ခြေ၊ လက် အားနည်းခြင်းဆိုသည်မှာ ဦးနှောက်နှင့် သက်ဆိုင်ရာကြွက်သားများကြား သတင်းပေးပို့သည့် အာရုံကြောကွန်ရက်စနစ် ပြတ်တောက်ခြင်းကြောင့် ခြေထောက်နှင့် လက်များရှိ ကြွက်သားများ အားနည်းလာရခြင်းဖြစ်သည်။
အားနည်းသည့် ခြေထောက်နှင့် လက်ပေါ် မူတည်၍
- ခြေထောက် သို့မဟုတ် လက် တစ်ဖက်တည်း အားနည်းခြင်း (monoparesis)
- ခြေထောက်နှစ်ဖက်လုံး အားနည်းခြင်း (paraparesis)
- ခန္ဓာကိုယ် တစ်ခြမ်းတည်းရှိ ခြေထောက်နှင့် လက် အားနည်းခြင်း (hemiparesis)
- ခြေထောက်နှင့် လက် လေးဖက်စလုံး အားနည်းခြင်း (quadriparesis) ဟု ခေါ်သည်။
အားနည်းခြင်းဖြစ်ပေါ်စေသည့် အချိန်ကာလပေါ်မူတည်၍
- လတ်တလော ခြေ၊ လက်အားနည်းခြင်း (acute weakness of limbs)
- နာတာရှည် ခြေ၊ လက်အားနည်းခြင်း (chronic weakness of limbs) ဟု သတ်မှတ်ကြသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
လေဖြတ်ရောဂါ (Stroke)
ဦးနှောက်သို့ သွားသော သွေးစီးဆင်းမှု ပြတ်တောက်ခြင်း သို့မဟုတ် ဦးနှောက်တွင် သွေးထွက်ခြင်းတို့ကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခြမ်းရှိ ခြေထောက်နှင့် လက်များ ရုတ်တရက် အားနည်းခြင်းကို ဖြစ်ပေါ်စေသည်။ ခြေ၊ လက် အားနည်းခြင်းနှင့်အတူ မျက်နှာတစ်ခြမ်းရွဲ့ခြင်း၊ စကားပြောခက်ခဲခြင်း၊ ထုံကျဥ်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပေါ် နိုင်သည်။
ကိုယ်ခံအားစနစ်မှ တုံ့ပြန်ခြင်းဆိုင်ရာ ရောဂါများ (Autoimmune diseases)
ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ တုံ့ပြန်ခြင်းသည် ဗိုင်းရပ်စ်ပိုး သို့မဟုတ် ဘက်တီးရီးယားပိုးနှင့် ကိုယ်ခံအားစနစ်တို့ အချင်းချင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ခြေ၊ လက်အားနည်းခြင်းကို ဖြစ်ပေါ်စေနိုင်သည့် အဖြစ်များသော ကိုယ်ခံအားစနစ် တုံ့ပြန်ခြင်းဆိုင်ရာရောဂါများမှာ_
- ကိုယ်ခံအားစနစ်မူမမှန်တုံ့ပြန်မှုကြောင့် ရုတ်တရက်လမ်းမလျှောက်နိုင်ခြင်း (Guillain Barre syndrome)
ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ အာရုံကြောစနစ်ကို မူမမှန်တုံ့ပြန်တိုက်ခိုက်သောကြောင့် ခြေထောက်နှစ်ဖက်လုံးတွင် အားနည်းခြင်းနှင့် ထုံကျဥ်ခြင်းတို့ကို ခံစားရသည့် ရောဂါတစ်ခုဖြစ်သည်။ အားနည်းခြင်းမှာ ခြေထောက်နှစ်ဖက်တွင် စတင်ဖြစ်ပေါ် ပြီး အထက်သို့တက်လာကာ ခြေ၊ လက် လေးဖက်စလုံး အားနည်းခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ခြေလက်အားနည်းခြင်းနှင့်အတူ ထုံကျဥ်ခြင်း၊ စကားပြောရန် ခက်ခဲခြင်း၊ အစာမျိုရန် ခက်ခဲခြင်း၊ ဆီးဝမ်းထိန်းရန်ခက်ခဲခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ - မျက်ခွံတွဲကျ ကြွက်သားအားနည်းရောဂါ (Myasthenia Gravis)
ကိုယ်ခံအားစနစ်မှ တုံ့ပြန်ခြင်းကြောင့် အာရုံကြောနှင့် ကြွက်သား ဆက်သွယ်မှုစနစ်ကို တိုက်ခိုက်ပြီး ဆက်သွယ်မှု ပြတ်တောက်စေရာမှ ဖြစ်ပေါ်လာသော နာတာရှည်ရောဂါတစ်ခုဖြစ်သည်။ အသက်အရွယ်မရွေး ဖြစ်ပေါ်နိုင်ပြီး အသက် (၄၀) အောက် အမျိုးသမီးများနှင့် အသက် (၆၀) အထက် အမျိုးသားများတွင် အဖြစ်များသည်။ ခြေလက်များ အားနည်းခြင်းနှင့်အတူ မျက်ခွံကြွက်သားများ အားနည်းခြင်း၊ အမြင်အာရုံ နှစ်ထပ်ဖြစ်ခြင်း၊ စကားပြောရန်ခက်ခဲခြင်း၊ အစာမျိုရန်ခက်ခဲခြင်းတို့ ဖြစ်ပေါ် ပြီး အသက်ရှူရန်အသုံးပြုသော ကြွက်သားများ အားနည်းလျှင် အသက်ရှူရခက်ခဲပြီး အသက်အန္တရာယ်ရှိနိုင်သည်။ - အာရုံကြောဆဲလ်များကို ဖုံးအုပ်ထားသော အလွှာပျက်စီးခြင်းကြောင့် ခြေလက်အားနည်းခြင်း (Multiple sclerosis)
ကိုယ်ခံအားစနစ်၏ တုံ့ပြန်ခြင်းစနစ်မှ အာရုံကြောဆဲလ်များကို ဖုံးအုပ်ထားသောအလွှာကို တိုက်ခိုက်သောကြောင့် ဦးနှောက်နှင့် ခန္ဓာကိုယ်ကြား ဆက်သွယ်မှု ပြတ်တောက်ပြီး အာရုံကြောမျှင်များ ရာသက်ပန် ထိခိုက်ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ဦးနှောက်နှင့် အာရုံကြောအတွင်း ထိခိုက်သည့်နေရာနှင့် အာရုံကြောမျှင်များထိခိုက်မှု ပြင်းထန်နှုန်းပေါ် မူတည်၍ ရောဂါလက္ခဏာများ အမျိုးမျိုး ကွဲပြားနိုင်သည်။ ခြေထောက်တစ်ဖက်တွင် အားနည်းခြင်း စတင်ဖြစ်ပေါ်သော်လည်း နှစ်ဖက်စလုံးတွင်လည်း ဖြစ်နိုင်သည်။ ခြေလက်များ ထုံကျဥ်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ အရာဝတ္ထု နှစ်ထပ်မြင်ခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်။ ရောဂါလက္ခဏာများမှာ ပေါ်လာလိုက် ပျောက်သွားလိုက် (Relapsing-Remitting) ဖြစ်နေနိုင်ပြီး အချိန်ကြာလာသောအခါ (၁၀နှစ် မှ နှစ်၂၀အတွင်း) တဖြည်းဖြည်း ပိုဆိုးလာနိုင်သည်။
ပါကင်ဆန် ရောဂါ (Parkinson’s disease)
ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များမှ ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ဒိုပါမင်း (Dopamine)ကို လုံလောက်အောင် မထုတ်လုပ်နိုင်သောအခါ ကိုယ်ခန္ဓာလှုပ်ရှားမှုနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို ဖြစ်ပေါ်စေသော ရောဂါဖြစ်သည်။ လှုပ်ရှားမှုနှေးကွေးခြင်း၊ လမ်းလျှောက်ရန် ခက်ခဲခြင်းတို့အပြင် လက်တုန်ခါခြင်း၊ ကြွက်သား တောင့်တင်းခြင်း၊ ကိုယ်ဟန်အနေအထား ပြောင်းလဲခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
ကျောရိုးနှင့် သက်ဆိုင်သော အခြေအနေများ (Spinal conditions)
ကျောရိုးနှင့် ကျောရိုးအာရုံကြောမကြီးကို ထိခိုက်ပြီး ခြေလက်အားနည်းခြင်းကို ဖြစ်ပေါ်စေနိုင်သော အခြေအနေများမှာ_
- အာရုံကြောညှပ်ခြင်း (Pinched nerve)
- ခြေထောက် အာရုံကြောမကြီး (Sciatic nerve) ရောင်ခြင်း၊
- ခါးကြောညှပ်ခြေထောက် ထုံကျဉ်နာကျင်ခြင်း (Sciatica)
- ကျောရိုးထိခိုက်ဒဏ်ရာရခြင်းနှင့် ခြေထောက် ထိခိုက်ဒဏ်ရာရခြင်း (Spine and leg injury)
- ကျောရိုးဆစ်ကြားရှိ အရည်အိတ် (Discs) ပေါက်ထွက်ပြီး အာရုံကြောပိခြင်း (Herniated or slipped discs) တို့ ဖြစ်ကြသည်။
အထက်ဖော်ပြပါ အခြေအနေများတွင် အာရုံကြောများ ဖိမိသောအခါ ခါးနာခြင်း၊ တင်ပါးနာကျင်ခြင်းနှင့် ခြေချောင်းတစ်လျှောက် နာကျင်ခြင်းကြောင့် လှုပ်ရှားမှု လျော့နည်းလာသည်။ လှုပ်ရှားမှု ပြုလုပ်သည့်အခါ ပိုမိုနာကျင်နိုင်ပြီး ကြွက်သားအားနည်းခြင်း၊ ထုံကျဥ်ခြင်းများလည်း ဖြစ်နိုင်သည်။ - ကျောရိုး အာရုံကြောမကြီး ပိခြင်း (Spinal cord compression)
အောက်ပါအကြောင်းများကြောင့် ကျောရိုးအာရုံကြောမကြီးအား ပိမိပြီး ခြေလက်အားနည်းခြင်း ဖြစ်နိုင်သည်။- ကျောရိုးစောင်းခြင်း (Scoliosis)
- ကျောရိုးတွင် အရိုးကျီးပေါင်းကြောင့် အရိုးအတက်ထွက်ခြင်း (Bone spurs on the spine due to osteoarthritis)
- ကျောရိုးဆစ် ကျိုးခြင်း (Broken vertebra)
- ခါးရိုးတီဘီ ရောဂါ (Spinal tuberculosis)
- ကျောရိုး ကင်ဆာဖြစ်ခြင်း (Spinal tumour)
- ခန္ဓာကိုယ်တွင်း အခြားကင်ဆာရောဂါများမှ ကျောရိုးဆစ်သို့ ပျံ့နှံ့လာခြင်း (Metastasis to the spine)
ကျောရိုး အာရုံကြောမကြီးပိခြင်းကြောင့် ခြေလက်အားနည်းခြင်း၊ လမ်းမလျှောက်နိုင်ခြင်းအပြင် ကျောရိုးတစ်လျှောက် စူးပြီးနာကျင်ခြင်း (နာကျင်မှုကြောင့် အိပ်မပျော်ခြင်း သို့မဟုတ် အိပ်ရာမှ နိုးလာခြင်း)၊ ထုံကျဥ်ခြင်း၊ ဆီးဝမ်းထိန်းသိမ်းရန် ခက်ခဲခြင်းတို့ ဖြစ်နိုင်သည်။
လှုပ်ရှားမှုဆိုင်ရာ အာရုံကြောများ ပျက်စီးသည့်ရောဂါ (Amyotrophic lateral sclerosis)
ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးအတွင်းရှိ အာရုံကြောဆဲလ်များ ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာသော အာရုံကြောရောဂါ ဖြစ်သည်။ ကြွက်သားများတုန်ခါခြင်း (Muscle twitching) နှင့် ခြေထောက်အားနည်းခြင်းများ စတင်ဖြစ်ပေါ်ကာ အစာမျိုရခက်ခဲခြင်း၊ စကားပြော လုံးထွေးခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်ပေါ် နိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်။
အာရုံကြောငယ်များ အားနည်းခြင်း (Peripheral neuropathy)
ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါပိုးဝင်ခြင်းနှင့် အချို့သောရောဂါ (ဆီးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း)၊ အာဟာရချို့တဲ့ခြင်း အစရှိသော အခြေအနေများတွင် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီး ပြင်ပရှိ အခြားအာရုံကြောများ ထိခိုက်သောအခါ ဖြစ်ပေါ်လာသည်။ ခြေထောက်နှင့် လက်များတွင် ထုံကျဥ်ခြင်းများ စတင်ဖြစ်ပေါ်ကာ ခန္ဓာကိုယ်အခြားအစိတ်အပိုင်းသို့ ပျံ့နှံ့သွားနိုင်သည်။ ခြေလက်များ အားနည်းခြင်းနှင့်အတူ စူးရှစွာ နာကျင်ခြင်း၊ ပူလောင်သကဲ့သို့ ခံစားရခြင်းနှင့် ညဘက်တွင် နာကျင်မှု ပိုဆိုးနိုင်သည်။
ကြွက်သားအားနည်းခြင်း (Myopathy)
အောက်ဖော်ပြပါ ကြွက်သားအားနည်းသည့် အခြေအနေများကြောင့် ခြေလက်အားနည်းခြင်းကို ဖြစ်ပေါ်စေသည်။
- ကြွက်သားများရောင်ရမ်းခြင်း (Polymyositis)
- ဘက်တီးရီးယားပိုးကြောင့် ကြွက်သားအားနည်းခြင်း (Lyme disease)
- သိုင်းရွိုက်ရောဂါ (Thyroid disease)
- ကိုယ်ခံအားစနစ်မှ တုံ့ပြန်ခြင်းဆိုင်ရာရောဂါများ (ရူးမတွိုက် အဆစ်ရောင်ရောဂါ – Rheumatiod arthritis၊ အက်စ်အယ်အီး – SLE ရောဂါ)
- မွေးရာပါ ကြွက်သားအားနည်းရောဂါ (ဥပမာ – Myotonic dystrophy, Muscular dystrophy)
- သတ္တုဓာတ်လျော့နည်းခြင်း (ဥပမာ _ ပိုတက်ဆီယမ်ဓာတ်နည်းခြင်း – Hypokalemia)
အများစုမှာ တဖြည်းဖြည်းခြင်းဖြစ်ပေါ် ပြီး အချိန်ကြာလာသောအခါ ပိုဆိုးလာနိုင်သော်လည်း အချို့မှာ ရက်ပိုင်း သို့မဟုတ် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ပိုဆိုးလာတတ်သည်။
အဆိပ်သင့်ခြင်း (Toxicity)
အချို့သောဆေးများကို အလွန်အကျွံသောက်ခြင်း သို့မဟုတ် အခြားသောဆေးများနှင့် ဓာတ်ပြုခြင်းကြောင့် ခြေလက်အားနည်းခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ ခြေလက်အားနည်းခြင်း ဖြစ်ပေါ်စေနိုင်သောဆေးများမှာ_
- ကင်ဆာရောဂါ ကုသသောဆေးများ (Chemotherapy)
- သွေးတွင်း အဆီချဆေး (Statins)
- စတီးရွိုက် (Steroids)
- ဗိုင်းရပ်စ် ပိုးသတ်ဆေးများ (Anti-virals) တို့ဖြစ်ကြသည်။
ဆေးများအပြင် ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေနိုင်သည့် အရာများတွင် ဓာတုသန့်စင်ဆေးရည် (cleansing chemicals)၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ခဲသတ္တုဓာတ်နှင့် အရက်အလွန်အကျွံသောက်ခြင်း တို့ပါဝင်သည်။ ခြေလက်အားနည်းခြင်းအပြင် ကြွက်သားများ နာကျင်ခြင်း၊ သွေးတွင်းသကြားဓာတ် များခြင်း၊ ဓာတ်မတည့်ခြင်းတို့ကိုလည်း ဖြစ်စေနိုင်သည်။
ကင်ဆာရောဂါ
ခြေလက်အားနည်းခြင်းကို ဦးနှောက် သို့မဟုတ် ကျောရိုးအာရုံကြောမကြီး အလုံးအကျိတ်ကင်ဆာရောဂါများတွင် အဓိကတွေ့ရပြီး ခန္ဓာကိုယ် အခြားနေရာများရှိ ကင်ဆာရောဂါများမှ ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးသို့ ပျံ့နှံ့လာလျှင်လည်း ဖြစ်ပေါ်နိုင်သည်။
ကူးစက်ရောဂါများ (Infections)
ဦးနှောက်နှင့် ကျောရိုးအာရုံကြောပိုးဝင်ခြင်း (ဥပမာ – Encephalitis, Myelitis) များသည် အာရုံကြောစနစ်ကို တိုက်ရိုက်ထိခိုက်စေပြီး ခြေလက်များ အားနည်းခြင်းကို ဖြစ်စေနိုင်သည်။ ထို့ပြင် ပိုလီယို၊ ဘိုတူလင်ဇင် (Botulism) ကဲ့သို့သော ရောဂါပိုးများသည်လည်း ကြွက်သားအားနည်းခြင်းနှင့် လေဖြတ်သကဲ့သို့သော လက္ခဏာများကို ဖြစ်စေနိုင်သည်။
ထိခိုက်ဒဏ်ရာများ (Trauma)
ဦးခေါင်း သို့မဟုတ် ကျောရိုးဒဏ်ရာရခြင်းသည် အာရုံကြောစနစ်ကို တိုက်ရိုက်ပျက်စီးစေပြီး ဒဏ်ရာပြင်းထန်မှုနှင့် နေရာပေါ်မူတည်၍ ခြေ၊ လက်တစ်ဖက် သို့မဟုတ် လေးဖက်စလုံး အားနည်းခြင်းကို ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ခြေလက်များ အားနည်းခြင်းနှင့်အတူ အထက်ပါ အခံရောဂါများ၏ လက္ခဏာများ ရုတ်တရက်ပေါ်လာပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ပြီး အရေးပေါ် ဆေးကုသမှုခံယူရန် အရေးကြီးသည်။ ကုသမှုရရှိချိန် စောမှသာ နောက်ဆက်တွဲပြဿနာများ နည်းပါးမည်ဖြစ်သည်။ နာတာရှည် ခြေလက်အားနည်းခြင်း လက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ခြေလက်များ အားနည်းခြင်းသည် ဦးနှောက်၊ ကျောရိုးအာရုံကြော၊ အာရုံကြောစနစ်နှင့် ကြွက်သားဆိုင်ရာရောဂါများကြောင့် ဖြစ်ပေါ်နိုင်သည်။ ရောဂါရှာဖွေရာတွင် လူနာ၏ ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းခြင်းနှင့် ဦးနှောက်အာရုံကြောဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ (neurological examination) ပြုလုပ်ခြင်းဖြင့် စတင်လေ့ရှိသည်။ ထိုမှတစ်ဆင့် ဖြစ်နိုင်ခြေရှိသည့် ရောဂါအမျိုးအစားပေါ် မူတည်၍ အောက်ပါစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နိုင်သည်။
- ပုံရိပ်ဖော်စစ်ဆေးခြင်း
ဦးနှောက်နှင့် ကျောရိုးတို့ကို ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်၍ ပုံမှန်မဟုတ်သည့် အခြေအနေများကို ရှာဖွေစစ်ဆေးနိုင်သည်။ - အာရုံကြောနှင့် ကြွက်သားဆိုင်ရာ စစ်ဆေးခြင်း
Nerve Conduction Study (NCS) နှင့် Electromyography (EMG) စစ်ဆေးမှုများဖြင့် အာရုံကြောနှင့် ကြွက်သားများ၏ လုပ်ဆောင်ချက်များကို တိုင်းတာစစ်ဆေးသည်။ - မျိုးဗီဇစစ်ဆေးခြင်း (Genetic Testing)
မျိုးရိုးလိုက်သည့် ရောဂါများဖြစ်သော SMA (Spinal Muscular Atrophy) (သို့မဟုတ်) Charcot-Marie-Tooth ရောဂါ ကဲ့သို့သော ရောဂါများကို မျိုးဗီဇစစ်ဆေးခြင်းဖြင့် အတည်ပြုနိုင်သည်။ - အခြားစစ်ဆေးမှုများ
လိုအပ်ပါက သွေးစစ်ခြင်း၊ ကြွက်သားတစ်ရှူးအသားစယူ၍ စစ်ဆေးခြင်း (muscle biopsy) စသည်တို့ကိုလည်း ပြုလုပ်နိုင်သည်။
ထို့အပြင် ခြေလက်အားနည်းခြင်း၏ အကြောင်းရင်းကို ရှာဖွေရာတွင် “functional weakness” ဟုခေါ်သော စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်သည့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ထိုသို့သော အခြေအနေမျိုးသည် ရုပ်ပိုင်းဆိုင်ရာရောဂါများကြောင့် မဟုတ်သည့်အတွက် သင့်လျော်သော ကုသမှုပေးနိုင်ရန် ရောဂါအမျိုးအစားကို သေချာခွဲခြားသိရှိရန် အရေးကြီးသည်။
ကုသခြင်း
ခြေလက်များ အားနည်းခြင်းကို ကုသရန်အတွက် အဓိကအချက်မှာ မည်သည့်အကြောင်းရင်းကြောင့် ဖြစ်သည်ကို ရှာဖွေဖော်ထုတ်ပြီး ထိုအခြေခံရောဂါကို ကုသရန်ဖြစ်သည်။
- အကြောင်းရင်းခံရောဂါကို ကုသခြင်း
- လေဖြတ်ခြင်းကဲ့သို့ ရုတ်တရက်ဖြစ်ပွားသော အခြေအနေမျိုးတွင် ဆေးရုံအရေးပေါ်ဌာနတွင် အချိန်မီ ကုသမှုခံယူရန် လိုအပ်သည်
- ခန္ဓာကိုယ် ခုခံအားစနစ်နှင့်ဆိုင်သော ရောဂါများအတွက် သက်ဆိုင်ရာဆေးဝါးများဖြင့် ထိန်းချုပ်ကုသရမည်
- အာရုံကြောပိခြင်း သို့မဟုတ် ဒဏ်ရာရခြင်းမျိုးတွင် ခွဲစိတ်ကုသမှု သို့မဟုတ် လိုအပ်သော လုပ်ထုံးလုပ်နည်းများဖြင့် ကုသနိုင်သည်
- ပါကင်ဆန်ရောဂါကဲ့သို့ ပျောက်ကင်းအောင် ကုသ၍မရနိုင်သော ရောဂါများအတွက်မူ ရောဂါလက္ခဏာများကို သက်သာစေရန်နှင့် ဘဝအရည်အသွေး မြှင့်တင်ရန် ဆေးဝါးများဖြင့် ထိန်းချုပ်ကုသနိုင်သည်
- ဆေးဝါးဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးပမာဏကို ချိန်ညှိခြင်း သို့မဟုတ် ဆေးပြောင်းလဲခြင်း ပြုလုပ်သင့်သည်
- ရောဂါလက္ခဏာအလိုက် ကုသခြင်း
- ပြန်လည်သန်စွမ်းရေး ကုထုံး (Rehabilitation Therapy)
အားနည်းနေသော ခြေလက်များကို ပြန်လည်သန်စွမ်းလာစေရန်နှင့် အဆစ်အမြစ်များ မတောင့်တင်းစေရန်အတွက် ကာယကုထုံး (Physiotherapy) နှင့် လုပ်ငန်းခွင်ဆိုင်ရာ ကုထုံး (Occupational Therapy) များဖြင့် လေ့ကျင့်ခန်းများ လုပ်ဆောင်နိုင်သည်။ - အထောက်အကူပြုပစ္စည်းများ
လမ်းလျှောက်ကူပစ္စည်းများ၊ လက်တွန်းလှည်းများ စသည်တို့ဖြင့် လူနာများ၏ လှုပ်ရှားသွားလာမှုကို ပိုမိုလွယ်ကူစေရန် ပံ့ပိုးပေးနိုင်သည်။
- ပြန်လည်သန်စွမ်းရေး ကုထုံး (Rehabilitation Therapy)
ဆက်လက်ဖတ်ရှုရန်
- Stroke (လေဖြတ်ခြင်းရောဂါ)
- Parkinson’s disease (ပါကင်ဆန်ရောဂါ)
- Myasthenia gravis in children (မျက်ခွံတွဲကျ ကြွက်သားအားနည်းရောဂါ)
- Guillain-Barré syndrome – GBS (adult) (မူမမှန် တုံ့ပြန် ကိုယ်ခံအားစနစ်ကြောင့် ရုတ်တရက်လမ်းမလျှောက်နိုင်ခြင်း)
References:
- Healthline. (n.d.). Weakness in legs. Retrieved July 26, 2025, from https://www.healthline.com/health/weakness-in-legs
- Medical News Today. (n.d.). Weakness in legs. Retrieved July 26, 2025, from https://www.medicalnewstoday.com/articles/weakness-in-legs
- Verywell Health. (n.d.). Causes of leg weakness. Retrieved July 26, 2025, from https://www.verywellhealth.com/causes-of-leg-weakness-4122329
Published: 30 August 2024
Last updated: 18 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.