ကိုယ်ဝန်ဆောင်ချိန်နှင့် မိခင်နို့တိုက်ကျွေးချိန်တို့တွင် မိခင်၏ စားသောက်နေထိုင်မှုပုံစံသည် မိခင်၏ ကျန်းမာရေးသာမက ရင်သွေးငယ်၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးအပေါ် ၌ပါ အရေးကြီးသော သက်ရောက်မှုရှိသည်။ ထို့ကြောင့် အာဟာရပြည့်ဝသော အစားအသောက်များ စားသုံးခြင်းနှင့် ကိုယ်ဝန်ဆောင်ဗီတာမင်များ သောက်သုံးခြင်းကဲ့သို့ ကျန်းမာရေးကောင်းမွန်စေသော အလေ့အထများကို အားပေးသင့်သကဲ့သို့ ဆေးရွက်ကြီး၊ ဆေးလိပ်၊ အရက်နှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများ၏ အန္တရာယ်ကိုလည်း သေချာစွာ သိရှိရှောင်ကြဉ်ရန် အလွန်အရေးကြီးသည်။
ကိုယ်ဝန်ဆောင်စဉ်တွင် ဆေးရွက်ကြီး၊ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးများမှ ပါဝင်ပစ္စည်းအချို့သည် အချင်း (Placenta) ကို ဖြတ်ကျော်၍ မိခင်၏ သွေးလည်ပတ်မှုမှတစ်ဆင့် သန္ဓေသားထံသို့ ရောက်ရှိနိုင်သည်။ မိခင်နို့တိုက်ကျွေးစဉ်တွင်လည်း အချို့သောပစ္စည်းများသည် မိခင်နို့ထဲသို့ ဝင်ရောက်ပြီး နို့စို့ကလေးထံသို့ ရောက်ရှိနိုင်သည်။ သန္ဓေသားနှင့် နို့စို့ကလေးတို့၏ အသည်း၊ ကျောက်ကပ်နှင့် အခြားကိုယ်တွင်းအင်္ဂါများသည် အပြည့်အဝ မဖွံ့ဖြိုးသေးသဖြင့် ယင်းပစ္စည်းများကို ချေဖျက်ဖယ်ရှားနိုင်စွမ်း နည်းပါးနိုင်ပြီး ကြီးထွားဖွံ့ဖြိုးမှု၊ ဦးနှောက်နှင့် အာရုံကြောဖွံ့ဖြိုးမှု၊ အသက်ရှူလမ်းကြောင်းနှင့် အခြားကိုယ်တွင်းအင်္ဂါများအပေါ် ထိခိုက်စေနိုင်သည်။
ဆေးရွက်ကြီး၊ ဆေးလိပ်နှင့် နီကိုတင်း (Tobacco, Smoking & Vaping)
လူအများစုက ဆေးလိပ်သောက်ခြင်းသည် မိခင်၏ အဆုတ်ကိုသာ ထိခိုက်စေသည်ဟု ထင်မြင်တတ်ကြသော်လည်း ကိုယ်ဝန်ဆောင်စဉ်တွင် ဆေးလိပ်နှင့် အီလက်ထရောနစ်ဆေးလိပ် (Vape) နှစ်မျိုးစလုံးတွင် ပါဝင်သော နီကိုတင်း (Nicotine) သည် သန္ဓေသား၏ ကြီးထွားဖွံ့ဖြိုးမှုကို တိုက်ရိုက် ထိခိုက်စေနိုင်သည်။ နီကိုတင်းဓာတ်အပြင် ၎င်းတို့တွင် ပါဝင်သည့် အမွှေးရနံ့များ၊ ဓာတုပစ္စည်းများသည် ကလေးကို ထိခိုက်စေနိုင်သည်။
ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ရနိုင်သော ဆိုးကျိုးများ
နီကိုတင်းသည် အချင်း (Placenta) ရှိ သွေးကြောများကို ကျဉ်းမြောင်းစေသဖြင့် သန္ဓေသားထံသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ ရောက်ရှိမှု လျော့နည်းသွားသည်။ ထို့ကြောင့် သန္ဓေသား၏ ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးခြင်း (Intrauterine Growth Restriction – IUGR)၊ မွေးဖွားချိန် ကိုယ်အလေးချိန်နည်းခြင်း (Low Birth Weight)၊ လမစေ့မီ မွေးဖွားခြင်း (Preterm Birth) နှင့် အချို့သော ကိုယ်ဝန်ဆောင်နောက်ဆက်တွဲ ပြဿနာများ ဖြစ်နိုင်ခြေ မြင့်တက်လာသည်။ ထို့အပြင် မွေးကင်းစကလေး ရုတ်တရက် သေဆုံးခြင်း (Sudden Infant Death Syndrome – SIDS) ဖြစ်နိုင်ခြေလည်း ပိုမိုမြင့်မားလာနိုင်သည်။
မိခင်နို့တိုက်ကျွေးစဉ် ကြုံတွေ့ရနိုင်သော ဆိုးကျိုးများ
နီကိုတင်းသည် မိခင်နို့ထဲသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ပြီး မိခင်နို့တွင် ပါဝင်သော နီကိုတင်းပမာဏသည် တစ်ခါတစ်ရံ မိခင်သွေးထဲရှိ ပမာဏထက် ပိုမိုမြင့်မားနိုင်သည်။ ထို့ကြောင့် နီကိုတင်းပါဝင်သော နို့ကို သောက်သုံးရသော ကလေးငယ်များတွင် ဂနာမငြိမ်ဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ လေထိုးလေအောင့်ဖြစ်ခြင်းနှင့် အိပ်စက်မှုပုံစံ ပျက်ပြားခြင်းတို့ကို တွေ့ရနိုင်သည်။ ထို့အပြင် ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူရှိုက်ရခြင်း (Secondhand smoke) ကြောင့် ကလေးငယ်များတွင် အဆုတ်ပိုးဝင်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေလည်း မြင့်တက်လာနိုင်သည်။
အရက် (Alcohol)
လူအချို့က ကိုယ်ဝန်ဆောင်စဉ် ဝိုင် သို့မဟုတ် ဘီယာကို တစ်ခါတစ်ရံ အနည်းငယ်သာ သောက်သုံးခြင်းသည် ဘေးကင်းသည်ဟု ယုံကြည်တတ်ကြသော်လည်း လက်ရှိဆေးပညာအထောက်အထားများအရ ကိုယ်ဝန်ဆောင်စဉ်ကာလတွင် ကလေးအတွက် ဘေးကင်းသည်ဟု သတ်မှတ်နိုင်သော အရက်ပမာဏ၊ အရက်အမျိုးအစား သို့မဟုတ် သောက်သုံးရန် ဘေးကင်းသောအချိန်ဟူ၍ မရှိပါ။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး အရက်ကို လုံးဝရှောင်ကြဉ်သင့်သည်။
ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ရနိုင်သော ဆိုးကျိုးများ
အရက်သည် အချင်း (Placenta) ကို လွယ်ကူစွာ ဖြတ်ကျော်၍ သန္ဓေသားထံသို့ ရောက်ရှိနိုင်သည်။ သို့သော် သန္ဓေသား၏အသည်းသည် အရက်ကို ချေဖျက်နိုင်လောက်အောင် မဖွံ့ဖြိုးသေးသဖြင့် အရက်ဓာတ်သည် သန္ဓေသား၏ ခန္ဓာကိုယ်အတွင်း ပိုမိုကြာရှည်စွာ ကျန်ရှိနိုင်သည်။ ထို့ကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့မီ မွေးဖွားခြင်းနှင့် မွေးဖွားချိန် ကိုယ်အလေးချိန်နည်းခြင်းတို့ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်သကဲ့သို့ Fetal Alcohol Spectrum Disorders (FASD) ဟုခေါ်သော ရောဂါအုပ်စုကိုလည်း ဖြစ်စေနိုင်သည်။ FASD သည် ကုသ၍မရနိုင်သော ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်ခြင်း၊ ဉာဏ်ရည်နှင့် သင်ယူနိုင်စွမ်း လျော့နည်းခြင်း၊ မျက်နှာသွင်ပြင် ပုံမမှန်ခြင်းနှင့် တစ်သက်တာကြာ အပြုအမူနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။
မိခင်နို့တိုက်ကျွေးစဉ် ကြုံတွေ့ရနိုင်သော ဆိုးကျိုးများ
အရက်သည် မိခင်သွေးမှ မိခင်နို့ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်ပြီး နို့ထဲရှိ အရက်ပမာဏသည် မိခင်သွေးထဲရှိ ပမာဏနှင့် အနီးစပ်ဆုံးတူညီတတ်သည်။ အရက်သောက်ပြီးနောက် နို့တိုက်ပါက ကလေးတွင် အိပ်စက်မှုပုံစံ ပျက်ပြားခြင်း၊ နို့စို့နှုန်း လျော့နည်းခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနှင့် ရေရှည်တွင် ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် မိခင်နို့တိုက်ကျွေးနေစဉ် အရက်ကို ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အကယ်၍ မလွှဲမရှောင်သာ အရက်တစ်ခွက်မျှ (စံပြုသတ်မှတ်ထားသော အရက်တစ်ခွက်စာ ပမာဏ – standard drink) သောက်သုံးမိပါက ကလေးနို့မတိုက်ခင် အနည်းဆုံး ၂–၃ နာရီခန့် စောင့်ဆိုင်းသင့်သည်။ သောက်သုံးသည့် အရက်ပမာဏ များသည်နှင့်အမျှ မိခင်နို့တွင် အရက်ပါဝင်သည့်ပမာဏ ပိုများကာ၊ ပါဝင်ချိန် ပို၍ကြာမြင့်မည်ဖြစ်သည်။ သောက်သုံးသည့်ပမာဏ၊ သောက်သုံးသည့်အမြန်နှုန်းနှင့် မိခင်၏ ကိုယ်အလေးချိန် စသည့်အချက်များသည် မိခင်နို့အတွင်းရှိ အရက်ပမာဏနှင့် ပါဝင်ချိန်အပေါ် အကျိုးသက်ရောက်မှုရှိသောကြောင့် မည်သည့်အချိန်တွင် ကလေးကို မိခင်နို့ ပြန်လည်တိုက်ကျွေးသင့်သည်ကို မသေချာပါက သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်သင့်သည်။
မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းလဲစေသော ဆေးဝါးများ (Marijuana, Ecstasy, Opioids)
ဆရာဝန်၏ ညွှန်ကြားချက်မပါဘဲ သုံးစွဲသော မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသည် ကိုယ်ဝန်ဆောင်မိခင်အတွက်သာမက သန္ဓေသားနှင့် မွေးကင်းစကလေး၏ ဦးနှောက်နှင့် ကိုယ်တွင်းအင်္ဂါများ ဖွံ့ဖြိုးမှုကိုပါ ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။ အဆိုပါဆေးဝါးအများစုသည် အချင်း (Placenta) ကို ဖြတ်ကျော်၍ သန္ဓေသားထံသို့ ရောက်ရှိနိုင်သလို မိခင်နို့မှတစ်ဆင့်လည်း ကလေးငယ်ထံသို့ ကူးပြောင်းနိုင်သည်။
ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ရနိုင်သော ဆိုးကျိုးများ
ဆေးခြောက် (Marijuana)၊ ကိုကင်း (Cocaine)၊ မက်သမ်ဖက်တမင်း (Methamphetamine) နှင့် ဘိန်းအနွယ်ဝင် ဆေးဝါးများ (Opioids) သည် သန္ဓေသား၏ ဗဟိုအာရုံကြောစနစ်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။ ယင်းဆေးဝါးများ သုံးစွဲခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့မီ မွေးဖွားခြင်း၊ မွေးဖွားချိန် ကိုယ်အလေးချိန်နည်းခြင်းနှင့် သန္ဓေသားကြီးထွားမှု နှောင့်နှေးခြင်းတို့ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်သည်။
အထူးသဖြင့် ကိုကင်းနှင့် မက်သမ်ဖက်တမင်းတို့သည် အချင်းစောစီးစွာ ကွာကျခြင်း (Placental abruption) ကို ဖြစ်စေနိုင်ပြီး မိခင်နှင့် ကလေး နှစ်ဦးစလုံးအတွက် အသက်အန္တရာယ်ရှိသော သွေးသွန်မှု ဖြစ်ပေါ်စေနိုင်သည်။ Opioids ကို ရေရှည်သုံးစွဲသော မိခင်မှ မွေးဖွားလာသော ကလေးများတွင် Neonatal Abstinence Syndrome (NAS) ဟုခေါ်သော ဆေးပြတ်လက္ခဏာများ ဖြစ်ပေါ်နိုင်ပြီး အဆက်မပြတ်ငိုခြင်း၊ တုန်ရီခြင်း၊ နို့မစို့နိုင်ခြင်း၊ အိပ်မပျော်ခြင်းနှင့် အတက်ရောဂါများအထိ ဖြစ်ပွားနိုင်သည်။ ထို့အပြင် ဆေးခြောက်ကို ကိုယ်ဝန်ဆောင်စဉ် သုံးစွဲခြင်းသည် ကလေးကြီးပြင်းလာချိန်တွင် မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်းနှင့် အာရုံစူးစိုက်နိုင်စွမ်းတို့ကို ထိခိုက်စေခြင်းများ တွေ့ရှိရသည်။
မိခင်နို့တိုက်ကျွေးစဉ် ကြုံတွေ့ရနိုင်သော ဆိုးကျိုးများ
မူးယစ်ဆေးဝါးအများစုသည် မိခင်နို့ထဲသို့ ကူးပြောင်းနိုင်ပြီး ကလေးငယ်၏ ဦးနှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်စေနိုင်သည်။ ဆေးခြောက်တွင် ပါဝင်သော Tetrahydrocannabinol (THC) သည် အဆီတွင်ပျော်ဝင်လွယ်သော ဓာတ်ဖြစ်သဖြင့် မိခင်နို့ထဲတွင် ရက်သတ္တပတ်များစွာ ကျန်ရှိနေနိုင်သည်။ ယင်းကြောင့် ကလေးတွင် မှိန်းနေခြင်း၊ နို့စို့အားနည်းခြင်း၊ ကြွက်သားများ ပျော့ခွေခြင်းနှင့် ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းတို့ ဖြစ်နိုင်သည်။ ကိုကင်း၊ မက်သမ်ဖက်တမင်းနှင့် Opioids ကဲ့သို့သော မူးယစ်ဆေးဝါးများသည် ကလေးတွင် အဆိပ်သင့်ခြင်း၊ အသက်ရှူနှေးခြင်း၊ အတက်ရောဂါများနှင့် ပြင်းထန်သော အာရုံကြောထိခိုက်မှုများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းလဲစေသော ဆေးဝါးများ သုံးစွဲနေစဉ် မိခင်နို့ မတိုက်ကျွေးသင့်ပါ။ Opioids ကဲ့သို့သော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် ကုသမှုအဖြစ် သုံးစွဲနေပါက မိခင်နို့တိုက်ကျွေးနိုင်ခြင်း ရှိ၊ မရှိကို ဆရာဝန်နှင့် တိုင်ပင်ဆုံးဖြတ်သင့်သည်။
ကလေး၏ အနာဂတ်ကို ပြောင်းလဲပေးနိုင်သော မိခင်၏ရွေးချယ်မှု
ကိုယ်ဝန်ဆောင်စဉ်နှင့် မိခင်နို့တိုက်ကျွေးနေချိန်အတွင်း ဆေးရွက်ကြီး၊ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးများကို လုံးဝရှောင်ကြဉ်ခြင်းသည် မိခင်ကိုယ်တိုင်၏ ကျန်းမာရေးကိုသာမက ရင်သွေးငယ်၏ ခန္ဓာကိုယ်၊ ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ပေးနိုင်သော အရေးအကြီးဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်သည်။
အကယ်၍ မိမိကိုယ်တိုင် သို့မဟုတ် မိမိပတ်ဝန်းကျင်ရှိ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် မိခင်နို့တိုက်ကျွေးနေသူတစ်ဦးဦးသည် ဆေးလိပ်၊ အရက် သို့မဟုတ် မူးယစ်ဆေးဝါးများကို ဖြတ်တောက်ရန် အခက်အခဲရှိနေပါက ဆရာဝန်များ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများနှင့် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး အကူအညီရယူသင့်သည်။ ထိုအရာများကို ဖြတ်တောက်ရန် အချိန်နောက်ကျသည်ဟူ၍ မရှိပါ။ မည်သည့်အချိန်တွင်မဆို ရပ်တန့်လိုက်ခြင်းသည် မိခင်နှင့် ကလေးနှစ်ဦးစလုံး၏ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။
ကျန်းမာသော ကိုယ်ဝန်ဆောင်ကာလနှင့် လုံခြုံသော မိခင်နို့တိုက်ကျွေးမှုသည် ကလေး၏ ကျန်းမာရေးနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်သည်။
References:
- Centers for Disease Control and Prevention. (n.d.). Alcohol. Retrieved June 29, 2026, from https://www.cdc.gov/breastfeeding-special-circumstances/hcp/vaccine-medication-drugs/alcohol.html
- Centers for Disease Control and Prevention. (n.d.). E-cigarettes and pregnancy. Retrieved June 29, 2026, from https://www.cdc.gov/maternal-infant-health/pregnancy-substance-abuse/e-cigarettes.html
- American College of Obstetricians and Gynecologists. (n.d.). Tobacco, alcohol, drugs, and pregnancy. Retrieved June 29, 2026, from https://www.acog.org/womens-health/faqs/tobacco-alcohol-drugs-and-pregnancy
- Mater. (n.d.). Smoking, alcohol and drug use during pregnancy and breastfeeding. Retrieved June 29, 2026, from https://www.mater.org.au/health-services/our-services/smoking-alcohol-and-drug-use-during-pregnancy-and-breastfeeding
- National Library of Medicine. (n.d.). Pregnancy and substance use. MedlinePlus. Retrieved June 29, 2026, from https://medlineplus.gov/pregnancyandsubstanceuse.html
- Wilson, C. A., Finch, E., Kerr, C., & Shakespeare, J. (2020). Alcohol, smoking, and other substance use in the perinatal period. BMJ, 369, m1627. https://doi.org/10.1136/bmj.m1627
Published: 30 August 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.