မွေးကင်းစ မိန်းကလေးများတွင် မွေးဖွားပြီး ရက်ပိုင်းအတွင်း မိန်းမကိုယ်မှ သွေးဆင်းခြင်းသည် ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တတ်သဖြင့် ပူပန်ရန်မလိုပေ။ ၎င်းသည် မွေးကင်းစကလေးများ၏ (၅) ရာခိုင်နှုန်းခန့်တွင်တွေ့ရပြီး များသောအားဖြင့် မစိုးရိမ်ရသော အခြေအနေဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မိခင်၏သားအိမ်အတွင်းရှိစဉ်က မိခင်ထံမှ အမျိုးသမီးဟော်မုန်းများသည် အချင်းနှင့်ချက်ကြိုးမှတစ်ဆင့် သန္ဓေသားဆီသို့ ရောက်ရှိသည်။ မွေးဖွားပြီးနောက်တွင် ထိုဟော်မုန်းများ ကလေးထံသို့ မရောက်ရှိတော့သောကြောင့် ကလေး၏ခန္ဓာကိုယ်အတွင်း ဟော်မုန်းပမာဏ ရုတ်တရက် ကျဆင်းသွားသည်။ ထိုအခါ ကလေး၏ မိန်းမကိုယ်မှ မိန်းကလေးတစ်ဦး ရာသီသွေးဆင်းသကဲ့သို့ အနီရောင်အရည်ကြည်များ ဆင်းလေ့ရှိသည်။
ဤအခြေအနေသည် များသောအားဖြင့် အသက် (၃)ရက် မှ (၁၀)ရက်အတွင်း အများဆုံးဖြစ်ပေါ်တတ်သည်။ သွေးရည်ကြည်ကဲ့သို့ အရောင်ဖျော့ဖျော့မှ သွေးရောင်အနီရဲရဲအဆင့်ထိ ဆင်းတတ်သည်။ အနံ့ဆိုးမရှိဘဲ သွေးဆင်းသည့်ပမာဏလည်း များလေ့မရှိပါ။
ပုံမှန်ဟော်မုန်းပြောင်းလဲမှုကြောင့် မဟုတ်ဘဲ အောက်ပါအကြောင်းရင်းများကြောင့်လည်း မွေးကင်းစကလေး၏ မိန်းမကိုယ်မှ သွေးဆင်းခြင်းများ ဖြစ်နိုင်သည်။
- ပိုးဝင်ခြင်း (Infection) _ မွေးဖွားစဉ် ပြန်ရည်ပြွန်ပိုးဝင်ခြင်း (gonorrhea) သို့မဟုတ် အခြားပိုးဝင်ခြင်းများကြောင့် မိန်းမကိုယ်တစ်ဝိုက် ရောင်ရမ်းပြီး သွေးထွက်နိုင်သည်
- ဒဏ်ရာရရှိခြင်း (Trauma) _ အလွန်အမင်းပွတ်တိုက်မိခြင်း၊ အတွင်းခံ သို့မဟုတ် လွှမ်းခြုံထားသည့်အဝတ်အစားများကြောင့် ပွန်းပဲ့ထိခိုက်ဒဏ်ရာရပြီး သွေးထွက်နိုင်သည်
- သွေးခဲနိုင်စွမ်းဆိုင်ရာ ပြဿနာ (Coagulation disorder) _ မွေးရာပါ သွေးမခဲသောရောဂါများ သို့မဟုတ် ဗီတာမင် K ချို့တဲ့ခြင်းကဲ့သို့သော အခြေအနေများသည်လည်း သွေးထွက်လွန်ခြင်းကို ဖြစ်စေနိုင်သည်
- ဟော်မုန်းမဟုတ်သည့် အခြားအကျိတ်များ (Tumors) _ ရှားပါးသော်လည်း မိန်းမကိုယ် သို့မဟုတ် သားအိမ်ဝတွင် အကျိတ်များရှိပါက သွေးဆင်းစေနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
ပုံမှန်ဟော်မုန်းပြောင်းလဲမှုကြောင့် သွေးဆင်းခြင်းဖြစ်ပါက ဆေးရုံ၊ ဆေးခန်းပြသရန် မလိုပေ။ သို့သော် အောက်ပါလက္ခဏာများရှိပါက ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။
- သွေးဆင်းသည့်ပမာဏ အလွန်များလျှင်
- ကလေးအသက် (၁၀) ရက်ကျော်သည်အထိ သွေးဆက်တိုက်ဆင်းနေလျှင်
- သွေးဆင်းသည့်အရည်တွင် အနံ့ဆိုးထွက်လျှင် သို့မဟုတ် ပြည်ကဲ့သို့ အဝါရောင်အရည်များ ဆင်းလျှင်
- ကလေး နို့ကောင်းစွာမစို့ဘဲ အီနေ၊ မှိန်းနေ၊ ဖြူဖျော့နေလျှင်
ကုသခြင်း
ပုံမှန်အားဖြင့် ကလေးအသက် (၇)ရက် မှ (၁၀)ရက်ခန့်တွင် သွေးဆင်းခြင်း အလိုအလျောက် ရပ်သွားတတ်သောကြောင့် စိုးရိမ်ရန်မလိုပါ။ သီးသန့်ကုသရန်မလိုပါ။
- သွေးဆင်းနေသော မိန်းမကိုယ်အင်္ဂါ အနီးတဝိုက်ကို သန့်ရှင်းခြောက်သွေ့စေရန် ဂရုပြုသင့်သည်
- ပိုးသတ်ထားသော ဂွမ်းအသန့် သို့မဟုတ် တစ်ရှုးကို သုံး၍ ရေနွေးနွေးဖြင့် သန့်ရှင်းပေးနိုင်သည်၊ ဆပ်ပြာသုံးရန် မလိုပါ
- သန့်ရှင်းရေး လုပ်ပေးချိန်တွင်လည်း မိန်းမကိုယ် အရှေ့မှ အနောက်သို့သာ သုတ်ပေးရမည်
ကာကွယ်ခြင်း
သီးသန့်ကာကွယ်နိုင်သော နည်းလမ်းမရှိပါ။ သို့သော် မွေးကင်းစအရွယ် သွေးဆင်းဖူးသော မိန်းကလေးများတွင် အပျိုဖော်ဝင်ချိန်၌ သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း (Endometriosis) ဖြစ်နိုင်ကြောင်း လေ့လာချက်များအရ သိရသောကြောင့် စောင့်ကြည့်ရန်လိုသည်။
References:
- WebMD. (n.d.). Your newborn girl’s genitals and bleeding. Retrieved July 26, 2025, from https://www.webmd.com/parenting/baby/your-newborn-girls-genitals-bleeding
- Dekker, J., et al. (2021). Neonatal uterine bleedings: An ignored sign but a possible cause of early-onset endometriosis. Biomedical Hub, 6(1), 6-16. https://doi.org/10.1159/000512663
- NCBI Bookshelf. (n.d.). Post-streptococcus pyogenes glomerulonephritis. Retrieved July 26, 2025, from https://www.ncbi.nlm.nih.gov/pmc/articles/PMC5505234/
Published: 30 August 2024
Last updated: 24 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.