayo Clinic. (2024). Earwax blockage: Diagnosis and treatment. Retrieved April 26, 2026, from https://www.mayoclinic.org/diseases-conditions/earwax-blockage/diagnosis-treatment/drc-20353007
- MedPark Hospital. (n.d.). Earwax impaction. Retrieved April 26, 2026, from https://www.medparkhospital.com/en-US/disease-and-treatment/earwax-impaction
Published: 30 April 2025
Last updated: 2 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.