Otitis media (နားအတွင်းပိုင်းအလယ်ခန်း ရောင်ရမ်းခြင်း နှင့်နားပြည်ယိုခြင်း)

Otitis media (နားအတွင်းပိုင်းအလယ်ခန်း ရောင်ရမ်းခြင်း နှင့်နားပြည်ယိုခြင်း)

နားအတွင်းပိုင်းအလယ်ခန်း ရောင်ရမ်းခြင်းသည် နားစည်မြှေး၏အတွင်းဘက်တွင်ရှိသော နား၏ အလယ်အခေါင်းပွ အရိုးအတွင်း ကူးစက်ရောဂါပိုးများ ဝင်ရောက်ခြင်းကြောင့် ရောင်ရမ်းခြင်းဖြစ်သည်။ နားအတွင်းပိုင်းရောင်ခြင်းသည် ကလေးများတွင် အဖြစ်များသော ရောဂါတစ်ခုဖြစ်ပြီး အသက် (၆)လ မှ (၂)နှစ်ကြား ကလေးများတွင် အဖြစ်များကာ အသက် (၈) နှစ်ခန့်အထိ ဖြစ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်များကြောင့် နားအတွင်းပိုင်းအလယ်ခန်းသို့ ပိုးဝင်၍ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်သည်။ Streptococcus pneumoniae နှင့် Hemophilus influenzae ဘက်တီးရီးယားများသည် အဖြစ်အများဆုံးဖြစ်ပြီး ရာသီတုပ်‌ကွေး ဖြစ်စေတတ်သော ဗိုင်းရပ်စ်ပိုးများကြောင့်လည်း ဖြစ်နိုင်သည်။ နားနှင့်နှာခေါင်းသည် ပြွန်ဖြင့်ဆက်သွယ်ထားသည့်အတွက် နားအတွင်းပိုင်း အလယ်ခန်းသို့ အများဆုံးပိုးဝင်နိုင်သော လမ်းကြောင်းမှာ နှာခေါင်းပင်ဖြစ်သည်။

otitis media img1

ရောဂါဖြစ်နိုင်ခြေများသည့်အခြေအနေများ

  • မွေးကင်းစကလေးငယ်များနှင့် အသက် (၆)လမှ (၂)နှစ် ကြား ကလေးငယ်များ
  • မကြာခဏ အအေးမိတတ်သော ကလေးများ
  • နာတာရှည် ရောဂါရှိသော ကလေးများ၊ ကိုယ်ခံအားကျဆင်းနေသော ကလေးများနှင့် ပန်းနာရင်ကျပ်ကဲ့သို့ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသော ကလေးများ
  • မီးခိုးငွေ့ ပေါများသော လေထုညစ်ညမ်းသည့် ပတ်ဝန်းကျင်တွင် နေထိုင်သော ကလေးများ
  • မိသားစုအတွင်း နားပိုးဝင်ခြင်း ရာဇဝင်ရှိဖူးသော ကလေးများ
  • နို့ဘူးတိုက်သည့် ကလေးများ
  • မွေးရာပါအာခေါင်ကွဲရောဂါ ရှိသည့်ကလေးများ
ရောဂါလက္ခဏာများ

ရောဂါပိုးကူးစက်ခံရပြီးသည်နှင့် နားအတွင်းပိုင်းအလယ်ခန်း ပိုးဝင်ခြင်းလက္ခဏာများသည် အလျင်အမြန်ပေါ်လာတတ်သည်။ ကလေးများတွင် အဖြစ်များသော လက္ခဏာများမှာ

  • နားကိုက်ခြင်း (အထူးသဖြင့် အိပ်ယာထဲလှဲနေလျှင် ပိုနာသည်။)
  • အဖျားတက်ခြင်း
  • စိတ်အလိုမကျဘဲ အီနေခြင်း
  • နားရွက်ကို ပွတ်နေတတ်ခြင်း
  • အိပ်မရခြင်း
  • ပုံမှန်ထက် ပို၍ ငိုခြင်း
  • အစားအသောက် ပျက်ခြင်း
  • အကြားအာရုံတွင် ပြဿနာရှိခြင်းနှင့် အသံကို တုံ့ပြန်ရာတွင် ပြဿနာရှိခြင်း
  • နားအတွင်းမှ အရည်ကြည်များ (သို့မဟုတ်) ပြည်များ စီးကျခြင်း
  • ခေါင်းကိုက်ခြင်း စသည်တို့ဖြစ်သည်။

    လူကြီးတွင် ကလေးများကဲ့သို့ ပြင်းထန်မှုမရှိဘဲ
  • နားကိုက်ခြင်း
  • နားပြည်ယိုခြင်း
  • အကြားအာရုံထိခိုက်ခြင်းတို့ကို ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

ရောင်ရမ်းခြင်းသည် ရက်ပိုင်းအတွင်း ဖြစ်ကာ သက်သာသွားတတ်ပြီး နောက်ဆက်တွဲ လက္ခဏာအားဖြင့် ရှားပါးသော်လည်း နားအတွင်းမှ ရောဂါပိုးကို ကောင်းစွာ မကုသပါက သို့မဟုတ် မကြာခဏ နားပြည်ယို၊ နားကိုက်ခြင်းဖြစ်ပါက နာတာရှည် နားပြည်ယိုရောင်ရမ်းခြင်း (CSOM) အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ ဆက်လက်၍ အောက်ပါ ပြင်းထန်သောနောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  • အကြားအာရုံဆုံးရှုံးခြင်း
  • ကလေးတွင် စကားပြောနှောင့်နှေးခြင်းနှင့် ဘာသာစကားဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း
  • နားစည်မြှေး ပေါက်ခြင်း၊ ပြဲခြင်း – နားပိုးဝင်သော ကလေးများ၏ (၅)ရာခိုင်နှုန်း မှ (၁၀)ရာခိုင်နှုန်းခန့်တွင် နားစည်ပေါက်တတ်သော်လည်း အများစုသည် သူ့အလိုလိုပျောက်ကင်းနိုင်သည်။ အချို့တွင်မူ ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။
  • တစ်ခါတစ်ရံ ရောဂါပိုးများသည် နားအတွင်းပိုင်းမှ နီးစပ်ရာအရိုးများ (ဥပမာ_နားရွက်အနောက်ရှိ mastoid အရိုး)အထိ ပျံ့နှံ့သွားနိုင်ပြီး အရိုးရောင်ရမ်းခြင်းကို ဖြစ်စေနိုင်သည်။ ထိုမှတစ်ဆင့် ဦးနှောက်သို့ ပျံ့သွားပြီး ဦးနှောက် အမြှေးရောင်ခြင်း၊ ဦးနှောက်ပြည်တည်ခြင်းထိ ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်မှ ရောဂါ ရာဇဝင်မေးမြန်းခြင်း၊ နားအတွင်းကြည့်ကိရိယာ (otoscope)ဖြင့် စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေသိရှိနိုင်သည်။ နားစည်အမြှေးပါး နီရဲနေခြင်း သို့မဟုတ် ရောင်ရမ်းနေခြင်း၊ နားစည်၌ အပေါက်ဖြစ်ခြင်းများသည် နားအတွင်း ပိုးဝင်ခြင်း၏ လက္ခဏာတစ်ခုဖြစ်သည်။ မကြာခဏဖြစ်သော နားပိုး၀င်ခြင်းနှင့် နာတာရှည် နားပြည်ယိုရောင်ရမ်းခြင်းတို့သည် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ထံ လွှဲပြောင်း၍ ကုသမှုခံယူရန် လိုအပ်နိုင်သည်။

ကုသခြင်း

နားပိုးဝင်‌ရောင်ရမ်းခြင်း ဖြစ်တိုင်း ပဋိဇီဝပိုးသတ်ဆေးများ ပေး၍ ကုသရန်မလိုပါ။ နားကိုက်ခြင်း၊ ဖျားခြင်းအတွက် ပါရာစီတမောကဲ့သို့ အဖျားကျဆေး ပေးနိုင်သည်။ နားနှစ်ဖက်လုံးတွင်ဖြစ်ခြင်း၊ အဖျား ပြင်းထန်ခြင်း၊ အဖျား ရက်ရှည်နေခြင်း (နှစ်ရက်ထက် ပိုဖျားလျှင်)တို့တွင် ပဋိဇီဝပိုးသတ်ဆေး လိုအပ်နိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်ကုသမှုခံယူပါ။ နားအစက်ချဆေးများကို နာကျင်မှုသက်သာစေရန် အသုံးပြုနိုင်သော်လည်း နားစည်တွင် နားစည်မြှေး ပေါက်ခြင်း၊ ပြဲခြင်း ရှိနေပါက မသုံးစွဲသင့်သောကြောင့် ဆရာ၀န်နှင့် တိုင်ပင်ဆွေးနွေးပြီးမှ အသုံးပြုပါ။

အသက်ငယ်လွန်းသောကလေးများ (အသက် ၆လအောက်)တွင် ကနဦး စောင့်ကြည့်ခြင်းမပြုဘဲ ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသရန်လိုအပ်နိုင်သည်။ အသက် (၆)လအထက် ကလေးများတွင် နားပိုးဝင်သည့် အနေအထား (တစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်လုံး) နှင့် ဖျားသည့် ကိုယ်အပူချိန် (၃၉ ဒီဂရီစင်တီဂရိတ် နှင့်အထက်) အပြင် ဖျားသည့်ရက်ကာလအပေါ် မူတည်၍ ဆရာဝန်မှ လိုအပ်လျှင် ပဋိဇီဝပိုးသတ်ဆေးများ ပေး၍ ကုသပေးမည်ဖြစ်သည်။

ကာကွယ်ခြင်း
  • ကာကွယ်ဆေးများ ပုံမှန် ထိုးပေးခြင်း
  • အအေးမိခြင်းမှ ကာကွယ်‌ပေးခြင်း
  • အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကာကွယ်ပေးခြင်း
  • ဆေးလိပ်ငွေ့များကို ရှောင်စေခြင်း
  • ကလေးကို မတ်မတ်အနေအထားဖြင့် နို့တိုက်ခြင်း၊ အစာကျွေးခြင်း တို့ကို ပြုလုပ်ပေးနိုင်သည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.