Preconception Care (ကိုယ်ဝန်မဆောင်မီ ကြိုတင်ပြင်ဆင်မှု)

Preconception Care (ကိုယ်ဝန်မဆောင်မီ ကြိုတင်ပြင်ဆင်မှု)

ကမ္ဘာလောကကြီးထဲသို့ သက်ရှိလူသားတစ်ယောက်ကို ခေါ်ဆောင်လာခြင်းသည် ဘဝ၏ အလှပဆုံးအတွေ့အကြုံများထဲမှ တစ်ခုဖြစ်သည်။ ရင်သွေးငယ်လေးအတွက် ကောင်းမွန်သော အစပြုခြင်း ဖြစ်စေရန် ကိုယ်ဝန်မဆောင်မီကာလ ကျန်းမာရေးစောင့်ရှောက်မှုသည် ကိုယ်ဝန်ဆောင်ချိန် စောင့်ရှောက်မှုများ နည်းတူ အရေးကြီးလှသည်။

ကိုယ်ဝန်မဆောင်မီ အချိန်ကာလသည် လပေါင်းများစွာ သို့မဟုတ် တစ်ခါတစ်ရံ နှစ်ပေါင်းများစွာ ကတည်းကပင် စတင်ခြင်းဖြစ်သည်။ ထိုကာလသည် မိမိ၏ကျန်းမာရေးကို ပြုစုပျိုးထောင်ဖို့သာမက ရင်သွေးငယ်လေးများအတွက် အကောင်းဆုံးသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန်နှင့် မိဘလောင်းများအနေဖြင့် သိမြင်နားလည်မှု၊ အဆင်သင့်ဖြစ်မှုတို့ဖြင့် မိမိကိုယ်ကိုယ် ခွန်အားဖြည့်တင်းနိုင်မည့် အခွင့်အရေးဖြစ်သည်။

ကိုယ်ဝန်မဆောင်မီ ကြိုတင်ပြင်ဆင်မှု (Preconception Care) ဆိုသည်မှာ ဆေးရုံ၊ ဆေးခန်းပြသခြင်းနှင့် အားဆေးသောက်သုံးခြင်းတို့ထက် အဓိပ္ပာယ်များစွာ ပိုမိုနက်ရှိုင်းသည်။ ၎င်းသည် မိခင်ရော၊ ကလေးပါ ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်မည့် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာစေရန် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် နေထိုင်မှုပုံစံများကို စနစ်တကျ ပေါင်းစပ်ပြင်ဆင်ခြင်းဖြစ်သည်။ မကြာခင်ကာလတွင် ကလေးယူရန် စီစဉ်နေသူဖြစ်စေ၊ အနာဂတ်အတွက် ရည်မှန်းထားသူဖြစ်စေ ကိုယ်ဝန်မဆောင်မီ ကျန်းမာရေးအခြေအနေကို နားလည်သဘောပေါက်ထားခြင်းသည် မိမိကိုယ်တိုင် ပြုလုပ်နိုင်သော အရေးပါဆုံးသော ခြေလှမ်းတစ်ခုဖြစ်သည်။

ဤပြင်ဆင်မှုများထဲတွင် အာဟာရ၊ နေထိုင်မှုပုံစံ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ဆေးပညာဆိုင်ရာ လမ်းညွှန်ချက်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သတိပြုဖွယ်ရာများအပါအဝင် ပြည့်စုံသော စစ်ဆေးမှုများ အားလုံးပါဝင်သည်။

ကိုယ်ဝန်မဆောင်မီ ကြိုတင်ပြင်ဆင်မှုကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

ကိုယ်ဝန်မဆောင်မီ စနစ်တကျ ကြိုတင်ပြင်ဆင်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ရရှိနိုင်သဖြင့် ဤအဆင့်သည် အလွန်အရေးကြီးသည်။

  • နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်ခြင်း _ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကြုံတွေ့ရနိုင်သည့် ဘေးထွက်ဆိုးကျိုးများနှင့် နောက်ဆက်တွဲ ပြဿနာများကို ကြိုတင်ကာကွယ်ပေးနိုင်သည်
  • သားသမီးရရှိနိုင်စွမ်း (Fertility) ကို မြှင့်တင်ပေးခြင်း _ ကိုယ်ဝန်ရရှိရန် အခွင့်အလမ်းကို ပိုမိုများပြားစေသည်
  • ရင်သွေးငယ် ကျန်းမာစေခြင်း _ သန္ဓေသား ကျန်းမာစွာ ဖွံ့ဖြိုးကြီးထွားလာစေရန် သေချာစေသည်
  • ကျန်းမာရေးအခြေအနေကို ကြိုတင်ထိန်းချုပ်နိုင်ခြင်း _ ကိုယ်ဝန်ဆောင်ခြင်းကို ထိခိုက်စေနိုင်သော လက်ရှိရောဂါအခံများကို ကြိုတင်သိရှိစေပြီး စနစ်တကျ ကုသမှု ခံယူနိုင်သည်
ကိုယ်ဝန်မဆောင်မီ ပြင်ဆင်ရန် အချိန်ကာလ (The Timing of Preconception Preparation)

ကိုယ်ဝန်မဆောင်မီ စတင်ပြင်ဆင်ရန် အကောင်းဆုံးအချိန်သည် ကိုယ်ဝန်ယူရန် မကြိုးစားမီ အနည်းဆုံး (၃)လ မှ (၆)လခန့်ဖြစ်သည်။ စောစောပြင်ဆင်နိုင်လေ ပိုမိုကောင်းမွန်လေဖြစ်သည်။ မမျိုးဥများ ရင့်မှည့်ရန် သုံးလခန့် အချိန်ယူရသကဲ့သို့ သုက်ကောင် ထုတ်လုပ်မှုစက်ဝန်း (Spermatogenesis) သည်လည်း ရက်သတ္တပတ် အနည်းငယ် ကြာမြင့်သည်။

ဤပြင်ဆင်မှုကာလအတွင်း စားသောက်သည့် အစားအစာ၊ စိတ်ဖိစီးမှုကို စီမံခန့်ခွဲပုံ၊ ဆေးလိပ်နှင့် အရက် သောက်သုံးခြင်း ရှိမရှိ အပေါ် မူတည်၍ ကိုယ်ဝန်ရရှိနိုင်မှု အခွင့်အလမ်းအပေါ် တိုက်ရိုက် သက်ရောက်မှုရှိသည်။

  • ရောဂါအခံများ ထိန်းချုပ်ခြင်း _ ဆီးချိုရောဂါ သို့မဟုတ် သိုင်းရွိုက်ရောဂါကဲ့သို့သော ကျန်းမာရေး အခြေအနေများကို ကိုယ်ဝန်မဆောင်မီ တည်ငြိမ်အောင် ထိန်းချုပ်ရန် အချိန်ပိုမိုယူရနိုင်သည်
  • ဆေးဝါးနှင့် ကာကွယ်ဆေး _ သောက်သုံးနေသော ဆေးဝါးများကို ပြန်လည်ချိန်ညှိရန်၊ လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံရန်နှင့် ခန္ဓာကိုယ်အတွင်း လိုအပ်နေသော အာဟာရဓာတ်များကို ပြန်လည်ဖြည့်တင်းရန် လပေါင်းများစွာ ကြာမြင့်နိုင်သည်

အချိန်စောစီးစွာ ပြင်ဆင်ခြင်းသည် ကိုယ်ဝန်ဆောင်ကာလသို့ ကူးပြောင်းရာတွင် ပိုမိုချောမွေ့စေမည်ဖြစ်သည်။

ကိုယ်ဝန်မဆောင်မီ ကျန်းမာရေး၏ အရေးကြီးပုံ (Why Preconception Health Matters)

သုတေသနပြုချက်များအရ ကိုယ်ဝန်မဆောင်မီ မိဘနှစ်ပါးစလုံး၏ ကျန်းမာရေး အခြေအနေသည် သားသမီး ရရှိနိုင်စွမ်း၊ ကိုယ်ဝန်ဆောင်မှု ရလဒ်များနှင့် သန္ဓေသား၏ မျိုးဗီဇဖော်ပြမှု (Epigenetics) အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိသည်။ ၎င်းအပြင် ကလေး၏ တစ်သက်တာ ကျန်းမာရေးအတွက်လည်း အလွန်အရေးပါကြောင်း ခိုင်မာစွာ လေ့လာတွေ့ရှိထားသည်။

သိပ္ပံပညာအရ လေ့လာတွေ့ရှိချက်များအရ အောက်ပါအချက်များသည် မမျိုးဥနှင့် သုက်ပိုး အရည်အသွေးကို ထိခိုက်စေနိုင်သည်။

  • အာဟာရဓာတ် ချို့တဲ့ခြင်း
  • စိတ်ဖိစီးမှု မြင့်မားခြင်း
  • ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များနှင့် ထိတွေ့ခြင်း
  • နာတာရှည်ရောဂါများ ရှိနေခြင်း

ထို့ကြောင့် ကိုယ်ဝန်မဆောင်မီ ကျန်းမာရေးကို ဂရုစိုက်ခြင်းသည် ကိုယ်ဝန်ရရှိရန်အတွက်သာမက အနာဂတ် မျိုးဆက်သစ်များအတွက် အကောင်းဆုံး အစပြုမှုကို ဖန်တီးပေးခြင်းဖြစ်သည်။ ၎င်းအပြင် မိဘလောင်းများ၏ ကိုယ်ရောစိတ်ပါ ကျန်းမာစေရန် ကာကွယ်စောင့်ရှောက်ပေးခြင်းလည်း ဖြစ်ပေသည်။

  1. ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံ ရွေးချယ်မှုများ (Healthy Lifestyles)
    နေ့စဉ်လူနေမှု အလေ့အထများသည် သားသမီးရရှိနိုင်စွမ်းနှင့် ကိုယ်ဝန်ဆောင်မှုအပေါ် သိသာထင်ရှားသော သက်ရောက်မှုရှိသည်။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးနှင့် ကဖင်းဓာတ် အလွန်အကျွံမှီဝဲခြင်းတို့ကို ဖြတ်တောက်ခြင်းသည် မိဘလောင်းများ လုပ်ဆောင်နိုင်သည့် အထိရောက်ဆုံးသော ခြေလှမ်းဖြစ်သည်။
    • အာဟာရ – ဘဝ၏ အခြေခံအုတ်မြစ် (Nutrition)
      သန္ဓေသား၏ ဆဲလ်တိုင်းကို မိခင်ပေးစွမ်းသော အာဟာရဖြင့် တည်ဆောက်ရသဖြင့် မျှတသော စားသောက်မှုပုံစံသည် အရေးကြီးဆုံးဖြစ်သည်။ ၎င်းသည် သားသမီးရနိုင်စွမ်းကို မြှင့်တင်ပေးရုံသာမက အာရုံကြောမကြီး ချို့ယွင်းမှု (Neural tube defects) နှင့် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်နှုန်းတို့ကိုလည်း လျှော့ချပေးနိုင်သည်။
      • ဖောလစ်အက်ဆစ် (Folic Acid) – အာရုံကြောဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပြီး ကိုယ်ဝန်မဆောင်မီကတည်းက ကြိုတင်သောက်သုံးသင့်သည်
      • သံဓာတ် (Iron) – ကျန်းမာသော သွေးပမာဏကို ထောက်ပံ့ပေးပြီး သွေးအားနည်းခြင်းကို ကာကွယ်ပေးသည်
      • ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ – မိခင်နှင့် ကလေး၏ အရိုး၊ သွားများကို သန်မာစေပြီး ဟော်မုန်းမျှတမှုကို အထောက်အကူပြုသည်
      • အိုမီဂါ – ၃ နှင့် ပရိုတင်း – သန္ဓေသားဦးနှောက် ဖွံ့ဖြိုးမှု၊ မမျိုးဥနှင့် သုက်ပိုးကျန်းမာရေးအတွက် အဓိကကျသည်
      • ဗီတာမင် ဘီ (Vitamin B) – စွမ်းအင် ဇီဝဖြစ်ပျက်မှုနှင့် ဟော်မုန်းထိန်းညှိမှုတွင် အရေးပါသည်
      • ရှောင်ကြဉ်ရန် – ပြုပြင်ထားသော အစားအစာ၊ သကြားနှင့် ပြန်ကြော်ဆီများကို ရှောင်ခြင်းဖြင့် အင်ဆူလင်နှင့် ကိုယ်အလေးချိန်ကို ထိန်းညှိပါ။
    • ကိုယ်လက်လှုပ်ရှားမှု (Physical Activity)
      ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် ခန္ဓာကိုယ်ဟော်မုန်းဓာတ်များကို ထိန်းညှိပေးပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေသဖြင့် သားသမီးရနိုင်စွမ်းကို မြှင့်တင်ပေးသည်။
      • ကိုယ်ဝန်မရမီကတည်းကပင် တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀) ခန့် အသင့်အတင့် ပြင်းထန်သော လေ့ကျင့်ခန်း (လမ်းလျှောက်ခြင်း၊ ရေကူးခြင်း) ပြုလုပ်ပါ
      • ထို့မျှသာမက ကိုယ်ဝန်ရလာချိန်တွင်လည်း ကိုယ်လက်လှုပ်ရှားမှုများကို ရပ်တန့်ရန်မလိုဘဲ မပြင်းထန်သော လေ့ကျင့်ခန်းအမျိုးအစားများကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကိုယ်ဝန်ဆောင်မိခင်၏ ကျန်းမာ‌ရေးကို အထောက်အကူပြုနိုင်သည် (Pregnancy exercises)
      • သို့ရာတွင် ဝမ်းဗိုက်ကို ထိခိုက်နိုင်သော Contact Sports (လက်ဝှေ့၊ ဘောလုံး) နှင့် ချော်လဲနိုင်ခြေရှိသော အားကစား (မြင်းစီးခြင်း၊ ရေငုပ်ခြင်း) များကို ရှောင်ကြဉ်ရမည်
      • မီးဖွားပြီးနောက်တွင်လည်း ကျန်းမာရေးအခြေအနေအရ ရိုးရိုးမွေးလျှင် (၁၂) နာရီအကြာ၊ ခွဲမွေးလျှင် (၄၈) နာရီအကြာတွင် ပေါ့ပါးသော လှုပ်ရှားမှုများ ပြန်စနိုင်သည်
    • အိပ်စက်ခြင်းနှင့် အနားယူခြင်း (Sleep and Rest)
      အိပ်စက်မှုစက်ဝန်းသည် မယ်လတိုနင် (Melatonin) ဟော်မုန်းကို ထိန်းညှိပေးပြီး မျိုးဥနှင့် သုက်ပိုးများကို ဆဲလ်ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။
      • ဟော်မုန်းမျှတမှု – အိပ်ရေးပျက်ခြင်းသည် FSH, LH နှင့် Testosterone ကဲ့သို့သော မျိုးပွါးဟော်မုန်းများကို ကမောက်ကမဖြစ်စေပြီး ရာသီမမှန်ခြင်း၊ မျိုးအောင်နိုင်စွမ်း လျော့နည်းခြင်းတို့ကို ဖြစ်ပေါ်စေသည်
      • ရောင်ရမ်းမှု – အိပ်ရေးပျက်လျှင် Cortisol ဟော်မုန်း တက်လာပြီး ကိုယ်တွင်းရောင်ရမ်းမှုကို ဖြစ်စေကာ မျိုးအောင်ခြင်းကို အနှောင့်အယှက်ပေးသည်
      • အကြံပြုချက် – တစ်ညလျှင် ၇နာရီ မှ ၉နာရီအထိ အိပ်စက်ပါ၊ အိပ်ခါနီး ဖုန်းကြည့်ခြင်းရှောင်ပါ၊ မှောင်၍ တိတ်ဆိတ်သော အိပ်စက်မှု ပတ်ဝန်းကျင်ကို ဖန်တီးပါ
    • ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
      ကိုယ်အလေးချိန် လွန်ကဲခြင်း သို့မဟုတ် နည်းပါးခြင်းသည် အီစထရိုဂျင် (Estrogen) ပမာဏကို ပြောင်းလဲစေပြီး မျိုးဥကြွေခြင်းကို အနှောင့်အယှက် ဖြစ်စေသည်။ ရှိရင်းစွဲကိုယ်အလေးချိန်၏ (၅ – ၁၀) ရာခိုင်နှုန်းခန့် လျှော့ချလိုက်ရုံဖြင့် မျိုးဥပြန်ကြွေစေပြီး သုက်ပိုးအရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။
    • စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး (Mental Wellbeing)
      မိဘဖြစ်လာခြင်းအတွက် စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်မှု (Emotional Readiness) သည် ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုနည်းတူ အရေးကြီးသည်။
      • ဆန်းစစ်ချက် – မိမိ၏ မျှော်လင့်ချက်၊ စိုးရိမ်မှုနှင့် ငွေကြေး/လူမှုရေး အပြောင်းအလဲများကို အဖော်နှင့် ရိုးသားစွာ ဆွေးနွေးပါ
      • စိတ်ကျန်းမာရေး – စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းတို့သည် သားသမီးရနိုင်စွမ်းကို ထိခိုက်စေနိုင်သည်၊ လိုအပ်ပါက ဆေးကုထုံး သို့မဟုတ် တရားထိုင်ခြင်းကဲ့သို့သော စိတ်အပန်းဖြေနည်းများကို ကိုယ်ဝန်မဆောင်မီကတည်းက ရယူပါ၊ ဆေးဝါးသောက်နေရသူဖြစ်ပါက ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ပါ
  2. ပတ်ဝန်းကျင်ဆိုင်ရာ သတိပြုဖွယ်ရာများ
    မျက်မှောက်ခေတ်တွင် ပိုးသတ်ဆေး၊ ပလပ်စတစ်နှင့် ဓာတုပစ္စည်းများစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဓာတုအဆိပ်အတောက်များသည် မျိုးပွါးကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ထိုအရာများနှင့် လုံးဝမထိတွေ့အောင် ရှောင်ရန် ခက်ခဲသော်လည်း သဘာဝပစ္စည်းများကို ရွေးချယ်သုံးစွဲခြင်း၊ သောက်ရေကို စနစ်တကျ စစ်ထုတ်ခြင်းနှင့် အလုပ်ခွင် ဘေးအန္တရာယ်များကို သတိပြုခြင်းဖြင့် ကျန်းမာသော ပတ်ဝန်းကျင်ကောင်းကို ဖန်တီးနိုင်သည်။
    • အဆိပ်အတောက်ပစ္စည်းများနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း
      ကိုယ်ဝန်ဆောင်စဉ်အတွင်း အဆိပ်အတောက်များနှင့် ထိတွေ့မိပါက ကလေးတွင် မွေးရာပါချို့ယွင်းချက်များ ဖြစ်ပေါ်ခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ ဖြစ်စေနိုင်သည်။
      • အိမ်တွင်းအန္တရာယ်များ
        • ပိုးသတ်ဆေး၊ ခြင်ဆေးနှင့် ပြင်းထန်သော သန့်ရှင်းရေးသုံး ဓာတုပစ္စည်းများကို လျှော့ချသုံးစွဲပါ
        • သန့်ရှင်းရေးလုပ်လျှင် လက်အိတ်နှင့် နှာခေါင်းစည်း တပ်ဆင်ပါ
      • တစ်ကိုယ်ရေသုံးပစ္စည်းများ
        • အလှကုန်နှင့် ရေမွှေးများတွင် ဟော်မုန်းစနစ်ကို နှောင့်ယှက်တတ်သော ဓာတုပစ္စည်းများ ပါဝင်နိုင်သဖြင့် အလွန်အကျွံ သုံးစွဲခြင်းကို ရှောင်ပါ
      • ခဲဓာတ် (Lead)
        • အိမ်သုတ်ဆေးဟောင်း၊ ဖုန်မှုန့်နှင့် အချို့သော စက်မှုလုပ်ငန်းများတွင် တွေ့ရတတ်သည်၊ ခဲဓာတ်နှင့် ထိတွေ့ဖူးပါက ကိုယ်ဝန်မဆောင်မီ သွေးတွင်းခဲဓာတ်ကို စစ်ဆေးသင့်သည်
      • ဓာတုဆေးပျော်ရည်များ (Solvents)
        • အဆီချွတ်ဆေးနှင့် ဆေးဖျော်စပ်ရာတွင် သုံးသော ပျော်ရည်များသည် အရေပြားနှင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲ စိမ့်ဝင်နိုင်သည်
      • ဓာတ်ရောင်ခြည် (Radiation)
        • ဓာတ်မှန် (X-ray) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ရန် လိုအပ်ပါက မိမိတွင် ကိုယ်ဝန်ရှိနေကြောင်း သို့မဟုတ် ကိုယ်ဝန်ရနိုင်ခြေရှိကြောင်း ဆရာဝန်ကို ကြိုတင်အသိပေးရန် အလွန်အရေးကြီးသည်
      • လုပ်ငန်းခွင် ဘေးကင်းရေး
        • စိုက်ပျိုးရေး၊ စက်ရုံ၊ ဓာတ်ခွဲခန်း သို့မဟုတ် အလှပြင်ဆိုင်များတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပါက အကာအကွယ်ပစ္စည်းများ ပိုမိုသုံးစွဲရန်နှင့် လိုအပ်လျှင် အလုပ်ရှင်နှင့် တိုင်ပင်၍ လုပ်ငန်းတာဝန်များကို ခေတ္တပြောင်းလဲရန် လိုအပ်နိုင်သည်
    • အရက်၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးများ ရှောင်ကြဉ်ခြင်း
      ဤအရာများသည် ကလေးငယ် ရုတ်တရက်သေဆုံးခြင်း (SIDS) နှင့် လမစေ့ဘဲ မွေးဖွားခြင်းတို့ကို ဖြစ်စေနိုင်သည်။
      • အရက်ကြောင့် သန္ဓေသားထိခိုက်မှု (FASDs)
        • ကိုယ်ဝန်ဆောင်စဉ် အရက်အနည်းငယ်မျှ သောက်ခြင်းသည်ပင် ကလေး၏ ဉာဏ်ရည်၊ အမူအကျင့်နှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်
        • ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ် ဘေးကင်းသော အရက်ပမာဏဟူ၍ မရှိဘဲ လုံးဝရှောင်ကြဉ်ရမည်
      • ဆေးလိပ်နှင့် မူးယစ်ဆေးဝါး
        • ဆေးလိပ်ငွေ့ (Second-hand smoke) နှင့် ထိတွေ့ခြင်းသည်ပင် ကလေးအသေမွေးနိုင်ခြေကို မြင့်တက်စေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို နှောင့်ယှက်စေသည်
    • ဆေးဝါးများ သောက်သုံးခြင်း
      ဆေးဝါးအများစုသည် ကိုယ်ဝန်ဆောင်စဉ် ဘေးကင်းမှု ရှိမရှိကို သီးသန့်လေ့လာထားခြင်း မရှိသေးပါ။ ထို့ကြောင့် အလွယ်တကူ ဝယ်ယူရသောဆေးများ၊ တိုင်းရင်းဆေးနှင့် ဗီတာမင်များကိုပင် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်ပါ။ အထူးသဖြင့် ဝက်ခြံ‌ပျောက်ဆေးနှင့် အတက်ရောဂါကုဆေးများသည် သန္ဓေသားကို ထိခိုက်စေနိုင်သဖြင့် အထူးသတိပြုပါ။
    • ကဖင်းဓာတ်ကို ကန့်သတ်ခြင်း
      ကဖင်းဓာတ် အလွန်အကျွံ စားသုံးခြင်းသည် ကိုယ်ဝန်ပျက်ကျနိုင်ခြေကို မြင့်တက်စေနိုင်သည်။ တစ်နေ့လျှင် ကဖင်းဓာတ် (၂၀၀) မီလီဂရမ် (ကော်ဖီ ၁၂ အောင်စ ခန့်) ထက် ပို၍မသောက်သုံးရန် အကြံပြုထားသည်။
    • ရောဂါပိုးများကို ကာကွယ်ခြင်းနှင့် ကာကွယ်ဆေးများ
      ကူးစက်ရောဂါများသည် သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သဖြင့် ကိုယ်ဝန်မဆောင်မီကတည်းက လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံထားရမည်။
      • ကာကွယ်ဆေးများ၏ အခန်းကဏ္ဍ
        ဂျိုက်သိုး (Rubella)၊ ရေကျောက် (Varicella) နှင့် တုပ်ကွေး (Influenza) ရောဂါများသည် ကိုယ်ဝန်ဆောင်စဉ် ပြင်းထန်သော အန္တရာယ်များ ဖြစ်စေနိုင်သည်။ အချို့ကာကွယ်ဆေးများသည် ကိုယ်ဝန်ဆောင်စဉ် ထိုးရန် ဘေးမကင်းသဖြင့် ကိုယ်ဝန်မယူမီကတည်းက ကြိုတင်ထိုးနှံထားခြင်းသည် အကောင်းဆုံးဖြစ်သည်။
  3. ဘေးကင်းလုံခြုံမှုရှိသည့် ကျန်းမာပျော်ရွှင်၍ နွေးထွေးသော နေအိမ်ပတ်ဝန်းကျင် ဖန်တီးခြင်း
    ရင်သွေးငယ်အတွက် အဝတ်အစားနှင့် ပရိဘောဂများ ပြင်ဆင်ရုံသာမက ဘေးကင်းလုံခြုံပြီး မေတ္တာနှင့် ထောက်ပံ့မှုအပြည့်ရှိသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် လိုအပ်သည်။
    • ဘေးကင်းပြီး သက်သောင့်သက်သာရှိသော ကလေးအခန်း ဖန်တီးခြင်း
      ကလေးငယ် ကျန်းမာစေရန်နှင့် မိဘများ စိတ်အေးချမ်းသာစွာ စောင့်ရှောက်နိုင်ရန် အောက်ပါတို့ကို ပြင်ဆင်ပါ။
      • ကလေးပုခက် ပြင်ဆင်ခြင်း
        • ပုခက်ကို ပြတင်းပေါက်နှင့် လိုက်ကာကြိုးများအနီးတွင် မထားပါနှင့်
        • ပြန့်ပြူးမာတောင့်သော မွေ့ရာကို အသုံးပြုပြီး၊ အသက်ရှူကျပ်ခြင်းမှ ကာကွယ်ရန် ပုခက်ထဲတွင် ခေါင်းအုံး၊ စောင်အထူနှင့် အရုပ်များ မထားရပါ
      • အပူချိန်နှင့် လေထုအရည်အသွေး
        • အခန်းတွင်း အပူချိန်ကို ၂၀ မှ ၂၂ ဒီဂရီဆဲလ်ဆီယက်စ်အတွင်း တည်ငြိမ်အောင် ထားပါ
        • အိမ်တွင်း၌ ဆေးလိပ်လုံးဝမသောက်ရန်နှင့် လေဝင်လေထွက် ကောင်းမွန်ရန် အရေးကြီးသည်၊ လိုအပ်ပါက လေသန့်စင်စက် (Air Purifier) အသုံးပြုပါ
      • အလင်းရောင်နှင့် အမြင်အာရုံ
        • နံရံများကို နူးညံ့သော အရောင်ဖျော့များ သုံးပါ
        • ညဘက် နို့တိုက်ချိန် သို့မဟုတ် အနှီးလဲချိန်များတွင် ကလေးလန့်မနိုးစေရန် ညအိပ်မီးအိမ် (Night light) သုံးပါ
      • ဆူညံသံနှင့် သန့်ရှင်းမှု
        • ဆူညံသံများကို လျှော့ချပြီး အခန်းကို သန့်ရှင်းသပ်ရပ်အောင် ထားခြင်းဖြင့် မိဘရောကလေးပါ စိတ်ဖိစီးမှု လျော့ကျစေသည်
        • ကလေးစောင့်ကြည့်ကင်မရာ (Baby monitor) တပ်ဆင်ခြင်းဖြင့်လည်း အချိန်ပြည့် စောင့်ကြည့်နိုင်သည်
    • မထင်မှတ်ထားသော အခက်အခဲများအတွက် ပြင်ဆင်ခြင်း
      • ကလေးအနှီး (Diapers) နှင့် အဝတ်အစားများကို လက်လှမ်းမီရာတွင် အမြဲအဆင်သင့်ထားပါ
      • ညဘက်တာဝန်များကို မိဘနှစ်ဦး ကြိုတင်ခွဲဝေထားပါ
      • ကလေးဆရာဝန် ဖုန်းနံပါတ်နှင့် အခြေခံဆေးဝါးများကို အလွယ်တကူ ရှာနိုင်အောင် ထားရှိပါ
    • မိသားစုအတွင်း ဖေးမမှုနှင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခြင်း
      • ကလေးပြုစုပျိုးထောင်ခြင်းသည် မိသားစုလိုက် လုပ်ဆောင်ရမည့် လုပ်ငန်းစဥ်ဖြစ်သည်
      • အိမ်မှုကိစ္စများကို ဝေမျှလုပ်ကိုင်ခြင်း၊ မိဘနှစ်ဦးအကြား နားလည်မှုရှိသော ဆက်ဆံရေး တည်ဆောက်ခြင်းသည် ကလေးအတွက် အလုံခြုံဆုံး ပတ်ဝန်းကျင်ဖြစ်သည်
      • ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ဖြစ်မလာသည့်အခါမျိုးတွင် စိတ်မပျက်ဘဲ မေတ္တာဖြင့် တုံ့ပြန်ပါ
      • စိန်ခေါ်မှုတိုင်းသည် သင်ယူမှုနှင့် ရင့်ကျက်မှုအတွက် အခွင့်အလမ်းများသာဖြစ်သည်

အချုပ်အားဖြင့် ရင်သွေးငယ်လေးအတွက် ကောင်းမွန်သောအစပြုမှုကို ပေးအပ်ခြင်းသည် ကိုယ်ဝန်မဆောင်မီ ကြိုတင်ပြင်ဆင်မှု (Preconception Care) မှ စတင်သည်။ စနစ်တကျ ပြင်ဆင်ထားသော အာဟာရ၊ ကျန်းမာသော နေထိုင်မှုပုံစံ၊ တည်ငြိမ်သော စိတ်ကျန်းမာရေးနှင့် ဘေးကင်းသော ပတ်ဝန်းကျင်တို့သည် မိခင်ရော ကလေးအတွက်ပါ တစ်သက်တာ ကျန်းမာပျော်ရွှင်မှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်များဖြစ်သည်။ ကိုယ်ဝန်မဆောင်မီ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းသည် အနာဂတ် ရင်သွေးလေးကို ပေးအပ်နိုင်သည့် အဖိုးတန်ဆုံးသော လက်ဆောင်မွန်ပင်ဖြစ်သည်။

References:

  1. Makarem, N., Kwon, S., & Nagata, J. M. (2024). Telemedicine in maternal and child health care: Impacts on clinical outcomes. Healthcare, 14(122). Retrieved January 12, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC12785493/pdf/healthcare-14-00122.pdf
  2. Prosen, M., Žvanut, B., Pucer, P., Mivšek, A. P., Petročnik, P., & Tuomi, J. (2021). The importance of physical activity in improving preconception health. Retrieved January 12, 2026, from https://www.researchgate.net/publication/356671338_The_importance_of_physical_activity_in_improving_preconception_health/link/696402d8abecff2489e9dcbb/download
  3. Wagh, G. (n.d.). Role of sleep in a successful pregnancy: Why rest is key to fertility. Retrieved January 12, 2026, from https://www.drgirijawagh.com/post/role-of-sleep-in-a-successful-pregnancy-why-rest-is-key-to-fertility
  4. Eunice Kennedy Shriver National Institute of Child Health and Human Development. (n.d.). Preconception care. Retrieved January 12, 2026, from https://www.nichd.nih.gov/health/topics/factsheets/preconceptioncare
  5. Parenteam. (n.d.). Nurturing home environment for newborn. Retrieved January 12, 2026, from https://www.parenteam.com.ph/article/nurturing-home-environment-for-newborn
  6. Office on Women’s Health. (n.d.). Making your home safe for your baby. Retrieved January 12, 2026, from https://womenshealth.gov/pregnancy/getting-ready-baby/making-your-home-safe-baby

Published: 21 February 2026

Share

21 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Impact of first 1000 days to resilience (ဘဝတစ်သက်တာ ခံနိုင်ရည်အားအတွက် ဘဝအစ ရက်တစ်ထောင်)
Apr 27, 2026
Healthy Lifestyles

Impact of first 1000 days to resilience (ဘဝတစ်သက်တာ ခံနိုင်ရည်အားအတွက် ဘဝအစ ရက်တစ်ထောင်)

ဘဝအစရက် (၁၀၀၀) အတွင်း ရရှိသော နွေးထွေးသည့် ပြုစုစောင့်ရှောက်မှုများသည်...

Epigenetics (မျိုးဗီဇအပေါ် သက်ရောက်ပြောင်းလဲမှု)
Apr 23, 2026
Healthy Lifestyles

Epigenetics (မျိုးဗီဇအပေါ် သက်ရောက်ပြောင်းလဲမှု)

Epigenetics ဆိုသည်မှာ နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင်အခြေအနေများသည်...

Vaccination In Pregnancy (ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးနှံခြင်း)
Apr 22, 2026
Healthy Lifestyles

Vaccination In Pregnancy (ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးနှံခြင်း)

ကိုယ်ဝန်ဆောင်စဥ် ကာကွယ်ဆေးထိုးနှံခြင်းသည် ကိုယ်ဝန်ဆောင်မိခင်အတွက်သာမက...