Air Travel and pregnancy (ကိုယ်ဝန်ဆောင်များ လေယာဉ်ဖြင့် ခရီးသွားခြင်း)

Air Travel and pregnancy (ကိုယ်ဝန်ဆောင်များ လေယာဉ်ဖြင့် ခရီးသွားခြင်း)

ကိုယ်ဝန်ဆောင်အမျိုးသမီးများ အလုပ်ကိစ္စအတွက် ခရီးသွားရန် လိုအပ်ခြင်း၊ အားလပ်ရက်ခရီးသွားခြင်း သို့မဟုတ် ကလေးမမွေးဖွားမီ အပန်းဖြေခရီး (Babymoon) သွားရန် စီစဉ်ခြင်း စသည့်အကြောင်းများကြောင့် ကိုယ်ဝန်ဆောင်စဉ် ခရီးသွားရန် လိုအပ်လာနိုင်သည်။ ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းစသည့် ခရီးသွားနည်းလမ်းများအနက် လေယာဉ်ဖြင့် ခရီးသွားရာတွင် ကိုယ်ဝန်နှင့်ပတ်သက်သော အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပေါ်လာပါက လိုအပ်သည့် သားဖွားမီးယပ်ဆိုင်ရာ စောင့်ရှောက်ကုသမှုကို ချက်ချင်းရရှိရန် အခက်အခဲရှိနိုင်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များသည် ခရီးမသွားမီ သက်ဆိုင်ရာလေကြောင်းလိုင်း၏ စည်းမျဉ်းများ၊ သွားရောက်မည့်နေရာရှိ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ခရီးသွားအာမခံ၏ အကျုံးဝင်မှုတို့ကို ကြိုတင်စစ်ဆေးသင့်သည်။ ကိုယ်ဝန်နှင့်ပတ်သက်သော နောက်ဆက်တွဲပြဿနာ သို့မဟုတ် အခြားကျန်းမာရေးပြဿနာရှိပါက ခရီးမသွားမီ မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အရေးကြီးသည်။

လေယာဉ်ခရီးစဉ်အမျိုးအစား၏ သက်ရောက်မှု

ယေဘုယျအားဖြင့် ကျန်းမာရေးကောင်းမွန်ပြီး နောက်ဆက်တွဲပြဿနာမရှိသော ကိုယ်ဝန်ဆောင်အခြေအနေ (Uncomplicated pregnancy) တွင် လေယာဉ်ဖြင့် တစ်ခါတစ်ရံ ခရီးသွားခြင်းသည် မိခင်နှင့် သန္ဓေသားအတွက် အန္တရာယ်ရှိကြောင်း အထောက်အထားမရှိပါ။ သို့သော် ခရီးသွားရန် သင့်တော်မှုကို ဆုံးဖြတ်ရာတွင် မိခင်၏ ကျန်းမာရေးနှင့် ကိုယ်ဝန်အခြေအနေ၊ ကိုယ်ဝန်သက်၊ ခရီးစဉ်ကြာမြင့်ချိန်နှင့် သွားရောက်မည့်နေရာရှိ ကျန်းမာရေးစောင့်ရှောက်မှုများကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

လေယာဉ်ခရီးစဉ်ကို အချိန် (၄) နာရီအောက်ကြာသော ခရီးတို (Short-distance travel) နှင့် အချိန် (၄) နာရီထက်ကြာသော ခရီးရှည် (Long-distance travel) ဟူ၍ ခွဲခြားနိုင်သည်။ ခရီးရှည်တွင် အချိန်ကြာမြင့်စွာ ထိုင်နေရခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်၌ ခြေထောက် သို့မဟုတ် တင်ပါးဆုံအတွင်းရှိ သွေးပြန်ကြောများတွင် သွေးခဲပိတ်ခြင်း (Deep vein thrombosis – DVT) ဖြစ်နိုင်ခြေ အနည်းငယ်ပိုမို မြင့်တက်လာနိုင်သည်။ ယခင်က သွေးခဲပိတ်ခြင်းဖြစ်ဖူးခြင်း၊ အဝလွန်ခြင်း သို့မဟုတ် သွေးခဲဖြစ်နိုင်ခြေမြင့်စေသော အခြားကျန်းမာရေးအခြေအနေများ ရှိပါက အန္တရာယ်ပိုများနိုင်သည်။ အဆိုပါသွေးခဲ ပြုတ်ထွက်ပြီး အဆုတ်သွေးကြောသို့ ရောက်ရှိပိတ်ဆို့ပါက အသက်အန္တရာယ်ရှိနိုင်သဖြင့် လေယာဉ်ဖြင့် ခရီးရှည်သွားမည့် ကိုယ်ဝန်ဆောင်မိခင်များသည် အဆိုပါအခြေအနေ ဖြစ်နိုင်ခြေကို လျှော့ချရန် သင့်တော်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်။

လေယာဉ်ဖြင့် ခရီးသွားခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် သန္ဓေသားအပေါ် သက်ရောက်မှု

ယေဘုယျအားဖြင့် ကျန်းမာရေးကောင်းမွန်ပြီး နောက်ဆက်တွဲပြဿနာမရှိသော ကိုယ်ဝန်ဆောင်အခြေအနေ (Uncomplicated pregnancy) တွင် ရံဖန်ရံခါ လေယာဉ်စီးခြင်းသည် မိခင် သို့မဟုတ် သန္ဓေသားကို အန္တရာယ်ဖြစ်စေကြောင်း အထောက်အထားမရှိပါ။ လေ့လာတွေ့ရှိချက်များအရ _

  • ကျန်းမာရေးကောင်းမွန်သော ကိုယ်ဝန်ဆောင်မိခင်များတွင် လေယာဉ်စီးစဉ် ဖြစ်ပေါ်သော လေဖိအားပြောင်းလဲခြင်းနှင့် စိုထိုင်းဆကျဆင်းခြင်းတို့သည် မိခင် သို့မဟုတ် သန္ဓေသားကို အန္တရာယ်ဖြစ်စေကြောင်း အထောက်အထားမရှိပါ
  • လေယာဉ်စီးခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ အချိန်မတိုင်မီ ဗိုက်နာ၍ မီးဖွားခြင်း သို့မဟုတ် ရေမြွှာစောပေါက်ခြင်းတို့၏ ဖြစ်နိုင်ခြေ မြင့်တက်လာကြောင်း အထောက်အထားမရှိပါ
  • လေယာဉ်စီးသူတိုင်းသည် ကမ္ဘာ့လေထုအပြင်ဘက်မှလာသော ဓာတ်ရောင်ခြည် (Cosmic radiation) နှင့် အနည်းငယ်ထိတွေ့ရနိုင်သော်လည်း ရံဖန်ရံခါ လေယာဉ်စီးခြင်းကြောင့် ရရှိသည့် ဓာတ်ရောင်ခြည်ပမာဏသည် မိခင် သို့မဟုတ် သန္ဓေသားအတွက် အန္တရာယ်ရှိသည်ဟု မယူဆပါ၊ သို့သော် လေယာဉ်ဝန်ထမ်းများ သို့မဟုတ် အလုပ်ကြောင့် လေယာဉ်မကြာခဏစီးရသူများသည် စုစုပေါင်းဓာတ်ရောင်ခြည်ထိတွေ့မှုပိုများနိုင်သဖြင့် လုပ်ငန်းခွင်ကျန်းမာရေးဌာန သို့မဟုတ် သက်ဆိုင်ရာဆရာဝန်ထံမှ သီးခြားအကြံဉာဏ်ရယူသင့်သည်။
ကိုယ်ဝန်ဆောင်စဉ် လေယာဉ်ဖြင့် ခရီးသွားရန် သင့်တော်သောအချိန်ကာလ

ကိုယ်ဝန်နှင့်သက်ဆိုင်သော အရေးပေါ်အခြေအနေအများစုသည် ကိုယ်ဝန်ပထမသုံးလပတ်နှင့် တတိယသုံးလပတ်တို့တွင် ဖြစ်ပွားလေ့ရှိသည်။ ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လေယာဉ်ဖြင့် ခရီးသွားရန် သက်သောင့်သက်သာအရှိဆုံးကာလမှာ ကိုယ်ဝန်ဒုတိယသုံးလပတ် (Second trimester) ဖြစ်ပြီး ကိုယ်ဝန်သက် (၁၄)ပတ် မှ (၂၈)ပတ်အတွင်းဖြစ်သည်။ သို့သော် ခရီးသွားရန် သင့်တော်မှုသည် ကိုယ်ဝန်သက်တစ်ခုတည်းအပေါ် မူတည်ခြင်းမဟုတ်ဘဲ မိခင်၏ကျန်းမာရေး၊ ကိုယ်ဝန်အခြေအနေ၊ ခရီးစဉ်ကြာမြင့်ချိန်နှင့် သွားရောက်မည့်နေရာရှိ ကျန်းမာရေးစောင့်ရှောက်မှုများအပေါ်လည်း မူတည်သည်။

ကိုယ်ဝန်ဒုတိယသုံးလပတ်တွင်

  • ကိုယ်ဝန်ပထမသုံးလပတ် (First trimester) အစပိုင်းတွင် ဖြစ်တတ်သော မနက်ပိုင်းပျို့အန်ခြင်း၊ မောပန်းခြင်းနှင့် အခြားမသက်မသာဖြစ်ခြင်းများ သက်သာလာတတ်သည်
  • ကိုယ်ဝန်ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ကိုယ်ဝန်ပျက်ကျနိုင်ခြေ လျော့နည်းလာပြီး မွေးဖွားရက်နှင့်လည်း အသင့်အတင့်ဝေးနေသေးသည်ကိုယ်ဝန်တတိယသုံးလပတ်တွင် ဖြစ်ပေါ်တတ်သော ခန္ဓာကိုယ်လေးလံခြင်း၊ ခြေထောက်ဖောခြင်းနှင့် အခြားမသက်မသာဖြစ်ခြင်းများ များသောအားဖြင့် မစတင်သေးသောကြောင့် ခရီးသွားရန် ပိုမိုအဆင်ပြေတတ်သည်။

ကိုယ်ဝန်တတိယသုံးလပတ်တွင် ခန္ဓာကိုယ်ပိုမိုလေးလံလာခြင်းနှင့် မသက်မသာဖြစ်ခြင်းများ ပိုမိုဖြစ်ပေါ်နိုင်သည့်အပြင် ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ မီးဖွားနိုင်ခြေလည်း မြင့်တက်လာသည်။ ထို့ကြောင့် ခရီးသွားရန်မဆုံးဖြတ်မီ ခရီးစဉ်ကြာမြင့်ချိန်၊ လေကြောင်းလိုင်း၏ စည်းမျဉ်းများနှင့် ခရီးစဉ်အတွင်း သားဖွားမီးယပ်ဆိုင်ရာ အရေးပေါ်စောင့်ရှောက်မှု ရရှိနိုင်ခြင်းတို့ကို ကြိုတင်စဉ်းစားသင့်သည်။

မိခင်သည် သန္ဓေသားတစ်ဦးတည်းကိုသာ ဆောင်ထားပြီး နောက်ဆက်တွဲပြဿနာမရှိသော ကိုယ်ဝန်အခြေအနေဖြစ်ပါက ကိုယ်ဝန်သက် (၃၇) ပတ်မတိုင်မီအထိ လေယာဉ်ဖြင့် ခရီးသွားနိုင်သည်ဟု ယေဘုယျအားဖြင့် လမ်းညွှန်ထားသည်။ ကိုယ်ဝန်သက် (၃၇) ပတ်နောက်ပိုင်းတွင်မူ အချိန်မရွေး မီးဖွားနိုင်ခြေရှိသောကြောင့် လေယာဉ်ဖြင့် ခရီးသွားခြင်းကို ရှောင်ကြဉ်သင့်သည်။

မိခင်သည် နောက်ဆက်တွဲပြဿနာမရှိသော အမြွှာကိုယ်ဝန် (Uncomplicated twin pregnancy) ကို ဆောင်ထားပါက ကိုယ်ဝန်သက် (၃၂) ပတ်မတိုင်မီအထိသာ လေယာဉ်ဖြင့် ခရီးသွားရန် အကြံပြုထားသည်။ အမြွှာကိုယ်ဝန်နှင့် အခြားကိုယ်ဝန်ဆောင်ကလေးအများအပြားရှိသော ကိုယ်ဝန်များတွင် အချိန်မတိုင်မီ မီးဖွားနိုင်ခြေပိုများသဖြင့် တစ်ဦးချင်းအခြေအနေအလိုက် သားဖွားမီးယပ်အထူးကုဆရာဝန်၏ အကြံပြုချက်ကို ရယူသင့်သည်။

လေကြောင်းလိုင်းတစ်ခုနှင့်တစ်ခု၏ စည်းမျဉ်းများ မတူညီနိုင်ပါ။ အချို့လေကြောင်းလိုင်းများသည် ကိုယ်ဝန်သက် (၃၆) ပတ် သို့မဟုတ် (၃၇) ပတ်မှစ၍ လေယာဉ်စီးခွင့် မပြုတော့သည့်အပြင် ကိုယ်ဝန်သက် (၂၈) ပတ်ကျော်ပါက ခန့်မှန်းမွေးဖွားရက်၊ မိခင်၏ကျန်းမာရေးကောင်းမွန်မှုနှင့် ကိုယ်ဝန်တွင် နောက်ဆက်တွဲပြဿနာ မရှိကြောင်း အတည်ပြုထားသည့် ဆရာဝန် သို့မဟုတ် သားဖွားဆရာမ၏ ထောက်ခံစာကို တောင်းခံနိုင်သည်။ ထို့ကြောင့် လက်မှတ်မဝယ်ယူမီနှင့် လေယာဉ်မစီးမီ သက်ဆိုင်ရာလေကြောင်းလိုင်း၏ စည်းမျဉ်းများကို တိုက်ရိုက်စုံစမ်းရန် အရေးကြီးသည်။

လေယာဉ်စီးရန် မသင့်သော ကိုယ်ဝန်ဆောင်မိခင်၏ ကျန်းမာရေးအခြေအနေများ

ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကို အန္တရာယ်ဖြစ်စေနိုင်သော ရောဂါအခြေအနေများရှိပါက လေယာဉ်မစီးရန် အကြံပြုထားသည်။ အခြေအနေအချို့မှာ_

  • သတ်မှတ်ထားသည့် မီးဖွားရက်မတိုင်မီ မိခင်သည် မီးဖွားနိုင်ခြေ များနေခြင်း
  • ပြင်းထန်သော သွေးအားနည်းရောဂါ (severe anaemia) ရှိနေခြင်း
  • ဆစ်ကယ်ဆဲလ် သွေးအားနည်းရောဂါ (Sickle cell disease) ရှိနေပြီး မကြာသေးမီက ပြင်းထန်သော နာကျင်မှုများ (sickle crisis) ဖြစ်ပွားထားခြင်း
  • မကြာသေးမီက မိန်းမကိုယ်မှ သွေးဆင်းခြင်း ဖြစ်ပေါ်ထားခြင်း (recent vaginal bleeding)
  • ယခင်က ကိုယ်ဝန်ပျက်ကျဖူးခြင်း (previous miscarriage)
  • ယခင်ကိုယ်ဝန်တွင် ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia) ဖြစ်ထားဖူးခြင်း
  • ကောင်းစွာထိန်းချုပ်မရသော သွေးတိုးရောဂါရှိခြင်း (poorly controlled hypertension)
  • ကောင်းစွာထိန်းချုပ်မရသော ကိုယ်ဝန်ဆောင် ဆီးချိုရောဂါရှိခြင်း (poorly controlled Gestational Diabetes)
  • အဆုတ် သို့မဟုတ် နှလုံးကို ထိခိုက်စေသည့် ပြင်းထန်သော ရောဂါအခြေအနေ ရှိနေခြင်းတို့ဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်များသည် အထက်ပါ ကျန်းမာရေးပြဿနာများအနက် တစ်ခုခုရှိနေလျှင် မိမိ၏မိသားစု ဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အလွန်အရေးကြီးသည်။ ထို့ပြင် မိခင်၌ ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် သားအိမ်ပြင်ပ သန္ဓေတည်ခြင်း (Ectopic pregnancy) ဖြစ်နိုင်ခြေ ပိုများနေပါက လေယာဥ်ခရီးစဥ်မသွားမီ စိတ်ချရစေရန် အာထရာဆောင်း (ultrasound scan) ရိုက်၍ စစ်ဆေးရန် လိုအပ်သည်။

ကိုယ်ဝန်ဆောင်မိခင်တွင် အရိုးကျိုးထားခြင်း၊ နားအလယ်ပိုင်းပိုးဝင်ခြင်း သို့မဟုတ် ထိပ်ကပ်နာဖြစ်နေခြင်း၊ သို့မဟုတ် အူအတက်ဖြတ်ခြင်း ကဲ့သို့သော အူလမ်းကြောင်းနှင့် သက်ဆိုင်သည့် ဝမ်းဗိုက်ခွဲစိတ်မှုများကို မကြာသေးမီက ပြုလုပ်ထားခြင်း စသည်တို့ရှိပါက အချို့လေကြောင်းလိုင်းများတွင် လေယာဉ်စီးခွင့်ကို ကန့်သတ်ထားသည်။

လေယာဉ်စီးနေစဉ် ကိုယ်ဝန်ဆောင်မိခင်၌ အဖြစ်များသော အခြေအနေများ

လေယာဉ်ခရီးစဉ်အတွင်း လေဖိအားပြောင်းလဲခြင်း၊ စိုထိုင်းဆနည်းခြင်းနှင့် အချိန်ကြာမြင့်စွာ ထိုင်နေရခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်အချို့တွင် အောက်ပါမသက်မသာဖြစ်ခြင်းများကို ခံစားရနိုင်သည်။

  • သက်သောင့်သက်သာမရှိခြင်း
    ကိုယ်ဝန်ကြောင့် ခန္ဓာကိုယ်အရွယ်အစားနှင့် ကိုယ်အလေးချိန်ပြောင်းလဲလာခြင်း၊ ထိုင်ခုံနေရာကျဉ်းခြင်းနှင့် အချိန်ကြာမြင့်စွာ ထိုင်နေရခြင်းတို့ကြောင့် ခါးနာခြင်း၊ ခြေထောက်ညောင်းညာခြင်းနှင့် သက်သောင့်သက်သာမရှိခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
  • ခြေထောက်များဖောခြင်း၊ ရောင်ရမ်းခြင်း (Oedema)
    ကိုယ်ဝန်ဆောင်စဉ် ခန္ဓာကိုယ်အတွင်း အရည်များပိုမိုစုဆောင်းလာခြင်းနှင့် လေယာဉ်ပေါ်တွင် အချိန်ကြာမြင့်စွာ ထိုင်နေရခြင်းတို့ကြောင့် ခြေထောက်နှစ်ဖက်စလုံးနှင့် ခြေကျင်းဝတ်များတွင် အနည်းငယ်ဖောခြင်း၊ ရောင်ရမ်းခြင်း ဖြစ်ပေါ်နိုင်သည်။ သို့သော် ခြေထောက်တစ်ဖက်တည်း ရုတ်တရက်ဖောလာခြင်း၊ နာကျင်ခြင်း သို့မဟုတ် နီရဲပူနွေးလာခြင်းရှိပါက သွေးခဲပိတ်ခြင်း၏ လက္ခဏာဖြစ်နိုင်သဖြင့် ဆေးကုသမှုကို အမြန်ဆုံးရယူသင့်သည်။
  • နားနှာခေါင်းဆိုင်ရာ ပြဿနာများ
    ကိုယ်ဝန်ဆောင်စဉ် နှာခေါင်းအတွင်းသားများ ရောင်ရမ်း၍ နှာခေါင်းပိတ်ခြင်း ပိုမိုဖြစ်ပေါ်နိုင်သည်။ ယင်းအခြေအနေနှင့် လေယာဉ်အတက်အဆင်းပြုလုပ်စဉ် လေဖိအားပြောင်းလဲမှုတို့ ပေါင်းစပ်သည့်အခါ နားပိတ်ခြင်း၊ နားအောင့်ခြင်း သို့မဟုတ် နားအတွင်းဖိအားများသကဲ့သို့ ခံစားရခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
  • လှုပ်ရှားမှုကြောင့် ခေါင်းမူးခြင်း (Motion sickness)
    လှုပ်ရှားမှုကြောင့် ခေါင်းမူးခြင်းဖြစ်တတ်သူများတွင် လေယာဉ်စီးစဉ် မူးဝေခြင်း၊ မအီမသာဖြစ်ခြင်းနှင့် ပျို့အန်ခြင်းတို့ ပိုမိုဆိုးရွားလာနိုင်သည်။ ကိုယ်ဝန်ဆောင်ခြင်းကြောင့် ပျို့အန်ခြင်းရှိနေပြီးသားဖြစ်ပါက လက္ခဏာများ ပိုမိုသိသာနိုင်သည်။
  • ခြေထောက်သွေးပြန်ကြောများထဲတွင် သွေးခဲပိတ်ခြင်း (Deep vein thrombosis – DVT)

ခြေထောက်သွေးပြန်ကြောများထဲတွင် သွေးခဲပိတ်ခြင်း
Deep vein thrombosis ဆိုသည်မှာ ခြေသလုံး၊ ပေါင် သို့မဟုတ် တင်ပါးဆုံအတွင်းရှိ သွေးပြန်ကြောတစ်ခုအတွင်း သွေးခဲဖြစ်ပေါ်၍ သွေးစီးဆင်းမှုကို ပိတ်ဆို့သည့် အခြေအနေဖြစ်သည်။ သွေးခဲ၏ အစိတ်အပိုင်းတစ်ခု ပြုတ်ထွက်ပြီး သွေးကြောတစ်လျှောက်မှတစ်ဆင့် အဆုတ်သို့ ရောက်ရှိကာ အဆုတ်သွေးကြောကို ပိတ်ဆို့သွားခြင်းကို အဆုတ်သွေးကြောသွေးခဲပိတ်ခြင်း (Pulmonary embolism – PE) ဟုခေါ်ပြီး အသက်အန္တရာယ်ရှိနိုင်သည်။

ကိုယ်ဝန်ဆောင်နေစဉ်နှင့် ကလေးမွေးဖွားပြီးနောက် (၆) ပတ်အတွင်း ကိုယ်ဝန်မရှိသော အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက သွေးပြန်ကြောအတွင်း သွေးခဲပိတ်ခြင်း ဖြစ်နိုင်ခြေပိုများသည်။ လေယာဉ်စီးနေစဉ် အချိန်ကြာမြင့်စွာ မလှုပ်မရှားထိုင်နေရခြင်းကလည်း DVT ဖြစ်နိုင်ခြေကို ထပ်မံမြင့်တက်စေနိုင်ပြီး ခရီးစဉ်ကြာမြင့်လာသည်နှင့်အမျှ ဖြစ်နိုင်ခြေ ပိုများလာနိုင်သည်။ အထူးသဖြင့် အချိန် (၄) နာရီထက်ကြာသော ခရီးစဉ်များတွင် ပိုမိုဂရုစိုက်ရန် လိုအပ်သည်။

ယခင်က DVT သို့မဟုတ် အဆုတ်သွေးကြောသွေးခဲပိတ်ခြင်း ဖြစ်ဖူးသူများ၊ အဝလွန်သူများ၊ သွေးခဲလွယ်သောရောဂါရှိသူများနှင့် လှုပ်ရှားသွားလာနိုင်မှု နည်းပါးသူများတွင် ဖြစ်နိုင်ခြေပိုများနိုင်သည်။ ထို့ကြောင့် အန္တရာယ်ရှိနိုင်သည့် ကိုယ်ဝန်ဆောင်မိခင်များသည် လေယာဉ်မစီးမီ မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုဆရာဝန်ထံမှ တစ်ဦးချင်းအန္တရာယ်စစ်ဆေးမှုနှင့် လိုအပ်သော အကြံပြုချက်များကို ရယူသင့်သည်။

အောက်ပါလက္ခဏာများ ဖြစ်ပေါ်ပါက ဆေးကုသမှုကို အမြန်ဆုံးရယူရန် လိုအပ်သည်။

  • ခြေထောက်တစ်ဖက်တည်း ရုတ်တရက်ဖောခြင်း၊ နာကျင်ခြင်း၊ တင်းကျပ်ခြင်း သို့မဟုတ် နီရဲပူနွေးလာခြင်း
  • အကြောင်းရင်းမရှိဘဲ ရုတ်တရက် အသက်ရှူခက်ခဲခြင်း
  • ရင်ဘတ်တင်းကျပ်ခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်း
  • ချောင်းဆိုးသွေးပါခြင်း၊ မူးဝေခြင်း သို့မဟုတ် သတိလစ်ခြင်း

အထူးသဖြင့် အသက်ရှူခက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် သတိလစ်ခြင်းတို့သည် အဆုတ်သွေးကြောသွေးခဲပိတ်ခြင်း၏ လက္ခဏာများဖြစ်နိုင်သဖြင့် အရေးပေါ်ကျန်းမာရေးအကူအညီ ချက်ချင်းရယူရမည်။

ခြေထောက်သွေးပြန်ကြောများထဲတွင် သွေးခဲပိတ်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချရန် လုပ်ဆောင်သင့်သောအချက်များ
လေယာဉ်ဖြင့် ခရီးသွားမည့် ကိုယ်ဝန်ဆောင်မိခင်များသည် သွေးပြန်ကြောသွေးခဲပိတ်ခြင်း (Deep vein thrombosis – DVT) ဖြစ်နိုင်ခြေကို လျှော့ချရန် မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးသင့်သည်။ ဆရာဝန်မှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေ၊ ယခင်ကျန်းမာရေးရာဇဝင်၊ ခရီးစဉ်ကြာမြင့်ချိန်နှင့် အခြားအန္တရာယ်ရှိနိုင်သည့် အချက်များအပေါ် အခြေခံ၍ သွေးခဲပိတ်ခြင်းဆိုင်ရာ အန္တရာယ်စစ်ဆေးမှုနှင့် လိုအပ်သော အကြံပြုချက်များကို ပေးမည်ဖြစ်သည်။

အချိန် (၄) နာရီအောက်ကြာသော ခရီးတို (Short-distance travel) တွင် DVT ဖြစ်နိုင်ခြေနည်းပြီး အခြားအန္တရာယ်ရှိနိုင်သည့်အချက်များ မရှိပါက ယေဘုယျအားဖြင့် အထူးကာကွယ်မှုများ ပြုလုပ်ရန်မလိုပါ။ သို့သော် ယခင်က သွေးခဲပိတ်ခြင်းဖြစ်ဖူးခြင်း၊ သွေးခဲလွယ်သောရောဂါရှိခြင်း၊ အဝလွန်ခြင်း သို့မဟုတ် လှုပ်ရှားသွားလာနိုင်မှုနည်းပါးခြင်း စသည့်အချက်များရှိပါက ခရီးတိုဖြစ်သော်လည်း သီးခြားကာကွယ်မှုများ လိုအပ်နိုင်သည်။

အချိန် (၄) နာရီထက်ကြာသော ခရီးရှည် (Long-distance travel) သွားမည်ဆိုပါက DVT ဖြစ်နိုင်ခြေကို လျှော့ချရန် အောက်ပါအချက်များကို လိုက်နာသင့်သည်။

  • ချောင်ချောင်ချိချိရှိသော အဝတ်အစားများနှင့် သက်သောင့်သက်သာရှိသော ဖိနပ်များကို ဝတ်ဆင်ပါ
  • ဖြစ်နိုင်လျှင် လူသွားလမ်းကပ်လျက်ခုံ (Aisle seat) ကို ရွေးချယ်ပါ၊ ထိုင်ခုံခါးပတ်ပတ်ရန် သတိပေးမီးပိတ်ထားပြီး လုံခြုံသည့်အချိန်တွင် လေယာဉ်အတွင်း အချိန်အခါအားလျော်စွာ ထ၍လမ်းလျှောက်ပါ
  • ထိုင်ခုံတွင်ထိုင်လျက် ခြေချောင်းနှင့် ခြေကျင်းဝတ်များကို ကွေးဆန့်ခြင်း၊ ခြေကျင်းဝတ်ကို စက်ဝိုင်းပုံလှည့်ခြင်းနှင့် ခြေဖနောင့်မြှောက်ချခြင်းစသည့် ခြေထောက်လေ့ကျင့်ခန်းများကို မိနစ် (၃၀) လျှင် တစ်ကြိမ်ခန့် ပြုလုပ်ပါ
  • လေယာဉ်စီးနေစဉ် ပုံမှန်အချိန်ခြား၍ ရေသောက်ပါ
  • ကဖိန်းဓာတ်ပါသော သောက်စရာများဖြစ်သည့် ကော်ဖီနှင့် ဂက်စ်ပါသောအချိုရည်များကို လျှော့သောက်ပြီး အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ
  • သင့်လျော်သော ဖိအားပေးနိုင်သည့် ခြေအိတ်အကြပ်များ (Graduated elastic compression stockings) ကို အသုံးပြုရန် ဆရာဝန်နှင့် တိုင်ပင်ပါ၊ ဤခြေအိတ်များသည် ပုံမှန်လေယာဉ်စီးစဉ်ဝတ်သော ခြေအိတ်များနှင့် မတူညီသောကြောင့် မိမိနှင့်ကိုက်ညီသည့် အရွယ်အစားနှင့် ဖိအားပမာဏကို ကျန်းမာရေးပညာရှင်၏ အကြံပြုချက်ဖြင့် ရွေးချယ်သင့်သည်။

ကိုယ်ဝန်ဆောင်မိခင်တွင် ယခင်က DVT သို့မဟုတ် အဆုတ်သွေးကြောသွေးခဲပိတ်ခြင်း ဖြစ်ဖူးခြင်း၊ သွေးခဲလွယ်သောရောဂါရှိခြင်း သို့မဟုတ် အခြားသိသာထင်ရှားသော အန္တရာယ်ရှိနိုင်သည့်အချက်များရှိပါက မော်လီကျူးအလေးချိန်နည်းသော ဟက်ပရင်ထိုးဆေး (Low-molecular-weight heparin – LMWH) ကို အသုံးပြုရန် ဆရာဝန်မှ ညွှန်ကြားနိုင်သည်။ ယင်းဆေးသည် သွေးခဲဖြစ်နိုင်ခြေကို လျှော့ချပေးပြီး ကိုယ်ဝန်ဆောင်စဉ် အသုံးပြုနိုင်သော သွေးမခဲဆေးတစ်မျိုးဖြစ်သည်။

ထိုးဆေးအသုံးပြုရမည့် ပမာဏ၊ စတင်ထိုးရမည့်အချိန်နှင့် ကြာမြင့်ချိန်တို့သည် တစ်ဦးချင်းအန္တရာယ်အပေါ် မူတည်သဖြင့် ဆရာဝန်ကသာ ဆုံးဖြတ်ပေးရမည်။ ကိုယ်တိုင်ဝယ်ယူ၍ ထိုးခြင်းမပြုသင့်ပါ။ ဆေးထိုးအပ်နှင့် ထိုးဆေးများကို လေယာဉ်ပေါ်သို့ ယူဆောင်မည်ဆိုပါက ဆေးဘက်ဆိုင်ရာလိုအပ်ချက်ကို ဖော်ပြထားသည့် ဆရာဝန်၏ ထောက်ခံစာနှင့် လေကြောင်းလိုင်း၏ ကြိုတင်ခွင့်ပြုချက် လိုအပ်နိုင်သည်။

အက်စပရင် (Aspirin) ပမာဏအနည်းငယ်သောက်ခြင်းသည် လေယာဉ်ခရီးနှင့်ဆက်စပ်သော DVT ကို ကာကွယ်ရန် ထိရောက်ကြောင်း အထောက်အထားမရှိသဖြင့် ယင်းရည်ရွယ်ချက် တစ်ခုတည်းအတွက် မိမိသဘောဖြင့် စတင်မသောက်သင့်ပါ။ သို့သော် အခြားကိုယ်ဝန်ဆောင် ကျန်းမာရေးအခြေအနေတစ်ခုအတွက် ဆရာဝန်က ညွှန်ကြားထားပြီးဖြစ်ပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆက်လက်သောက်သုံးသင့်သည်။

လေယာဉ်ဖြင့် ခရီးသွားရာတွင် ကိုယ်ဝန်ဆောင်မိခင်များ လိုက်နာသင့်သည့် အထွေထွေခရီးသွားလုံခြုံရေး အကြံပြုချက်များ
  1. ယေဘုယျလုံခြုံရေးလမ်းညွှန်ချက်များကို လိုက်နာပါ
    • သွားရောက်မည့်နေရာရှိ သောက်သုံးရေအရည်အသွေးကို ကြိုတင်လေ့လာပါ၊ သောက်သုံးရေ၏ သန့်ရှင်းမှုကို မသေချာပါက အဖုံးပိတ်ထားသော ရေသန့်ဘူးမှရေ သို့မဟုတ် ကျိုချက်ထားသော ရေကိုသာ သောက်သုံးပါ၊ ရေခဲ၏သန့်ရှင်းမှုကို မသေချာပါက ရေခဲထည့်ထားသော သောက်စရာများကို ရှောင်ကြဉ်ပါ
    • အစားအစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကို စနစ်တကျဆေးကြောပါ၊ အသားစိမ်း၊ ငါးစိမ်း၊ ဥမကျက်တကျက်၊ ပိုးသတ်မထားသော နို့နှင့် နို့ထွက်ပစ္စည်းများ၊ ကောင်းစွာမဆေးကြောထားသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို ရှောင်ကြဉ်ပါ၊ အစားအစာကို ပူပူနွေးနွေးနှင့် ကောင်းစွာချက်ပြုတ်ထားခြင်း ရှိမရှိ စစ်ဆေးပြီး၊ လမ်းဘေးဈေးသည်များထံမှ အစားအစာဝယ်ယူစားသုံးရာတွင် သန့်ရှင်းမှုကို သတိပြုပါ
    • သွားရောက်မည့်နိုင်ငံတွင် ကူးစက်ရောဂါဖြစ်ပွားမှု၊ ခရီးသွားကာကွယ်ဆေး သို့မဟုတ် ငှက်ဖျားကာကွယ်ဆေး လိုအပ်ခြင်း ရှိမရှိကို ကြိုတင်စစ်ဆေးပါ၊ ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးနှင့် ဆေးဝါးအချို့ကို အသုံးမပြုသင့်သဖြင့် မိမိသဘောဖြင့် မသောက်သုံးဘဲ ခရီးမသွားမီ ဖြစ်နိုင်လျှင် (၄–၆) ပတ်ခန့်အလိုတွင် ဆရာဝန် သို့မဟုတ် ခရီးသွားဆေးပညာဆိုင်ရာ ကျန်းမာရေးပညာရှင်နှင့် တိုင်ပင်ပါ
    • ငှက်ဖျားရောဂါသည် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားအတွက် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်စေနိုင်သဖြင့် ဖြစ်နိုင်ပါက ငှက်ဖျားဖြစ်ပွားနေသောဒေသများသို့ ခရီးသွားခြင်းကို ရှောင်ကြဉ်သင့်သည်၊ ဇီကာဗိုင်းရပ်စ် (Zika virus) ဖြစ်ပွားနေသောဒေသများနှင့် အခြားခြင်မှတစ်ဆင့် ကူးစက်သောရောဂါဖြစ်ပွားမှုများအတွက်လည်း နောက်ဆုံးထုတ်ပြန်ထားသော ခရီးသွားကျန်းမာရေးအကြံပြုချက်များကို စစ်ဆေးသင့်သည်။
  2. လေယာဉ်စီးခြင်းနှင့် ထိုင်ခုံခါးပတ်ပတ်ခြင်း
    လေယာဉ်စီးနေစဉ် ရုတ်တရက်လေထုမတည်ငြိမ်မှု (Turbulence) ဖြစ်ပေါ်နိုင်သဖြင့် ထိုင်ခုံတွင် ထိုင်နေသည့်အချိန်တိုင်း ထိုင်ခုံခါးပတ် (Seatbelt) ကို ပတ်ထားသင့်သည်။ ခါးပတ်ကြိုးကို ဝမ်းဗိုက်ပေါ်မှ ဖြတ်၍ မပတ်ရပါ။ ဝမ်းဗိုက်အောက်ဘက်၊ တင်ပါးဆုံရိုးနှင့် ပေါင်အပေါ်ပိုင်းကို ဖြတ်၍ အလွန်လျော့ရဲခြင်းမရှိဘဲ သက်သောင့်သက်သာရှိစွာ ပတ်ထားသင့်သည်။ ခါးပတ်အရှည်ကို ရှည်အောင်ဆက်ပေးသည့်ကြိုး (Seatbelt extension) လိုအပ်ပါက လေယာဉ်ဝန်ထမ်းများထံ တောင်းဆိုသင့်သည်။
  3. ခရီးသွားအာမခံ (Travel Insurance)
    ခရီးသွားအာမခံအစီအစဉ်တစ်ခုနှင့်တစ်ခု၏ အကျုံးဝင်မှုနှင့် ကန့်သတ်ချက်များ မတူညီနိုင်ပါ။ ထို့ကြောင့် ကိုယ်ဝန်နှင့်ပတ်သက်သော အရေးပေါ်ကုသမှု၊ အချိန်မတိုင်မီ မီးဖွားခြင်း၊ မွေးကင်းစကလေးကုသမှု၊ ခရီးစဉ်ပြောင်းလဲခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းနှင့် လိုအပ်ပါက အရေးပေါ်ဆေးဘက်ဆိုင်ရာ ပို့ဆောင်ခြင်းတို့ကို အကျုံးဝင်ခြင်းရှိမရှိ သေချာစွာ စစ်ဆေးသင့်သည်။ ခရီးမသွားမီ မိမိကိုယ်ဝန်ရှိကြောင်း၊ ကိုယ်ဝန်သက်နှင့် လက်ရှိကျန်းမာရေးအခြေအနေတို့ကို အာမခံကုမ္ပဏီထံ မှန်ကန်စွာ အသိပေးထားရမည်။
  4. ဆေးမှတ်တမ်းများနှင့် ဆေးဝါးများကို ယူဆောင်သွားပါ
    လိုအပ်ပါက ဆေးကုသမှုပေးမည့် ကျန်းမာရေးပညာရှင်များကို ပြသနိုင်ရန် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မှတ်တမ်း၊ ခန့်မှန်းမွေးဖွားရက်၊ သွေးအုပ်စု၊ လက်ရှိသောက်သုံးနေသောဆေးဝါးများ၊ ဆေးနှင့် အစားအစာ ဓာတ်မတည့်မှုများ၊ သက်ဆိုင်ရာဆရာဝန်၏ ဆက်သွယ်ရန်အချက်အလက်နှင့် ခရီးသွားအာမခံ အချက်အလက်တို့ကို ယူဆောင်သွားသင့်သည်။ စာရွက်စာတမ်းမိတ္တူတစ်စုံ ယူဆောင်ခြင်း သို့မဟုတ် အီလက်ထရောနစ်မှတ်တမ်းများကို ခရီးစဉ်အတွင်း ဝင်ရောက်ကြည့်ရှုနိုင်ရန် ပြင်ဆင်ထားနိုင်သည်။
    ပုံမှန်သောက်သုံးရသောဆေးဝါးများကို ခရီးစဉ်တစ်လျှောက် လုံလောက်သည့်ပမာဏအပြင် ခရီးစဉ်နှောင့်နှေးနိုင်ခြေအတွက် အပိုပမာဏအနည်းငယ် ယူဆောင်သင့်သည်။ ဆေးဝါးများကို မူလထုပ်ပိုးမှုနှင့်အတူ လက်ဆွဲအိတ်အတွင်း ထည့်သွင်းယူဆောင်ပြီး ဆေးထိုးအပ် သို့မဟုတ် ထိုးဆေးများပါဝင်ပါက ဆရာဝန်၏ ထောက်ခံစာနှင့် လေကြောင်းလိုင်း၏ စည်းမျဉ်းများကို ကြိုတင်စစ်ဆေးသင့်သည်။
  5. ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်မည့်နေရာကို ကြိုတင်သိရှိထားပါ
    ခရီးစဉ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လာပါက မည်သည့်နေရာတွင် ရယူနိုင်မည်ကို ကြိုတင်သိရှိထားရန် အရေးကြီးသည်။ သွားရောက်မည့်နေရာအနီးရှိ ဆေးရုံ၊ သားဖွားမီးယပ်ဆိုင်ရာ အရေးပေါ်ဝန်ဆောင်မှုနှင့် လိုအပ်ပါက မွေးကင်းစကလေးအထူးကုသမှု ရရှိနိုင်သည့်နေရာများ၏ လိပ်စာနှင့် ဆက်သွယ်ရန်အချက်အလက်များကို ကြိုတင်မှတ်သားထားသင့်သည်။
လေယာဉ်ခရီးစဉ်မသွားမီ ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် ကြိုတင်စဉ်းစားရမည့်အချက်များ

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် လေယာဉ်ဖြင့် ခရီးသွားရန် မဆုံးဖြတ်မီ အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။

  • လေယာဉ်ခရီးစဉ်သည် မဖြစ်မနေသွားရန် လိုအပ်ခြင်း ရှိမရှိ
  • ခရီးစဉ်ကြာမြင့်ချိန်နှင့် ခရီးစဉ်ကြောင့် သွေးခဲပိတ်ခြင်းအပါအဝင် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေ မြင့်တက်ခြင်း ရှိမရှိ
  • ခရီးသွားမည့်အချိန်နှင့် ပြန်လာမည့်အချိန်တွင် ရှိမည့်ကိုယ်ဝန်သက်
  • ကိုယ်ဝန်အခြေအနေတွင် နောက်ဆက်တွဲပြဿနာရှိခြင်း သို့မဟုတ် အချိန်မတိုင်မီ မီးဖွားနိုင်ခြေရှိခြင်း
  • လေကြောင်းလိုင်းက ဆရာဝန် သို့မဟုတ် သားဖွားဆရာမ၏ ထောက်ခံစာနှင့် အခြားစာရွက်စာတမ်းများ တောင်းခံခြင်း ရှိမရှိ
  • မျှော်လင့်မထားသော ကိုယ်ဝန်ဆိုင်ရာပြဿနာ ဖြစ်ပေါ်လာပါက ခရီးစဉ်အတွင်းနှင့် သွားရောက်မည့်နေရာ၌ သင့်လျော်သော ဆေးဘက်ဆိုင်ရာအကူအညီ ရရှိနိုင်ခြင်း ရှိမရှိ
  • သွားရောက်မည့်နိုင်ငံအတွက် လိုအပ်သော ကာကွယ်ဆေးများနှင့် ဆေးဝါးများသည် ကိုယ်ဝန်ဆောင်စဉ် အသုံးပြုရန် သင့်တော်ခြင်း ရှိမရှိ
  • သွားရောက်မည့်ဒေသတွင် ငှက်ဖျား၊ ဇီကာဗိုင်းရပ်စ် သို့မဟုတ် အခြားကူးစက်ရောဂါများ ဖြစ်ပွားနေခြင်း ရှိမရှိ
  • မမျှော်လင့်ဘဲ မီးဖွားခဲ့ပါက မိခင်နှင့် မွေးကင်းစကလေး၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ခရီးစဉ်ပြောင်းလဲမှုနှင့် အရေးပေါ်ပို့ဆောင်မှုတို့ကို ခရီးသွားအာမခံက အကျုံးဝင်ခြင်း ရှိမရှိ
  • ခရီးစဉ်အစီအစဉ်ကို မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ကြိုတင်ဆွေးနွေးထားခြင်း ရှိမရှိ
လေယာဉ်ပေါ်တွင် မီးဖွားခြင်း

ကိုယ်ဝန်ဆောင်မိခင်တိုင်းတွင် အချိန်မတိုင်မီ ဗိုက်နာ၍ မီးဖွားခြင်း သို့မဟုတ် ရေမြွှာစောပေါက်ခြင်း ဖြစ်နိုင်ခြေအနည်းငယ်ရှိသည်။ ယင်းအခြေအနေသည် လေယာဉ်ပေါ်တွင် ဖြစ်ပေါ်လာပါက လေယာဉ်ဝန်ထမ်းများ သို့မဟုတ် အခြားခရီးသည်များတွင် မီးဖွားမှုကို ဘေးကင်းစွာ ကူညီပေးနိုင်သည့် လေ့ကျင့်မှုနှင့် အတွေ့အကြုံရှိမည်ဟု အာမခံနိုင်ခြင်း မရှိပါ။ မိခင်နှင့် ကလေးအတွက် သင့်လျော်သော ဆေးကုသမှုရရှိစေရန် လေယာဉ်လမ်းကြောင်းပြောင်းခြင်း သို့မဟုတ် အနီးဆုံးသင့်တော်သော လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခြင်း ပြုလုပ်ရနိုင်သည်။

လေယာဉ်စီးနေစဉ် မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ ရေမြွှာရည်ယိုခြင်း၊ ပုံမှန်အချိန်ခြား၍ ဗိုက်နာခြင်း၊ သန္ဓေသားလှုပ်ရှားမှု သိသိသာသာလျော့နည်းခြင်း၊ ပြင်းထန်သောခေါင်းကိုက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ခြေထောက်တစ်ဖက်တည်း ရုတ်တရက်ဖောနာခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အသက်ရှူခက်ခဲခြင်းတို့ ဖြစ်ပေါ်ပါက လေယာဉ်ဝန်ထမ်းများကို ချက်ချင်းအကြောင်းကြားပြီး အရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီ တောင်းခံရမည်။

စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုရယူခြင်း

ကိုယ်ဝန်ဆောင်စဉ် လေယာဉ်စီးခြင်းသည် မိခင်လောင်းအချို့အတွက် စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှု ဖြစ်စေနိုင်သည်။ မိခင်သည် လေယာဉ်စီးခြင်းနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်း သို့မဟုတ် စိတ်မလုံခြုံခြင်းများ ခံစားနေရပါက မိသားစုဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန် သို့မဟုတ် သက်ဆိုင်ရာကျန်းမာရေးပညာရှင်နှင့် ကြိုတင်တိုင်ပင်သင့်သည်။ ခရီးစဉ်အစီအစဉ်၊ လုံခြုံရေးအဆင့်များနှင့် အရေးပေါ်အခြေအနေတွင် လုပ်ဆောင်ရမည့်အချက်များကို ကြိုတင်သိရှိထားခြင်းက စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Traveling while pregnant: What you need to know. Retrieved September 3, 2026, from https://health.clevelandclinic.org/traveling-while-pregnant
  2. Mayo Clinic. (n.d.). Air travel during pregnancy. Retrieved September 3, 2026, from https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/expert-answers/air-travel-during-pregnancy/faq-20058087
  3. National Health Service. (n.d.). Travelling in pregnancy. Retrieved September 3, 2026, from https://www.nhs.uk/pregnancy/keeping-well/travelling/
  4. Royal College of Obstetricians and Gynaecologists. (n.d.). Air travel and pregnancy. Retrieved September 3, 2026, from https://www.rcog.org.uk/for-the-public/browse-our-patient-information/air-travel-and-pregnancy/

Published: 31 October 2026

Share

17 October 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.