Torticollis (ခေါင်းစောင်း၊ လည်ပင်းစောင်းသောကလေး)

Torticollis (ခေါင်းစောင်း၊ လည်ပင်းစောင်းသောကလေး)

ခေါင်းစောင်းခြင်း သို့မဟုတ် လည်ပင်းစောင်းခြင်း (Torticollis) ဆိုသည်မှာ လည်ပင်းရှိ ကြွက်သားများ တိုခြင်း သို့မဟုတ် တောင့်တင်းခြင်းတို့ကြောင့် ကလေး၏ဦးခေါင်းသည် ပုံမှန်အတိုင်းမရှိဘဲ ဘယ် သို့မဟုတ် ညာဘက် တစ်ဖက်ဖက်သို့ စောင်းနေခြင်းကိုခေါ်သည်။ ယင်းအခြေအနေတွင် ကလေး၏ ဦးခေါင်းထိပ်နှင့်မေးစေ့သည် ဆန့်ကျင်ဘက်အရပ်များသို့ လိမ်နေသည့် ပုံသဏ္ဌာန်ဖြင့် တွေ့ရလေ့ရှိသည်။ Sternocleidomastoid (SCM) Muscle ခေါ်သော လည်ပင်းဘေးဘက်ရှိ အဓိကကြွက်သား တိုခြင်း သို့မဟုတ် တောင့်တင်းခြင်းတို့ကြောင့် ခေါင်းစောင်းခြင်း သို့မဟုတ် လည်ပင်းစောင်းခြင်း ဖြစ်စေသည်။ ကလေးများတွင် အဖြစ်များပြီး အများစုမှာ စနစ်တကျ ကုသမှုခံယူပါက သက်သာပျောက်ကင်းနိုင်သည်။ ၎င်းသည် မွေးရာပါအခြေအနေများကြောင့် ဖြစ်နိုင်သလို မွေးပြီးနောက်ပိုင်းမှဖြစ်သော အကြောင်းရင်းများလည်းရှိသည်။

Torticollis IMG1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခေါင်းစောင်းခြင်းသည် လည်ပင်းတစ်လျှောက်ရှိ Sternomastoid ကြွက်သား တောင့်တင်းခြင်း သို့မဟုတ် တိုခြင်းကြောင့် ဖြစ်ပွါးသည်။ အဓိကအားဖြင့် မွေးရာပါချို့ယွင်းမှုကြောင့် အဖြစ်များသော်လည်း မွေးဖွားပြီးနောက်ပိုင်း အခြားရောဂါအခြေအနေတစ်ခုခုကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။

Torticollis IMG2
မွေးရာပါ ခေါင်းစောင်းခြင်း (Congenital Torticollis)

မွေးရာပါ ခေါင်းစောင်းခြင်းသည် အဖြစ်အများဆုံးဖြစ်ပြီး ယေဘုယျအားဖြင့် နာကျင်မှု မရှိတတ်ပေ။ မွေးရာပါအခြေအနေ ဖြစ်သော်လည်း ကလေး ခေါင်းစခိုင်သည့်အချိန် (အသက် ၂ – ၄ လဝန်းကျင်) တွင်မှ မိဘများက စတင်သတိထားမိလေ့ရှိသည်။

  • မွေးဖွားချိန်တွင် အတွေ့ရများသော အကြောင်းရင်းများ
    • တင်ပါးဆုံပိုင်းနှင့် မွေးဖွားသောကလေးများ (Breech Delivery) – မွေးလမ်းကြောင်းမှ လည်ပင်းထွက်ချိန် ကြာမြင့်၍ လည်ပင်းကြွက်သားကို ထိခိုက်မိခြင်း
    • လည်ပင်းကြွက်သား ထိခိုက်မှု – ထိခိုက်မှုကြောင့် သွေးထွက်ရာမှ သွေးခဲခြင်း (Haematoma) ဖြစ်ပေါ်ခြင်း
    • ညှပ်ဆွဲမွေးခြင်း (Forceps Delivery)၊ လေစုပ်မွေးခြင်း (Vacuum Delivery) များသည်လည်း အကြောင်းရင်းများ ဖြစ်နိုင်သည်
  • အခြားမွေးရာပါ အကြောင်းရင်းများ
    • သားအိမ်အတွင်း အနေအထားမမှန်ခြင်း – သားအိမ်အတွင်း၌ရှိစဉ် ကလေးလည်ပင်း၏ အနေအထား ပုံစံမမှန်ခြင်း (Abnormal position in the uterus)
    • ကြွက်သားတစ်ရှူးများ ထူ၍ အမာရွတ်တက်ခြင်း – လည်ပင်းကြွက်သားတစ်ရှူးများ ထူလာပြီး အမာရွတ်သဏ္ဌာန်ဖြစ်လာခြင်း (Fibrosis)
    • လည်ပင်းကြွက်သား ဖွံ့ဖြိုးမှုမမှန်ခြင်း (Abnormal development of muscle)
    • Klippel-Feil syndrome – လည်ပင်းကျောရိုးဆစ်များ ပုံမှန်ဖွံ့ဖြိုးမှုမရှိသော မွေးရာပါလက္ခဏာစု
မွေးရာပါ မဟုတ်သော ခေါင်းစောင်းခြင်းများ (Acquired Torticollis)

မွေးရာပါ မဟုတ်ဘဲ နောက်ပိုင်းမှ ဖြစ်ပေါ်သော ခေါင်းစောင်းခြင်းများလည်းရှိသည်။ ယင်းတို့တွင် အတွေ့ရအများဆုံးမှာ လည်ပင်းထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပုံစံအနေအထား မမှန်ခြင်းတို့ကြောင့် Sternomastoid ကြွက်သား ရုတ်တရက် တောင့်တင်းခြင်းဖြစ်သည်။ ၎င်းသည် ကလေးအသက် (၄)လ မှ (၆)လဝန်းကျင်တွင် အဖြစ်များလေ့ရှိသည်။ ထိုထိခိုက်ဒဏ်ရာရခြင်းသည် မပြင်းထန်သောကြောင့် အများစုတွင် သတိမပြုမိတတ်ပေ။

မွေးရာပါမဟုတ်သော ခေါင်းစောင်းခြင်း၏ အခြားအကြောင်းရင်းများ

  • Sternomastoid ကြွက်သား ထိခိုက်ဒဏ်ရာ/ရောဂါရခြင်း – ကြွက်သားတောင့်တင်းခြင်း၊ မီးလောင်ဒဏ်ရာကဲ့သို့သော ထိခိုက်ဒဏ်ရာရခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် အကျိတ်ရှိခြင်း
  • ဆေးဝါးဘေးထွက်ဆိုးကျိုး – အချို့သော ဆေးဝါးများ (ဥပမာ _ အအန်ပျောက်ဆေး၊ စိတ်ငြိမ်ဆေးများ) ၏ ဘေးထွက်ဆိုးကျိုးအနေဖြင့် ကြွက်သားများ တောင့်တင်းခြင်း
  • လည်ပင်းကျောရိုးဆစ် ပြဿနာများ – လည်ပင်းကျောရိုးဆစ်များ ထိခိုက်ဒဏ်ရာရခြင်း၊ အဆစ်လွဲခြင်း၊ အကျိတ်ဖြစ်ခြင်း
  • ပြင်းထန်သော ရောဂါကူးစက်မှုများ – ပြင်းထန်သော လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း၊ ပြည်တည်ခြင်းများဖြစ်ခြင်း
  • အမြင်အာရုံ ပြဿနာများ – မျက်စိစွေခြင်း သို့မဟုတ် အမြင်အာရုံ ပြဿနာရှိခြင်းကြောင့် ဦးခေါင်းကို တစ်ဖက်သို့ စောင်း၍ ကြည့်တတ်ခြင်း
  • အာရုံကြောနှင့် ဦးနှောက်ဆိုင်ရာ ရောဂါများ – ကျောရိုးအာရုံကြောမကြီးရောဂါများ သို့မဟုတ် ဦးနှောက်အောက်ခြေ/ဦးနှောက်အနောက်ပိုင်း ရောဂါများ (ဥပမာ _ ဦးနှောက်အကျိတ်) ဖြစ်ခြင်း
  • Gastroesophageal Reflux Disease (GERD) – အစာအိမ်မှ အက်ဆစ်များ အစာရေမျိုထဲသို့ ပြန်ဆန်တက်သည့်ရောဂါ

ရှားပါးသော အခြေအနေများ
မွေးရာပါမဟုတ်သော ခေါင်းစောင်းခြင်း အကြောင်းရင်းများတွင် ခေါင်းစောင်းလိုက်၊ ပျောက်လိုက်ဖြစ်တတ်သည့် ရောဂါအခြေအနေများ (ဥပမာ – benign paroxysmal torticollis of infancy, spasmus nutans စသည်တို့) ကိုလည်း ရှားရှားပါးပါး တွေ့ရသည်။

ယှဉ်တွဲလာတတ်သောလက္ခဏာများ

မွေးရာပါ ခေါင်းစောင်းခြင်း (Congenital Torticollis) သည် ကလေးငယ် မွေးမွေးချင်း လက္ခဏာ ချက်ချင်းပြလေ့မရှိပေ။ ကလေး ခေါင်းနှင့်လည်ပင်း လှုပ်ရှားမှုများ ပိုမိုသိသာလာသည့် အသက် (၁)လခွဲ မှ (၂)လအရွယ်ခန့်မှ စတင်သိသာလာသည်။ အများအားဖြင့် နာကျင်မှု မရှိတတ်ပေ။ ခေါင်းစောင်းသော ကလေးငယ်များ၏ (၇၅%) ခန့်တွင် ညာဘက်အခြမ်းကို ပို၍ထိခိုက်တတ်သည်။

မွေးရာပါ Torticollis တွင် တွေ့ရသော လက္ခဏာများ

  • ဦးခေါင်းစောင်းနေခြင်း – ဦးခေါင်းသည် ညာ သို့မဟုတ် ဘယ် တစ်ဖက်ဖက်သို့ စောင်းနေပြီး လည်ပင်းလိမ်နေခြင်း
  • မေးစေ့အနေအထား – မေးစေ့သည် ခေါင်းစောင်းသည့်ဘက်နှင့် ဆန့်ကျင်ဘက်သို့ စောင်းနေခြင်း
  • လှုပ်ရှားမှု ကန့်သတ်ချက် – ဦးခေါင်းကို ဘယ်ညာ ဘေးတိုက်လှည့်ခြင်း (သို့မဟုတ်) အပေါ်အောက် ငုံ့ခြင်း၊ မော့ခြင်းတို့ အလွယ်တကူ လှုပ်ရှား၍ မရခြင်း
  • ကြွက်သားတင်းမာခြင်း – လည်ပင်းကြွက်သားများ တင်းမာခြင်း၊ တောင့်တင်းခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
  • လည်ပင်းအလုံးအကျိတ် – လည်ပင်းကြွက်သားတစ်ဝိုက်တွင် အလုံးအကျိတ် (Fibrotic Mass) သေးသေးလေး စမ်းမိတတ်ခြင်း
  • နို့စို့မှုပုံစံ – ကလေး နို့စို့ရာတွင် လည်ပင်းသက်သောင့်သက်သာရှိသည့် တစ်ဖက်တည်းကိုသာ အားသန်၍စို့ခြင်း
  • ဦးခေါင်းပုံမမှန်ခြင်း – တစ်ဖက်တည်းသို့သာ စောင်း၍ လှဲအိပ်သောကြောင့် ဦးခေါင်းအနေအထား ပုံမမှန်ဘဲ ဦးခေါင်းခွံ တစ်ခြမ်းပြားလာတတ်ခြင်း (Positional Plagiocephaly)
  • ပခုံးအနေအထား – ပုံမှန်ဖြစ်သောဘက်မှ ပခုံးသည် အခြားတစ်ဖက်ထက် ပိုမိုမြင့်နေခြင်း

မွေးရာပါမဟုတ်သော Torticollis တွင် တွဲတွေ့နိုင်သော လက္ခဏာများ
မွေးရာပါမဟုတ်ဘဲ နောက်ပိုင်းမှ ဖြစ်ပေါ်သော ခေါင်းစောင်းခြင်းတွင် အထက်ပါ လက္ခဏာများအပြင် လည်ပင်းနာခြင်း၊ ခေါင်းကိုက်ခြင်းများ တွဲ၍ တွေ့ရတတ်သည်။ ထို့အပြင်၊ ခေါင်းစောင်းခြင်းကို ဖြစ်စေသော အကြောင်းရင်းခံရောဂါ၏ လက္ခဏာများ (ဥပမာ _ အာရုံကြောဆိုင်ရာ လက္ခဏာများ၊ အဖျားတက်ခြင်း၊ ရောင်ရမ်းခြင်း) လည်း တွဲ၍တွေ့ရှိရတတ်သည်။

နောက်ဆက်တွဲပြဿနာများ

ခေါင်းစောင်းခြင်း သို့မဟုတ် လည်ပင်းစောင်းခြင်းကို စောစီးစွာ ကုသမှု မခံယူပါက အောက်ပါ နောက်ဆက်တွဲ ပြဿနာများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။

  • ပုံမှန်အနေအထားသို့ ပြန်မရောက်နိုင်ခြင်း – ကလေး၏ ဦးခေါင်းနှင့် လည်ပင်းသည် ပုံမှန်အတိုင်း အနေအထားသို့ လုံးဝ ပြန်မရောက်နိုင်တော့ခြင်း
  • ဦးခေါင်းနှင့် မျက်နှာ ပုံသဏ္ဌာန် ပြောင်းလဲခြင်း – ဦးခေါင်းခွံရိုး အနောက်ဘက်ပြားခြင်း (Plagiocephaly) နှင့် မျက်နှာပုံစံ မညီမညာ ဖြစ်လာခြင်း (Facial Asymmetry)
  • ဖွံ့ဖြိုးမှု နောက်ကျခြင်း – ကလေး၏ လှုပ်ရှားမှုပိုင်းဆိုင်ရာ အထွေထွေဖွံ့ဖြိုးမှုများ (Gross Motor Development) နောက်ကျခြင်း
  • အမြင်အာရုံ ပြဿနာများ – ဦးခေါင်းကို အမြဲတမ်း စောင်းထားရခြင်းကြောင့် အမြင်အာရုံဆိုင်ရာ ပြဿနာများပေါ်လာခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ခေါင်းစောင်းခြင်း သို့မဟုတ် လည်ပင်းစောင်းခြင်း (Torticollis) ရှိသော ကလေးများကို မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်သည် လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပေးပြီးနောက် ရောဂါအခြေအနေအပေါ် မူတည်၍ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များဖြစ်သည့် ကလေးအာရုံကြောအထူးကု၊ အရိုးအထူးကု သို့မဟုတ် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ရေးပညာရှင်များထံသို့ ထပ်မံလွှဲပြောင်း ကုသမှုများ ပြုလုပ်ပေးလိမ့်မည်။

မွေးရာပါ မဟုတ်သော ရုတ်တရက် ခေါင်းစောင်းခြင်းများသည် တစ်ပတ်အတွင်း ပြန်ကောင်းမလာပါက ဆရာဝန်များနှင့် အမြန်ပြသတိုင်ပင်သင့်သည်။

အထူးသဖြင့် အချို့သော ရောဂါများ (ဥပမာ _ ကျောရိုးအာရုံကြောမကြီးရောဂါများ၊ ဦးနှောက်အောက်ခြေ/ဦးနှောက်အနောက်ပိုင်း ရောဂါများ၊ ဦးနှောက်အကျိတ်) သည် အရေးပေါ် အခြေအနေ ဖြစ်နိုင်ပြီး အသက်အန္တရာယ် ရှိနိုင်သောကြောင့် သတိထားရမည်။

ခေါင်းစောင်းခြင်းနှင့်အတူ အောက်ပါ ဦးနှောက်အာရုံကြောလက္ခဏာများ တွဲဖက်လာပါက ဆေးရုံ အရေးပေါ်ဌာနများသို့ အမြန် ပြသကုသမှု ခံယူရန် လိုအပ်သည်။

  • ကလေး ရုတ်တရက် အားနည်းသွားခြင်း၊ မလှုပ်ရှားနိုင်ခြင်း
  • ကိုယ်တစ်ခြမ်းသေခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု ပုံမမှန်ခြင်း
  • သတိမေ့မြောခြင်း၊ တက်ခြင်း
  • အမြင်အာရုံ ရုတ်တရက် ဆုံးရှုံးခြင်း သို့မဟုတ် ပြင်းထန်စွာ ဝေဝါးခြင်း
  • ပြင်းထန်သော ခေါင်းကိုက်ခြင်း၊ အန်ခြင်း
ရောဂါရှာဖွေခြင်း

ဆရာဝန်များသည် ကလေး၏ လက္ခဏာရပ်များ၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ (Physical Exam) နှင့် လည်ပင်းလှုပ်ရှားနိုင်မှု အနေအထားတို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် လိုအပ်ပါက အောက်ပါတို့ကို ဆက်လက် စစ်ဆေးနိုင်သည်။

  • ရိုးရိုးဓာတ်မှန် (X-ray) – လည်ပင်းရှိ အရိုးအဆစ်များ ပုံမှန်ရှိ၊ မရှိ စစ်ဆေးရန်။
  • ကွန်ပျူတာဓာတ်မှန် (CT scan)
  • သံလိုက်ဓာတ်မှန် (MRI) – ဦးနှောက်၊ ကျောရိုး သို့မဟုတ် လည်ပင်းရှိ ကြွက်သားများ၏ အသေးစိတ် ပုံရိပ်များကို ကြည့်ရှုရန်

ဤစစ်ဆေးမှုများသည် ခေါင်းစောင်းခြင်းကို ဖြစ်စေသော အကြောင်းရင်းခံ ရောဂါအခြေအနေကို တိကျစွာ သိရှိနိုင်ရန် ကူညီပေးသည်။

ကုသခြင်း

ခေါင်းစောင်း၊ လည်ပင်းစောင်းခြင်း ကုသမှုသည် ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ကလေး၏ အသက်အရွယ်ပေါ် မူတည်သည်။ အများစုကို ခွဲစိတ်မှု မပြုလုပ်ရဘဲ ကုသနိုင်သည်။

  1. မွေးရာပါ Torticollis ကုသခြင်းနှင့် လေ့ကျင့်ခန်းများ
    မွေးရာပါ ခေါင်းစောင်းခြင်းသည် များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာကုထုံး (Physical Therapy) နှင့် အိမ်တွင် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။ မိဘများအနေဖြင့် အောက်ပါ လေ့ကျင့်ခန်းများကို အိမ်တွင် စနစ်တကျ လေ့ကျင့်ပေးနိုင်သည်။
    နေ့စဉ် လေ့ကျင့်ပေးရမည့် နည်းလမ်းများ
    • အနေအထား ပြောင်းလဲပေးခြင်း
      နို့စို့ချိန်၊ အစာကျွေးချိန်၊ အိပ်ချိန်နှင့် ကစားချိန်များတွင် ကလေး၏ ခေါင်းသည် ဘယ်ညာ နှစ်ဖက်စလုံးသို့ မျှမျှတတ လှည့်ကြည့်နေစေရန် သို့မဟုတ် ခေါင်းမစောင်းသောဘက်ကို ပိုကြည့်စေရန် သတိပြု လေ့ကျင့်ပေးရမည်။
    • လှုံ့ဆော်မှုဖြင့် လေ့ကျင့်ပေးခြင်း
      ကလေး၏ အစာစားချင်စိတ်ကို အသုံးပြု၍ နို့တိုက်ခါနီးအချိန်တွင် မိခင်ကိုယ်တိုင်ဖြစ်စေ၊ နို့ဘူးကိုဖြစ်စေ ကလေး ခေါင်းစောင်းသောအခြမ်းနှင့် ဆန့်ကျင်ဘက်တွင် နေ၍ ကလေး လှည့်ကြည့်လာစေရန် လှုံ့ဆော်ပေးပါ။
    • အရုပ်များဖြင့် လေ့ကျင့်ခြင်း
      အသံထွက်သော၊ အရောင်တောက်သော အရုပ်များကို ကလေး၏ ဘယ်ညာ နှစ်ဖက်လုံးတွင် ထားပေး၍ ခေါင်းကို နှစ်ဖက်လုံးသို့ လှည့်ကြည့်စေရန် လေ့ကျင့်ပေးပါ။ ဤနည်းသည် တောင့်တင်းနေသော လည်ပင်းကြွက်သားကို ပျော့ပျောင်းစေသည့်အပြင် အသုံးနည်း၍ ပျော့နေသည့်ဘက်မှ လည်ပင်းကြွက်သားကိုလည်း ပြန်လည် သန်မာလာစေနိုင်သည်။
    • ဝမ်းလျားမှောက် လေ့ကျင့်ချိန် (Tummy Time)
      ကလေးကို ဝမ်းလျားမှောက် လေ့ကျင့်ချိန် သီးသန့်ပြုလုပ် လေ့ကျင့်ပေးပါ။ မိဘများ၏ ရင်ဘတ်ပေါ်၊ ပေါင်ပေါ် သို့မဟုတ် ခေါင်းအုံးပေါ်တွင် ထား၍ တစ်ကြိမ်လျှင် (၁၅) မိနစ်ခန့်စီဖြင့် တစ်နေ့ စုစုပေါင်း တစ်နာရီခန့် လေ့ကျင့်ပေးနိုင်သည်။ Tummy time သည် လည်ပင်းနှင့် ပခုံးကြွက်သားများ သန်မာစေရန် အရေးကြီးဆုံး လေ့ကျင့်ခန်းဖြစ်သည်။
  2. မွေးရာပါ မဟုတ်သော Torticollis ကုသခြင်း
    မွေးရာပါမဟုတ်ဘဲ နောက်ပိုင်းမှ ဖြစ်ပေါ်သော ခေါင်းစောင်းခြင်းတွင် အကြောင်းရင်းခံရောဂါကို ကုသရန် အဓိကလိုအပ်သည်။ ဥပမာ _ ရောင်ရမ်းခြင်း၊ ရောဂါပိုးဝင်ခြင်း သို့မဟုတ် အာရုံကြောပြဿနာများကို ကုသရမည်။ ထို့အပြင်၊ လိုအပ်ပါက
    • ဆေးဝါးများ – ကြွက်သားပျော့ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ ပေးနိုင်သည်
    • လေ့ကျင့်ခန်းများ – လည်ပင်းကြွက်သားများကို ဖြေလျှော့ရန်နှင့် သန်မာစေရန် ရုပ်ပိုင်းဆိုင်ရာကုထုံးများ (Physical Therapy) ကို လုပ်ဆောင်ရန် လိုအပ်နိုင်သည်

အချိန်ကာလ ကြာမြင့်စွာ ခေါင်းစောင်းခြင်းရှိနေပြီး ကာယကုထုံးများ၊ လေ့ကျင့်ခန်းများနှင့် တိုးတက်မှု မရှိတော့ပါက ခွဲစိတ်အထူးကုဆရာဝန်နှင့် တိုင်ပင်ပြသရမည်။ ခွဲစိတ်မှုသည် တောင့်တင်းနေသော Sternomastoid ကြွက်သားကို ဖြေလျှော့စေရန် (Lengthening) ပြုလုပ်ပေးခြင်းဖြစ်သည်။

ကာကွယ်ခြင်း

ကလေးများ၏ ခေါင်းစောင်းခြင်း ပြဿနာများကို ကာကွယ်ရန် နည်းလမ်း အတိအကျ မရှိပေ။

သို့သော် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (ကိုယ်ဝန်အပ်ခြင်း)၊ မီးဖွားခြင်း စသည်များကို စနစ်တကျ ကြိုတင် တိုင်ပင်ပြင်ဆင်ခြင်းဖြင့် မွေးဖွားစဉ် ထိခိုက်မှုကြောင့် ဖြစ်ပွါးသော မွေးရာပါ ခေါင်းစောင်းခြင်း၏ အချို့သော အကြောင်းရင်းများကို ကာကွယ်နိုင်သည်။

ကလေးကို အမြဲမပြတ် ဂရုစိုက် စောင့်ကြည့်ပြီး ခေါင်းအနေအထား တစ်ဖက်တည်းသို့ အချိန်ကြာမြင့်စွာ စောင်းနေခြင်းကို ရှောင်ရှားခြင်းသည်လည်း Torticollis ဖြစ်ပွါးမှု သို့မဟုတ် နောက်ဆက်တွဲပြဿနာများကို လျှော့ချရာတွင် အထောက်အကူ ဖြစ်စေသည်။

References:

  1. Cleveland Clinic. (2022). Torticollis (wryneck): Symptoms, causes & treatment. Cleveland Clinic. Retrieved July 28, 2025, from https://my.clevelandclinic.org/health/diseases/22430-torticollis
  2. WebMD. (2023). Torticollis (acquired & congenital): Symptoms, types & causes. WebMD. Retrieved July 28, 2025, from https://www.webmd.com/parenting/baby/what-is-torticollis
  3. Johns Hopkins Medicine. (n.d.). Torticollis (wryneck). Johns Hopkins Medicine. Retrieved July 28, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/torticollis-wryneck
  4. Nemours KidsHealth. (2023). Torticollis in infants (for parents). Nemours KidsHealth. Retrieved July 28, 2025, from https://kidshealth.org/en/parents/torticollis.html

Published: 30 August 2024

Last updated: 27 October 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.