Brain Tumours in Children (ကလေးဦးနှောက်အကျိတ်များ)

Brain Tumours in Children (ကလေးဦးနှောက်အကျိတ်များ)

ဦးနှောက်အကျိတ် (Brain tumors in children) ဆိုသည်မှာ ဦးနှောက်တစ်ရှူးဆဲလ်များ ထိန်းချုပ်၍မရဘဲ မူမမှန်ပွါးများခြင်းကြောင့် ဖြစ်ပေါ်လာသောအကျိတ်ဖြစ်ပြီး ကလေးများတွင် ဖြစ်ပွါးသည့် အလုံးအကျိတ်ကင်ဆာများအနက် အဖြစ်များသော ကင်ဆာဖြစ်သည်။ ဦးနှောက်နှင့် အာရုံကြောမကြီးဆိုင်ရာ အကျိတ်ပေါင်း (၁၀၀) ကျော်ရှိပြီး၊ မူရင်းဖြစ်ပေါ်လာသည့် ဆဲလ်အမျိုးအစား သို့မဟုတ် ကင်ဆာဆဲလ်များ ကြီးထွားလာသည့် ဦးနှောက်၏တည်နေရာ အစိတ်အပိုင်းပေါ် မူတည်၍ အမည်ပေးလေ့ရှိသည်။

ဦးနှောက်အကျိတ်များသည် အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်သည်။ မွေးကင်းစကလေးများနှင့် ကလေးငယ်များတွင် ဖြစ်ပွါးသည့် ဦးနှောက်အကျိတ်အမျိုးအစားများသည် လူကြီးများနှင့် မတူညီသောကြောင့် ကုသမှုပိုင်းဆိုင်ရာတွင် ကွာခြားနိုင်သည်။ အချို့အကျိတ်များသည် သိသိချင်းအခြေအနေ၌ပင် အသက်အန္တရာယ် ရှိနိုင်သည်အထိ ပြင်းထန်သော်လည်း ယခုအခါ နောက်ဆုံးပေါ် ရောဂါရှာဖွေမှုများနှင့် ကုသမှုများကြောင့် အသက်ရှင်နိုင်သည့် သက်တမ်းပိုမိုတိုးတက်လာသည်ကို တွေ့ရသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကလေးဦးနှောက်အကျိတ်ဖြစ်ရသည့် အကြောင်းရင်းများကို တိကျစွာ မသိရသေးသော်လည်း မျိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ ပေါင်းစပ်ပါဝင်နိုင်သည်။ အဓိကအချက်များမှာ_

  1. မျိုးဗီဇပြောင်းလဲမှု
    • မိသားစုမျိုးရိုးမှလာသော ဗီဇပြောင်းလဲမှုများနှင့် ကလေးကြီးထွားဖွံ့ဖြိုးစဉ် ဗီဇပြောင်းလဲမှုများကြောင့်ဖြစ်သည် (ဥပမာ – Neurofibromatosis 1, Neurofibromatosis 2, Tuberous sclerosis)
  2. ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ
    • ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုရှိခဲ့ဖူးသူများ (ဥပမာ _ ယခင်က ဦးနှောက်အကျိတ် ကင်ဆာတစ်မျိုးကြောင့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူထားဖူးပါက အခြားဦးနှောက်အကျိတ်ကင်ဆာတစ်မျိုး ဖြစ်နိုင်ခြေ ပိုများခြင်း)
    • ကိုယ်ဝန်ဆောင်စဉ် ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း
  3. အခြားဖြစ်နိုင်ခြေများ
    • ကိုယ်ခံအားနည်းသူများ (ဥပမာ _ ကိုယ်တွင်းအင်္ဂါအစားထိုးထားသူများ၊ HIV ပိုးကူးစက်ခံရသူများ)

အထက်ပါအကြောင်းရင်းများကြောင့် ဆဲလ်များသည် ပုံမှန်နှုန်းထက် ပို၍မြန်ဆန်စွာ ပွါးများလာပြီး အကျိတ်များ ဖြစ်ပေါ်လာသည်။ ထိုအကျိတ်သည် ကြီးထွားလာပြီး အနီးပတ်ဝန်းကျင်ရှိ ဦးနှောက်၏ အစိတ်အပိုင်းများကို ထိခိုက်စေသောကြောင့် ဦးနှောက်တစ်ရှူးများ ရောင်ရမ်းခြင်းနှင့် ဖိအားများကြောင့် ဦးနှောက်အာရုံကြောလက္ခဏာများ ဖြစ်ပေါ်လာစေသည်။

ကလေးများတွင် အဖြစ်များသော ဦးနှောက်အကျိတ်အမျိုးအစားများ
  1. စတင်ဖြစ်ပေါ်ရာနေရာ (ဦးနှောက် သို့မဟုတ် ဦးနှောက်ပြင်ပ) ပေါ်မူတည်၍ အမျိုးအစားခွဲခြားခြင်း
    • ဦးနှောက်အကျိတ်များကို အဓိကအားဖြင့် မူရင်းဦးနှောက်အကျိတ် (Primary brain tumours) နှင့် ဦးနှောက်ပြင်ပမှ ပျံ့နှံ့လာသောအကျိတ် (Secondary brain tumours) ဟူ၍ ခွဲခြားနိုင်သည်
    • မူရင်းဦးနှောက်အကျိတ်ဆိုသည်မှာ ဦးနှောက်အတွင်း တစ်နေရာရာမှ စတင်ဖြစ်ပေါ်လာသော အကျိတ်ဖြစ်သည်
    • ခန္ဓာကိုယ်၏ အခြားသောအစိတ်အပိုင်းများသို့ ပျံ့နှံ့ရန် ခဲယဥ်းသည်
    • ကလေးများတွင် ဦးနှောက်ပြင်ပမှ ပျံ့နှံ့လာသော အကျိတ်များသည် ရှားပါး၍ တွေ့ရခဲသည်
  2. ကင်ဆာကျိတ် သို့မဟုတ် ရိုးရိုးအကျိတ် အမျိုးအစားခွဲခြားခြင်း
    • ဦးနှောက်အကျိတ်များကို အသားစစစ်ဆေးမှုအဖြေပေါ် မူတည်၍ ကြီးထွားမှုနှေးသော ကင်ဆာမဟုတ်သည့်အကျိတ်နှင့် ကြီးထွားမှုမြန်သော ကင်ဆာအကျိတ်ဟူ၍လည်း ခွဲခြားနိုင်သည်
    • ကြီးထွားမှုနှေးသော ကင်ဆာမဟုတ်သည့်အကျိတ်တွင် ကင်ဆာဆဲလ်များ ပါဝင်လေ့မရှိသောကြောင့် အကျိတ်ကို ခွဲစိတ်ဖယ်ရှားပြီးလျှင် ပြန်၍မဖြစ်နိုင်ပါ
    • သို့သော် အကျိတ်အရွယ်အစားနှင့် တည်နေရာပေါ် မူတည်၍ ကင်ဆာအကျိတ်များနှင့်ဆင်တူသော လက္ခဏာများ ခံစားရနိုင်ပြီး ကြီးထွားသည့်နေရာပေါ် မူတည်၍ ကုသရန်ခက်ခဲသည်များလည်းရှိသည်
    • ကြီးထွားမှုမြန်သော ဦးနှောက်အကျိတ်ကင်ဆာများသည် ပတ်ဝန်းကျင်ရှိ တစ်ရှူးများသို့ ပျံ့နှံ့နိုင်သော်လည်း ခန္ဓာကိုယ်၏ အခြားသောအစိတ်အပိုင်းများသို့ ပျံ့နှံ့နိုင်ခြေ နည်းပါးသည်၊ သို့သော် ထိုအကျိတ်ကင်ဆာများသည် ကုသမှုခံယူပြီးနောက် ပြန်ဖြစ်နိုင်သည်
  3. စတင်ဖြစ်ပေါ်လာသည့် ဦးနှောက်ဆဲလ်အမျိုးအစား သို့မဟုတ် ကင်ဆာဆဲလ်များ ကြီးထွားလာသည့် ဦးနှောက်၏ အစိတ်အပိုင်းပေါ် မူတည်၍ အမျိုးအစားခွဲခြားခြင်း
    • Gliomas
      အဖြစ်များသော ဦးနှောက်အကျိတ်အမျိုးအစားဖြစ်သည်။ ဦးနှောက်၏ ထောက်ပံ့တစ်ရှူးဆဲလ် (Glial cells) များမှ စတင်ဖြစ်ပေါ်သည်။ Gliomas အမျိုးအစား များစွာရှိပြီး၊ အဓိကနှစ်မျိုးမှာ Astrocytoma နှင့် Ependymoma ဖြစ်သည်။
    • Mixed neuronal-glial tumours
      ဦးနှောက်၏ထောက်ပံ့တစ်ရှူးဆဲလ် (Glial cells) နှင့် အာရုံကြောဆဲလ် (Ganglion cells) များ ရောစပ်ပါဝင်သောအကျိတ်များဖြစ်သည်။ အာရုံကြောအဖွဲ့အစည်း၏ နေရာအနှံ့တွင် ဖြစ်ပေါ်နိုင်သော်လည်း အဖြစ်အများဆုံးနေရာမှာ ဦးနှောက်ကြီးအစိတ်အပိုင်း (Cerebrum) တွင်ဖြစ်သည်။
    • Embryonal tumours
      ကောင်းမွန်စွာဖွံ့ဖြိုးမှုမရှိသေးသော ဦးနှောက်သန္ဓေဆဲလ်များမှ ဖြစ်ပေါ်သည်။ အဓိကအမျိုးအစားနှစ်မျိုး ခွဲခြားထားနိုင်သည်။
      • Primitive Neuroectodermal Tumours (PNET)
        အာရုံကြောအဖွဲ့အစည်း နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နိုင်ပြီး အတွေ့ရများဆုံးနေရာမှာ ဦးနှောက်ငယ် (Cerebellum) အနီးတွင်ဖြစ်ပြီး Medulloblastoma ဟုခေါ်သည်။
      • Atypical Teratoid Tumour
        အာရုံကြောအဖွဲ့အစည်း နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နိုင်ပြီး အတွေ့ရများဆုံးနေရာမှာ ဦးနှောက်ငယ် (Cerebellum) အနီးတွင်ဖြစ်သည်။ ထိုအကျိတ်ဖြစ်ပွါးသူ လူနာများ၏ (၉၀) ရာခိုင်နှုန်းခန့်သည် အသက် (၂) နှစ်အောက် ကလေးများဖြစ်သည်။
    • Choroid plexus papilloma/ carcinoma
      ထိုအကျိတ်အမျိုးအစားများကို ဦးနှောက်အတွင်းရှိ အရည်အိတ်များ (Ventricles) တွင် တွေ့နိုင်သည်။ ထိုအကျိတ်အမျိုးအစားများသည် ကြီးထွားမှုနှေးသော ကင်ဆာမဟုတ်သည့်အကျိတ်နှင့် ကြီးထွားမှုမြန်သော ကင်ဆာအကျိတ်များဖြစ်နိုင်ပြီး အာရုံကြောအဖွဲ့အစည်းတစ်လျှောက်တွင် ပျံ့နှံ့နိုင်သည်။
    • Tumours arising from non-neuroepithelial tissue
      ထိုအကျိတ်အမျိုးအစားများတွင် Craniopharyngioma နှင့် Pineal region tumours များ ပါဝင်သည်။
      • Craniopharyngioma
        ကင်ဆာမဟုတ်သောအကျိတ် ဖြစ်သော်လည်း ပီကျူထရီဂလင်းနှင့် အမြင်အာရုံကြော၏အနီးတွင် ဖြစ်လေ့ရှိသောကြောင့် ပြင်းထန်သော ဦးနှောက်အာရုံကြောနှင့် ‌ဟော်မုန်းပြဿနာများ ဖြစ်ပေါ်နိုင်သည်။
      • Pineal region tumours
        ဦးခေါင်းခွံ၏အခြေတွင်ရှိသော ပင်နီရယ်ဂလင်း (Pineal gland) အနီးတွင် ဖြစ်ပေါ်သည်။ အဖြစ်အများဆုံးအမျိုးအစားမှာ Germinoma ဖြစ်သည်။
ရောဂါလက္ခဏာများ

ကလေးများတွင် ဦးနှောက်အကျိတ်၏ လက္ခဏာများသည် အကျိတ်တည်နေရာ၊ အရွယ်အစားနှင့် ကြီးထွားမှုနှုန်းပေါ်မူတည်၍ ကွာခြားနိုင်သည်။ အဖြစ်များသောလက္ခဏာများမှာ_

  1. ယေဘုယျ လက္ခဏာများ
    • ရက်ရှည်ပျို့အန်ခြင်း _ အထူးသဖြင့် မနက်အိပ်ရာထစအချိန်တွင် ပိုဆိုးလေ့ရှိသည်
    • ရက်ရှည်ခေါင်းကိုက်ခြင်း _ အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာနိုင်ပြီး မနက်ပိုင်းတွင် ပိုပြင်းထန်လေ့ရှိသည်
    • တက်ခြင်း သို့မဟုတ် သတိလစ်ခြင်း
  2. အာရုံကြောနှင့် အာရုံခံစားမှုဆိုင်ရာ လက္ခဏာများ
    • အမြင်အာရုံပြောင်းလဲခြင်း (ဥပမာ _ ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ မျက်လုံးလှုပ်ရှားမှုပုံမှန်မဟုတ်ခြင်း၊ မျက်စိစွေခြင်း)
    • အကြားအာရုံဆိုင်ရာ ပြဿနာများ (ဥပမာ _ နားမကြားခြင်း၊ အသံများကို နားလည်ရန် ခက်ခဲခြင်း)
    • စကားပြောရာတွင် ခက်ခဲခြင်း၊ အစာမျိုရခက်ခြင်း
    • မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ သို့မဟုတ် ဉာဏ်ရည်ကျဆင်းလာခြင်း
  3. လှုပ်ရှားမှုနှင့် ဟန်ချက်ထိန်းခြင်းဆိုင်ရာ ပြဿနာများ
    • လမ်းလျှောက်ရာတွင် ခက်ခဲခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း
    • လက် သို့မဟုတ် ခြေထောက်များ အားနည်းခြင်း သို့မဟုတ် အာရုံခံစားနိုင်မှု မရှိခြင်း
    • မျက်နှာတစ်ခြမ်း အားနည်းခြင်း၊ ရွဲ့ခြင်း
  4. ကလေးငယ်များတွင် တွေ့ရသော လက္ခဏာများ
    • ငယ်ထိပ်ဖောင်းခြင်း
    • ခေါင်းစောင်းခြင်း
    • စကားမပြောတတ်သေးသော ကလေးငယ်များတွင် ပုံမှန်ထက်ပို၍ ဂနာမငြိမ်ဖြစ်ခြင်း (ခေါင်းကိုက်သည့် ဝေဒနာကို မပြောပြနိုင်သောကြောင့်)
  5. အပြုအမူနှင့် ကြီးထွားမှုဆိုင်ရာ ပြောင်းလဲမှုများ
    • ကိုယ်ရည်ကိုယ်သွေး၊ မှတ်ဉာဏ်၊ အပြုအမူ သို့မဟုတ် စိတ်နေစိတ်ထားများ သိသိသာသာအချိန်တိုအတွင်းပြောင်းလဲခြင်း
    • ကြီးထွားမှုနှေးခြင်း သို့မဟုတ် ကြီးထွားမှု ရပ်တန့်သွားခြင်းတို့ဖြစ်သည်။
Brain tumor image 1
နောက်ဆက်တွဲပြဿနာများ

ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ _

  1. ဦးနှောက်အာရုံကြောနှင့် အာရုံခံစားမှုဆိုင်ရာ ပြဿနာများ
    လုံးဝပြန်မကောင်းဘဲ ကျန်နေနိုင်သည်၊ အတက်ရောဂါအနေနှင့် ဆက်ရှိနေနိုင်သည်၊ ခြေလက်များမသန်ဘဲ ကျန်ခဲ့နိုင်သည်
  2. ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ စိုးရိမ်မှုများ
    ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ကင်ဆာဆေးသွင်းကုသမှုများကြောင့် လူပျို၊ အပျိုဖော်ဝင်နောက်ကျခြင်းနှင့် မျိုးပွါးနိုင်စွမ်းဆိုင်ရာ ပြဿနာများဖြစ်နိုင်သည်၊ ပီကျူထရီဂလင်းထိခိုက်ပါက ကြီးထွားမှုနှေးကွေးခြင်း သို့မဟုတ် ရပ်တန့်သွားခြင်းများ ဖြစ်နိုင်သည်
  3. စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ
    ဦးနှောက်ပြောင်းလဲမှုများ၊ ရောဂါ၏ ပြင်းထန်မှုနှင့် ကုသမှု၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဉာဏ်ရည်နှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဆက်ရှိနေနိုင်သည်
  4. ကုသမှုနှင့်ဆိုင်သော ဘေးထွက်ဆိုးကျိုးများ
    ကင်ဆာကုဆေးများကြောင့် ဆံပင်ကျွတ်ခြင်း၊ မောပန်းလွယ်ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းနှင့် ရောဂါပိုးဝင်လွယ်ခြင်းတို့ဖြစ်နိုင်သည်
  5. ကင်ဆာပြန်ဖြစ်နိုင်ခြင်း
    ဦးနှောက်အကျိတ် ပြန်ဖြစ်ခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ကုသမှုကြောင့် အခြားကင်ဆာများ ပြန်ဖြစ်နိုင်ခြေ မြင့်မားသည်
ဆေးရုံ၊ ဆေးခန်းပြသရန်

ကလေးသည် အထက်ဖော်ပြပါလက္ခဏာများကို ခံစားနေရပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေ ပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း

ကလေးများတွင် ဖြစ်ပွါးတတ်သည့် ဦးနှောက်အကျိတ်များ၏ အစောပိုင်းလက္ခဏာများသည် အခြားသော မပြင်းထန်သည့်ရောဂါများနှင့် အလားသဏ္ဌာန်တူသည့်အတွက် ရောဂါဖြစ်စတွင် သတိထားမိရန် ခဲယဥ်းသည်။ တစ်ခါတစ်ရံတွင် အကျိတ်အမျိုးအစားနှင့် တည်နေရာအပေါ် မူတည်၍ အချိန်အတိုင်းအတာတစ်ခု ကြာပြီးမှသာ အကျိတ်ကို ရှာဖွေဖော်ထုတ်၍ ရတတ်သည်။

ကလေး၏ရောဂါ ရှာဖွေရန်အတွက် ရောဂါရာဇဝင်မေးမြန်းခြင်း၊ အသေးစိတ်စမ်းသပ်စစ်ဆေးခြင်း (အထူးသဖြင့် ဦးနှောက်အာရုံကြောလက္ခဏာများ)၊ အမြင်အာရုံနှင့် အကြားအာရုံတို့ကို စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ ထို့နောက် ရောဂါလက္ခဏာများပေါ်မူတည်၍ သွေးစစ်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ ပီအီးတီစကင်န် (PET scan) ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ ထိုစစ်ဆေးမှုများမှ ဦးနှောက်အကျိတ်ဟု‌ သံသယရှိပါက အသားစယူစစ်ဆေးခြင်း (Biopsy) ပြုလုပ်နိုင်သည်။ အသားစအဖြေပေါ် မူတည်၍ ကုသမှုများ ကွဲပြားမှုရှိသည်။

အချို့အခြေအနေများတွင် အကျိတ်အတွင်းရှိ သွေးကြောများနှင့် သွေးစီးဆင်းမှု အခြေအနေများကို သိရှိရန် ဦးနှောက်သွေးကြောဓာတ်မှန် (Angiogram) ရိုက်ကူးခြင်းနှင့် အကျိတ်နှင့် သက်ဆိုင်သော မျိုးဗီဇများကိုလည်း စစ်ဆေးခြင်း (Genetic testing) တို့ကို ဆက်လက်ပြုလုပ်နိုင်သည်။ ထို့အပြင် ရောဂါလက္ခဏာဆင်တူသည့် အခြားရောဂါအခြေအနေများအတွက် လိုအပ်ပါက

  • ခါးဆစ်ရိုးကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture)
  • ဦးနှောက်လှိုင်းပုံဖော်စစ်ဆေးခြင်း (EEG) နှင့်
  • ဟော်မုန်းပမာဏများ စစ်ဆေးခြင်း (Hormonal assays) တို့ကိုလည်း စစ်ဆေးနိုင်သည်။
ဦးနှောက်အကျိတ်များကို ရောဂါအဆင့်သတ်မှတ်ခြင်း (Grading)

အထက်ပါ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဦးနှောက်အကျိတ်များ၏ အသားစနမူနာများကို စစ်ဆေးလေ့လာသည့် အဖြေများပေါ်မူတည်၍ ကင်ဆာအကျိတ်နှင့် ကင်ဆာမဟုတ်သော သာမန်အကျိတ်စသည်ဖြင့် အဆင့်သတ်မှတ်ခွဲခြားနိုင်သည်။ အဆင့် (၁) မှ (၄) အထိ သတ်မှတ်ထားပြီး အသားစအဖြေတွင် တွေ့ရသော ဆဲလ်များသည် ပုံမှန်ဆဲလ်များနှင့်မတူဘဲ ပိုမိုထူးခြားနေလျှင် အဆင့်ပိုမြင့်ပြီး (ဥပမာ – အဆင့် ၄ အကျိတ်ဖြစ်ပြီး) ကင်ဆာဖြစ်နိုင်ခြေ ပိုများသည်

  • အဆင့် (၁) အကျိတ် – အကျိတ်အတွင်းရှိ ဆဲလ်များသည် ပုံမှန်ဆဲလ်များနှင့် အလွန်တူညီသည်၊ ပုံမှန်အားဖြင့် ကြီးထွားမှုနှုန်းနှေးပြီး အခြားနေရာများသို့ ပျံ့နှံ့နိုင်ခြေ နည်းပါးသည်၊ ဤအဆင့်သည် အများအားဖြင့် ကင်ဆာမဟုတ်သော သာမန်အကျိတ်များဖြစ်သည်
  • အဆင့် (၂) အကျိတ် – အကျိတ်အတွင်းရှိ ဆဲလ်များကို ပုံမှန်မဟုတ်သော ပုံသဏ္ဌာန်များအဖြစ် စတင်တွေ့ရှိရသည်၊ ၎င်းတို့သည် ကြီးထွားမှုနှုန်း နှေးသော်လည်း အနီးတစ်ဝိုက်ရှိ ဦးနှောက်တစ်ရှူးများထံသို့ ပျံ့နှံ့နိုင်သည်
  • အဆင့် (၃) အကျိတ် – ပုံသဏ္ဌာန်မမှန်သော ဆဲလ်များ ပိုမိုတွေ့ရှိရပြီး ဦးနှောက်၏ အစိတ်အပိုင်းများနှင့် ခါးရိုးဆစ်အာရုံကြောမအထိ ပျံ့နှံ့နိုင်ခြေရှိသည်၊ ထိုအကျိတ်သည် ကင်ဆာအကျိတ်ဖြစ်နိုင်ခြေ ပိုများသည်
  • အဆင့် (၄) အကျိတ် – ဆဲလ်များ အလွန်အမင်း ပုံသဏ္ဌာန်ပျက်ယွင်းနေပြီး အကျိတ်သည်လည်း ကြီးထွားပျံ့နှံ့မှုနှုန်း အလွန်များသော ကင်ဆာအကျိတ်အမျိုးအစားဖြစ်သည်၊ ၎င်းသည်လည်း ဦးနှောက်၏ အစိတ်အပိုင်းများနှင့် ခါးရိုးဆစ်အာရုံကြောမအထိ ပျံ့နှံ့နိုင်ခြေရှိသည်
ကုသခြင်း

ဦးနှောက်အကျိတ်ကုသရာတွင် ကလေး၏ အသက်၊ အကျိတ်အမျိုးအစား၊ အရွယ်အစားနှင့် တည်နေရာ စသည့်အချက်အလက်များစွာကို အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်သည်။ ကုသမှုနည်းလမ်းများကို ဆုံးဖြတ်ရာတွင် ကလေးအထူးကုဆရာဝန်များ၊ ကလေးကင်ဆာ အထူးကုဆရာဝန်များ၊ ကလေးဦးနှောက်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်များနှင့် ကလေးဟော်မုန်းဗေဒ အထူးကုဆရာဝန်များစသည့် အထူးကုဆရာဝန်များမှ အဖွဲ့တစ်ဖွဲ့အဖြစ် စုပေါင်း၍ ညိနှိုင်းဆွေးနွေးကုသခြင်း (Multidisciplinary Team – MDT) ကို ပြုလုပ်ပေးလေ့ရှိသည်။

ကုသမှုပေးနိုင်သော နည်းလမ်းများမှာ_

  • ခွဲစိတ်ကုသခြင်း (Surgery)
    • ကလေးများတွင်ဖြစ်သော ဦးနှောက်အကျိတ်အများစုသည် ခွဲစိတ်မှုပြုလုပ်ခြင်း သို့မဟုတ် အသားစယူစစ်ဆေးခြင်း ပြုလုပ်ရန် လိုအပ်သည်
    • အကျိတ်၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အကုန်လုံးကို ခွဲစိတ်ဖယ်ရှားခြင်း၊ ဦးနှောက်တွင်း ဖိအားများနေပါက ပိုက်ထည့်၍ အရည်များကို လမ်းလွှဲပေးခြင်း (VP Shunt) တို့ ပြုလုပ်သည်
    • အချို့ကြီးထွားမှုနှေးသော အကျိတ်အမျိုးအစားများတွင် ခွဲစိတ်ကုသခြင်းတစ်ခုတည်းသာ လိုအပ်သည်များလည်း ရှိနိုင်သည်
  • ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
    • ကင်ဆာဆေးဝါးများကို သောက်ဆေးအနေဖြင့်လည်းကောင်း၊ အကြောဆေးအနေဖြင့်လည်းကောင်း၊ ခါးဆစ်ရိုးကြားရှိ အရည်အတွင်းသို့ တိုက်ရိုက်ထိုး၍လည်းကောင်း အသုံးပြုနိုင်သည်
    • အဖြစ်များသော နောက်ဆက်တွဲပြဿနာများမှာ ပျို့ခြင်း၊ အန်ခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် ကိုယ်ခံအားကျဆင်းခြင်းတို့ဖြစ်သည်
  • ဓာတ်ရောင်ခြည်ပေး၍ကုသခြင်း (Radiation therapy)
    • အကျိတ်နှင့် ဘေးပတ်လည်တွင်ရှိသော တစ်ရှူးများအား စွမ်းအားမြင့်ဓာတ်ရောင်ခြည်ပေး၍ ကုသမှုပေးခြင်းဖြစ်သည်
    • အချို့သော အကျိတ်အမျိုးအစားများတွင်မူ ဦးနှောက်တစ်ခုလုံးနှင့် အာရုံကြောမကြီးကိုပါ ဓာတ်ရောင်ခြည်ပေးရန် လိုအပ်သည်
  • ကင်ဆာဆဲလ် သီးသန့်ပစ်မှတ်ထားကုသခြင်း (Targeted therapy)
    • အချို့သော ဦးနှောက်အကျိတ် အမျိုးအစားများအတွက် အသုံးပြုနိုင်ပြီး ဦးနှောက်အကျိတ်ဆဲလ်များအတွင်းရှိ ဓာတ်ပစ္စည်းများကို တိုက်ခိုက်ခြင်းဖြင့် အကျိတ်ဆဲလ်များကို သေစေခြင်းဖြစ်သည်
  • အခြားဆေးဝါးများ _ ခံစားရသော လက္ခဏာများပေါ်မူတည်၍ စတီးရွိုက်ဆေးများပေးခြင်း၊ အတက်ကျဆေးများပေးခြင်း စသည်တို့ပါဝင်သည်

ကလေးများတွင် ကုသမှုပြီးဆုံးပြီးနောက်ပိုင်းတွင်လည်း ကင်ဆာပြန်ဖြစ်လာခြင်း (recurrence) နှင့် ကုသမှု၏ ရေရှည်အကျိုးသက်ရောက်မှုကို စောင့်ကြည့်ရန် လိုအပ်သည်။ ခန္ဓာကိုယ်လေ့ကျင့်ခန်းများဖြင့် ကုသမှုပေးခြင်း၊ နေ့စဥ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ရန် လေ့ကျင့်မှုပေးခြင်း၊ စကားပြောစွမ်းရည် ပြန်လည်လေ့ကျင့်ပေးခြင်းနှင့် ကျောင်းနေအရွယ်ကလေးများတွင် သင်ယူမှုစွမ်းရည်၊ လေ့လာတွေးခေါ်မှု စွမ်းရည်များအတွက် ပြန်လည်ကူညီပေးခြင်းစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီလုပ်ဆောင်ပေးရသည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကင်ဆာအကျိတ်ကို တိုက်ရိုက်ခွဲစိတ်ကုသမှု မပြုနိုင်သော ကလေးများတွင် ပြင်းထန်စွာ ခံစားနေရသော ဝေဒနာများကို သက်သာစေရန် စောင့်ရှောက်မှု ပေးနိုင်သည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် နာကျင်မှုများ သက်သာခြင်း၊ ကောင်းစွာအိပ်စက်နိုင်ခြင်း စသည်တို့အပြင် ကလေးနှင့်မိသားစု၏ ဘဝနေထိုင်မှု အရည်အသွေးကိုပါ တိုးတက်စေသည်။

ကာကွယ်ခြင်း

ဖြစ်ပေါ်စေနိုင်သော အ‌ကြောင်းအရာကို အတိအကျမသိနိုင်သောကြောင့် ကာကွယ်ရန် နည်းလမ်းမရှိပါ။ သို့သော် ဦးနှောက်ကင်ဆာကို ဖြစ်စေနိုင်သော (ဥပမာ _ ဓာတ်ရောင်ခြည်ထိတွေ့မှုကို လျှော့ချခြင်း) အချက်များကို ရှောင်ကြဥ်ခြင်းအားဖြင့် ဖြစ်ပွါးမှုနှုန်းကို လျော့နည်းစေနိုင်သည်။

References:

  1. Cleveland Clinic. (2023). Brain tumor in children. Retrieved February 9, 2026, from https://my.clevelandclinic.org/health/diseases/6148-brain-tumor-childhood
  2. Mayo Clinic. (2024). Pediatric brain tumor: Symptoms and causes. Retrieved February 9, 2026, from https://www.mayoclinic.org/diseases-conditions/pediatric-brain-tumor/symptoms-causes/syc-20361694
  3. Mayo Clinic. (2024). Pediatric brain tumor: Diagnosis and treatment. Retrieved February 9, 2026, from https://www.mayoclinic.org/diseases-conditions/pediatric-brain-tumor/diagnosis-treatment/drc-20361706
  4. The Brain Tumour Charity. (n.d.). Childhood brain tumour signs and symptoms. Retrieved February 9, 2026, from https://www.thebraintumourcharity.org/brain-tumour-signs-symptoms/childhood-brain-tumours/
  5. Children’s Hospital of Philadelphia. (n.d.). Pediatric brain tumors. Retrieved February 9, 2026, from https://www.chop.edu/conditions-diseases/pediatric-brain-tumors
  6. Cancer Research UK. (n.d.). Brain tumour grades. Retrieved February 9, 2026, from https://www.cancerresearchuk.org/about-cancer/brain-tumours/grades

Published: 26 February 2025

Last updated: 18 March 2026

Share

26 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.