Constipation (ဝမ်းချုပ်ခြင်း)

Constipation (ဝမ်းချုပ်ခြင်း)

ဝမ်းချုပ်ခြင်းဆိုသည်မှာ ‌တစ်ပတ်အတွင်း (၃) ကြိမ်နှင့်အောက် ဝမ်းသွားခြင်းနှင့် ဝမ်းမာမာသွားခြင်းကြောင့် ဝမ်းသွားရခက်ခဲခြင်းတို့ကို ဆိုလိုသည်။ ဝမ်းချုပ်ခြင်းသည် လူတော်တော်များများ ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာတစ်ခု‌ဖြစ်သော်လည်း အခြားရောဂါအခံတစ်ခုခုကြောင့်လည်း ဝမ်းချုပ်ခြင်း ဖြစ်နိုင်သည်။ နာတာရှည်ဝမ်းချုပ်ခြင်းကို ခံစားနေရလျှင် ဆေးရုံ၊ ဆေးခန်းပြသသင့်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လူတစ်ဦးနှင့်တစ်ဦး အူလမ်းကြောင်း အလုပ်လုပ်ပုံခြင်း မတူညီကြပါ။ လူတစ်ဦးသည် တစ်နေ့ (၃)ကြိမ် မှ တစ်ပတ် (၃)ကြိမ်အထိ ဝမ်းသွားလျှင် ပုံမှန်ဝမ်းသွားခြင်းဟု သတ်မှတ်နိုင်သည်။ မိမိ၏ ပုံမှန် ဝမ်းသွားသည့် အကြိမ်အရေအ‌တွက်ကို မှတ်ထားရန် အရေးကြီးသည်။

ယေဘုယျအားဖြင့် ဝမ်းချုပ်ခြင်းသည် အူမကြီးလှုပ်ရှားမှု နှေးကွေးလွန်းသောကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ထိုသို့လှုပ်ရှားမှု နှေးကွေးလာလျှင် အူလမ်းကြောင်းရှိ ရေများကို ပိုမိုစုပ်ယူခြင်းကြောင့် ဝမ်းသည်မာ၍ ခြောက်သွေ့ပြီး ဝမ်းချုပ်ခြင်းကို ‌ဖြစ်စေသည်။

ဝမ်းချုပ်စေသော အကြောင်းရင်းများစွာရှိသည်။

  • နေထိုင်စားသောက်ပုံနှင့် ပတ်သက်သောအချက်များ _ ရေလုံလောက်စွာ မသောက်ခြင်း၊ အမျှင်ဓာတ် အလုံအလောက် မစားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်မလုပ်ခြင်း၊ ဝမ်းသွားချင်သော်လည်း ထိန်းချုပ်ထားခြင်း
  • တချို့သောဆေးဝါးများ (အကိုက်ခဲပျောက်ဆေး၊ သွေးပေါင်ကျဆေး၊ အတက်ကျဆေး၊ သံဓာတ် အားဆေး)
  • တင်ပါးဆုံကြွက်သားများ အားနည်းခြင်းနှင့် ကြွက်သားကို ထောက်ပံ့ပေးသော အာရုံကြောရောဂါများ
  • စအိုနှင့် အူမကြီးရောဂါများ _ အူလမ်းကြောင်း ကင်ဆာအကျိတ်များနှင့် အူမကြီး ပတ်လည်ရှိ တစ်ရှူးများ ထိခိုက်ခြင်း
  • သက်ကြီးရွယ်အိုများတွင် အူမကြီးလှုပ်ရှားမှု နှေးကွေးခြင်းများကြောင့် ဖြစ်နိုင်သည်။

ထို့ပြင် နာတာရှည် ဝမ်းချုပ်ခြင်းကို ဖြစ်စေသည့် အခြားအကြောင်းရင်းများမှာ_

  • အူလမ်း‌ကြောင်းလှုပ်ရှားမှု မမှန်သည့်ရောဂါ (Irritable Bowel Syndrome)
  • ဆီးချိုရောဂါ
  • ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများ (Multiple Sclerosis, Parkinson’s disease)
  • သိုင်းရွိုက်ဟော်မုန်းရောဂါများ
  • ကိုယ်ဝန်ဆောင်ချိန်ကာလ
  • အချို့လူများတွင် အကြောင်းရင်း ရှာမရခြင်း စသည်တို့ဖြစ်သည်။
ဝမ်းချုပ်ခြင်း ဖြစ်နိုင်ခြေ ပိုများသူများ
  • အသက်အရွယ်ကြီးသူများ
  • အမျိုးသမီးများ
  • ကိုယ်လက်လှုပ်ရှားမှု လုံးဝမရှိသူများ
  • စိတ်ဓာတ်ကျခြင်း (သို့မဟုတ်) စားသောက်ခြင်း ပုံစံမမှန်သော စိတ်ရောဂါရှိသူများဖြစ်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
  • တစ်ပတ်လျှင် ဝမ်းသွားခြင်း (၃) ကြိမ်နှင့်အောက်ရှိခြင်း
  • ဝမ်းမာပြီး ခြောက်သွေ့ခြင်း၊ အတုံးအခဲလေးများ ဖြစ်ခြင်း
  • ဝမ်းသွားချိန် ဝမ်းအလွန်ညှစ်ရခြင်း၊ ဗိုက်နာခြင်း
  • ဝမ်းသွားပြီးနောက် ဝမ်းကျန်သေးသည်ဟု ခံစားရခြင်း
  • အူမကြီးတွင် တစ်ခုခုပိတ်နေသည်ဟု ခံစားရခြင်း
  • ဝမ်းသွားရန်အတွက် လက်ချောင်းနှင့် ကော်ထုတ်ရခြင်း စသည်တို့ခံစားနေရလျှင် ဝမ်းချုပ်နေခြင်းဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

နာတာရှည် ဝမ်းချုပ်ခြင်း၏ နောက်ဆက်တွဲပြဿနာများမှာ_

  • စအိုတစ်ဝိုက်ရှိ သွေးပြန်ကြောများ ‌ဖောင်းခြင်း (သို့မဟုတ်) လိပ်ခေါင်း ဖြစ်ခြင်း (Hemorrhoids)
  • စအိုတစ်ရှူးများ ပေါက်ပြဲခြင်း (သို့မဟုတ်) စအိုကွဲခြင်း (Anal Fissures)
  • မစင်များ မာကျောပြီး အူမကြီးအတွင်း ပိတ်ဆို့နေခြင်း (Fecal impaction)
  • စအိုအဝမှ စအိုလမ်းကြောင်းတစ်ရှူးများ အပြင်သို့ ကျွံထွက်လာခြင်း (Rectal Prolapse)
ဆေးရုံ၊ ဆေးခန်းပြသခြင်း

ဝမ်းချုပ်နေသည်ဟု မိမိဘာသာ ခံစားနေရလျှင် အစားအသောက်၊ အနေအထိုင်ကို ပြုပြင်၍ ဝမ်းမှန်အောင် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်တိုင် မသက်သာခဲ့လျှင် ဝမ်းပျေ့ာဆေးများကို ခေတ္တခဏ သုံးစွဲကြည့်နိုင်သည်။

ဝမ်းချုပ်ခြင်းနှင့်တွဲ၍ အောက်ပါရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် သေချာစွာတိုင်ပင်ဆွေးနွေးပြီး ရောဂါရှာဖွေကုသသင့်သည်။

  • ဝမ်းချုပ်ခြင်းနှင့် ဆက်စပ်လက္ခဏာများ ခံစားရနေသည်မှာ (၃) ပတ်နှင့်အထက်ရှိခြင်း
  • စအိုမှ သွေးထွက်ခြင်း သို့မဟုတ် အိမ်သာသုံး တစ်ရှူးတွင် သွေးစွန်းနေခြင်း
  • ဝမ်းသွားလျှင်သွေးပါခြင်း သို့မဟုတ် ဝမ်းအမဲရောင်သွားခြင်း
  • အလွန်အမင်း ဗိုက်အောင့်ခြင်း
  • ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းများ တလှည့်စီဖြစ်ခြင်း
  • ဝမ်းသွားစဉ် အကျိအချွဲများသွားခြင်း
  • ကိုယ်အလေးချိန် ကျဆင်းခြင်း

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ဝမ်းချုပ်ခြင်းနှင့် ဆက်စပ်သည့်ရောဂါများကို ရှာဖွေရန် လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ နေထိုင်စားသောက်မှုပုံစံများကို မေးမြန်းခြင်းနှင့် လူနာကို စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်မည်။ လူနာကို အထွေထွေစမ်းသပ်ခြင်း၊ ဝမ်းဗိုက်ကို စမ်းသပ်ခြင်းတို့အပြင် တစ်ခါတစ်ရံ စအိုအတွင်းသို့ လက်ညှိုးထည့်၍ စမ်းသပ်ခြင်းများ ပြုလုပ်ရန် လိုအပ်နိုင်သည်။

ဝမ်းချုပ်ခြင်းသည် အခြားရောဂါတစ်ခုခုနှင့် ဆက်စပ်နေသည်ဟု သံသယရှိပါက ဆရာဝန်မှ

  • သွေးစစ်ခြင်း
  • ဝမ်းဗိုက်ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းနှင့်
  • လိုအပ်ပါက စအိုနှင့် အူမကြီးအတွင်း မှန်ပြောင်းကြည့်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေနိုင်သည်။
  • အူလမ်းကြောင်းတစ်လျှောက် မစင်ဖြတ်သန်းသွားလာပုံကို စစ်ဆေးခြင်း
    • Radiopaque marker study (ဓာတ်မှန်အမှတ်အသားဖြင့် စစ်ဆေးခြင်း)
      ဆေးလုံးသောက်စေပြီး ဆေးလုံးထဲမှ အမှုန်ငယ်များသည် အူမကြီးတစ်လျှောက် ဖြတ်သန်းရန် ကြာမြင့်ချိန်ကို ဓာတ်မှန်ရိုက်ခြင်းဖြင့် စစ်ဆေးခြင်းဖြစ်သည်။
    • Scintigraphy (ဓာတ်ရောင်ခြည်သုံး စစ်ဆေးခြင်း)
      ဓာတ်ရောင်ခြည် အနည်းငယ်ထည့်ပြီး အထူးစီမံထားသော အစာကို စားပြီးနောက် အူမကြီးအတွင်း အစာရွေ့လျားမှုကို အထူးနည်းပညာစနစ်ဖြင့် တိုင်းတာခြင်းဖြစ်သည်။
  • အစာဟောင်းအိမ်နှင့် စအိုဝတို့၏ ပုံမှန်အလုပ်လုပ်ပုံနှင့် မစင်ကို ကောင်းစွာစွန့်ထုတ်နိုင်ခြင်း ရှိမရှိကို စစ်ဆေးခြင်း
    • Anorectal manometry (စအိုဝနှင့် အစာဟောင်းအိမ်၏ ဖိအားတိုင်းတာခြင်း)
      မှန်ပြောင်းငယ်တစ်ခုကို စအိုဝနှင့် အစာဟောင်းအိမ်အတွင်းထည့်ပြီးနောက် အဖျားပိုင်းတွင် ပူဖောင်းငယ်ပုံစံဖြစ်အောင် လေသွင်းပြီး ထိုမှန်ပြောင်းကို စအိုဝမှ ပြန်ထုတ်ယူသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မစင်စွန့်ခြင်းတွင် ပါဝင်သော ကြွက်သားများ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုင်းတာနိုင်သည်။
    • Balloon expulsion test (ပူဖောင်းစွန့်ထုတ်မှု စစ်ဆေးခြင်း)
      ဝမ်းချူဘောလုံးကဲ့သို့ ပူဖောင်းငယ်တစ်ခုကို စအိုထဲ ထည့်၍ ထိုပူဖောင်းကို မစင်ကဲ့သို့ အပြင်ညှစ်ထုတ်ရန် ကြာချိန်ကို တိုင်းတာသည်။ စအိုကြွက်သားများ၏ ကျုံ့ထားနိုင်မှုနှင့် ညှစ်နိုင်မှုတို့ကို စစ်ဆေးခြင်းဖြစ်သည်။
    • Defecography (မစင်စွန့်ခြင်း ပုံရိပ်ဖော်ခြင်း)
      မစင်စွန့်ပုံကို အခြေခံ၍ ပြုလုပ်ထားသည်။ ခပ်ပျစ်ပျစ် အရာဝတ္ထုကို စအိုထဲသို့ထည့်ထား၍ မစင်စွန့်သကဲ့သို့ စွန့်ထုတ်ချိန်တွင် ဓာတ်မှန်ရိုက်၍ စအိုဝနှင့် အစာဟောင်းအိမ်၏ လှုပ်ရှားမှုများကို စစ်ဆေးခြင်းဖြစ်သည်။
ကုသခြင်း
  1. အစားအသောက် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ကုသခြင်း
    • အမျှင်ဓာတ်ကြွယ်ဝသည့် အစားအစာများနှင့် အသီးအနှံ၊ ဟင်းသီးဟင်းရွက် များစွာစားသုံးပါ
    • တစ်နေ့လျှင် ရေ (သို့မဟုတ်) အခြားဖျော်ရည်ကို ဖန်ခွက် (၈)ခွက်မှ (၁၀)ခွက်ခန့် သောက်ပါ
    • ကော်ဖီ၊ အရက် လျှော့သောက်ပါ သို့မဟုတ် ရှောင်ပါ
    • ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
    • ဝမ်းသွားချင်သည့်အချိန်တွင် အောင့်ထားခြင်း မလုပ်ရပါ
  2. ဆေးဝါးများဖြင့် ကုသခြင်း
    အထက်ပါအတိုင်း စားသောက်နေထိုင်မှု ပြောင်းလဲသော်လည်း ဝမ်းချုပ်ခြင်း ဆက်လက်ခံစားနေရပါက ဝမ်းပျော့ဆေးကို သောက်သုံးကြည့်နိုင်သည်။ လူတစ်ဦးနှင့်တစ်ဦး ဝမ်းပျေ့ာဆေးအပေါ် တုံ့ပြန်မှု မတူညီသဖြင့် အကောင်းဆုံး ဝမ်းပျေ့ာဆေးဟူ၍ မရှိပါ။ မိမိနှင့်အဆင်ပြေနိုင်မည့် ဝမ်းပျေ့ာဆေးကို မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်၍ သောက်သုံးနိုင်သည်။
    ဆရာဝန်ဆေးစာမလိုဘဲ ဝယ်နိုင်သော ဝမ်းပျော့ဆေးများမှာ_
    • အမျှင်ဓာတ်ပါသော ဖြည့်စွက်စာများ (Fiber supplements) (e.g., Methylcellulose, Psyllium)
    • အူလမ်းကြောင်းနံရံမှ ရေကိုစုပ်ယူပြီး ဝမ်းကို ပွ၍ပျော့စေကာ သွားရလွယ်အောင် ပြုလုပ်ပေးသော ဝမ်းနုတ်ဆေးများ (Osmotics) (e.g., Milk of Magnesia (MOM), Dulcolax Liquid)
    • အူလမ်းကြောင်းလှုပ်ရှားမှု များစေသော ဆေးများ (Stimulants) (e.g., Bisacodyl, Senna)
    • သဘာဝ ချောဆီ (Mineral oil)
    • ဝမ်းပျော့ဆေးများ (e.g., Colace)
      ဝမ်းပျော့ဆေးပေးသော်လည်း မသက်သာသော လူနာများတွင် ဝမ်းချူဆေးရည်များ (Enemas) (သို့မဟုတ်) ဝမ်းချူဘောလုံးများ (Suppositories) ဖြင့်လည်း ဝမ်းသွားအောင် ပြုလုပ်ပေးနိုင်သည်။ ဝမ်းပျော့ဆေးများကို နှစ်ရှည်လများ စွဲမသောက်သင့်ပါ။ နှစ်ရှည်လများ စွဲသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း ဆားဓာတ်များ မျှတမှုမရှိခြင်း၊ အူလမ်းကြောင်း လှုပ်ရှားမှု နှေးကွေးသွားခြင်း၊ ဝမ်းပျေ့ာဆေး ဖြတ်လိုက်ပါက ပြန်၍ဝမ်းချုပ်ခြင်းတို့ ဖြစ်လာနိုင်သည်။ ဝမ်းမှန်လာပါက ဝမ်းပျေ့ာဆေးများကို ချက်ချင်းမရပ်ဘဲ အနည်းဆုံး တစ်လခန့် ဆက်လက်သောက်သုံးပြီးမှ တဖြည်းဖြည်း ရပ်နားရမည်။
      မကြာခဏဝမ်းချုပ်ခြင်း မဖြစ်စေရန် ၎င်းကိုဖြစ်စေသော အကြောင်းရင်းကို ရှာဖွေကုသရမည်။
  3. လိုအပ်ပါက ခွဲစိတ်ကုသခြင်း
    ပုံမှန်အားဖြင့် ဝမ်းချုပ်ခြင်းသည် ခွဲစိတ်ကုသရန် မလိုအပ်ပါ။ သို့သော် အူလမ်းကြောင်းပိတ်ခြင်း၊ အူလမ်းကြောင်းကျဉ်းခြင်း၊ စအိုကွဲခြင်း စသည်တို့ဖြစ်ပါက ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။
  4. တင်ပါးဆုံ ကြွက်သားလေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း (Kegel exercise)
    ရေရှည်ဝမ်းချုပ်သူများတွင် တင်ပါးဆုံကြွက်သား၊ စအိုနှင့် အစာဟောင်းအိမ်ကြွက်သားများကို လေ့ကျင့်ပေးခြင်းအားဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်သည်။
ကာကွယ်ခြင်း

အောက်ပါနည်းလမ်းများကို လုပ်ဆောင်ခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်သည်။

  • အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သော ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများနှင့် ပဲအမျိုးမျိုးတို့ စားသုံးခြင်း
  • အမျှင်ဓာတ် ပါဝင်မှုနည်းသည့် ဆီကြော်မုန့်များ၊ အသားများ စားသုံးခြင်းကို လျှော့ချခြင်း
  • ရေများများသောက်ခြင်း
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း
  • ဝမ်းသွားချင်နေသည့်အချိန်တွင် ဝမ်းသွားခြင်း
  • ဝမ်းသွားခြင်းကို အလေ့အကျင့်ပြုလုပ်ခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် ဝမ်းချုပ်ခြင်းမှ ကင်းဝေးနိုင်သည်။

References:

  1. Mayo Clinic. (2025). Constipation – Symptoms and causes. Mayo Clinic. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/constipation/symptoms-causes/syc-20354253
  2. Mayo Clinic. (2025). Constipation – Diagnosis and treatment. Mayo Clinic. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/constipation/diagnosis-treatment/drc-20354259
  3. WebMD. (2023). Constipation: Causes, symptoms, and treatment. WebMD. Retrieved July 26, 2025, from https://www.webmd.com/digestive-disorders/digestive-diseases-constipation

Published: 30 August 2024

Last updated: 17 September 2025

Share

Category

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.