ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေးကုသမှု (Physiotherapy) သည် ထိခိုက်ဒဏ်ရာ၊ ရောဂါများ၊ အသက်အရွယ် အိုမင်းခြင်း သို့မဟုတ် ပတ်ဝန်းကျင်အခြေအနေများကြောင့် ဖြစ်ပေါ်လာသော လှုပ်ရှားသွားလာမှုဆိုင်ရာ ပြဿနာများနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ကုသမှုပေးသော ပညာရပ်ဖြစ်သည်။ ခန္ဓာကိုယ် ပြန်လည်သန်စွမ်းရေး ကုသမှုပေးသော ပညာရှင်များကို Physiotherapist ဟုခေါ်သည်။ ထိုပညာရှင်များသည် တခြားသော ဆေးပညာရှင်များနှင့် အတူတွဲဖက်၍ အသက်အရွယ်မရွေး လူနာများအတွက် ကာကွယ်ရေး၊ ကုသရေးနှင့် ပြန်လည်သန်စွမ်းရေး စောင့်ရှောက်မှုများကို ပေးစွမ်းပြီး လူနာများ ပြန်လည်ကျန်းမာလာစေရန်နှင့် ဘဝအရည်အသွေး မြင့်မားလာစေရန် ကူညီပေးသည်။
Physiotherapy သည် အနောက်တိုင်းဆေးပညာရပ်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် Physical Therapy နှင့် Kinesiotherapy အပါအဝင် အမျိုးမျိုးသော အမည်များဖြင့် လူသိများသည်။ မြန်မာနိုင်ငံတွင် ၎င်းကို Physiotherapy (ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေးကုသမှု) ဟု ခေါ်ဆိုသည်။
Physiotherapy ၏ မူလအစ
ဘီစီ (၄၆၀) ခုနှစ်တွင် Hippocrates နှင့် Galenus တို့က လက်ဖြင့်ကုသမှု (Manual therapy) နှင့် ရေဖြင့်ကုသမှု (Hydrotherapy) တို့ကို စတင်မိတ်ဆက်ခဲ့သည်။ (၁၈) ရာစုတွင် အရိုးအထူးကုဆေးပညာ စတင်ဖွံ့ဖြိုးလာပြီး အရိုးအဆစ်များကို စနစ်တကျ လေ့ကျင့်ခန်း ပြုလုပ်ပေးနိုင်ရန်အတွက် စက်များကို ဖန်တီးခဲ့ကြရာမှ Physiotherapy ဆေးပညာရပ် စတင်ဖွံ့ဖြိုးလာခဲ့သည်။
ထင်ရှားသော မှတ်တိုင်များမှာ (၁၈၈၇) ခုနှစ်တွင် ဆွီဒင်နိုင်ငံက Physiotherapist များကို တရားဝင် အသိအမှတ်ပြုခဲ့ခြင်း၊ (၁၈၉၄) ခုနှစ်တွင် ယူကေနိုင်ငံ၌ Chartered Society of Physiotherapy ကို တည်ထောင်ခဲ့ခြင်းနှင့် (၁၉၁၃) ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၌ ပထမဆုံး Physiotherapy ကျောင်း ဖွင့်လှစ်ခဲ့ခြင်းတို့ဖြစ်သည်။ ဤဖွံ့ဖြိုးတိုးတက်မှုများက Physiotherapy ကို ကမ္ဘာတစ်ဝှမ်းရှိ အရေးပါသော ဆေးပညာရပ်တစ်ခုအဖြစ် အခြေချပေးခဲ့သည်။
မြန်မာနိုင်ငံ Physiotherapy ၏ သမိုင်းကြောင်း
(၁၉၅၈) ခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ရူပဗေဒဆေးကုဌာနစတင်တည်ထောင်ခဲ့ပြီး လူနာများကို Physiotherapy နည်းပညာများဖြင့် ကုသမှုများ စတင်ပေးခဲ့သည်။ (၁၉၆၀) ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ Physiotherapist တစ်ဦးဖြစ်သူ Mr. Malcom Peat (Queen University, Canada) သည် မြန်မာအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ (၂) နှစ်သင်တန်း (Physiotherapy Training Program) ကို စတင်ဖွင့်လှစ်ခဲ့သည်။ (၁၉၆၄) ခုနှစ်၊ နိုဝင်ဘာလတွင် ဆေးဘက်ပညာသင်ကျောင်း (Institute of Paramedical Sciences) ကို စတင်တည်ထောင်ခဲ့ပြီး Physiotherapy ဘာသာရပ်ကိုလည်း သင်ကြားပေးခဲ့သည်။ (၁၉၉၄) ခုနှစ်တွင် ဤသင်တန်းကျောင်းကို (၄) နှစ်သင်တန်းအဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး (၂၀၀၅) ခုနှစ်တွင် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (University of Medical Technology) အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။
Physiotherapist များ၏ တာဝန်နှင့်လုပ်ဆောင်ချက်များ
Physiotherapist (ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေးကုသမှုပညာရှင်) များသည် ကာကွယ်ရေး၊ ကုသရေး၊ သုတေသန၊ ကျန်းမာရေးပညာပေးနှင့် လူနာတိုင်ပင်ဆွေးနွေးရေးတို့တွင် အရေးပါသောကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြသည်။
Physiotherapist များသည် လူနာများကို စမ်းသပ်စစ်ဆေးခြင်းနှင့် လူနာတစ်ဦးချင်းစီအတွက် သီးသန့်ကုသမှု အစီအစဉ်များ ရေးဆွဲပေးခြင်းတို့ကို ဆောင်ရွက်သည်။ စနစ်တကျ ကုသမှုပေးခြင်းအပြင် ရောဂါပြန်လည်ဖြစ်ပွါးမှုကို ကာကွယ်ရန်အတွက် လိုက်နာရမည့် အချက်များနှင့် နေထိုင်မှုပုံစံ ပြောင်းလဲမှုများကို လူနာများအား သင်ကြားပေးသည်။ အထူးကုဆရာဝန်များထံ လွှဲပြောင်းရန် လိုအပ်ပါက သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်များထံသို့ လွှဲပြောင်းပေးသည်။ ကုသမှုအတွင်း လူနာ၏ တိုးတက်မှုအခြေအနေကို အမြဲစောင့်ကြည့်ပြီး အကောင်းဆုံးပြန်လည်သက်သာမှုရရှိစေရန် ဆောင်ရွက်ပေးသည်။
Physiotherapy ကုသမှုနည်းပညာများ
- လျှပ်စစ်ဓာတ်သုံး ကုထုံးများ (Electrotherapy Modalities)
- အရေပြားမှတစ်ဆင့် အာရုံကြောလှုံ့ဆော်ကုထုံး _ TENS (Transcutaneous Electrical Nerve Stimulation)
- အလယ်အလတ်ကြိမ်နှုန်းရှိ လျှပ်စစ်ဓာတ်သုံးကုထုံး _ IFT (Interferential Therapy)
- အာရုံကြော-ကြွက်သား လျှပ်စစ်လှုံ့ဆော်ကုထုံး _ NMES (Neuromuscular Electrical Stimulation)
- အသံလှိုင်းအသုံးပြုကုထုံး (အာထရာဆောင်းကုထုံး)
- လေဆာကုထုံး
- Shockwave ကုထုံး စသည်တို့ဖြစ်သည်။
အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်သည်။- နာကျင်မှုသက်သာစေခြင်းနှင့် ကြွက်သားတောင့်တင်းမှုလျှော့ချခြင်း
- ရောင်ရမ်းမှုလျှော့ချခြင်း
- အနာကျက်မြန်စေခြင်း
- လှုပ်ရှားမှုနှင့် ထိမှုသိမှုဆိုင်ရာ အာရုံကြောများကို နှိုးဆွပေးခြင်း
- ကြွက်သားအားနှင့် အရိုးအဆစ်လှုပ်ရှားမှုများ တိုးတက်ကောင်းမွန်စေခြင်း
- အပူ-အအေးကုထုံးများ (Thermotherapy & Cryotherapy)
- အပူဖြင့် ကုသခြင်း (ရေနွေးအိတ်ကပ်ခြင်း၊ အနီအောက်ရောင်ခြည် အသုံးပြုခြင်း၊ ပါရာဖင်ဖယောင်း အသုံးပြုခြင်း)၊ အအေးကုထုံးများ (ရေခဲအိတ်၊ အအေးငွေ့ဖျန်းခြင်း) စသည်တို့ဖြစ်သည်
- ရောင်ရမ်းမှု၊ နာကျင်မှုများနှင့် ကြွက်သာတောင့်တင်းမှု လျော့ကျစေခြင်း၊ သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်
- ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများဖြင့် ကုသမှုပေးခြင်း (Exercise Therapy)
Exercise Therapy သည် လူနာ၏ အခြေအနေ၊ ဒဏ်ရာ၏ ပြင်းထန်မှုနှင့် ပြန်လည်သက်သာမှု အဆင့်များပေါ်မူတည်၍ ပြုလုပ်ပေးသော ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများဖြစ်သည်။ နှလုံးသွေးကြောဆိုင်ရာ ကြံ့ခိုင်မှုလေ့ကျင့်ခန်းများ၊ ဦးနှောက်အာရုံကြောနှင့် အဆုတ်ရောဂါဆိုင်ရာ လေ့ကျင့်ခန်းများလည်း ပါဝင်သည်။
အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်သည်။- ကြွက်သားအားနှင့် လှုပ်ရှားမှုများ ပြန်လည်ကောင်းမွန်စေခြင်း
- ဟန်ချက်ညီမှုနှင့် ကိုယ်နေဟန်ထား မှန်ကန်စေခြင်း
- လှုပ်ရှားသွားလာနိုင်မှု တိုးတက်စေခြင်း
- ရောဂါပြန်လည်မဖြစ်ပေါ်နိုင်အောင်ကာကွယ်ခြင်း
- လက်အသုံးပြုကုသခြင်း (Manual Therapy)
Manual Therapy သည် အရိုးနှင့် ကြွက်သားဆိုင်ရာ ပြဿနာများကို စမ်းသပ်စစ်ဆေးကုသခြင်းဖြစ်သည်။- အဆစ်လှုပ်ရှားမှု ပြန်လည်ကောင်းမွန်စေခြင်းနှင့် တောင့်တင်းမှု လျှော့ချခြင်း
- ကြွက်သားများ ပြေလျော့စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိသည်။
- ရေကုထုံး (Hydrotherapy)
Hydrotherapy သည် အဆစ်နှင့် ကြွက်သားများပေါ်တွင် ဖိအားလျော့နည်းစေရန် ရေထဲတွင် ပြုလုပ်သော လေ့ကျင့်ခန်းများဖြစ်သည်။ အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်သည်။- နာကျင်မှုနှင့် ကြွက်သားတောင့်တင်းမှုကို သက်သာစေခြင်း
- သွေးလည်ပတ်မှုကောင်းစေခြင်း
- စက်ပစ္စည်းအကူနှင့် ပြန်လည်ထူထောင်ရေး ကိရိယာများ (Mechanical & Assistive Modalities)
လည်ပင်းနှင့်ကျောရိုးဆစ်များ ဖိအားလျော့ကျစေရန် ဆွဲဆန့်ကုသခြင်း (Traction)၊ အကူပစ္စည်းများ (ချိုင်းထောက်၊ လမ်းလျှောက်တုတ်၊ ဘီးတပ်ကုလားထိုင်)၊ အဆစ်ထိန်းပစ္စည်းများ (splints, orthosis) စသည်တို့ပါဝင်သည်။ - အဆင့်မြင့်ကုထုံးများ (Advanced / Specialized Modalities)
ဇီဝအချက်ပြကုထုံး (Biofeedback therapy)၊ စက်ရုပ်ကုထုံးများ၊ AI နည်းပညာသုံးကုထုံးများ စသည်တို့ပါဝင်သည်။

Physiotherapy ဖြင့် ကုသပေးနိုင်သော ရောဂါအခြေအနေများ
- ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ပြဿနာများ
- ဥပမာ_
- လေဖြတ်ခြင်း
- အာရုံကြောမကြီးနှင့် အာရုံကြောရောဂါများ၊ ထိခိုက်ဒဏ်ရာရခြင်းများ
- ပါကင်ဆန်ရောဂါ
- ဦးနှောက်ထိခိုက်ဒဏ်ရာများ
Physiotherapy သည် ဦးနှောက်၏ ပြန်လည်ဖွဲ့စည်းနိုင်စွမ်း (Neuroplasticity) ကို မြှင့်တင်ပေးခြင်းဖြင့် ဟန်ချက်ထိန်းနိုင်ရန်နှင့် ပြန်လည်လှုပ်ရှားနိုင်ရန် ကူညီပေးသည်။
- Physiotherapy သည် ဦးနှောက်၏ ပြန်လည်ဖွဲ့စည်းနိုင်စွမ်း (Neuroplasticity) ကို မြှင့်တင်ပေးခြင်းဖြင့် ဟန်ချက်ထိန်းနိုင်ရန်နှင့် ပြန်လည်လှုပ်ရှားနိုင်ရန် ကူညီပေးသည်
- ဥပမာ_
- နှလုံးနှင့်အဆုတ်ပြဿနာများ
- ဥပမာ_
- နှလုံးခွဲစိတ်ကုသမှုများ၊ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ
- အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအတွက် လေ့ကျင့်ခန်းများနှင့် အသက်ရှူနည်းများကို အသုံးပြု၍ နှလုံးနှင့် အဆုတ်လုပ်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေသည်
- ဥပမာ_
- အရိုးနှင့်ကြွက်သားပြဿနာများ
- ဥပမာ_
- အရိုးကျိုးခြင်း
- အဆစ်ရောဂါများနှင့် ကြွက်သားထိခိုက်မှုများ
- ခွဲစိတ်ကုသမှုမတိုင်မီနှင့် ခွဲစိတ်ပြီးအခြေအနေများအတွက် အရိုးဆက်ခြင်း၊ ကြွက်သားအားနှင့် အဆစ်လှုပ်ရှားမှုများ ပိုမိုကောင်းမွန်လာစေရန် ကူညီပေးပြီး နောက်ဆက်တွဲပြဿနာများကို ကာကွယ်ပေးသည်
- ဥပမာ_
- နာတာရှည်နာကျင်မှုများ
- ဥပမာ_
- ပခုံး၊ ဒူး၊ ခါးနာခြင်းများ
- အဆစ်ရောင်ရောဂါနှင့် နာတာရှည်ရောင်ရမ်းမှုများအတွက် နာကျင်မှု လျှော့ချပေးခြင်း၊ လှုပ်ရှားမှု ပိုမိုကောင်းမွန်လာစေခြင်းနှင့် နာတာရှည်မသန်စွမ်းမှုများကို ကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိသည်
- ဥပမာ_
- သက်ကြီးရွယ်အိုများအတွက် ပြန်လည်သန်စွမ်းရေး
- ဥပမာ_
- ဟန်ချက်မထိန်းနိုင်ခြင်းနှင့် လှုပ်ရှားမှုခက်ခဲခြင်း
- ကြွက်သားအားနည်းခြင်းနှင့် အသက်ကြီးလာခြင်းကြောင့် ဖြစ်ပေါ်လာသော ပြဿနာများအတွက် ကြွက်သားအားနှင့် လှုပ်ရှားနိုင်စွမ်းပိုမိုကောင်းမွန်လာစေရန် ကူညီပေးပြီး လဲကျမှုအန္တရာယ်ကို လျှော့ချပေးသည်
- ဥပမာ_
- ကလေးများ၏ ပြန်လည်သန်စွမ်းရေး
- ဥပမာ_
- ဖွံ့ဖြိုးမှုနောက်ကျခြင်း
- စီပီရောဂါ (CP)
- မွေးရာပါ အရိုးနှင့် အဆစ်ပြဿနာများအတွက် လှုပ်ရှားမှုနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်လာစေရန် ကူညီပေးသည်
- ဥပမာ_
- အားကစားသမားများ၏ ပြန်လည်သန်စွမ်းရေး
- ဥပမာ_
- ထိခိုက်ဒဏ်ရာများမှ ပြန်လည်သက်သာစေခြင်းနှင့် ကာကွယ်ခြင်း
- စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် အားကစားပွဲများသို့ ပြန်လည်ဝင်ရောက်နိုင်ရန်ကူညီပေးပြီး နောက်ထပ်ထိခိုက်ဒဏ်ရာများမှ ကာကွယ်ပေးသည်
- ဥပမာ_
- အထူးကုသမှုများ
- ဥပမာ_
- ကင်ဆာရောဂါများနှင့် သက်ဆိုင်သော ပြန်လည်သန်စွမ်းရေး _ နာကျင်မှု၊ ကြွက်သားအားနည်းခြင်းနှင့် ရောင်ရမ်းမှုများကို ကုသပေးခြင်း
- ခြေလက်ဖြတ်ထားသူများအတွက် ပြန်လည်သန်စွမ်းရေး _ လှုပ်ရှားမှုပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးခြင်း
- ကိုယ်ဝန်ဆောင်စဥ်နှင့် မွေးဖွားပြီးနောက် ပြုလုပ်ရမည့် ပြန်လည်သန်စွမ်းရေး _ တင်ပါးဆုံကြွက်သားများ သန်မာစေရန်နှင့် နာကျင်မှု လျှော့ချပေးခြင်း
- အထောက်အကူပြု ပစ္စည်းများအသုံးပြု၍ကုသရသော ပြန်လည်သန်စွမ်းရေး _ သွားလာလှုပ်ရှားမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ (crutches, walking frame, cane) ဖြင့် လေ့ကျင့်ကုသပေးခြင်း နှင့် တခြားသော အထောက်အကူပြုကိရိယာများ (Orthosis and assistive device) များဖြင့် လေ့ကျင့်ကုသပေးခြင်း
- ဥပမာ_
နိဂုံး
Physiotherapy သည် ရောဂါလက္ခဏာများကို ကုသပေးရုံသာမက နောက်ဆက်တွဲပြဿနာများကို ကာကွယ်ပေးခြင်း၊ အနာဂတ်တွင် ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးခြင်းနှင့် လူနာများကို လွတ်လပ်စွာ လှုပ်ရှားနိုင်စေရန် ကူညီပေးခြင်းတို့တွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ လူနာ၏ အခြေအနေနှင့် လိုအပ်ချက်များကို အခြေခံ၍ စနစ်တကျ ကုသမှုပေးခြင်းဖြင့် Physiotherapy သည် လူနာများအား လှုပ်ရှားနိုင်စွမ်း၊ ကြွက်သားအားနှင့် မိမိကိုယ်ကို ယုံကြည်မှု ပြန်လည်ရရှိစေရန် ကူညီပေးပြီး၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးသည်။
References:
- Physiopedia. (n.d.). Physiotherapy / physical therapy. Retrieved March 26, 2026, from https://www.physio-pedia.com/Physiotherapy_/_Physical_Therapy
- World Physiotherapy. (n.d.). What is physiotherapy? Retrieved March 26, 2026, from https://world.physio/resources/what-is-physiotherapy
- Physiotherapy Association of British Columbia. (n.d.). What is physiotherapy? Retrieved March 26, 2026, from https://bcphysio.org/public/what-physiotherapy
- Myanmar Physiotherapy Association. (2005). Magazine of Myanmar Physiotherapy Association.
Published: 18 March 2025
Last updated: 19 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.