Chest pain (ရင်ဘတ်အောင့်ခြင်း)

Chest pain (ရင်ဘတ်အောင့်ခြင်း)

ရင်ဘတ်အောင့်ခြင်း (Chest pain) ဆိုသည်မှာ ရင်ဘတ်၏ မည်သည့်နေရာတွင်မဆို နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း ဖြစ်သည်။ ရင်ဘတ်အောင့်ရာတွင် ရင်ဘတ်နေရာတစ်ခုတည်း အောင့်သည်သာမက တစ်ခါတစ်ရံတွင် ခန္ဓာကိုယ်အပေါ်ပိုင်းရှိ လက်မောင်းတစ်လျှောက်၊ လည်ပင်း သို့မဟုတ် မေးရိုး အပါအဝင် အခြားနေရာများသို့ ပျံ့နှံ့သွားတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ရင်ဘတ်အောင့်ခြင်း ဖြစ်စေသော အကြောင်းရင်းများသည် တစ်ခုနှင့်တစ်ခု မတူညီကြပါ။ အဖြစ်အများဆုံး ရင်ဘတ်အောင့်ခြင်းမှာ အစာအိမ်တွင်းမှ အက်ဆစ်များ အစာရေမျိုပြွန်လမ်းကြောင်းသို့ ပြန်တက်သော စားချဉ်ပြန်ရောဂါ (GERD) ဖြစ်ပြီး အသက်အန္တရာယ်ကို အများဆုံးဖြစ်စေသော အကြောင်းရင်းများမှာ နှလုံး သို့မဟုတ် အဆုတ်ရောဂါတို့ကြောင့်ဖြစ်သည်။ အထူးသဖြင့် ရုတ်တရက် ရင်ဘတ်အောင့်လျှင် ပြင်းထန်သော ပြဿနာတစ်ခု ဖြစ်နိုင်သောကြောင့် ဆေးဘက်ဆိုင်ရာ အကူအညီကို ချက်ချင်းရယူရန် အရေးကြီးသည်။

Chest pain image1

အဖြစ်များသော ရင်ဘတ်အောင့်ခြင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

နှလုံးနှင့်ပတ်သက်သော ရင်ဘတ်အောင့်ခြင်း

  • ရုတ်တရက် နှလုံးဖောက်ခြင်း (Heart attack)
  • နှလုံးသွေးကြောကျဉ်းရောဂါ
  • သွေးလွှတ်ကြောမကြီးနံရံတွင် ပေါက်ပြဲခြင်း (Aortic Dissection)
  • နှလုံးအမြှေးရောင်ခြင်း (Pericarditis)
  • သွေးလွှတ်ကြောမကြီးနံရံ အားနည်း၍ ဖောင်းလာခြင်း (Aortic Aneurysm)
  • နှလုံးအဆို့ရှင် မလုံခြင်း (Mitral Valve Prolapse)
  • နှလုံးခုန်နှုန်း မငြိမ်သည့် ပြဿနာများ (Arrhythmia)

အစာအိမ်အူလမ်းကြောင်းနှင့် ပတ်သက်သော ရင်ဘတ်အောင့်ခြင်း

  • စားချဉ်ပြန်ရောဂါ သို့မဟုတ် နာတာရှည် အစာခြေအက်ဆစ် ပြန်တက်ခြင်း (GERD)
  • အစာအိမ်အနာဖြစ်ခြင်း
  • အစာအိမ်ရောင်ခြင်း
  • အစာမျိုပြွန်ကြွက်သားများ ကျုံ့ခြင်း
  • အစာမျိုပြွန်ရောင်ခြင်း (Esophagitis)
  • အစာအိမ်၏ အစိတ်အပိုင်းသည် အစာရေမျိုပြွန်ဆီသို့ ကျွံခြင်း (Hiatal hernia)

အသက်ရှူလမ်းကြောင်း၊ အဆုတ်နှင့် ပတ်သက်သော ရင်ဘတ်အောင့်ခြင်း

  • အဆုတ်သွေးကြောတွင် သွေးခဲပိတ်ခြင်း (Pulmonary embolism)
  • အဆုတ်ရောင်ခြင်း သို့မဟုတ် အဆုတ်ပိုးဝင်ခြင်း (Pneumonia)
  • အဆုတ် ပြည်တည်နာဖြစ်ခြင်း (Lung abscess)
  • အဆုတ်အမြှေး ရောင်ရမ်းခြင်း
  • အဆုတ်အမြှေး ပေါက်ခြင်း (Pneumothorax)
  • အဆုတ်သွေးလွှတ်ကြောများတွင် သွေးတိုးခြင်း
  • အဆုတ်ကင်ဆာ (Lung cancer)

အရိုးများ၊ ကြွက်သားများ၊ အာရုံကြောများနှင့် ပတ်သက်သော ရင်ဘတ်အောင့်ခြင်း

  • နံရိုးကျိုးခြင်း
  • နံရိုးအရိုးနုရောင်ခြင်း
  • ရင်ဘတ်ကြွက်သားများ နာကျင်ခြင်း
  • နာတာရှည် ကြွက်သားနာကျင်သောရောဂါ (Fibromyalgia)
  • ရောဂါပိုးဝင်သဖြင့် အာရုံကြောရောင်ရမ်းခြင်း (ဥပမာ _ ရေယုန်ရောဂါ) (Herpes zoster)
  • ကျောဘက်ရှိ အာရုံကြောများ ညပ်ခြင်းကြောင့် ရင်ဘတ်ပတ်လည်အောင့်ခြင်း

အခြားကိုယ်တွင်းအင်္ဂါများနှင့် ပတ်သက်သော ရင်ဘတ်အောင့်ခြင်း

  • သည်းခြေကျောက်တည်ခြင်း
  • ပန်ကရိယရောင်ခြင်း

စိတ်နှင့်ပတ်သက်သော ရင်ဘတ်အောင့်ခြင်း

  • ရုတ်တရက် စိုးရိမ်ကြောက်ရွံ့ခြင်း (Panic attack) တို့ဖြစ်ကြသည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ

ရင်ဘတ်အောင့်ခြင်းသည် ဖြစ်ပွါးသည့် ရောဂါအခံပေါ် မူတည်၍ ပုံစံအမျိုးမျိုးဖြင့် ခံစားရနိုင်သည်။

  • စူး၍အောင့်ခြင်း
    • နှလုံးအမြှေးပါးရောင်ခြင်း၊ အဆုတ်အမြှေးပါးရောင်ခြင်းတို့တွင် အတွေ့ရများသည်
    • အသက်ရှိုက်၍ ရှူသည့်အခါတွင်၊ ချောင်းဆိုးသည့်အခါတွင် သိသိသာသာ အောင့်သည်
    • ခန္ဓာကိုယ်လှုပ်ရှားသည့်အခါတွင် အောင့်သည်၊ နှလုံးအမြှေးပါးရောင်သည့် လူနာသည် ရင်ဘတ်ကို ကိုင်း၍နေသည့်အခါတွင် သက်သာသည်
  • နေရာအတိအကျ မဖော်ပြနိုင်ဘဲ ရင်ဘတ်တစ်ပြင်လုံး၌ အောင့်ခြင်း၊ ဆွဲစုပ်ထားသလို တင်းကျပ်ခြင်း၊ တစ်ခုခုနှင့် ဖိထားသကဲ့သို့ လေးလံနေခြင်း
    • နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်းတို့တွင် အတွေ့ရများသည်
    • လှုပ်ရှားမှု ပြင်းထန်စွာ ပြုလုပ်ခြင်း သို့မဟုတ် စိတ်လှုပ်ရှားစရာကိစ္စများ ကြုံခြင်းတို့ဖြစ်ပြီးမှ စတင်အောင့်တတ်သည်
    • ရင်ဘတ်အောင့်ရာတွင် ရင်ဘတ်နေရာတစ်ခုသာ အောင့်သည်သာမက တစ်ခါတစ်ရံ ခန္ဓာကိုယ်အပေါ်ပိုင်းရှိ လက်မောင်းတစ်လျှောက်၊ လည်ပင်း သို့မဟုတ် မေးရိုး အပါအဝင် အခြားနေရာများသို့ ပျံ့နှံ့သွားတတ်သည်
    • နှလုံးသွေးကြောကျဉ်းသည့် လူနာသည် လှုပ်ရှားမှုမှ အနားယူလိုက်ပါက ခဏကြာလျှင် သက်သာသည်၊ နှလုံးသွေးကြောပိတ်သည့် လူနာသည် အနားယူသော်လည်း နာကျင်မှုမှ မသက်သာပါ၊ အသက်ရှူကျပ်ခြင်း၊ ချွေးစေးများပြန်၍ အေးစက်ခြင်း၊ မူးဝေခြင်း သို့မဟုတ် အားနည်းခြင်း၊ နှလုံးခုန်သံမြန်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်းတို့ပါ တွဲ၍ ခံစားရတတ်သည်
  • ဆွဲဖြဲသကဲ့သို့ နာကျင်ခြင်း
    • သွေးလွှတ်ကြောမကြီးနံရံ ပေါက်ပြဲခြင်းတွင် တွေ့ရသည်
    • နာကျင်မှုသည် ရင်ဘတ်မှ နောက်ကျောသို့ ပျံ့နှံ့လာပြီး ထိုမှတစ်ဆင့် ကျောပြင်တစ်လျှောက် ဆင်းသွားတတ်သည်
  • ရင်ပူခြင်း
    • စားချဉ်ပြန်ရောဂါတွင် တွေ့ရသည်
    • ခံတွင်းချဉ်ခြင်း၊ လည်ပင်းတွင် တစ်ဆို့ဆို့ဖြစ်ခြင်း၊ အစာမျိုရခက်ခြင်း၊ ရင်ညွန့်အောင့်ခြင်း၊ ဗိုက်နာခြင်းတို့နှင့် တွဲတွေ့ရသည်
  • ကိုက်ခဲနာကျင်ခြင်း၊ ထိမိ ဖိမိလျှင် ပိုနာခြင်း
    • များသောအားဖြင့် အပေါ်ယံ ကြွက်သား၊ အရေပြားနှင့် နံရိုးတို့ကြောင့် နာကျင်ခြင်းဖြစ်သည်၊ ထိခိုက်ဒဏ်ရာရထားခြင်းကြောင့် ရင်ဘတ်နာနိုင်သည်
    • သို့သော် အဆုတ်ပိုးဝင်ခြင်း၊ အဆုတ်သွေးကြောတွင်း သွေးခဲပိတ်ခြင်း တို့တွင်လည်း ရင်ဘတ်ကိုဖိသည့်အခါ နာကျင်တတ်သည်
  • စပ်ဖျဉ်းဖျဉ်းနာခြင်း၊ စူးခနဲဖြစ်ခြင်း၊ ကျဉ်ခြင်း
    • အဆိုပါလက္ခဏာများသည် ခါးပတ်ရေယုန်ပေါက် သည့်အခါတွင် ခံစားရတတ်သည်၊ ရင်ဘတ်ပေါ်တွင် ရေယုန်အရည်ကြည်ဖုများ တွေ့ရတတ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

နှလုံးရောဂါဖြစ်နိုင်ခြေများသူတစ်ဦးအနေနှင့် ရုတ်တရက်ရင်ဘတ်အောင့်ခြင်းသည် ငါးမိနစ်ထက် ပိုကြာလျှင်ဖြစ်စေ၊ ဆရာဝန်မှ ညွှန်ကြားထားသည့် ရင်ဘတ်အောင့် သက်သာဆေး သောက်သော်လည်း ငါးမိနစ်ကျော်သည်အထိ မသက်သာလျှင်ဖြစ်စေ နှလုံးသွေးကြောပိတ်ခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း ဖြစ်နိုင်သောကြောင့် ဆေးဘက်ဆိုင်ရာ အရေးပေါ်အကူအညီ ချက်ချင်းရယူပါ။

အချိန်တိုအတွင်း (မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း) ပြင်းထန်စွာ ရင်ဘတ်အောင့်ခြင်း ခံစားရပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးရောက်ရှိရန် လိုအပ်သည်။ ထိုသို့သွားနေစဉ်ကာလအတွင်း တတ်နိုင်သမျှ နှလုံးဝန်ပိစေသော စိတ်ဖိစီးမှုများ၊ အပြုအမူများ မပြုလုပ်ပါနှင့်။ အရေးပေါ်လူနာတင်ယာဉ် မရရှိနိုင်ပါက၊ အိမ်နီးချင်း သို့မဟုတ် သူငယ်ချင်းတစ်ဦးဦးကို အနီးဆုံး ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ပေးခိုင်းပါ။ မိမိကိုယ်တိုင် ကားမောင်းခြင်း မပြုလုပ်ရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ရင်ဘတ်အောင့်ခြင်းသည် သာမန် နံရိုးအရိုးနုရောင်သည့်ရောဂါမှ အသက်ဆုံးရှုံးနိုင်သည့် ရုတ်တရက်နှလုံးဖောက်ခြင်းအထိ အမျိုးမျိုးဖြစ်နိုင်သည်။ ထို့ကြောင့် ဆရာဝန်မှ အသက်အန္တရာယ် ဖြစ်စေနိုင်သော အကြောင်းရင်းများကို ဦးစားပေးရှာဖွေရန် လိုအပ်သည်။ ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုး အခြေအနေများကို သိနိုင်ရန် သွေးစစ်ခြင်း၊ အီးစီဂျီ (ECG) ဖြင့် စစ်ဆေးခြင်း၊ ကြွက်သားနှင့် အာရုံကြောစစ်ဆေးခြင်း၊ အစာအိမ်မှန်ပြောင်းကြည့်ခြင်း၊ ကွန်ပြူတာဓာတ်မှန် (CT Scan) ၊ သံလိုက်ဓာတ်မှန် (MRI) နှင့် အခြားလိုအပ်သော စစ်ဆေးမှုများကို လူနာ၏အခြေအနေအရ ပြုလုပ်မည်။

အကယ်၍ နှလုံးရောဂါကြောင့် ရင်ဘတ်အောင့်ခြင်းဖြစ်နိုင်ခြေများပါက အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ရန် လိုအပ်နိုင်သည်။

  • အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
  • လေ့ကျင့်ခန်းလုပ်စဥ် နှလုံးလုပ်ဆောင်ချက် စစ်ဆေးခြင်း (Exercise stress test)
  • စီတီဓာတ်မှန်ဖြင့် နှလုံးသွေးကြောပုံဖော်ရိုက်ကူးခြင်း (CT coronary angiogram)
  • နှလုံးသွေးကြော ပိုက်ထည့်ခြင်း (Coronary catheterization)
ကုသခြင်း

ရင်ဘတ်အောင့်ခြင်းအတွက် ကုသမှုသည် နာကျင်မှုကို ဖြစ်စေသည့် အကြောင်းအရာပေါ် မူတည်၍ ကွဲပြားသည်။ ကုသမှုတွင် ရောဂါအခြေအနေပေါ် မူတည်၍ လူနေမှုပုံစံပြောင်းလဲခြင်း၊ ဆေးဝါးဖြင့်ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်းများ ပါဝင်နိုင်သည်။

  1. ဆေးဝါးများဖြင့် ကုသခြင်း
    • Nitroglycerin – နှလုံးသွေးကြောကျဥ်း၍ ရင်ဘတ်အောင့်ခြင်းအတွက် သွေးကြောကျယ်စေခြင်း
    • သွေးကြောကျယ်စေသော အာနိသင်ရှိသည့် သွေးကျဆေးများကို သွေးကြောကျဥ်းလူနာများတွင် ပေးခြင်း
    • သွေးကျဲဆေး (Aspirin) – သွေးကြောများထဲ၌ သွေးခဲများ မဖြစ်စေရန် ကာကွယ်ခြင်း
    • သွေးမခဲဆေးများ (anticoagulants) – သွေးကြောပိတ်ဖူးသူများတွင် သွေးခဲထပ်မပိတ်ရန် ကာကွယ်ခြင်း
    • သွေးခဲဖျော်ဆေး (Thrombolytics) – နှလုံးသွေးကြောပိတ်ခြင်း (Heart attack) တွင် သွေးကြောပိတ်စေသော သွေးခဲဖျော်ရန် အသုံးပြုခြင်း
    • အစာအိမ်အက်စစ်နည်းစေသော ‌ဆေးများ (Acid-reducing medicines) – အစာအိမ်ရောဂါများကြောင့် ရင်ဘတ်အောင့်ခြင်းကို သက်သာစေခြင်း
    • စိတ်ဖိစီးမှု သက်သာစေသောဆေးများ (Anti-anxiety medicines) – စိုးရိမ်စိတ်လွန်ကဲသော ရောဂါအခြေအနေများအတွက် သုံးခြင်း
  2. ခွဲစိတ်ကုသခြင်း
    • နှလုံးသွေးကြောပိတ်သော လူနာများအတွက် သွေးကြောချဲ့၍ ပြွန်ထည့်ခြင်း (Percutaneous Coronary intervention) သို့မဟုတ် နှလုံးသွေးကြောအစားထိုးကုသခြင်း (CABG)
    • သွေးလွှတ်ကြောမကြီးနံရံ ပေါက်ပြဲခြင်းအတွက် အရေးပေါ် ခွဲစိတ်ပြုပြင်ခြင်း
    • အဆုတ်အမြှေးပါးပေါက်ပြဲခြင်းကို သက်သာစေရန် အရေးပေါ် ပိုက်ထည့်ခြင်း
ကာကွယ်ခြင်း

ကျန်းမာသောလူနေမှုပုံစံကို လိုက်နာခြင်းဖြင့် နှလုံး၊ သွေးကြောနှင့် အခြားရောဂါများကြောင့် ဖြစ်သော ရင်ဘတ်အောင့်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

နှလုံးနှင့် သွေးကြောဆိုင်ရာ ကျန်းမာရေး အခြေအနေများနှင့်ဆိုင်သော ရင်ဘတ်အောင့်ခြင်းအတွက်_

  • ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များ စားသုံးပါ
  • တစ်ပတ်လျှင် အနည်းဆုံး (၅) ရက်၊ တစ်ရက်လျှင် အနည်းဆုံး နာရီဝက်မျှ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ
  • ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ရှိစေရန် ထိန်းသိမ်းပါ
  • သွေးတိုး၊ ကိုလက်စထရောမြင့်ခြင်းနှင့် ဆီးချိုရောဂါကဲ့သို့သော နာတာရှည် ကျန်းမာရေး ပြဿနာများရှိပါက ကောင်းစွာထိန်းသိမ်းကုသပါ၊ သွေးကျဲဆေးများ သောက်သုံးရန် လိုအပ်လျှင် ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပေးပါ
  • သောက်သုံးသော အရက်ပမာဏကို နည်းနိုင်သမျှနည်းရန် ကန့်သတ်ပါ၊ မသောက်လျှင် အကောင်းဆုံးဖြစ်သည်
  • ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံး၊ သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ

အခြားသော ကျန်းမာရေးအခြေအနေများနှင့် ဆိုင်သော ရင်ဘတ်အောင့်ခြင်းအတွက်_

  • ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေသော အခြေအနေများကို ရှောင်ကြဉ်ပါ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများကို ချက်ချင်းကုသပါ
  • ခါးပတ်ရေယုန်ရောဂါအတွက် ခါးပတ်ရေယုန် ကာကွယ်ဆေးထိုးပါ
  • စားချဉ်ပြန်စေသော အစားအစာများကို ရှောင်ကြဉ်ပါ
  • ခရီးရှည်များ သို့မဟုတ် လေယာဉ်ခရီးစဉ်များတွင် နာရီအနည်းငယ်ကြာတိုင်း ထပြီး လမ်းလျှောက်ခြင်းဖြင့် ခြေထောက်များတွင် သွေးခဲများဖြစ်ပေါ်ခြင်းကို ကာကွယ်ပါ

ဆက်လက်ဖတ်ရှုရန်

References:

  1. Mayo Clinic. (n.d.). Chest pain: Symptoms and causes. Retrieved October 17, 2025, from https://www.mayoclinic.org/diseases-conditions/chest-pain/symptoms-causes/syc-20370838
  2. Mayo Clinic. (n.d.). Chest pain: Diagnosis and treatment. Retrieved October 17, 2025, from https://www.mayoclinic.org/diseases-conditions/chest-pain/diagnosis-treatment/drc-20370842
  3. Cleveland Clinic. (n.d.). Chest pain. Retrieved October 17, 2025, from https://my.clevelandclinic.org/health/symptoms/21209-chest-pain

Published: 26 October 2024

Last updated: 3 January 2026

Share

Category

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.