သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း (Geriatric Care) ဆိုသည်မှာ အသက် (၆၅) နှစ်နှင့်အထက်ရှိသော သက်ကြီးရွယ်အိုများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် လူမှုရေးလိုအပ်ချက်များကို အဓိကထားပြီး ဖြည့်ဆည်းပေးသည့် ကျန်းမာရေးစောင့်ရှောက်မှုဖြစ်သည်။ ထို့ကြောင့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်းတွင် ၄င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုအပြင်၊ ပြန်လည်သန်စွမ်းရေး၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များနှင့် နေ့စဥ်လုပ်ငန်းဆောင်တာများတွင် ကူညီပေးခြင်း အစရှိသည့် ဝန်ဆောင်မှုအမျိုးမျိုး ပါဝင်သည်။ အဓိကရည်ရွယ်ချက်များမှာ သက်ကြီးရွယ်အိုများ ကျန်းမာသောအိုမင်းခြင်းဖြင့် ရှင်သန်နိုင်ရန်၊ နာတာရှည်ရောဂါများကို ထိရောက်စွာထိန်းချုပ်နိုင်ရန်နှင့် သက်ကြီးရွယ်အိုများ၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ရန်နှင့် ဘဝနိဂုံးချုပ်ကာလများတွင် သက်သောင့်သက်သာဖြင့် ဖြတ်သန်းနိုင်စေရန်တို့ဖြစ်သည်။
သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်းကို သက်ကြီးစောင့်ရှောက်မှုဆိုင်ရာ အထူးကုဆရာဝန်များ (Geriatricians)၊ သူနာပြုများ၊ သူနာပြုအကူများ၊ နေ့စဥ်လှုပ်ရှားမှု စွမ်းရည်ကုထုံးပညာရှင်၊ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ရေးပညာရှင်များ၊ အာဟာရပညာရှင်များ၊ စိတ်ကျန်းမာရေးပညာရှင်များ၊ လူမှုရေးဝန်ထမ်းများ အစရှိသော ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသော ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ဆောင်ရွက်ပေးသည်။ မိသားစုဝင်များသည်လည်း သက်ကြီးရွယ်အိုများ၏ အိုမင်းရင့်ရော်မှုခရီးစဥ် တစ်လျှောက်လုံး ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကြသည်။ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှုအမျိုးအစားများကို ဆေးရုံတက်နေသူဖြစ်ပါက သက်ကြီးရွယ်အို ဆေးကုသဆောင်တွင် ပေးနိုင်သကဲ့သို့ လူနာပြုစုစောင့်ရှောက်ရေး ဂေဟာ (Hospice care) နှင့် အိမ်တွင်းစောင့်ရှောက်မှု (In-home care) အနေဖြင့်လည်း ပေးနိုင်သည်။
သက်ကြီးရွယ်အို စောင့်ရှောက်မှု၏ အခြေခံမူများ (Geriatrics 5 Ms)
သက်ကြီးရွယ်အိုစောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် သက်ကြီးရွယ်အိုများ စောင့်ရှောက်မှုပေးရာတွင် Geriatrics 5 Ms ဟုခေါ်သော အရေးကြီးသည့် အောက်ဖော်ပြပါ အချက်ကြီး (၅) ချက်ကို ဦးစားပေး၍ စောင့်ရှောက်မှုပေးလေ့ရှိသည်။ ၄င်းတို့မှာ_
- ရှုပ်ထွေးသော ကျန်းမာရေးအခြေအနေများ (Multi Complexity)
နာတာရှည်ရောဂါများ၊ ပြင်းထန်သည့် ကျန်းမာရေးအခြေအနေများနှင့် ရှုပ်ထွေးသော ဇီဝစိတ်ပိုင်းဆိုင်ရာ (biopsychological) လိုအပ်ချက်များကို ရင်ဆိုင်နေရသော သက်ကြီးရွယ်အိုများကို ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်သည်။ - စိတ်အခြေအနေ (Mind)
သက်ကြီးရွယ်အိုများတွင် ဖြစ်ပေါ်တတ်သည့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် သို့မဟုတ် စိတ်စွမ်းဆောင်ရည် (Mentation)၊ အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်း (Dementia)၊ ကယောင်ကတမ်းဖြစ်ခြင်း (Delirium)၊ စိတ်ဓာတ်ကျဆင်းခြင်း (Depression) အစရှိသည့် စိတ်အခြေအနေများကို ဆိုလိုသည်။ - လှုပ်ရှားသွားလာနိုင်စွမ်း (Mobility)
လှုပ်ရှားသွားလာနိုင်စွမ်းနှင့် ပတ်သက်၍ ကိုယ်လက်လှုပ်ရှားနိုင်စွမ်း၊ ဟန်ချက်ထိန်းသိမ်းနိုင်မှုနှင့် လဲကျခြင်းကြောင့် ထိခိုက်ဒဏ်ရာရမှုမှ ကာကွယ်ခြင်း အစရှိသောအရာများကို ထည့်သွင်းစဥ်းစားခြင်းဖြစ်သည်။ - ဆေးဝါးများ (Medications)
ဆေးဝါးများနှင့် ပတ်သက်၍ အထူးဂရုပြုရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် သက်ကြီးရွယ်အိုများတွင် ဆေးဝါးမျိုးစုံ သောက်သုံးနေရခြင်း (Polypharmacy) (တစ်ချိန်တည်းတွင် ဆေးဝါး (၅) မျိုးနှင့်အထက်ကို ပုံမှန်သောက်သုံးနေရခြင်း) သည် အဖြစ်များပြီး အန္တရာယ်ရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဆေးဝါးများ ပေးသည့်အခါ အသင့်တော်ဆုံး ဆေးဝါးများကိုသာ ညွှန်ကြားခြင်း၊ ဆေးဝါးများ၏ မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ကို ကြိုတင်ကာကွယ်ခြင်းနှင့် စောင့်ကြည့်ခြင်းများ ပြုလုပ်ရန် လိုအပ်သည်။ - အလေးထားသင့်ဆုံးသောအရာ (what matter most)
လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးရလဒ် ရည်မှန်းချက်များနှင့် လူနာကိုယ်တိုင်၏ စောင့်ရှောက်မှုဆိုင်ရာ ရွေးချယ်မှုများကို ထည့်သွင်းစဥ်းစားခြင်းသည် အရေးအကြီးဆုံးသောအရာဖြစ်သည်။
သက်ကြီးရွယ်အိုများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများ
- အဆစ်များရောင်ခြင်း (arthritis)
- အရိုးပွရောဂါ (Osteoporosis)
- နှလုံးသွေးကြောရောဂါများ (Cardiovascular disease – သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဥ်းရောဂါ၊ နှလုံးအမောဖောက်ခြင်း)
- ဆီးချိုရောဂါ (Diabetes mellitus)
- အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်း (Dementia)၊ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease)
- စိတ်ဓာတ်ကျခြင်း (Depression) နှင့် စိုးရိမ်စိတ်များခြင်း (Anxiety)
- အမြင်အာရုံနှင့် အကြားအာရုံ လျော့နည်းလာခြင်း၊ ဆုံးရှုံးခြင်း (Vision and Hearing loss)
- ဆီးမထိန်းနိုင်ခြင်း (Urinary incontinence)
- နာတာရှည်နာကျင်မှုများ ခံစားရခြင်း (Chronic pain)
- အာဟာရချို့တဲ့ခြင်း (Malnutrition)
သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှု လိုအပ်နိုင်သူများ
သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှုကို ယေဘုယျအားဖြင့် အသက် (၆၅) နှစ်နှင့်အထက် ရှိသူများအတွက် စတင်စဥ်းစားလေ့ရှိသည်။ သို့သော် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှု ခံယူနိုင်ရန် ဆုံးဖြတ်ချက်သည် အသက်အရွယ်အပြင် အခြားအချက်များစွာအပေါ်တွင်လည်း မူတည်သည်။ ဆိုလိုသည်မှာ အသက်အရွယ်အားဖြင့် (၆၅) နှစ် မပြည့်သေးသော်လည်း နေ့စဥ်ဘဝလှုပ်ရှားမှုများကို ထိခိုက်နိုင်သည့် အသက်အရွယ်နှင့် ဆက်စပ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြောင်းလဲမှုများ စတင်ကြုံတွေ့ခံစားရသည့်အချိန်ကတည်းကပင် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှု လိုအပ်လာနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှုခံယူရန် လိုအပ်နိုင်သူများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ရွေ့လျားသွားလာမှု ခက်ခဲနေသူများ (Mobility challenges) – နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် အကူအညီ လိုအပ်သူများ
- နာတာရှည်ရောဂါ ခံစားနေရသူများ (Chronic illness) – ပုံမှန် ကျန်းမာရေးစောင့်ကြည့်ကုသမှု လိုအပ်သူများ
- သိမြင်မှုဆိုင်ရာ ချို့ယွင်းသူများ (Cognitive decline) – မှတ်ဉာဏ်ဆုံးရှုံးမှု သို့မဟုတ် အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်း ခံစားနေရသူများ
- စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှု လိုအပ်သူများ (Emotional and Social support) – တစ်ဦးတည်းနေထိုင်ပြီး စိတ်ခံစားမှုနှင့် လူမှုရေးအရ ပံ့ပိုးမှုလိုအပ်သော သက်ကြီးရွယ်အိုများ
- ပြန်လည်ထူထောင်ရေး လိုအပ်သူများ (Rehabilitation needs) – ခွဲစိတ်မှုများ၊ လေဖြတ်ခြင်း (Stroke) သို့မဟုတ် အခြားကျန်းမာရေးအခြေအနေများမှ ပြန်လည်သက်သာလာသူများ
- ပညာရှင်များ၏ ကူညီပံ့ပိုးမှု (Professional help) – မိသားစုဝင်များမှ သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်နိုင်ရန် သက်ကြီးရွယ်အို စောင့်ရှောက်မှုပညာရှင်များ၏ အကူအညီလိုအပ်နေသူများ
သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း၏ အရေးပါပုံ
သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှုသည် အသက်အရွယ်ကြီးရင့်သူများ၏ ကျန်းမာရေး လိုအပ်ချက်များကို ဖြေရှင်းရာတွင် အလွန်အရေးကြီးပြီး လေးနက်သော အခန်းကဏ္ဍအဖြစ် လုပ်ဆောင်ပေးသည်။ လူအများ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အထူးအာရုံစိုက်ခြင်းနှင့် အထောက်အပံ့ပေးခြင်းများလိုအပ်သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုးကို ကြုံတွေ့ရလေ့ရှိသည်။ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှုသည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ရန်အတွက် နာတာရှည်ရောဂါများကို စီမံခန့်ခွဲခြင်း၊ ကာကွယ်ရေးနည်းလမ်းများကို ဦးစားပေးခြင်းနှင့် အသက်အရွယ်အလိုက် ဖြစ်ပေါ်လာသော ပြဿနာများကို ဘက်ပေါင်းစုံမှ ဖြေရှင်းခြင်း တို့အပေါ် အာရုံစိုက်၍ ပြုစုစောင့်ရှောက်ပေးခြင်းဖြစ်သည်။ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း၏ အရေးပါရခြင်း အကြောင်းရင်းမှာ အောက်ပါ ရည်မှန်းချက်များနှင့် အကျိုးကျေးဇူးများကြောင့်ပင်ဖြစ်သည်။
- ရှုပ်ထွေးသော ကျန်းမာရေးလိုအပ်ချက်များကို စနစ်တကျ ဖြေရှင်းနိုင်ခြင်း
- သက်ကြီးရွယ်အိုများသည် နာတာရှည်ရောဂါမျိုးစုံ (ဥပမာ _ ဆီးချို၊ နှလုံး၊ အဆစ်ရောင်ခြင်း) နှင့် အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်း (Dementia) ကဲ့သို့သော ပြဿနာများကို တစ်ချိန်တည်း ရင်ဆိုင်ရလေ့ရှိသည်
- သက်ကြီးစောင့်ရှောက်မှုပညာရှင်များသည် ဤကဲ့သို့ ရှုပ်ထွေးသည့် ရောဂါအခြေအနေများကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ စီမံခန့်ခွဲရာ၌ ကျွမ်းကျင်ပြီး ရောဂါတိုင်း၏ ဘဝအပေါ် သက်ရောက်မှုကို ထိန်းချုပ်နိုင်ရန် ကူညီပေးသည်
- လွတ်လပ်စွာနေထိုင်နိုင်မှုနှင့် စွမ်းဆောင်ရည်ကို တာရှည်ထိန်းသိမ်းပေးခြင်း
- သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်းသည် အသက်အရွယ်ကြီးရင့်သူများအကြား လှုပ်ရှားနိုင်စွမ်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့် (Autonomy) ဖြင့် ဆက်လက် ထိန်းသိမ်းထားနိုင်ရန် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်
- ရည်ရွယ်ချက်မှာ ပြန်လည်ထူထောင်ရေးနှင့် အထောက်အကူပြု ကိရိယာများမှတစ်ဆင့် ၎င်းတို့၏ ဂုဏ်သိက္ခာ၊ မိမိကိုယ်ကို တန်ဖိုးထားမှုနှင့် လူနေမှုဘဝအရည်အသွေးတို့ကို မြှင့်တင်ပေးရန်ဖြစ်သည်
- နာမကျန်းဖြစ်မှုများ မဖြစ်မီ ကြိုတင်ကာကွယ်ပေးခြင်း
- သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း၏ အဓိကအကျိုးကျေးဇူးမှာ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို အလေးပေးဆောင်ရွက်ခြင်းဖြစ်သည်
- ရောဂါကြိုတင်စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ဘဝနေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်းတို့ဖြင့် ကျန်းမာရေးပြဿနာများကို စောစီးစွာသိရှိပြီး နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေကာ ရေရှည် ကျန်းမာရေးအခြေအနေ ကောင်းမွန်စေရန် ကူညီပေးသည်
- ပြုစုစောင့်ရှောက်သူ (Caregiver) များ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးခြင်း
- သက်ကြီးရွယ်အိုတစ်ဦးအား ပြုစုစောင့်ရှောက်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ အားအင်များစွာ လိုအပ်သည်
- သက်ကြီးစောင့်ရှောက်မှုပညာရှင်များသည် စောင့်ရှောက်သူများအား အဖိုးထိုက်တန်သော အကူအညီများပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ မျှဝေခြင်းဖြင့် ပြုစုစောင့်ရှောက်သူများ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်စေရန် ပံ့ပိုးကူညီသည်
- ဘဝအရည်အသွေး မြှင့်တင်ပေးခြင်း
- သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း၏ အဆုံးစွန်ရည်မှန်းချက်မှာ သက်ကြီးရွယ်အိုများ၏ ဘဝအရည်အသွေး (Quality of Life) ကို မြှင့်တင်ပေးနိုင်ရန်ဖြစ်သည်
- နာကျင်မှု စီမံခန့်ခွဲခြင်းမှသည် ဘဝနောက်ဆုံးအချိန် ပြုစုစောင့်ရှောက်ခြင်း နည်းလမ်းများအထိ လူနာတစ်ဦးချင်းစီ၏ နှစ်သက်မှုနှင့် ရည်မှန်းချက်များကို ဗဟိုပြု၍ ပြည့်စုံပြီး အဓိပ္ပါယ်ရှိသောဘဝတွင် နေထိုင်နိုင်ရန် ကူညီပေးနိုင်သည်
သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း၏ ဘက်စုံစစ်ဆေးခြင်းနှင့် ဝန်ဆောင်မှုများ
သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးတွင် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြေရှင်းပေးရန်နှင့် ၄င်းတို့၏ လူနေမှုဘဝအရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်၍ အောက်ဖော်ပြပါ ဝန်ဆောင်မှုများ ပါဝင်သည်။ ဤဝန်ဆောင်မှုများသည် အသက်အရွယ် ကြီးရင့်လာခြင်းနှင့် ဆက်စပ်သော ရှုပ်ထွေးသည့် ဆေးဘက်ဆိုင်ရာ၊ လုပ်ငန်းစွမ်းဆောင်ရည်၊ လူမှုရေးနှင့် စိတ်ခံစားမှုဆိုင်ရာ အခြေအနေများကို ဖြေရှင်းရန် ဦးတည်၍ ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။
- သက်ကြီးရွယ်အိုဆိုင်ရာ ဘက်စုံ အကဲဖြတ်စစ်ဆေးခြင်း (Comprehensive Geriatric Assessments)
သက်ကြီးရွယ်အို ပြုစုစောင်ရှောက်ရေးတွင် ပထမဦးစွာပြုလုပ်ရန် လိုအပ်သည့်အရာဖြစ်သည်။ သက်ကြီးရွယ်အိုများ၏ ရောဂါရာဇဝင်၊ ဆေးမှတ်တမ်းများ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ၊ သိမြင်မှု စွမ်းဆောင်ရည်၊ နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ကိုင်နိုင်မှုအနေအထား၊ စိတ်ကျန်းမာရေးအခြေအနေ၊ လူမှုရေးအထောက်အပံ့များနှင့် တစ်ဦးတစ်ယောက်ချင်းစီ၏ ကျန်းမာပျော်ရွှင်မှုအခြေအနေတို့ကို အကဲဖြတ်နိုင်ရန် ဘက်စုံစစ်ဆေးမှု စတင်ပြုလုပ်ရသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အခြေခံကျန်းမာရေးပြဿနာများ သိရှိနိုင်ခြင်း၊ နေ့စဥ်လုပ်ငန်းဆောင်တာများတွင် လုပ်ဆောင်နိုင်မှု ကန့်သတ်ချက်များ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖော်ထုတ်ရန် ကူညီပေးနိုင်ပြီး တစ်ဦးချင်းအတွက် သီးသန့်ပြုလုပ်ထားသော ပြုစုစောင့်ရှောက်ရေး အစီအစဥ်များကို ရေးဆွဲရာတွင် လမ်းညွှန်ပေးနိုင်သည်။ - နေ့စဥ်လုပ်ငန်းဆောင်တာများတွင် အကူအညီပေးခြင်း
အဝတ်လဲခြင်း၊ ရေချိုးခြင်း၊ ချက်ပြုတ်ခြင်းအပါအဝင် လမ်းလျှောက်၍ လှုပ်ရှားသွားလာမှုများသည် ငယ်ရွယ်စဥ်အချိန်က အားစိုက်ထုတ်စရာမလိုဘဲ လုပ်ဆောင်နိုင်သော နေ့စဥ်လုပ်ငန်းဆောင်တာများဖြစ်သည်။ သို့သော် အသက်အရွယ်ကြီးရင့်လာသောအခါ အခက်အခဲများ ဖြစ်ပေါ်လာကြသည်။ သို့ဖြစ်၍ အဆိုပါနေ့စဥ်လုပ်ငန်းဆောင်တာများအတွက် မရှိမဖြစ် အရေးပါသော အခြေခံလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးခြင်းဖြင့် သက်ကြီးရွယ်အိုများ တတ်နိုင်သမျှ ကြာရှည်စွာ မိမိဘာသာ ယုံကြည်မှုရှိရှိနှင့် လွတ်လပ်စွာ နေထိုင်ရပ်တည်နိုင်မည်ဖြစ်သည်။ - ဆေးဝါးများစီမံခန့်ခွဲမှု (Medication Management)
သက်ကြီးပုဂ္ဂိုလ်များတွင် မှီဝဲသုံးစွဲရသော ဆေးဝါး၊ ဖြည့်စွက်စာများ အလွန်များပြားလေ့ရှိသည်။ သက်ကြီးရွယ်အို စောင့်ရှောက်မှုပညာရှင်များသည် အသက်ကြီးသူများ၏ ဆေးဝါးသုံးစွဲမှုများကို စစ်ဆေးခြင်း၊ ဖြစ်နိုင်ခြေရှိသော ဆေးဝါးများအချင်းချင်း ဓာတ်ပြုမှုများကို ပြန်လည်စစ်ဆေးခြင်း၊ ဘေးကင်းမှု၊ ထိရောက်မှုနှင့် စနစ်တကျ အဆင်ပြေပြေ သုံးစွဲမှု ရရှိစေရန်အတွက် ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးသည်။ ဆေးသောက်သုံးရမည့် နည်းလမ်းများ၊ ဘေးထွက်ဆိုးကျိုးများ၊ ဆေးဝါးပုံမှန်သောက်သုံးရန် စီစဥ်ပေးခြင်း၊ အသိပညာပေးခြင်းနှင့် အကြံဉာဏ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးသည်။ - လဲကျမှုကာကွယ်ရေး အစီအစဥ်များ (Fall prevention program)
လဲကျခြင်းသည် သက်ကြီးရွယ်အိုများတွင် အဖြစ်များသော အန္တရာယ်တစ်ခုဖြစ်ပြီး ပြင်းထန်သော ဒဏ်ရာများနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ သက်ကြီးရွယ်အိုများတွင် အရိုးအားနည်းခြင်း၊ ကြွက်သားများ သန်မာမှု လျော့နည်းခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်းစသော အကြောင်းရင်းများကြောင့် အလွယ်တကူ လဲကျနိုင်ပြီး ထိခိုက်ဒဏ်ရာရခြင်း ဖြစ်ပေါ်လေ့ရှိသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများတွင် လဲကျခြင်းဖြစ်နိုင်ခြေကို တွက်ဆပြီး အောက်ဖော်ပြပါ ကာကွယ်ရေးနည်းဗျူဟာများကို အသုံးပြုခြင်းဖြင့် ကြံ့ခိုင်မှုနှင့် လှုပ်ရှားသွားလာနိုင်စွမ်းအားကို မြှင့်တင်ပေးကာ လဲကျခြင်းနှင့် အရိုးကျိုးခြင်းအန္တရာယ်ကို လျှော့ချနိုင်သည်။- လဲကျမှုကာကွယ်ရေး နည်းလမ်းများ
ခန္ဓာကိုယ်ဟန်ချက် ထိန်းသိမ်းနိုင်ရန် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း၊ မှန်ကန်သော ဖိနပ်များ ရွေးချယ်ဝတ်ဆင်ခြင်း၊ အိမ်တွင်းရှိ ချော်လဲနိုင်သော နေရာများကို သတိထားရှောင်ရှားခြင်း အစရှိသော နည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။ - အိမ်တွင်းပြုပြင်ပြောင်းလဲမှုများ
ရေချိုးခန်းကြမ်းပြင်တွင် ချော်လဲမှု ကာကွယ်နိုင်သော ပစ္စည်းများ အသုံးပြုခြင်း၊ လှေကားနှင့် ရေချိုးခန်း၊ ရေအိမ်များတွင် လက်ကိုင်များ တပ်ဆင်ခြင်း၊ အိမ်တွင်း အလင်းရောင် လုံလောက်စွာ ရရှိစေခြင်း၊ ကြမ်းပြင်တွင် ရေများစိုစွတ်မနေဘဲ ခြောက်သွေ့အောင်ထားခြင်း အစရှိသည့် နည်းလမ်းများဖြင့် ချော်လဲမှု လျော့ကျအောင် အိမ်အတွင်း၌ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးနိုင်သည်။ - ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
ကြွက်သားအားကောင်းစေသော လေ့ကျင့်ခန်းများ၊ ဟန်ချက်ထိန်းနိုင်စွမ်း တိုးတက်စေသော လှုပ်ရှားမှုများ၊ လမ်းလျှောက်နည်း မှန်ကန်စေရန် လမ်းညွှန်ခြင်းအစရှိသည့် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်သန်စွမ်းကျန်းမာမှုကို အထောက်အကူဖြစ်စေသည်။
- လဲကျမှုကာကွယ်ရေး နည်းလမ်းများ
- မှတ်ဉာဏ်စွမ်းအား၊ သိမြင်မှုစွမ်းရည် စစ်ဆေးခြင်း (Memory screening and Cognitive assessments)နှင့် သိမြင်မှုဆိုင်ရာကျန်းမာရေး ပံ့ပိုးမှုပေးခြင်း
သက်ကြီးရွယ်အိုများတွင် အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်း (Dementia)၊ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) နှင့် အခြားသော သိမြင်မှုဆိုင်ရာ ပြဿနာများ အတွေ့ရများလာပြီး မှတ်ဉာဏ်စွမ်းအား၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုတို့ကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် သိမြင်မှုဆိုင်ရာ စွမ်းဆောင်ရည်၊ မှတ်ဉာဏ်စွမ်းအား၊ အာရုံစူးစိုက်နိုင်မှုနှင့် အလုပ်လုပ်နိုင်စွမ်း စွမ်းရည်များကို စစ်ဆေးပေးခြင်းဖြင့် သိမြင်မှုဆိုင်ရာချို့ယွင်းချက်များ၊ အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်းတို့၏ အစောပိုင်းလက္ခဏာများကို ရှာဖွေတွေ့ရှိရန် ကူညီပေးနိုင်သည်။ သို့မှသာ လိုအပ်သည့် ကုထုံးဆိုင်ရာ လုပ်ဆောင်ချက်များ၊ ဉာဏ်ရည်တက်ကြွစေသော လေ့ကျင့်ခန်းများ၊ စိတ်ခံစားမှုဆိုင်ရာ ပံ့ပိုးကူညီမှုများ ပါဝင်လုပ်ဆောင်ပေးခြင်းဖြင့် သိမြင်မှုဆိုင်ရာ ချို့ယွင်းမှုများကို နှေးကွေးစေပြီး စိတ်ကျန်းမာရေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေသည်။ - နာတာရှည်ရောဂါများ ကုသခြင်း (Chronic disease management)
အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အဆစ်ရောင်ရောဂါ၊ အရိုးပွရောဂါ၊ ကျောက်ကပ်အားနည်းခြင်း အစရှိသည့် နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေ များပြားလာသည်။ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးတွင် ကျန်းမာရေး ပုံမှန်စစ်ဆေးခြင်း၊ နာတာရှည်ရောဂါများကို ကုသမှုခံယူခြင်း၊ ရောဂါအခြေအနေများကို ဆက်လက်စောင့်ကြည့်၍ ထိန်းသိမ်းကုသခြင်းတို့ဖြင့် နောက်ဆက်တွဲပြဿနာများ ကာကွယ်ရန်နှင့် လူနေမှုဘဝအရည်အသွေး ကောင်းမွန်လာစေရန် လုပ်ဆောင်ပေးနိုင်သည်။ - အာဟာရဆိုင်ရာ အကြံဉာဏ်များ ပေးခြင်း (Nutritional Counseling)
အာဟာရသည် အသက်ကြီးလာသည်နှင့်အမျှ ကျန်းမာရေးနှင့် ပျော်ရွှင်မှုကို ထိန်းသိမ်းရာတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးတွင် အာဟာရနှင့် သက်ဆိုင်သော စစ်ဆေးမှုများပြုလုပ်ခြင်း၊ အစားအသောက်ဆိုင်ရာ အကြံဉာဏ်များပေးခြင်း၊ အစားအစာစီစဥ်ခြင်း၊ သက်ကြီးရွယ်အိုများ၏ အစားအသောက်လိုအပ်ချက်များနှင့် နှစ်သက်မှုများအလိုက် ပြုလုပ်ပေးထားသော ကျန်းမာရေးနှင့် ညီညတ်သည့် စားသောက်မှုပုံစံများ၊ အာဟာရဖြည့်စွက်စာများနှင့် ရေဓာတ်ပြည့်ဝနေစေရန် နည်းလမ်းများနှင့် ပတ်သတ်၍ ပညာပေးခြင်းတို့လည်း ပါဝင်သည်။ - နာကျင်မှုဝေဒနာကို ကုသခြင်း (Pain Management)
နာတာရှည်နာကျင်မှုသည် သက်ကြီးရွယ်အိုများတွင် အဖြစ်များပြီး ၄င်းတို့၏ နေ့စဥ်လုပ်ငန်းဆောင်တာများနှင့် ဘဝအရည်အသွေးကို သိသိသာသာ သက်ရောက်မှု ရှိနိုင်သည်။ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှု ဝန်ဆောင်မှုများတွင် နာကျင်မှုကို အကဲဖြတ်စစ်ဆေးခြင်း၊ တစ်ဦးချင်းစီအလိုက် နာကျင်မှုကို သက်သာစေနိုင်သည့် အစီအစဥ်များ ပြုလုပ်ခြင်း၊ ဆေးဝါးများဖြင့် ကုသပေးခြင်း၊ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းကုထုံးများနှင့် ကုသပေးခြင်းဖြင့် သက်သောင့်သက်သာဖြစ်စေနိုင်ပြီး ကျန်းမာရေး တိုးတက်ကောင်းမွန်လာနိုင်သည်။ - စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဖြေရှင်းဆောင်ရွက်ခြင်း
သက်ကြီးရွယ်အိုများ (အထူးသဖြင့် အိမ်ထောင်ဖက်ဆုံးပါးခဲ့သူများ၊ မိသားစုနှင့် ဝေးကွာစွာ နေထိုင်ရသူများ သို့မဟုတ် လူမှုရေးအရ တစ်ဦးတည်းသီးသန့် နေထိုင်ရသူများ) အတွက် အိုမင်းခြင်းသည် အထီးကျန်စရာ ဘဝခရီးတစ်ခု ဖြစ်နိုင်သည်။ အထီးကျန်ဆန်မှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းတိုသည် သက်ကြီးရွယ်အိုဘဝတွင် အဖြစ်များသော ခံစားချက်များဖြစ်သည်။ ထို့ကြောင့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးတွင် သက်ကြီးရွယ်အိုများ၏ စိတ်ခံစားချက်များကို ထိန်းသိမ်းနိုင်ပြီး အကောင်းမြင်စိတ်ဖြစ်ပေါ်နိုင်ရန်နှင့် အထီးကျန်မှုဝေဒနာများကို လျှောချနိုင်ရန် အောက်ပါနည်းလမ်းများဖြင့် ကူညီပေးနိုင်သည်။- စိတ်ခံစားမှုဆိုင်ရာ ပံ့ပိုးကူညီမှု (Emotional support)
လူကြီးများ၏ စိတ်ခံစားချက်များကို နားထောင်ပေးခြင်း၊ နားလည်မှုပေးခြင်း၊ စိတ်ဖိစီးမှုများကို ဖွင့်ဟဝေမျှနိုင်ရန် လုံခြုံသော ပတ်ဝန်းကျင် ဖန်တီးပေးခြင်း၊ လိုအပ်လျှင် စိတ်ကျန်းမာရေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့ဖြင့် စိတ်ခံစားမှုဆိုင်ရာ ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးနိုင်သည်။ - အဖော်ပြုပေးခြင်း (Companionship)
အထီးကျန်ဆန်သော ခံစားချက်များ မဖြစ်ပေါ်စေရန် အတူတကွ စကားပြောဆိုပေးခြင်း၊ အတူတူအချိန်ဖြုန်းပေးခြင်း၊ စိတ်ခံစားချက်များကို နားထောင်ပေးခြင်း၊ ဝါသနာပါသော သို့မဟုတ် စိတ်အပန်းဖြေစေနိုင်သော အရာများကို အတူတူလုပ်ဆောင်ပေးခြင်း အစရှိသည့် နည်းလမ်းများကို အသုံးပြုကာ အဖော်ပြုပေးနိုင်သည်။ - လူမှုရေးဆိုင်ရာ ပါဝင်လှုပ်ရှားမှုများ (social engagement activities)
သက်တူရွယ်တူများနှင့် စုဝေးဆုံစည်းမှုများတွင် ပါဝင်ခြင်း၊ စိတ်ဝင်စားဖွယ် သင်တန်းများနှင့် ဝါသနာပါရာအစီအစဥ်များတွင် ပါဝင်လုပ်ကိုင်ခြင်း၊ ပြင်ပရီးသွားလာမှုများတွင် ပါဝင်နိုင်အောင် စီစဥ်ပေးခြင်းဖြင့် လူမှုဆက်ဆံရေး တိုးတက်စေနိုင်သည့်အပြင် အထီးကျန်မှုဝေဒနာကို လျှော့ချပေးနိုင်သည်။
- စိတ်ခံစားမှုဆိုင်ရာ ပံ့ပိုးကူညီမှု (Emotional support)
- စောင့်ရှောက်မှု ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်း (Care coordination and case management)
သက်ကြီးရွယ်အိုစောင့်ရှောက်မှုတွင် ကျန်းမာရေးစောင့်ရှောက်မှုနေရာများအကြား အဆင်ပြေချောမွေ့စွာ ကူးပြောင်းစောင့်ရှောက်ကုသနိုင်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအကြား ဆက်သွယ်ပြောဆိုမှု ချောမွေ့စေရန်၊ ဆေးခန်းချိန်းဆိုမှုများ ညှိနှိုင်းပေးရန်၊ သယ်ယူပို့ဆောင်ရေးကို စီစဥ်ပေးရန်၊ လူမှုပတ်ဝန်းကျင်ရှိ စွမ်းအင်အရင်းအမြစ်များနှင့် အထောက်အပံ့ဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်း ဝန်ဆောင်မှုများလည်း ပါဝင်သည်။ - ဝေဒနာသက်သာစေရေး ပြုစုကုသခြင်း (Palliative care) နှင့် ဘဝနောက်ဆုံးချိန် ပြုစုစောင့်ရှောက်ခြင်း (End-of-life care)
- သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှုတွင် ပြင်းထန်သောရောဂါများ၊ အသက်အရွယ်ကြီးရင့်ခြင်း သို့မဟုတ် ဘဝ၏နောက်ဆုံးအခြေအနေများတွင် ရင်ဆိုင်နေရသော သက်ကြီးရွယ်အိုများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများနှင့် လိုအပ်ချက်များကို ကူညီဖြေရှင်းပေးသည်
- မပျောက်ကင်းနိုင်သော ရောဂါဝေဒနာခံစားနေရသူများ သို့မဟုတ် ဘဝ၏ နောက်ဆုံးအချိန် ရောက်ရှိနေသော သက်ကြီးရွယ်အိုများအတွက် ဝေဒနာသက်သာစေရေး ပြုစုကုသခြင်းနှင့် ဘဝနောက်ဆုံးချိန် ပြုစုစောင်ရှောက်ခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် သက်သောင့်သက်သာရှိစွာနှင့် နာကျင်မှုဝေဒနာများကို ထိန်းချုပ်နိုင်စွမ်းတို့ကို ကူညီပေးနိုင်သည်၊ ဤသို့လုပ်ဆောင်ပေးခြင်းသည် ဘဝအရည်အသွေးကို မြှင့်တင်ပေးခြင်း၊ စိတ်ခံစားမှုဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့် အပြောင်းအလဲများနှင့်အတူ မိသားစုများ ရင်ဆိုင်ကျော်လွှားနိုင်ခြင်းအစရှိသော ကောင်းကျိုးများကို ဖြစ်ပေါ်စေနိုင်သည်
နိဂုံးချုပ်အားဖြင့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးသည် အသက်အရွယ်ကြီးရင့်သူများ၏ လိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ၄င်းတို့၏ ကျန်းမာရေး၊ လွတ်လပ်စွာ ရပ်တည်နိုင်မှုနှင့် ဂုဏ်သိက္ခာတို့ကို မြှင့်တင်ပေးနိုင်သည့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ကျန်းမာသုခအဖြာဖြာ ရရှိနိုင်စေရန် အထက်တွင်ဖော်ပြခဲ့သော ဝန်ဆောင်မှုနည်းလမ်းများကို ကျင့်သုံးခြင်းဖြင့် သက်ကြီးရွယ်အို စောင့်ရှောက်မှု ပညာရှင်များသည် သက်ကြီးရွယ်အိုများသာမက ၄င်းတို့၏ မိသားစုဝင်များအတွက်ပါ လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပြီး ၄င်းတို့ကောင်းမွန်စွာ နေထိုင်နိုင်ရန် လိုအပ်သည့် အထောက်အပံ့များနှင့် အရင်းအမြစ်များကို သေချာစွာ ရရှိနိုင်မည်ဖြစ်သည်။
References:
- Apex Health. (n.d.). What is geriatric care? Retrieved October 31, 2025, from https://apex-health.com/blog/what-is-geriatric-care
- BestCare. (n.d.). What is geriatric care: Understanding its importance and benefits. Retrieved October 31, 2025, from https://bestcare.net/what-is-geriatric-care-understanding-its-importance-and-benefits/
- CenterOne Medical. (n.d.). What is geriatric care? Everything you need to know. Retrieved October 31, 2025, from https://www.centeronemedical.com/post/what-is-geriatric-care-everything-you-need-to-know
- Cleveland Clinic. (n.d.). Geriatric assessment. Retrieved October 31, 2025, from https://my.clevelandclinic.org/locations/euclid-hospital/specialties/geriatric-assessment
- Cleveland Clinic. (n.d.). Geriatrician. Retrieved October 31, 2025, from https://my.clevelandclinic.org/health/articles/geriatrician
- England NHS. (n.d.). Improving care for older people. Retrieved October 31, 2025, from https://www.england.nhs.uk/ourwork/clinical-policy/older-people/improving-care-for-older-people/
- Healthline. (n.d.). Medicare specialized geriatric care. Retrieved October 31, 2025, from https://www.healthline.com/health/medicare/medicare-specialized-geriatric-care
- Mayo Clinic Proceedings. (2024). Geriatric care and the evolving needs of older adults. Retrieved October 31, 2025, from https://www.mayoclinicproceedings.org/article/S0025-6196(24)00417-8/fulltext
- Mayo Clinic Proceedings. (2024). Geriatric care and the evolving needs of older adults (PDF). Retrieved October 31, 2025, from https://www.mayoclinicproceedings.org/action/showPdf?pii=S0025-6196%2824%2900417-8
- MSD Manuals Professional Edition. (n.d.). Overview of geriatric care. Retrieved October 31, 2025, from https://www.msdmanuals.com/professional/geriatrics/providing-care-to-older-adults/overview-of-geriatric-care
- Northwest Clinic. (n.d.). Why is geriatric care important for senior health and well-being? Retrieved October 31, 2025, from https://northwestclinic.org/why-is-geriatric-important-for-senior-health-and-well-being/
- Sheraton Care. (n.d.). What is geriatric care: A compassionate guide for families. Retrieved October 31, 2025, from https://sheraton.care/what-is-geriatric-care-a-compassionate-guide-for-families/
- The Wellness Corner. (n.d.). Geriatric care. Retrieved October 31, 2025, from https://www.thewellnesscorner.com/blog/geriatric-care
- WebMD. (n.d.). What is a geriatric doctor? Retrieved October 31, 2025, from https://www.webmd.com/a-to-z-guides/what-is-geriatric-doctor
Published: 24 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
