လမစေ့၊ ပေါင်မပြည့်သော ကလေးမွေးဖွားခြင်း ဆိုသည်မှာ ကိုယ်ဝန်သက် (၃၇) ပတ် မတိုင်မီ မွေးဖွားခြင်း သို့မဟုတ် မွေးဖွားချိန် ကိုယ်အလေးချိန် ၂၅၀၀ ဂရမ် (၅.၅ ပေါင်) အောက်ရှိခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ မွေးကင်းစကလေးငယ်များ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ဖြစ်ပွါးရခြင်းနှင့် သေဆုံးခြင်း၏ အဓိကအကြောင်းရင်းသည် လမစေ့၊ ပေါင်မပြည့် ကလေးမွေးဖွားခြင်းကြောင့်ဖြစ်သည်။ ထိုသို့မွေးဖွားခြင်းကို ကာကွယ်ရန် ကိုယ်ဝန်မဆောင်မီ အချိန်မှစ၍ ကလေးမွေးဖွားသည့် အချိန်ထိ ကိုယ်ဝန်စောင့်ရှောက်မှု စနစ်တကျခံယူရန် အလွန်အရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
လမစေ့၊ ပေါင်မပြည့်ကလေးမွေးဖွားခြင်း၏ အဓိကအကြောင်းရင်းကို တိကျစွာ မသိရပါ။ ကိုယ်ဝန်ဆောင်မိခင်တွင်ဖြစ်စေ သန္ဓေသားတွင်ဖြစ်စေ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အကြောင်းရင်းများရှိပါက လမစေ့၊ ပေါင်မပြည့်သော ကလေးမွေးဖွားနိုင်သကဲ့သို့ စောစီးစွာ မွေးဖွားပေးရန်လည်း လိုအပ်သည်။ လမစေ့၊ ပေါင်မပြည့်ကလေးမွေးဖွားခြင်း ဖြစ်နိုင်ခြေများသော အကြောင်းရင်းများမှာ_
- လမစေ့ဘဲ ကလေးမွေးဖွားဖူးသော ရာဇဝင်ရှိခြင်း – ဤကိုယ်ဝန်မတိုင်မီ ရှေ့ကိုယ်ဝန်သည် လမစေ့ဘဲမွေးခဲ့ခြင်း၊ တစ်ကြိမ်ထက်ပို၍ လမစေ့ဘဲမွေးခဲ့ခြင်းများ ရှိပါက ပို၍ဖြစ်နိုင်ခြေများသည်
- သားအိမ်နှင့် သားအိမ်ခေါင်းတွင် ပြဿနာရှိခြင်း၊ သားအိမ်လည်တံ တိုခြင်း
- သားအိမ်နှင့် သားအိမ်ခေါင်း ယခင်ကခွဲစိတ်ဖူးခြင်းသောရာဇဝင်ရှိခြင်း
- အချင်းနှင့်ဆိုင်သော ပြဿနာများရှိခြင်း (ဥပမာ _ အချင်းစောကွာခြင်း၊ အချင်းသည် မွေးလမ်းကြောင်းကို ပိတ်ပြီးတည်ရှိနေခြင်း)
- ရေမြွှာရည် ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနှင့် မိန်းမကိုယ်အောက်ပိုင်း ပိုးဝင်ခြင်း
- ကူးစက်ရောဂါတစ်မျိုးမျိုးရှိခြင်း
- ကိုယ်ဝန်ဆောင်ချိန်ကာလတွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် နာတာရှည်ရောဂါများ ရှိခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ သည်းခြေအိတ်နှင့်ဆိုင်သော ရောဂါများဖြစ်ခြင်း
- အမြွှာကိုယ်ဝန်ဖြစ်ခြင်း (Multiple pregnancy)
- ရေမြွှာရည်များလွန်းခြင်း သို့မဟုတ် နည်းလွန်းခြင်း
- ကိုယ်ဝန်ဆောင်စဉ်တွင် သွေးဆင်းခြင်း
- ကိုယ်ဝန် တစ်ခုနှင့်တစ်ခုကြား ကာလချိန်သည် (၁၈) လအောက်လျော့နည်းခြင်း
- ကိုယ်ဝန်ဆောင်မိခင်၏အသက် (၁၇) နှစ်အောက်ငယ်ခြင်း သို့မဟုတ် (၃၅) နှစ်အထက် ကြီးနေခြင်း
- နည်းပညာအကူအညီဖြင့် ကိုယ်ဝန်ဆောင်ခြင်း (ဥပမာ _ ဖန်ပြွန်သန္ဓေသားရယူထားခြင်း)
- ကိုယ်ဝန်ဆောင်စဥ် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်း
- ကိုယ်ဝန်ဆောင်စဉ် စိတ်ဖိစီးမှုများခြင်း
- ကိုယ်ဝန်မဆောင်မီကပင် မိခင်သည် ခန္ဓာကိုယ်အလေးချိန် မပြည့်မီခြင်း၊ အာဟာရမပြည့်ဝ ခြင်း၊ သို့မဟုတ် အဝလွန်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန် ခန္ဓာကိုယ်အလေးချိန်တိုးတက်မှုမရှိခြင်း
- ကိုယ်ဝန်စောင့်ရှောက်မှု ကောင်းစွာမခံယူခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
လမစေ့၊ ပေါင်မပြည့်ဘဲ မွေးဖွားလာသော ကလေးငယ်များသည် သတ်မှတ်ချိန်ထက်စော၍ မွေးဖွားလာခြင်းကြောင့် ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများနှင့် စနစ်များ ဖွံ့ဖြိုးမှု မပြည့်စုံသေးဘဲ နောက်ဆက်တွဲကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်ရတတ်သည်။ အချိန်ပိုစော၍ မွေးဖွားလေလေ နောက်ဆက်တွဲကျန်းမာရေးပြဿနာ ပိုမိုများပြားလေလေဖြစ်သည်။ ၎င်းနောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ကာလတိုနှင့် ကာလရှည် ပြဿနာများဟူ၍ အောက်ပါအတိုင်း တွေ့ရသည်။
ရေတိုတွင် ဖြစ်ပွားတတ်သော နောက်ဆက်တွဲပြဿနာများ
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ
အဆုတ်ရင့်ကျက်မှု မရှိခြင်းကြောင့် အသက်ရှူရခက်ခဲခြင်း ရောဂါလက္ခဏာစု (Respiratory Distress Syndrome) ခံစားရနိုင်သည့်အပြင် အသက်ရှူခဏရပ်ခြင်း (Apnea) နှင့် နာတာရှည် အဆုတ်ရောဂါများ ဖြစ်ပွားနိုင်သည်။ - နှလုံးဆိုင်ရာ ပြဿနာများ
မွေးရာပါ နှလုံးရောဂါ (Patent Ductus Arteriosus – PDA) နှင့် သွေးဖိအား မမှန်ခြင်းတို့ ဖြစ်တတ်သည်။ - ဦးနှောက်ဆိုင်ရာ ပြဿနာများ
ဦးနှောက်အတွင်း သွေးယိုစိမ့်ခြင်း (Intraventricular Hemorrhage) ကဲ့သို့သော ပြင်းထန်သည့် အခြေအနေများ ဖြစ်ပွားနိုင်သည်။ - ခန္ဓာကိုယ်အပူထိန်းညှိမှုဆိုင်ရာ ပြဿနာများ
ခန္ဓာကိုယ်တွင် အဆီဓာတ်နည်းပါးခြင်းကြောင့် ကိုယ်အပူချိန် လျင်မြန်စွာ ကျဆင်းပြီး အသက်အန္တရာယ်ရှိနိုင်သော ကိုယ်အပူချိန်လွန်ကဲစွာကျခြင်း (Hypothermia) ဖြစ်ပွားနိုင်သည်။ - အစာခြေစနစ်ဆိုင်ရာ ပြဿနာများ
အူလမ်းကြောင်း ဖွံ့ဖြိုးမှုမရှိသေးသဖြင့် အူသိမ်အူမကြီး ပုပ်ခြင်း (Necrotizing Enterocolitis – NEC) ကဲ့သို့သော အသက်အန္တရာယ်ရှိသည့် အူလမ်းကြောင်းရောဂါများ ခံစားရနိုင်သည်။ - သွေးဗေဒနှင့် ဇီဝကမ္မဆိုင်ရာ ပြဿနာများ
သွေးအားနည်းခြင်း (Anemia)၊ အသားဝါခြင်း (Neonatal Jaundice) နှင့် သွေးတွင်းသကြားဓာတ် အလွန်အမင်းနည်းခြင်း (Hypoglycemia) တို့ ဖြစ်ပွားနိုင်သည်။ - ကိုယ်ခံအားစနစ်ဆိုင်ရာ ပြဿနာများ
ကိုယ်ခံအားစနစ် အားနည်းခြင်းကြောင့် သွေးထဲပိုးဝင်ခြင်း (Sepsis) နှင့် အခြားကူးစက်ရောဂါများ လွယ်ကူစွာ ဝင်ရောက်နိုင်သည်။
ရေရှည်တွင် ဖြစ်ပွားတတ်သော နောက်ဆက်တွဲပြဿနာများ
- စီပီရောဂါ (Cerebral Palsy)
ဦးနှောက်ဖွံ့ဖြိုးမှု ချို့ယွင်းခြင်းကြောင့် လှုပ်ရှားမှု၊ ကြွက်သားထုနှင့် ဟန်ချက်ထိန်းခြင်းဆိုင်ရာ မသန်စွမ်းမှုများ ဖြစ်ပွားနိုင်သည်။ - ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း
သင်ယူမှုစွမ်းရည် လျော့နည်းခြင်း၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာများနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု နောက်ကျခြင်းတို့ ကြုံတွေ့ရနိုင်သည်။ - အမြင်အာရုံဆိုင်ရာ ပြဿနာများ
လမစေ့ဘဲ မွေးဖွားသော ကလေးများတွင် အမြင်လွှာသွေးကြော ဖွံ့ဖြိုးမှုမမှန်ခြင်း (Retinopathy of Prematurity – ROP) ကြောင့် အမြင်အာရုံ ချို့ယွင်းခြင်း သို့မဟုတ် မျက်စိကွယ်ခြင်းအထိ ဖြစ်နိုင်သည်။ - အကြားအာရုံဆိုင်ရာ ပြဿနာများ
အကြားအာရုံ အာရုံကြောများ ကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် အကြားအာရုံ ချို့ယွင်းခြင်းနှင့် နားမကြားခြင်းတို့ ဖြစ်ပွားနိုင်သည်။ - သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများ
သွားပေါက်နှေးခြင်း၊ သွားအရောင် ပြောင်းလဲခြင်းနှင့် သွားပုံစံမမှန်ခြင်း စသည့်ပြဿနာများ ဖြစ်တတ်သည်။ - နာတာရှည် ရေရှည်ကျန်းမာရေး ပြဿနာများ
ကြီးပြင်းလာသည့်အခါ ကူးစက်ရောဂါ ခဏခဏဝင်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ခြင်းနှင့် အစာကျွေးရခက်ခဲခြင်း စသည့်ပြဿနာများ ရေရှည်ခံစားရနိုင်သည်။ - လသားအရွယ်ကလေး ရုတ်တရက် သေဆုံးခြင်းလက္ခဏာစု (Sudden Infant Death Syndrome – SIDS)
လမစေ့၊ ပေါင်မပြည့်ဘဲ မွေးဖွားလာသော ကလေးငယ်များသည် ပုံမှန်ကလေးများနှင့် နှိုင်းယှဉ်ပါက SIDS ကြောင့် အိပ်ပျော်နေစဉ် ရုတ်တရက် သေဆုံးနိုင်ခြေ ပိုမိုများပြားသည်။
ကာကွယ်ခြင်း
လမစေ့၊ ပေါင်မပြည့်ကလေးမွေးဖွားခြင်းကို ကာကွယ်နိုင်သော တိကျသေချာသည့် နည်းလမ်းမရှိသေးပါ။ သို့သော် ဖြစ်ပေါ်လာရသောအကြောင်းအရင်းများကို အချိန်မီသိရှိ လျှော့ချစေခြင်းဖြင့် လမစေ့၊ ပေါင်မပြည့်ကလေးမွေးဖွားခြင်းကို ကာကွယ်နိုင်သည်။
ကိုယ်ဝန်မဆောင်မီ ကြိုတင်ပြင်ဆင်ခြင်း (Preconception Care)
ကိုယ်ဝန်မဆောင်မီ ကြိုတင်ပြင်ဆင်ခြင်းသည် မိခင်ရော ကလေးအတွက်ပါ တစ်သက်တာ ကျန်းမာပျော်ရွှင်မှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ဖြစ်သည်။
- ရောဂါအခံများကို ထိန်းချုပ်ခြင်း
- သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါနှင့် သိုင်းရွိုက်ရောဂါ ကဲ့သို့သော ကျန်းမာရေး အခြေအနေများကို ကိုယ်ဝန်မဆောင်မီ တည်ငြိမ်အောင် ထိန်းချုပ်ရန် လိုအပ်သည်
- သို့မှသာ လမစေ့ဘဲ ကလေးစောမွေးဖွားခြင်းနှင့် ပေါင်မပြည့်သော ကလေးမွေးဖွားခြင်းတို့ကို လျှော့ချနိုင်မည်
- ဖောလစ်အက်ဆစ် သောက်ခြင်း
- အာရုံကြောဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပြီး ကိုယ်ဝန်မဆောင်မီကတည်းက ကြိုတင်သောက်သုံးသင့်သည်။
- ကိုယ်အလေးချိန် ထိန်းညှိခြင်း
- ကိုယ်ဝန်ဆောင်မည့် အမျိုးသမီးအလွန်ပိန်လွန်းခြင်း သို့မဟုတ် အဝလွန်လွန်းခြင်းသည် လမစေ့ဘဲမွေးဖွားနိုင်ခြေများသောကြောင့် သင့်တင့်သော ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ရှိအောင် ပြင်ဆင်သင့်သည်။
- သားဆက်ခြားခြင်း
- ကိုယ်ဝန်တစ်ခုနှင့် တစ်ခုကြား အနည်းဆုံး ၁၈လ မှ ၂၄လခန့် ခြားခြင်းသည် နောက်မွေးဖွားလာမည့် ကလေးကို ကိုယ်အလေးချိန်ပြည့်မီစေရန် အထောက်အကူပြုသည်
ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး စောင့်ရှောက်မှု စနစ်တကျခံယူခြင်း (Antenatal Care)
အမျိုးသမီးတစ်ဦးသည် မိမိတွင် ကိုယ်ဝန်ရှိနေကြောင်း သိသည်နှင့်တပြိုင်နက် ကျန်းမာရေး စောင့်ရှောက်မှု ခံယူရန် လိုအပ်သည်။ ကိုယ်ဝန်နှင့် ပတ်သက်၍ မိမိ၏မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်ဆရာဝန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်တကျခံယူရမည်။
- အာဟာရပြည့်၀စွာ စားသုံးခြင်း
- ပရိုတင်း (အသား၊ ငါး၊ ပဲ)၊ သံဓာတ်၊ ကယ်လ်ဆီယမ်နှင့် ဗီတာမင်များ ကြွယ်ဝစွာ စားသုံးရမည်
- ကိုယ်ဝန်ဆောင်စဥ် မိခင် အာဟာရချို့တဲ့ခြင်းသည် လမစေ့ဘဲ ကလေးစောမွေးဖွားခြင်းနှင့် ပေါင်မပြည့်သော ကလေးမွေးဖွားခြင်းကို ဖြစ်စေသည်
- အန္တရာယ်ရှိသော အရာများ ရှောင်ကြဉ်ခြင်း
- ဆေးလိပ်၊ အရက်နှင့် ဆရာဝန်ညွှန်ကြားချက် မပါသော ဆေးဝါးများကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ
- ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းနှင့် အရက် သောက်ခြင်း သည် ကလေး၏ ကိုယ်အလေးချိန်ကို သိသိသာသာ လျော့ကျစေသည့်အပြင် လမစေ့ဘဲ ကလေးမွေးဖွားခြင်းကို ဖြစ်စေနိုင်သည်
- အလုပ်လုပ်ခြင်းနှင့် အနားယူခြင်း
- အလွန်အမင်း ပင်ပန်းသော အလုပ်များ၊ အလေးအပင် မခြင်းများကို ရှောင်ကြဥ်ပါ
- တစ်နေ့လျှင် အနည်းဆုံး ၈ နာရီ အိပ်စက်အနားယူပါ
- စိတ်ဖိစီးမှုများခြင်းသည် ဟော်မုန်းပြောင်းလဲမှုကို ဖြစ်စေပြီး စောစီးစွာ ကလေးမွေးဖွားခြင်းကို ဖြစ်စေနိုင်သည်
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
- ကိုယ်ဝန်ဆောင်စဉ် ဆီးခဏခဏသွားခြင်း၊ ဆီးအောင့်ခြင်း စသည့်လက္ခဏာများ ခံစားရပါက ချက်ချင်းကုသမှုခံယူပါ
- ရောဂါလက္ခဏာမပြသော ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည်လည်း လမစေ့ဘဲ ကလေးမွေးဖွားခြင်းကို ဖြစ်စေနိုင်သည်
- သွားနှင့်ခံတွင်းကျန်းမာရေး
- သွားဖုံးရောင်ခြင်းနှင့် ပိုးဝင်ခြင်းသည် လမစေ့ဘဲကလေး မွေးဖွားခြင်းနှင့် ဆက်စပ်နေနိုင်သဖြင့် ခံတွင်းသန့်ရှင်းရေးကို အထူးဂရုစိုက်ပါ
ဆေးဘက်ဆိုင်ရာ ကုသမှုများ (Medical Interventions)
လမစေ့ဘဲ ကလေးမွေးဖွားရခြင်း၏ အကြောင်းအရင်းကို တိတိကျကျ မသိနိုင်သော်လည်း၊ အန္တရာယ်ရှိသော ကိုယ်ဝန်ဆောင်မိခင်များတွင် လမစေ့ဘဲ ကလေးမွေးဖွားခြင်းကို လျော့နည်းစေရန် အောက်ပါတို့ကို ပြုလုပ်နိုင်သည်။
- ယခင် လမစေ့ဘဲမွေးဖူးသော ရာဇဝင်ရှိခြင်း၊ သားအိမ်လည်တံ တိုခြင်း (အာထရာဆောင်းဖြင့် တိုင်းတာမှုတွင် သားအိမ်လည်တံသည် (၂၅) မီလီမီတာအောက် ရှိခြင်း) ရှိသော ကိုယ်ဝန်ဆောင်မိခင်သည် ကိုယ်ဝန်သက် (၂၄) ပတ်မတိုင်မီ သားအိမ်လည်တံပတ်လည်ကို ကွင်းချုပ်ကြိုးစည်းခြင်း (Cervical cerclage) ကို ပြုလုပ်နိုင်သည်၊ ထိုကွင်းချုပ်ကြိုးစည်း ထားခြင်းကို ကိုယ်ဝန်သက် (၃၆) ပတ် သို့မဟုတ် ကလေးမွေးဖွားရန် ဗိုက်နာလာသည့်အခါ ပြန်ဖြုတ်ရန် လိုအပ်သည်
- လမစေ့ဘဲမွေးဖွားဖူးသော ရာဇဝင်ရှိပြီး သားအိမ်လည်တံတိုသော ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်ဝန် (၂၄) ပတ်မတိုင်မီတွင် မိန်းမကိုယ်တွင်းထည့်သော ပရိုဂျက်စတီရုန်း (Vaginal Progesterone) ပေးခြင်းဖြင့်လည်း လမစေ့ဘဲ ကလေးမွေးခြင်းကို လျှော့ချနိုင်သည်။
အချုပ်အားဖြင့် လမစေ့ဘဲကလေးမွေးဖွားခြင်းနှင့် ပေါင်မပြည့်သောကလေးမွေးဖွားခြင်းကို ကာကွယ်ရန်
- စောစီးစွာကိုယ်ဝန်စောင့်ရှောက်မှု ခံယူပါ
- ကိုယ်ဝန်ကို မှန်မှန်ပြသပါ
- အာဟာရပြည့်၀အောင်စားပါ
- အန္တရာယ်ရှိသော အခြေအနေ အကြောင်းခြင်းရာများကို ရှောင်ကြဥ်ပါ
အထက်ဖော်ပြပါအချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ကျန်းမာသန်စွမ်း အန္တရာယ်ကင်းသော ရင်သွေးငယ်လေးများကို မွေးဖွားပေးနိုင်မည်။
References:
- Cleveland Clinic. (n.d.). Low birth weight. Retrieved June 6, 2026, from https://my.clevelandclinic.org/health/diseases/24980-low-birth-weight
- World Health Organization. (n.d.). Low birth weight. Retrieved June 6, 2026, from https://www.who.int/data/nutrition/nlis/info/low-birth-weight
- Mayo Clinic. (n.d.). Premature birth: Symptoms and causes. Retrieved June 6, 2026, from https://www.mayoclinic.org/diseases-conditions/premature-birth/symptoms-causes/syc-20376730
- Cleveland Clinic. (n.d.). Premature birth. Retrieved June 6, 2026, from https://my.clevelandclinic.org/health/diseases/21479-premature-birth
- World Health Organization. (n.d.). Preterm birth. Retrieved June 6, 2026, from https://www.who.int/news-room/fact-sheets/detail/preterm-birth
Published: 23 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.