Hearing loss (အကြားအာရုံဆုံးရှုံးခြင်း သို့မဟုတ် နားလေးခြင်း)

Hearing loss (အကြားအာရုံဆုံးရှုံးခြင်း သို့မဟုတ် နားလေးခြင်း)

အကြားအာရုံဆုံးရှုံးခြင်းသည် မွေးကင်းစအသက်အရွယ်မှ သက်ကြီးရွယ်အိုအချိန်ထိ ဖြစ်နိုင်သည်။ အကြောင်းအရာ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး အသက်အရွယ်ကြီးခြင်းနှင့် အလွန်ကျယ်လောင်သော အသံများကြောင့် အများဆုံးဖြစ်တတ်သည်။ ကလေးငယ်များတွင်မူ မွေးရာပါရောဂါပိုး ကူးစက်ခံရခြင်း၊ နားပြည်ယိုခြင်းနှင့် မျိုးဗီဇဆိုင်ရာရောဂါများကြောင့် အဖြစ်များသည်။

အသံကြားခြင်းဖြစ်စဉ်အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

  • အသံလက်ခံခြင်း _ ပြင်ပနား (နားရွက်) သည် ပြင်ပမှအသံများကို စုစည်းလက်ခံသည်
  • တုန်ခါမှုများဖြစ်ပေါ်ခြင်း _ အသံလှိုင်းများသည် နားစည်ကို ရိုက်ခတ်သောအခါ တုန်ခါမှုများ ဖြစ်ပေါ်လာသည်
  • အသံချဲ့ပေးခြင်း _ အလယ်နားရှိ အရိုးငယ်များက အထက်ပါတုန်ခါမှုများကို ပိုမိုမြင့်မားသော အသံလှိုင်းများအဖြစ်သို့ ချဲ့ပေးသည်
  • လျှပ်စစ်အချက်ပြမှုများအဖြစ် ပြောင်းလဲခြင်း _ ထိုအရိုးငယ်များမှတစ်ဆင့် အတွင်းနားရှိ ခရုပုံအစိတ်အပိုင်း (Cochlea) သို့ သယ်ဆောင်ပေးပြီး၊ ယင်းနေရာတွင် လျှပ်စစ်အချက်ပြမှုများအဖြစ် ပြောင်းလဲသည်
  • ဦးနှောက်သို့ပို့ဆောင်ခြင်း _ ဤအချက်ပြမှုများသည် အကြားအာရုံကြောမှတစ်ဆင့် ဦးနှောက်သို့ ရောက်ရှိသည်
  • အသံကိုသိရှိနားလည်ခြင်း _ ဦးနှောက်၏ Temporal lobe ရှိ အကြားအာရုံလက်ခံသည့်နေရာသည် အသံကို သိရှိနားလည်မှတ်သားသည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အကြားအာရုံဆုံးရှုံးမှုကို အဓိကအမျိုးအစားနှစ်ခု ခွဲခြားနိုင်သည်။

  1. နားအတွင်း အသံဝင်ရောက်မှုလမ်းကြောင်း ပြဿနာများကြောင့် အကြားအာရုံဆုံးရှုံးခြင်း (Conductive Hearing Loss)
    ပြင်ပနားမှ အတွင်းနားဆီသို့ အသံရောက်ရှိမှုလမ်းကြောင်းတစ်လျှောက် တစ်နေရာရာတွင် ပိတ်ဆို့မှု အတားအဆီးများကြောင့်ဖြစ်သည်။ အကြောင်းရင်းများမှာ_
    • နားထဲတွင် နားဖာချေးများဖြင့် ပိတ်ဆို့ခြင်း
    • နားတွင်းပိုးဝင်ခြင်း
    • နားစည်ပေါက်ခြင်း
    • အလယ်နားတွင် အရည်စုပုံခြင်း
    • နားပေါက်အတွင်းသို့ ပစ္စည်းတစ်စုံတစ်ခု ဝင်ရောက်ခြင်း
    • နားထဲတွင် အလုံးအကျိတ် ရှိနေခြင်းတို့ ဖြစ်ကြသည်။
  2. အာရုံခံစားမှုအပိုင်း ပြဿနာများကြောင့် အကြားအာရုံဆုံးရှုံးခြင်း (Sensorineural Hearing Loss)
    ဤအမျိုးအစားသည် အတွင်းနား (Cochlea) အတွင်းရှိ အကြားအာရုံခံဆဲလ်များ (သို့မဟုတ်) အကြားအာရုံကြော ပြဿနာများကြောင့်ဖြစ်သည်။ အကြောင်းရင်းများမှာ_
    • အသက်အရွယ်ကြီးရင့်လာခြင်း
    • မျိုးဗီဇရောဂါများ
    • ဦးခေါင်းထိခိုက်ခြင်း
    • ဦးနှောက်အမြှေးပါးရောင်ခြင်း
    • ဆူညံသောနေရာတွင် အလုပ်လုပ်ရခြင်း (ဥပမာ _ စက်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ)
    • အချို့သောဆေးဝါးများ (ဥပမာ _ အချို့သော ကင်ဆာဆေးများ၊ ပိုးသတ်ဆေးများ၊ ဆီးဆေးများ)
    • အချို့သော အခံရောဂါများ (ဥပမာ _ သွေးတိုးရောဂါဆီးချိုရောဂါလေဖြတ်ခြင်း ရှိသူများ)
    • ပေါင်မပြည့်လမစေ့ မွေးသော ကလေးများ
    • မွေးကင်းစ အသားဝါရောဂါကြောင့် ဦးနှောက်ထိခိုက်သောကလေးများ စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

လူအများစုတွင် အကြားအာရုံဆုံးရှုံးခြင်းကို အစောပိုင်းတွင် သတိပြုမိခြင်းမရှိဘဲ တဖြည်းဖြည်း ပိုမိုသိသာလာတတ်သည်။

ရောဂါလက္ခဏာများမှာ_

  • စကားပြောသံ၊ အခြားအသံများကို တိုးညှင်းစွာကြားရခြင်း
  • အထူးသဖြင့် လူအုပ်များ၏အသံ၊ နောက်ခံအသံများ ဆူညံချိန်တွင် ပြောဆိုဆက်သွယ်ရာတွင် ပြဿနာဖြစ်ခြင်း
  • ပြောသောစကားများကို နားမလည်ခြင်း
  • စူးရှသော အသံများကိုမကြားခြင်း (high-pitch sound)
  • အခြားသူများကို ဖြေးဖြေးနှင့် ကျယ်လောင်စွာ စကားပြောခိုင်းခြင်း
  • ရုပ်မြင်သံကြား၊ ရေဒီယိုအသံများကို တိုးမြှင့်နားထောင်ခြင်း
  • နားအူခြင်း
  • နားကိုက်ခြင်း
  • ဟန်ချက်မညီခြင်း၊ မူးဝေခြင်း စသည်တို့ဖြစ်သည်။

မွေးကင်းစကလေးများနှင့် ကလေးကြီးများတွင် တွေ့ရသော ရောဂါလက္ခဏာများမှာ_

  • ကျယ်လောင်သောအသံများကို တုံ့ပြန်မှုမရှိခြင်း
  • အသက် (၆) လကျော်သည်အထိ အသံကြားရာကို လှည့်မကြည့်ခြင်း
  • အသက် (၁) နှစ်ထိ ဖေဖေ၊ မေမေ မခေါ်တတ်ခြင်း
  • နာမည်ခေါ်လျှင် တုံ့ပြန်မှု မရှိခြင်း
  • စကားပြော နောက်ကျခြင်း
  • စကားကို ရှင်းလင်းစွာ မပြောနိုင်ခြင်း
  • ညွှန်ကြားချက်များကို မလိုက်နာခြင်း
  • တီဗီမှ အသံ၊ သီချင်းသံများကို ကျယ်လောင်စွာနားထောင်ခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

အကြားအာရုံချို့ယွင်းခြင်းသည် ပတ်ဝန်းကျင်နှင့် အဆက်အသွယ် ပြတ်တောက်သကဲ့သို့ဖြစ်ပြီး ဘဝလူနေမှုအရည်အသွေး ကျဆင်းသောကြောင့် စိတ်အလိုမကျဖြစ်ခြင်း၊ ‌ဒေါသဖြစ်ခြင်းနှင့် စိတ်အားငယ်ခြင်းများ ခံစားရနိုင်သည်။ ထိုမှတစ်ဆင့် စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း စသည်တို့ထိဖြစ်နိုင်သည်။ ကလေးငယ်များတွင် ကျောင်းသင်ခန်းစာများ နားမလည်ခြင်း၊ စာမလိုက်နိုင်ခြင်းတို့ကြောင့် ကျောင်းတွင် အဆင်မပြေမှုများ ဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အကြားအာရုံ ရုတ်တရက်ဆုံးရှုံးခြင်း သို့မဟုတ် အကြားအာရုံနှင့်ပတ်သက်၍ သံသယဖြစ်ခြင်း စသည် တို့ရှိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြသပြီး လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

အကြားအာရုံဆုံးရှုံးခြင်း သေချာစေရန်၊ အမျိုးအစားခွဲခြားရန်၊ နောက်ခံအကြောင်းရင်းများကို ရှာဖွေရန် အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်သည်။

  1. ရောဂါရာဇဝင်မေးမြန်းခြင်း
    စတင်ချိန်၊ ရောဂါအခြေအနေ တိုးတက်မှု၊ ယှဉ်တွဲလာသောလက္ခဏာများ (နားအူခြင်း၊ ခေါင်းမူးခြင်း၊ နားပြည်ယိုခြင်း၊ ဖျားနာခြင်း၊ ဆေးဝါးသုံးစွဲမှု)၊ မိသားစုရာဇဝင် စသည်တို့ကို မေးမြန်းနိုင်သည်
  2. စမ်းသပ်စစ်ဆေးခြင်း
    • နားအတွင်းပိုင်းမှန်ပြောင်း (Otoscope) ကြည့်ခြင်း
      နားဖာချေး၊ နားအလယ်ပိုင်း ရောင်ရမ်းခြင်း၊ နားစည်ပေါက်ခြင်း၊ နားတွင်းအရည်အိတ်တည်ခြင်း စသည်တို့ သိရှိနိုင်သည်။
    • Tuning Fork စစ်ဆေးမှုများ (လူကြီးများနှင့် အသက်ကြီးသောကလေးများ)
      ခက်ရင်းပုံစံကိရိယာကိုသုံး၍ အကြားအာရုံဆုံးရှုံးခြင်း အမျိုးအစားခွဲခြားနိုင်သည်။
    • Pure-Tone Audiometry
      မတူညီသည့် အသံလှိုင်းများနှင့် အသံအတိုးအကျယ်များကို နားထောင်ပြီး အကြားအာရုံအဆင့်ကို တိုင်းတာခြင်းဖြစ်သည်။
    • Tympanometry
      နားစည်နှင့် နားအလယ်ပိုင်း၏ အခြေအနေကို စစ်ဆေးခြင်းဖြစ်သည်။ နားအတွင်း အရည်ဝင်ခြင်း သို့မဟုတ် ပိတ်ဆို့နေခြင်း ရှိမရှိကို သိရှိနိုင်သည်။
    • မွေးကင်းစနှင့် ကလေးငယ်များအတွက် စမ်းသပ်စစ်ဆေးနည်းများ
      • Otoacoustic Emissions (OAE) Test
        အတွင်းနား၏ လုပ်ဆောင်ချက်ကို စစ်ဆေးခြင်းဖြစ်သည်။
      • Auditory Brainstem Response (ABR) Test
        ဤစမ်းသပ်မှုသည် ဦးနှောက်၏ အသံလှိုင်းများကို တုံ့ပြန်မှု တိုင်းတာခြင်းဖြင့် အကြားအာရုံလမ်းကြောင်း (Auditory pathway) လုပ်ဆောင်ချက်ကို စစ်ဆေးခြင်းဖြစ်သည်။
  3. နောက်ခံအကြောင်းရင်းများကို ရှာဖွေခြင်း
    နားအတွင်း အလုံးအကျိတ်များ တွေ့ရှိပါက သို့မဟုတ် ဦးနှောက်အတွင်း အလုံးအကျိတ်ရှိသည်ဟု သံသယရှိပါက ကွန်ပြူတာဓာတ်မှန် (CT scan) နှင့် သံလိုက်ဓာတ်မှန် (MRI) ရိုက်ရန် လိုအပ်နိုင်သည်။ မွေးကင်းစကလေးများတွင် ဗိုင်းရပ်စ်ပိုးများရှာဖွေခြင်း၊ မျိုးဗီဇစစ်ဆေးခြင်းများကိုလည်း ရောဂါလက္ခဏာများပေါ် မူတည်၍ ပြုလုပ်နိုင်သည်။
ကုသခြင်း

အကြားအာရုံချို့ယွင်းသည့် အမျိုးအစားနှင့် နေရာအစိတ်အပိုင်းပေါ် မူတည်၍ ကုသနည်းများရှိသည်။ ၎င်းတို့မှာ_

  • နားအတွင်း အသံဝင်ရောက်မှုလမ်းကြောင်း ပြဿနာများအတွက် နားဖာချေးများ၊ ပြင်ပမှ ဝင်ရောက်နေသော ပစ္စည်းများ စသည်တို့ ဖယ်ရှားခြင်း၊ အဖုအကြိတ်များ ခွဲစိတ်ဖယ်ရှားခြင်း
  • နားကြားကိရိယာတပ်ဆင်ကုသခြင်း
  • အတွင်းနားအစားထိုးကိရိယာ တပ်ဆင်ကုသခြင်း (Cochlear implants)
  • နားစည်မြှေး ဖာထေးကုသခြင်း
  • ရောဂါအခြေအနေပေါ် မူတည်ပြီး ပဋိဇီဝပိုးသတ်ဆေးများ၊ စတီးရွိုက်ဆေးများဖြင့် ကုသခြင်း

အထက်ပါကုသနည်းများအပြင် နောက်ခံရောဂါများ ကုသခြင်းနှင့် စကားပြောလေ့ကျင့်ခန်းများလည်း လိုအပ်သည်။

ကာကွယ်ခြင်း
  • ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားစဉ်ကာလ
    မိခင်တွင် ကူးစက်ပိုးများမဝင်အောင် ကာကွယ်ခြင်း၊ နားထိခိုက်စေနိုင်သော ဆေးဝါးများ ရှောင်ကြဉ်ခြင်း၊ ကိုယ်ဝန် စနစ်တကျအပ်ခြင်း၊ ဆေးရုံဆေးခန်းများတွင် မီးဖွားခြင်းနှင့် မွေးကင်းစကလေးငယ်ကို စနစ်တကျ ပြုစုစောင့်ရှောက်ခြင်း
  • မွေးကင်းစ ကလေးတိုင်းအား နားကြားမကြား စမ်းသပ်ခြင်း
  • ကလေးများ
    • နားပိုးဝင်ခြင်းကို ချက်ချင်းကုသခြင်း
    • ကာကွယ်ဆေးများ ထိုးနှံပေးခြင်း
    • ရေကူးပြီးနောက် နားကို ခြောက်သွေ့အောင်ထားခြင်း
  • ဆူညံသံကာကွယ်ခြင်း
    ကျယ်လောင်သော ဂီတသံများ၊ လုပ်ငန်းခွင်ဆူညံသံများကို ကန့်သတ်ခြင်း၊ နားကာကွယ်ပစ္စည်းများ အသုံးပြုခြင်း
  • နားကိုထိခိုက်စေနိုင်သော ဆေးဝါးများ ရှောင်ကြဉ်ခြင်း
  • နားအတွင်းသို့ ပစ္စည်းများထည့်ခြင်း၊ နားကျပ်ခြင်းမှ ရှောင်ကြဥ်ခြင်း
  • နားကို ပုံမှန်စစ်ဆေးခြင်း
  • နားရောဂါများကို စောစီးစွာကုသခြင်း စသည်တို့ကို ပြုလုပ်၍ ကာကွယ်နိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Hearing loss: Types, symptoms, causes & treatment. Retrieved September 11, 2025, from https://my.clevelandclinic.org/health/diseases/17673-hearing-loss
  2. Healthdirect. (2025). Hearing loss: Prevention, signs, diagnosis and treatment. Retrieved September 11, 2025, from https://www.healthdirect.gov.au/hearing-loss
  3. Mayo Clinic. (2023). Hearing loss: Symptoms & causes. Retrieved September 11, 2025, from https://www.mayoclinic.org/diseases-conditions/hearing-loss/symptoms-causes/syc-20373072

Published: 30 August 2024

Last updated: 29 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.