Preterm or premature birth (လမစေ့ဘဲ ကလေးမွေးဖွားခြင်း)

Preterm or premature birth (လမစေ့ဘဲ ကလေးမွေးဖွားခြင်း)

ကလေးတစ်ဦးမွေးဖွားရန် ကိုယ်ဝန်ဆောင်ကာလသည် ပုံမှန်အားဖြင့် ရက်သတ္တပတ် (၄၀) ခန့် ကြာမြင့် လေ့ရှိသည်။ ကိုယ်ဝန်ပတ် (၃၇) ပတ်မတိုင်မီ သားအိမ်ညှစ်အားစတင်ပြီး ကလေးမွေးဖွားခြင်းသည် လမစေ့ဘဲ မွေးဖွားခြင်း သို့မဟုတ် အချိန်မတိုင်ခင်ကလေးမွေးဖွားခြင်း (Preterm or premature birth) ဖြစ်သည်။ ထိုသို့ မွေးဖွားလာသော ကလေးများသည် မွေးဖွားချိန် စောလေ၊ ကလေးအတွက် ကျန်းမာရေးဆိုင်ရာအန္တရာယ်များ ပိုများလေဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လမစေ့ဘဲ ကလေးမွေးဖွားသော အဓိကအကြောင်းရင်းကို တိကျစွာ မသိရသော်လည်း အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်သည်။ မိခင်တွင်ဖြစ်စေ ကလေးတွင်ဖြစ်စေ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အကြောင်းရင်းများရှိပါက လမစေ့ဘဲမွေးဖွားနိုင်သကဲ့သို့ စောစီးစွာမွေးဖွားပေးရန်လည်း လိုအပ်နိုင်သည်။ ဖြစ်နိုင်ခြေများသော အကြောင်းရင်းများမှာ_

  • လမစေ့ဘဲ ကလေးမွေးဖွားဖူးသော ရာဇဝင်ရှိခြင်း (ဤကိုယ်ဝန်မတိုင်မီ ရှေ့ကိုယ်ဝန်သည် လမစေ့ဘဲမွေးခဲ့ခြင်း၊ တစ်ကြိမ်ထက်ပို၍ လမစေ့ဘဲမွေးခဲ့ခြင်းများရှိပါက ပို၍ဖြစ်နိုင်ခြေများသည်)
  • သားအိမ်နှင့် သားအိမ်ခေါင်းတွင် ပြဿနာရှိခြင်း၊ သားအိမ်လည်တံ တိုခြင်း
  • သားအိမ်နှင့် သားအိမ်ခေါင်းတွင် ယခင်ကခွဲစိတ်ဖူးခြင်း
  • အချင်းပြဿနာများရှိခြင်း (အချင်းစောကွာခြင်း၊ အချင်းသည် မွေးလမ်းကြောင်းကို ပိတ်နေခြင်း)
  • ရေမြွှာရည် ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနှင့် မိန်းမကိုယ်အောက်ပိုင်း ပိုးဝင်ခြင်း
  • ကူးစက်ရောဂါတစ်မျိုးမျိုးရှိခြင်း
  • ကိုယ်ဝန်ဆောင်ချိန်ကာလတွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် နာတာရှည်ရောဂါများ ရှိခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ သည်းခြေအိတ်နှင့်ဆိုင်သော ရောဂါများဖြစ်ခြင်း
  • အမြွှာကိုယ်ဝန်ဖြစ်ခြင်း (Multiple pregnancy)
  • ရေမြွှာရည်များလွန်းခြင်း သို့မဟုတ် နည်းလွန်းခြင်း
  • ကိုယ်ဝန်ဆောင်စဉ်တွင် သွေးဆင်းခြင်း
  • ကိုယ်ဝန် တစ်ခုနှင့်တစ်ခုကြား ကာလချိန်သည် (၁၈) လ‌အောက်လျော့နည်းခြင်း
  • ကိုယ်ဝန်ဆောင်မိခင်၏အသက်မှာ (၁၇) နှစ်အောက်ငယ်ခြင်း သို့မဟုတ် (၃၅) နှစ်အထက်ကြီးနေခြင်း
  • နည်းပညာအကူအညီဖြင့် ကိုယ်ဝန်ဆောင်ခြင်း (ဥပမာ _ ဖန်ပြွန်သန္ဓေသားရယူထားခြင်း)
  • ကိုယ်ဝန်ဆောင်စဥ် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်း
  • ကိုယ်ဝန်ဆောင်စဉ် စိတ်ဖိစီးမှုများခြင်း
  • ကိုယ်ဝန်မဆောင်မီကပင် ခန္ဓာကိုယ်အလေးချိန် မပြည့်မီခြင်း၊ အာဟာရမပြည့်ဝခြင်း၊ သို့မဟုတ် အဝလွန်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင် ခန္ဓာကိုယ်အလေးချိန်တိုးတက်မှုမရှိခြင်း
  • ကိုယ်ဝန်စောင့်ရှောက်မှု ကောင်းစွာမခံယူခြင်း
  • ကိုယ်ဝန်ဆောင်တွင် ကြွက်သားအားပျော့သော‌ရောဂါရှိခြင်း
  • အာဖရိကနွယ်ဖွားလူမျိုးများဖြစ်ခြင်း
ရောဂါလက္ခဏာများ

ကိုယ်ဝန်ပတ် (၃၇) ပတ်မပြည့်မီကတည်းက အောက်ပါလက္ခဏာများ အချိန်စော၍ခံစားရပါက လမစေ့ဘဲ ရုတ်တရက် ကလေးမွေးဖွားနိုင်ခြေ မြင့်မားသည်။

  • သားအိမ်ညှစ်အားသည် တစ်နာရီအတွင်း (၄) ကြိမ်အထိ ဖြစ်ပေါ်လာခြင်း
  • ခါးနှင့် ဝမ်းဗိုက်အောက်ပိုင်းတွင် လေးလံလာခြင်း
  • ခါးအောက်ပိုင်းတွင် ကြွက်တက်သကဲ့သို့နာကျင်ခြင်း၊ ရာသီလာစဉ်ကိုက်ခဲသကဲ့သို့ နာကျင်ခြင်း
  • မိန်းမကိုယ်မှ အကျိအချွဲများ၊ သွေးရောင်ပါသောအချွဲများ ဆင်းခြင်း
  • မိန်းမကိုယ်မှ အရည်များဆင်းခြင်း၊ ရေမြွှာရည်များ စိမ့်ဆင်းခြင်း
  • မိန်းမကိုယ်မှ သွေးဆင်းခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • ကလေးလှုပ်တိုးသည့်နှုန်း လျော့နည်းသွားခြင်းတို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

လမစေ့ဘဲကလေးမွေးဖွားခြင်း၏ အဓိကနောက်ဆက်တွဲပြဿနာမှာ လမစေ့ ပေါင်မပြည့်သော ကလေး (Premature baby) မွေးဖွားခြင်းဖြစ်သည်။ အချိန်ပိုစော၍မွေးလေ နောက်ဆက်တွဲကျန်းမာ‌ရေးပြဿနာ ပို၍များလေဖြစ်သည်။ သတ်မှတ်ချိန်မတိုင်မီ စော၍မွေးသောကြောင့် ကလေး၏ ခန္ဓာကိုယ်တွင်းဖွံ့ဖြိုးမှုများ မပြည့်စုံသေးသည့်အတွက် နောက်ဆက်တွဲပြဿနာ များရခြင်းဖြစ်သည်။ ၎င်းနောက်ဆက်တွဲပြဿနာများတွင် အောက်ပါတို့ပါဝင်သည်။

  • အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ
  • နှလုံးဆိုင်ရာပြဿနာများ
  • ဦးနှောက်ဆိုင်ရာပြဿနာများ
  • ခန္ဓာကိုယ်အပူထိန်းညှိမှုဆိုင်ရာပြဿနာများ
  • အစာခြေစနစ်ဆိုင်ရာပြဿနာများ
  • သွေးဗေဒဆိုင်ရာပြဿနာများ
  • ဇီဝကမ္မဆိုင်ရာပြဿနာများ
  • ကိုယ်ခံအားစနစ်ဆိုင်ရာပြဿနာများ
  • စီပီရောဂါ (Cerebral palsy)
  • ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်း
  • အမြင်အာရုံဆိုင်ရာပြဿနာများ
  • အကြားအာရုံဆိုင်ရာပြဿနာများ
  • သွားနှင့်ခံတွင်းဆိုင်ရာပြဿနာများ
  • ရေရှည်ကျန်းမာရေးပြဿနာများ
  • လသားအရွယ်ကလေး ရုတ်တရက်သေဆုံးခြင်း လက္ခဏာစု (Sudden infant death syndrome) များ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

လမစေ့ဘဲမွေးဖွားလာသော ကလေးများတွင် မွေးဖွားပြီး နောက်ဆက်တွဲပြဿနာ များစွာကြုံတွေ့ရနိုင်သောကြောင့် ကိုယ်ဝန်ပတ် (၃၇) ပတ်မတိုင်မီ ကလေးမွေးဖွားမည့် လက္ခဏာများ ပေါ်ပေါက်လာပါက ဆေးရုံဆေးခန်းသို့ ချက်ခြင်းသွားရန် အရေးကြီးသည်။ မဖြစ်မနေ ဆေးရုံဆေးခန်းတွင် မီးဖွားရန် လိုအပ်သည်။ လမစေ့သော ကလေးများသည် များသောအားဖြင့် လျင်မြန်စွာ ရိုးရိုးမွေးဖွားနိုင်ကြသော်လည်း မိခင်နှင့်ကလေး၏ လိုအပ်ချက်ကို မူတည်ပြီး ခွဲစိတ်မွေးဖွားရသည်လည်း ရှိနိုင်သည်။ မွေးဖွားပြီးစအချိန် အရေးပေါ် ကြုံတွေ့ရနိုင်သည့် မွေးကင်းစကလေး ကျန်းမာရေးအခြေအနေပေါ် မူတည်၍ အထူးကြပ်မတ်ကုသမှု ခံယူရနိုင်ခြေလည်း ရှိနိုင်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန်အတွက် ကိုယ်ဝန်ဆောင်မိခင်တွင် လမစေ့ဘဲမွေးလာနိုင်သော အကြောင်းရင်းများကို ရှာဖွေစစ်ဆေးပြီး၊ လမစေ့ဘဲမွေးမည့်လက္ခဏာများ ဖြစ်ပေါ်လာခြင်းကို သေချာစွာစောင့်ကြည့်ရန် လိုအပ်သည်။ ကိုယ်ဝန်ပတ် (၃၇) ပတ်မတိုင်မီ သားအိမ်ညှစ်လာခြင်း၊ သားအိမ်ခေါင်းဝပွင့်လာခြင်းများ ရှိပါက လမစေ့ဘဲမွေးမည်ဟု သတ်မှတ်နိုင်သည်။ လမစေ့ဘဲမွေးရန် လက္ခဏာပြသူများကို အောက်ပါစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သည်။

  • မိန်းမကိုယ်နှင့် မွေးလမ်းကြောင်းကို စမ်းသပ်ခြင်း – မိန်းမကိုယ်အတွင်းသို့ ဘဲနှုတ်သီးကိရိယာ (Speculum) ကိရိယာတစ်မျိုးထည့်ပြီး၊ ရေမြွှာရည်၊ သွေး၊ သားအိမ်အဝပွင့်ခြင်းများကို စစ်ဆေးခြင်း
  • မိန်းမကိုယ်အတွင်းမှတစ်ဆင့် အာထရာဆောင်း (Transvaginal Ultrasound) ဖြင့် သားအိမ်လည်တံအရှည် စစ်ဆေးခြင်း၊ အာထရာဆောင်းဖြင့် က‌လေး၏ အရွယ်အစား၊ ဦးတိုက်မှုအနေအထား၊ ရေမြွှာရည်ပမာဏ၊ အချင်းတည်နေရာများကို စစ်ဆေးခြင်း
  • သားအိမ်ညှစ်အားကို စောင့်ကြည့်မှတ်သားခြင်း
  • သားအိမ်ခေါင်းနှင့် မိန်းမကိုယ်အတွင်း အရည်အချွဲများထဲတွင် ပိုးဝင်မှု ရှိမရှိ စစ်ဆေးခြင်း၊ Fibronectin ဟုခေါ်သော ဓာတ်တစ်မျိုးကို စစ်ဆေးခြင်းများကို ပြုလုပ်ခြင်းဖြင့် လမစေ့ဘဲမွေးဖွားခြင်းကို ရောဂါရှာဖွေနိုင်သည်
ကုသခြင်း

လမစေ့ဘဲ စော၍ဗိုက်နာလာခြင်း၊ မွေးဖွားခြင်းကို ရပ်တန့်နိုင်ရန် တိကျသေချာသော ကုသမှု မရှိ‌သေးပါ။ မွေးဖွားမှုဖြစ်စဉ်ကို အချိန်ခေတ္တဆွဲထားခြင်း၊ ရပ်ထားခြင်း၊ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်းများအတွက် သင့်တော်သောဆေးများပေး၍ ကုသမှုများကိုသာ ပြုလုပ်နိုင်သည်။ ကုသရာတွင် လက်ရှိ‌ရောက်ရှိနေသော ကိုယ်ဝန်သက်၊ ‌ဖြစ်ပေါ်နေသော လက္ခဏာများအပေါ်တွင် မူတည်၍ ဆုံးဖြတ်သည်။ ကလေး၏ ကိုယ်ဝန်သက်ပေါ် မူတည်၍ ဖြစ်ပေါ်လာသော နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်ရန်အတွက် ဆေးများအချိန်မီပေးနိုင်ခြင်း၊ သင့်တော်သောဆေးရုံတွင် မွေးဖွားနိုင်စေရန် ညွှန်းပို့ပေးခြင်းမှာ အရေးကြီးသည်။

အောက်ပါဆေးဝါးများဖြင့် ကုသပေးခြင်းသည် လမ‌စေ့ဘဲမွေးဖွားခြင်းကို ကုသခြင်း၏ တစိတ်တစ်ဒေသဖြစ်သည်။

  • သားအိမ်ကြွက်သားညှစ်ခြင်းကို သက်သာစေသောဆေး (Tocolytics)
    ထိုဆေးများကို ပေးခြင်းဖြင့် သားအိမ်ကြွက်သားညှစ်ခြင်းကို (၄၈) နာရီဝန်းကျင် လျော့နည်းစေနိုင်သည်။ ထိုအချိန်အတွင်း၌ ကိုယ်ဝန်ဆောင်မိခင်ကို မွေးကင်းစကလေး အထူးကြပ်မတ်ကုသမှု ရရှိနိုင်သော အသင့်တော်ဆုံးဆေးရုံသို့ လွှဲပြောင်းပေးခြင်း၊ ကလေး၏ အဆုတ်ဖွံ့ဖြိုးမှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှုတို့အတွက် ဆေးများ‌ပေးခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။
  • မဂ္ဂနီစီယံဆာလဖိတ် (Magnesium sulfate)
    ကလေး၏ နောက်ဆက်တွဲ ဦးနှောက်ပြဿနာကို ကာကွယ်ရန်ပေးသော ဆေးဖြစ်ပြီး၊ ကိုယ်ဝန်ပတ် (၃၂) ပတ်အောက်မိခင်များကို သွေးကြောမှတစ်ဆင့် ထိုးပေးရသောဆေးဖြစ်သည်။ ထိုဆေးကို ထိုးပေးခြင်းဖြင့် စီပီရောဂါ (CP -cerebral palsy) ဖြစ်နိုင်ခြေကို လျော့နည်းစေသည်။
  • စတီးရွိုက် (Corticosteroids)
    ကလေး၏ အဆုတ်၊ အစာခြေစနစ်၊ ဦးနှောက်ဖွံ့ဖြိုးခြင်းများကို အထောက်အကူဖြစ်စေသော ဆေးများဖြစ်ပြီး အများအားဖြင့် ကိုယ်ဝန် (၂၄)ပတ် မှ (၃၄)ပတ်အတွင်း ပေးလေ့ရှိသည်။

ထို့ပြင် လမစေ့ဘဲမွေးဖွားခြင်း လျော့နည်းနိုင်စေရန် အောက်ပါတို့ကိုလည်း ပြုလုပ်နိုင်သည်။

  • ကိုယ်ဝန်ဆောင်မိခင်တွင် ယခင် လမစေ့ဘဲမွေးဖူးသော ရာဇဝင်ရှိခြင်း၊ အာထရာဆောင်းဖြင့် တိုင်းတာမှုတွင် သားအိမ်လည်တံတိုပြီး အရှည်မှာ (၂၅) မီလီမီတာအောက် ရှိခြင်းတို့တွင် ကိုယ်ဝန်ပတ် (၂၄) ပတ်မတိုင်မီ၌ သားအိမ်လည်တံပတ်လည် ကြိုးကွင်းချုပ်ကြိုးစည်းခြင်း (Cervical cerclage)ကို ပြုလုပ်ရမည်ဖြစ်သည်၊ ထိုကြိုးကွင်းချုပ်ကြိုးစည်းထားခြင်းကို ကိုယ်ဝန်ပတ် (၃၆) ပတ်တွင် ပြန်ဖြုတ်ရန် လိုအပ်သည်
  • လမစေ့ဘဲမွေးဖွားခဲ့သော ရာဇဝင်ရှိပြီး သားအိမ်လည်တံတိုသော ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်ဝန် (၂၄) ပတ်မတိုင်မီတွင် မိန်းမကိုယ်တွင်းထည့်သော ပရိုဂျက်စတီရုန်း (Vaginal Progesterone) ပေးခြင်းဖြင့်လည်း လမစေ့ဘဲ ကလေးမွေးခြင်းကို လျော့နည်းနိုင်စေသည်။
ကာကွယ်ခြင်း

လမစေ့ဘဲ မွေးဖွားခြင်းကို ကာကွယ်နိုင်သော တိကျသေချာသည့် နည်းလမ်းမရှိသေးပါ။ သို့သော် ဖြစ်ပေါ်ရသောအကြောင်းရင်းများကို အချိန်မီသိရှိ လျှော့ချစေခြင်းဖြင့် လမစေ့ဘဲမွေးဖွားခြင်းကို ကာကွယ်နိုင်သည်။ ၎င်းတို့မှာ_

  • ကိုယ်ဝန်လနုစဉ်ကတည်းက စောင့်ရှောက်ကုသမှု ရက်ချိန်းများကို မှန်ကန်စွာပြခြင်း၊ မိခင်နှင့်ကလေး နှစ်ဦးလုံးအတွက် လမ်းညွှန်ချက်များကို သေချာစွာလိုက်နာခြင်း
  • ကိုယ်ဝန်ဆောင်စဉ်တွင် ကျန်းမာစေပြီး သင့်တင့်မျှတသော အစာအာဟာရများစားသုံးခြင်း
  • ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်း
  • စိတ်ဖိစီးမှုကို လျော့ချခြင်း
  • ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်သော သို့မဟုတ် ယခင်ကတည်းကရှိနှင့်သော သွေးတိုး၊ ဆီးချို အစရှိသော နာတာရှည်ရောဂါများကို သက်ဆိုင်ရာ သမားတော်များနှင့် သေချာစွာတိုင်ပင်ထိန်းသိမ်းကုသခြင်း
  • ကိုယ်ဝန်တစ်ခုနှင့်တစ်ခုကြားကာလအချိန် (၁၈) လအောက် မနည်းစေရန် သင့်တော်သော သားဆက်ခြားနည်း အသုံးပြုခြင်း စသည်တို့ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Premature labor. Retrieved November 7, 2025, from https://my.clevelandclinic.org/health/diseases/4498-premature-labor
  2. Mayo Clinic. (n.d.). Preterm labor: Symptoms & causes. Retrieved November 7, 2025, from https://www.mayoclinic.org/diseases-conditions/preterm-labor/symptoms-causes/syc-20376842
  3. Mayo Clinic. (n.d.). Preterm labor: Diagnosis & treatment. Retrieved November 7, 2025, from https://www.mayoclinic.org/diseases-conditions/preterm-labor/diagnosis-treatment/drc-20376848

Published: 26 December 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

26 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Ganglion Cyst (ဂန်ဂလီယံအရည်အိတ်)
Dec 31, 2025
Diseases and Conditions

Ganglion Cyst (ဂန်ဂလီယံအရည်အိတ်)

ဂန်ဂလီယံအရည်အိတ်သည် အဆစ်နှင့် အရွတ်များတွင် ဖြစ်ပေါ်တတ်သော ကင်ဆာမဟုတ်သည့်...

Tennis Elbow (Lateral Epicondylitis) (တင်းနစ်တံတောင်ဆစ် သို့မဟုတ် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းခြင်း)
Dec 31, 2025
Diseases and Conditions

Tennis Elbow (Lateral Epicondylitis) (တင်းနစ်တံတောင်ဆစ် သို့မဟုတ် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းခြင်း)

တံတောင်ဆစ်နာကျင်မှုများတွင် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော...

Chorioamnionitis (ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်း)
Dec 30, 2025
Diseases and Conditions

Chorioamnionitis (ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်း)

ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်းသည် မိခင်ရောကလေးပါ...