အိုမင်းရင့်ရော်ခြင်း (Aging) ဆိုသည်မှာ ဘဝတစ်သက်တာတွင် ကြုံတွေ့ရမည့် သဘာဝဖြစ်စဥ်တစ်ခုဖြစ်ပြီး တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများပါဝင်သည့် ဇီဝဖြစ်စဥ်တစ်ခုဖြစ်သည်။ အိုမင်းရင့်ရော်ခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၏ လုပ်ငန်းဆောင်တာများ ပြောင်းလဲသွားခြင်း သို့မဟုတ် ဆဲလ်များသေဆုံးသွားခြင်းကြောင့် ခန္ဓာကိုယ်စွမ်းရည် ကျဆင်းလာသော ဖြစ်စဥ်တစ်ခုဖြစ်သည်။ အရွယ်ရောက်ပြီးချိန်မှ စတင်၍ တဖြည်းဖြည်းချင်း ဆက်တိုက်ဖြစ်ပေါ်နေသော ဖြစ်စဥ်တစ်ခုဖြစ်သဖြင့် လူလတ်ပိုင်းအရွယ် အစောပိုင်းကာလများမှ စတင်၍ပင် များစွာသော ခန္ဓာကိုယ်လုပ်ဆောင်ချက်များသည် တဖြည်းဖြည်းကျဆင်းလာတတ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လေ့လာတွေ့ရှိချက်များအရ အသက် (၆၀) နှင့်အထက် လူဦးရေသည် ကမ္ဘာတစ်ဝှမ်းတွင် တိုးပွားလျက်ရှိသည်ကို တွေ့ရှိလာကြသည်။ အသက် (၆၀) နှင့်အထက် လူဦးရေသည် ၂၀၂၀ ခုနှစ်တွင် (၁) ဘီလီယံ မှ ၂၀၃၀ ခုနှစ်တွင် (၁.၄) ဘီလီယံအထိ တိုးတက်လာနိုင်ပြီး၊ ၂၀၅၀ခုနှစ်တွင် (၂.၁) ဘီလီယံအထိ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခန့်မှန်းထားကြသည်။ အသက် (၈၀) နှင့်အထက် လူဦးရေသည် ၂၀၂၀ ခုနှစ် မှ ၂၀၅၀ ခုနှစ်ကြားတွင် သုံးဆအထိ တိုးမြင့်လာနိုင်ပြီး (၄၂၆) သန်းအထိ ရောက်ရှိလာနိုင်ကြောင်းလည်း ခန့်မှန်းထားကြသည်။
အသက်အရွယ်ရလာခြင်းနှင့်အတူ စိတ်နှင့်ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများ ရှိလာကြသည်ကို လူတိုင်းသတိပြုမိကြသည်။ ရှေးဦးစွာ မျက်နှာအရေပြားတွင် အရေးအကြောင်းများ ပေါ်လာခြင်း၊ ဆံပင်ဖြူလာခြင်း၊ ကိုင်းညွတ်လာသည့် ကိုယ်နေဟန်ထား (ခါးကုန်းခြင်း)၊ သတိမေ့လာခြင်း အစရှိသော အိုမင်းရင့်ရော်မှု၏ သိသာထင်ရှားသော လက္ခဏာများကို စတင်သတိပြုမိလေ့ရှိကြသည်။ ထိုအရာများ မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကိုသာ သတိမပြုမိကြပေ။ အသက် (၃၀) အရွယ်မှစတင်၍ အိုမင်းခြင်းဖြစ်စဥ် စတင်ကာ ဆဲလ်များ သေဆုံးခြင်း၊ ကိုယ်တွင်းအင်္ဂါများ လုပ်ဆောင်မှု ကျဆင်းလာပြီး အချို့သောရောဂါများ ဖြစ်နိုင်ခြေ မြင့်တက်လာကြခြင်းဖြစ်သည်။ သို့သော် ထိုပြောင်းလဲမှုများသည် လူတစ်ဦးနှင့်တစ်ဦး မတူညီကြပါ။ မျိုးဗီဇ၊ နေထိုင်စားသောက်မှုပုံစံနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများသည် အိုမင်းခြင်းဖြစ်စဥ်ပေါ်တွင် သက်ရောက်မှုရှိသည့် အရာများဖြစ်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အထများကို စောစောစီးစီး မွေးမြူခြင်းဖြင့် အိုမင်းခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးပြဿနာအချို့ကို ရှောင်ရှားနိုင်သည်။
အိုမင်းရင့်ရော်ခြင်း ဖြစ်ပေါ်ရသော အကြောင်းရင်းများ
ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် အသက်ကြီးလာသည်နှင့်အမျှ ယိုယွင်းလာရသည့် အကြောင်းရင်းမှာ ဆဲလ်များ၏ ဇီဝနာရီ (Biological clock) ကြောင့် ဖြစ်သော်လည်း အိုမင်းရင့်ရော်ခြင်း၏ တိကျသော အကြောင်းရင်းကိုမူ မည်သူမျှ အတိအကျ မသိရှိကြပေ။ အိုမင်းရင့်ရော်လာရသည့် အဓိကအကြောင်းရင်း (၂) ချက်ရှိသည်။
- ဆဲလ်များ အိုမင်းရင့်ရော်ခြင်း (Cellular aging)
ဆဲလ်များ အိုမင်းရင့်ရော်ခြင်းသည် ခန္ဓာကိုယ်ရှိ ခရိုမိုဆုမ်းများ၏ အကာအကွယ်ပေးနိုင်သော အစွန်းပိုင်း (telomere) များ အလွန်တိုလာသည့်အခါ ဆဲလ်တစ်ခု ပွားများခြင်းနှင့် ပုံတူကူးခြင်းတို့ ရပ်တန့်သွားသောကြောင့်ဖြစ်သည်။ ဆဲလ်တစ်ခုသည် မျိုးဗီဇဆိုင်ရာ ပစ္စည်းများကို တိကျမှန်ကန်စွာ ပုံတူပွားခြင်း အကြိမ် (၅၀) ခန့်မျှ ပွါးများပြီးနောက် ထပ်မံ၍ ပုံတူကူးနိုင်ခြင်းမရှိတော့ဘဲ ဆဲလ်များ၏ လုပ်ဆောင်ချက်များ ဆုံးရှုံးသွားခြင်းကို ဆဲလ်အိုမင်းခြင်းဟုခေါ်သည်။ အိုမင်းသွားသောဆဲလ်များ စုပုံလာခြင်း၏ နောက်ဆက်တွဲအနေဖြင့် ဇီဝရုပ်ပိုင်းဆိုင်ရာ အိုမင်းရင့်ရော်မှု (Biological aging) အဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။ ဓာတ်တိုးပစ္စည်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကြောင့် ဆဲလ်များ ပိုမိုထိခိုက်ပျက်စီးလေ ဆဲလ်များ ပြန်လည်ပွါးများရန် ပို၍လိုအပ်လေဖြစ်ပြီး ဆဲလ်များ အိုမင်းရင့်ရော်ခြင်း ပို၍လျင်မြန်စွာ ဖြစ်ပေါ်လာမည်ဖြစ်သည်။ အောက်ဖော်ပြပါအချက်များကြောင့်လည်း ဆဲလ်များ အိုမင်းခြင်းဖြစ်လာပြီး ခန္ဓာကိုယ် အိုမင်းလာရခြင်းဖြစ်သည်။- ခန္ဓာကိုယ်ကို စွမ်းအင်များပေးသော ဆဲလ်အစိတ်အပိုင်းတစ်ခုဖြစ်သည့် မိုက်တိုကွန်းဒရီးယားများ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်တော့ခြင်း
- ပင်မဆဲလ်ပွါးခြင်း ရပ်တန့်သွားသဖြင့် ပျက်စီးသွားသော တစ်ရှူးများကို ပြုပြင်နိုင်မှု နည်းပါးလာခြင်း
- ဒီအင်န်အေ (DNA) ထိခိုက်ပျက်စီးမှုကို ရှာဖွေပြုပြင်ခြင်းဖြစ်စဥ် ကျဆင်းလာသဖြင့် ပုံမှန်မဟုတ်သော ပရိုတင်းများ ပိုမိုထုတ်လုပ်၍ ခန္ဓာကိုယ်ထဲတွင် စုပုံလာခြင်း
- အသက်ကြီးလာသည်နှင့်အမျှ မျိုးဗီဇ ပြောင်းလဲလာမှုများကြောင့် ဟော်မုန်းများနှင့် ခုခံအားစနစ်တို့အပေါ် သက်ရောက်မှု ရှိလာခြင်း
- ဆဲလ်တစ်ခုနှင့်တစ်ခု ကောင်းမွန်စွာ မဆက်သွယ်နိုင်သောကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းများအကြား သတင်းပေးပို့မှု ချို့ယွင်းပြီး အလုပ် ကောင်းစွာမလုပ်နိုင်ခြင်း
- နေ့စဥ် လူနေမှုဘဝပုံစံကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှုများ
- ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု (Environmental damage) – နေအလင်းရောင်၊ ဆူညံသံများ၊ ဓာတ်ရောင်ခြည်၊ အန္တရာယ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ၊ မသန့်ရှင်းသော လေထုတို့နှင့် ထိတွေ့မှုများခြင်း
- ကျန်းမာရေး အခြေအနေများ – သွေးတွင်းကိုလက်စထရော များခြင်း၊ သွေးပေါင်ချိန် များခြင်း၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း
- ဆေးလိပ်သောက်ခြင်း
- လေ့ကျင့်ခန်း ပုံမှန်မပြုလုပ်ခြင်း
- သောက်သုံးရသော ဆေးများ၏ ဘေးထွက်ဆိုးကျိုးများ
- စိတ်ဖိစီးမှုများ
- မိသားစု၊ အလုပ်အကိုင်နှင့် လူမှုရေးပိုင်းဆိုင်ရာ ပြောင်းလဲမှုများ အစရှိသော အကြောင်းအရာများ သည်လည်း အိုမင်းရင်ရော်ခြင်း၏ လက္ခဏာများကို ပို၍ဆိုးရွားစေနိုင်သည်။
ထိုအကြောင်းရင်းများကြောင့် တစ်ရှူးများ ယိုယွင်းဆုံးရှုံးလာခြင်း၊ သွေးစီးဆင်းမှု နည်းပါးလာခြင်း၊ ပရိုတင်းဓာတ်များ ချို့ယွင်းခြင်း၊ ဟော်မုန်းများ ပြောင်းလဲခြင်း၊ ရောင်ရမ်းခြင်းနှင့် ခန္ဓာကိုယ်၏ ပြန်လည်ကုစားနိုင်စွမ်း ကျဆင်းလာခြင်းတို့ ဖြစ်ပေါ်လာကာ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိခိုက်စေနိုင်ခြင်းဖြစ်သည်။
အိုမင်းလာပုံ နည်းလမ်းအသွယ်သွယ်
လူတစ်ယောက်အိုမင်းလာသောအခါ အောက်ဖော်ပြပါ နည်းလမ်းအမျိုးမျိုးဖြင့် အိုမင်းလာကြသည်။
- အချိန်ပိုင်းဆိုင်ရာ အသက် (Chronologic age)
ကုန်ဆုံးသွားသောအချိန်အပေါ်တွင် အခြေခံထားသောအသက်ဖြစ်သည်။ လူတစ်ယောက်၏အသက်ကို နှစ်အရေအတွက်ဖြင့် သတ်မှတ်သည်။ အသက်အရွယ်သည် ကျန်းမာရေးပြဿနာများကို ကြိုတင်ခန့်မှန်းရာတွင် အထောက်အကူပြုနိုင်သည်။ အသက်ကြီးလာလျှင် ကျန်းမာရေးပြဿနာများ ဖြစ်ပွါးနိုင်ခြေများပြားလာပြီး သက်ကြီးရွယ်အိုဘဝတွင် လုပ်ဆောင်နိုင်စွမ်းများ ဆုံးရှုံးရခြင်း၏ အဓိကအကြောင်းရင်းသည် ပုံမှန်အိုမင်းခြင်းကြောင့်ထက် ကျန်းမာရေးပြဿနာများကြောင့်ပင်ဖြစ်သည်။ - ဇီဝရုပ်ပိုင်းဆိုင်ရာ အသက် (Biological age)
ဇီဝရုပ်ပိုင်းဆိုင်ရာအသက်သည် လူတစ်ယောက် အိုမင်းလာသည်နှင့်အမျှ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လေ့ရှိသော ပြောင်းလဲမှုများကို ရည်ညွှန်းသည်။ ဤပြောင်းလဲမှုများသည် လူတစ်ဦးနှင့်တစ်ဦး မတူညီသောကြောင့် အချို့လူများသည် အသက် (၆၅) နှစ်အရွယ်တွင် ဇီဝရုပ်ပိုင်းဆိုင်ရာ အိုမင်းနေတတ်ပြီး အခြားသူများမှာမူ နောက်ထပ်ဆယ်စုနှစ်တစ်ခု သို့မဟုတ် ထို့ထက်ပို၍ကြာမှ အိုမင်းသူများလည်းရှိသည်ကို တွေ့ရှိရသည်။ သို့ရာတွင် အသက်အရွယ်တူညီသူများကြားတွင် မတူညီသော အိုမင်းမှုပုံစံများကို မြင်တွေ့ရခြင်း၏ အဓိကအကြောင်းရင်းမှာ အိုမင်းမှုကြောင့်ထက် တစ်ဦးတစ်ယောက်ချင်းစီ၏ နေထိုင်စားသောက်မှုပုံစံ အလေ့အထများနှင့် ရောဂါ၏ သွယ်ဝိုက်သော သက်ရောက်မှုများကြောင့်သာဖြစ်သည်။ - စိတ်ပိုင်းဆိုင်ရာ အသက် (Psychological age)
စိတ်ပိုင်းဆိုင်ရာအသက်သည် လူတို့၏ လုပ်ဆောင်ချက်များနှင့် ခံစားချက်များအပေါ် မူတည်သည်။ ဥပမာအားဖြင့် အသက် (၈၀) အရွယ်ရှိသူတစ်ယောက်သည် အလုပ်လုပ်ကိုင်နေဆဲဖြစ်ပြီး၊ အနာဂတ်အစီအစဥ်များကို ရှေးရှု၍ တက်ကြွလှုပ်ရှားစွာ ပါဝင်လုပ်ဆောင်နေသူဖြစ်ပါက စိတ်ပိုင်းဆိုင်ရာအရ ပိုမိုနုပျိုသည်ဟု သတ်မှတ်နိုင်သည်။ အိုမင်းရင့်ရော်မှုဖြစ်စဥ်ကို နားလည်ခြင်းသည် ကျန်းမာသောအိုမင်းခြင်းကို ရရှိနိုင်ရန်အတွက် အသိပညာရှိသော ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ရွေးချယ်မှုများကို ပြုလုပ်ရာတွင် အထောက်အကူပြုနိုင်သည်။ ထိုသို့နားလည်ခြင်းသည် လူသားများအားလုံး အသက်ရှည်ရှည်နှင့် ကျန်းမာရေးပိုမိုကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ရန် နည်းလမ်းသစ်များကို ရှာဖွေရာတွင်လည်း လမ်းညွှန်ပေးနိုင်သည်။
အိုမင်းရင့်ရော်ခြင်း၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုများ
အိုမင်းရင့်ရော်မှု၏ သက်ရောက်မှုများတွင် မြင်တွေ့ရသည့် အရာများ (ဥပမာ _ အရေးအကြောင်းများ၊ ဆံပင်ဖြူခြင်း) နှင့် ခံစားသိရှိသော အရာများ (ဥပမာ _ အမြင်အာရုံ၊ အကြားအာရုံ) အစရှိသည်တို့ ပါဝင်သည်။ အချို့ကို အသက် (၃၀) ဝန်းကျင်တွင် စတင်တွေ့ရှိရနိုင်ပြီး အချို့ကိုမူ အသက် (၆၀) သို့မဟုတ် ထို့ထက်နောက်ကျမှသာ သိသိသာသာ ဖြစ်ပေါ်လာတတ်သည်။ ထိုအရာများအားလုံးသည် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖွဲ့စည်းတည်ဆောက်ထားသော ဆဲလ်များနှင့် မော်လီကျူးများတွင် ပြောင်းလဲမှုမျာကြောင့် အစပြုဖြစ်ပေါ်လာသည်။
မြင်တွေ့နိုင်သော ရုပ်ပိုင်းဆိုင်ရာ အိုမင်းရင့်ရော်မှု လက္ခဏာများ
မိမိကိုယ်တိုင် မှန်ထဲတွင် မြင်ရုံဖြင့် သတိပြုမိနိုင်သော အိုမင်းရင့်ရော်ခြင်း၏ အစောပိုင်း လက္ခဏာများမှာ_
- အရေးအကြောင်းများ ပေါ်လာခြင်း
အသက်ကြီးလာလျှင် အရေပြားတွင် ဆန့်ထုတ်နိုင်စွမ်း (Elasticity) နှင့် အသားအရေကို တင်းရင်းမှုပေးသော ပရိုတင်းတစ်မျိုးဖြစ်သည့် ကော်လာဂျင် (Collagen) များ ဆုံးရှုံးသွားသောအခါ အရေးအကြောင်းများ (အထူးသဖြင့် မျက်လုံးတစ်ဝိုက် သို့မဟုတ် နဖူးတို့တွင်) ပေါ်လာသည်ကို သတိပြုမိနိုင်သည်။ - အရေပြား ပြောင်းလဲခြင်း
အသားအရေအရောင်သည် ပိုမိုဖြူဖျော့လာပြီး အချို့နေရာများတွင် အမည်းရောင်အစက်များ ဖြစ်ပေါ်လာနိုင်သည်။ အရေပြားခြောက်သွေ့ခြင်း၊ တွဲကျလာခြင်းနှင့် ပါးလွှာခြင်းတို့ကြောင့် အရေပြားထိခိုက်လွယ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။ - ဆံပင်ဖြူလာခြင်း
ခန္ဓာကိုယ်အစိတ်အပိုင်းများစွာကို အရောင်ထုတ်လုပ်ပေးသော မယ်လနင်ဟုခေါ်သော ရောင်ခြယ်ပစ္စည်း လျော့နည်းသွားသောကြောင့် ဆံပင်ဖြူများကို တွေ့ရှိရခြင်းဖြစ်သည်။ - အမွေးအမှင်များ ပါးလာခြင်း
ဆံပင်ပါးခြင်းနှင့် ဆံပင်ကျွတ်ခြင်း၊ နဖူးဆံစပိုင်း ကျယ်လာခြင်း၊ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ ပါးလွှာခြင်းတို့သည် အိုမင်းရင့်ရော်မှု၏ သိသာထင်ရှားသော လက္ခဏာများဖြစ်သည်။ ဟော်မုန်းပြောင်းလဲမှုများကြောင့် မျက်ခုံးမွေး၊ မျက်တောင်မွေး ပါးလာခြင်း၊ တိုလာခြင်း၊ အလွယ်တကူကျွတ်ထွက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ သို့သော် အမျိုးသားအချို့တွင် မျက်ခုံးမွေးထူလာခြင်းနှင့်အတူ နားရွက်၊ နှာခေါင်းတို့ရှိ အမွေးများ ထူလာခြင်းတို့လည်း ဖြစ်ပေါ်နိုင်သည်။ - မျက်နှာအသွင်အပြင် ပြောင်းလဲခြင်း
အရေပြားပြောင်းလဲမှုများ၊ အဆီ၊ အရိုးနှင့် အရိုးနု ဆုံးရှုံးမှုတို့ကြောင့် မျက်နှာ၏ တည်ဆောက်မှုပုံစံသည် ယခင်ကနှင့်မတူဘဲ အနည်းငယ်ကွာခြားသွားနိုင်သည်။
အိုမင်းရင့်ရော်မှုနှင့် အာရုံပြောင်းလဲမှုများ
- အမြင်အာရုံဆိုင်ရာ ပြောင်းလဲမှုများ
အိုမင်းလာသည်နှင့်အမျှ မျက်လုံးအစိတ်အပိုင်းများသည် ပိုမိုမာကျောသိပ်သည်းလာကာ အဝါရောင်ပိုသန်းလာပြီး ခြောက်သွေ့လာသည်။ အသက် (၄၀) ဝန်းကျင်တွင် လူတိုင်းနီးပါးသည် အနီးကြည့်သည့်အခါ မှုန်ဝါးစပြုလာသည်။ အသက် (၆၀) ကျော်လာသည့်အခါ အလင်းရောင်နည်းသည့်နေရာများတွင် ကောင်းစွာမမြင်ရတော့ဘဲ အရောင်များလည်း မှေးမှိန်မှုန်ဝါးလာသည်။ အတွင်းတိမ်ရောဂါ (Cataract) သည် သက်ကြီးရွယ်အိုများတွင် အဖြစ်အများဆုံး ပြဿနာတစ်ခုဖြစ်သည့်အပြင် ကမ္ဘာတစ်ဝှမ်းလုံးတွင် အမြင်အာရုံဆုံးရှုံးခြင်း၏ အဓိကအကြောင်းရင်းဖြစ်သဖြင့် အမြင်အာရုံကို မထိခိုက်စေရန် အချိန်မီခွဲစိတ်ကုသမှု လိုအပ်သည်။ မျက်မှန်တပ်ခြင်းနှင့် အခြားအထောက်အကူပြုပစ္စည်းများကို အသုံးပြုခြင်းဖြင့် အမြင်အာရုံပိုမိုကောင်းမွန်စေရန် ကူညီပေးနိုင်သည်။ သို့သော် အမြင်အာရုံ ရုတ်တရက်ထိခိုက်ခြင်း သို့မဟုတ် မြင်ကွင်းတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ဆုံးရှုံးသွားခြင်း ဖြစ်ပေါ်ခဲ့လျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ - အကြားအာရုံဆိုင်ရာ ပြောင်းလဲမှုများ
ဆူညံသံများနှင့် ကြာရှည်စွာ ထိတွေ့မှုသည် အကြားအာရုံကို ထိခိုက်စေနိုင်သည်။ သို့သော် အသက် (၇၅) နှစ်အထက် လူများ၏ ထက်ဝက်ခန့်တွင် အသက်အရွယ်ကြောင့်ဖြစ်သော အကြားအာရုံဆုံးရှုံးမှုကို ခံစားရနိုင်သည်။ သက်ကြီးအကြားအာရုံချို့ယွင်းခြင်းသည် တဖြည်းဖြည်းဖြစ်ပေါ်လေ့ရှိပြီး ပုံမှန်အားဖြင့် နားနှစ်ဖက်စလုံးတွင် ဖြစ်ပေါ်လေ့ရှိသည်။ အကြားအာရုံဆုံးရှုံးခြင်းကို မကုသဘဲထားပါက လူအများနှင့် အဆက်အသွယ်ပြုလုပ်ရန် ခက်ခဲလာသောကြောင့် တစ်ဦးတည်းသာ နေထိုင်လာသဖြင့် အထီးကျန်ခြင်းကို ခံစားရစေနိုင်သည်။ - အရသာနှင့် အနံ့ဆိုင်ရာ အာရုံခံစားခြင်း ပြောင်းလဲမှုများ
အနံ့ခံခြင်းနှင့် အရသာခံခြင်း အာရုံနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြသည်။ အသက် (၅၀) ဝန်းကျင်ခန့်တွင် အချို့သော အရသာများ (အထူးသဖြင့် အချိုနှင့် အငန်အရသာ) ပြောင်းလဲသွားသည်ကို တွေ့ရှိရသည်။ အချို့အစားအစာများသည် ခါးနေခြင်း သို့မဟုတ် အရသာမရှိခြင်းတို့ ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပေါ်ရခြင်းသည် ယေဘုယျအားဖြင့် အသက်ကြီးလာသည်နှင့်အမျှ လျှာအရသာခံဖုလေးများသည် အာရုံခံစားနိုင်စွမ်း ကျဆင်းလာသောကြောင့် ဖြစ်သည်။ ထို့ပြင် နှာခေါင်းအတွင်းရှိ အာရုံကြောအစွန်းပိုင်းများ ပျက်စီးသွားပြီး အတွင်းသားများ ပိုမိုပါးလွှာကာ ခြောက်သွေ့လာခြင်းကြောင့် အနံ့များကို ခံစားသိရှိနိုင်စွမ်း လျော့နည်းလာခြင်းနှင့် အနံ့အမျိုးမျိုးကို ခွဲခြားသိရှိနိုင်စွမ်း ကျဆင်းခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။ - အထိအတွေ့အာရုံ ပြောင်းလဲလာခြင်း
အသက်ကြီးလာသောအခါ အရေပြားတွင် အာရုံကြောအဖျားများ အရေအတွက် လျော့နည်းလာသောကြောင့် နာကျင်မှု၊ အပူအအေးနှင့် ဖိအားတို့ကို အာရုံခံမှု လျော့နည်းသွားနိုင်သည်။ ထိုသို့လျော့နည်းသွားခြင်းကြောင့် ထိခိုက်ဒဏ်ရာရနိုင်ခြေ (ဥပမာ _ အပူလောင်ခြင်း) မြင့်တက်လာနိုင်သည်။ ထုံကျဥ်ခြင်းဝေဒနာသည် အသက်အရွယ်ကြောင့်ဖြစ်ပေါ်သည့် ပြောင်းလဲမှု ဖြစ်နိုင်သကဲ့သို့ အထိအတွေ့အာရုံထိခိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည့်ရောဂါများ (ဥပမာ _ ဆီးချိုရောဂါ၊ ပါကန်ဆင်ရောဂါ၊ ဦးနှောက်သွေးကြောငယ်များပိတ်ခြင်း) လည်း ဖြစ်နေနိုင်သောကြောင့် ဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။
သွားနှင့်ခံတွင်းဆိုင်ရာ ပြောင်းလဲမှုများ
သွားကြွေလွှာများ တဖြည်းဖြည်းပွန်းပဲ့ပါးလွှာလာပြီး သွားများ၏ အာရုံခံနိုင်စွမ်းနှင့် သွားရည်ထုတ်လုပ်မှု လျော့နည်းလာခြင်း၊ သောက်သုံးရသော ဆေးဝါးစသည်တို့ကြောင့် ခံတွင်းခြောက်ခြင်းကိုလည်း ခံစားရနိုင်သည်။ ထိုပြောင်းလဲမှုများကြောင့် ဘက်တီးရီးယားပိုးများ ပေါက်ဖွားရန် လွယ်ကူပြီး သွားပိုးစားခြင်း၊ သွားပျက်စီးခြင်း၊ သွားကျိုးခြင်း/ကျွတ်ခြင်းတို့ ဖြစ်နိုင်ခြေ မြင့်တက်လာသည်။ ထို့ကြောင့် တစ်ရက်လျှင် နှစ်ကြိမ် သွားတိုက်ခြင်း၊ သွားကြားရှိ အစာများ ဖယ်ရှားခြင်း၊ သွားဆရာဝန်များနှင့် ပုံမှန်စစ်ဆေးကုသခြင်းတို့ ပြုလုပ်ရန် လိုအပ်သည်။ ခံတွင်းဆေးရည်များကို အသုံးပြုခြင်းသည် ခံတွင်းခြောက်ခြင်းအတွက် အထောက်အကူပြုနိုင်သည်။
ဦးနှောက်သိမြင်မှုဆိုင်ရာ ပြောင်းလဲမှုများ
လူတစ်ယောက်၏ စဥ်းစားတွေးခေါ် သင်ယူလေ့လာနိုင်စွမ်းတို့သည် ဘဝတစ်လျှောက်လုံးတွင် အသက်အရွယ်နှင့်အမျှ ပြောင်းလဲမှုရှိသည်။ စကားလုံးအဓိပ္ပါယ်နှင့် အထွေထွေဗဟုသုတ သိုလှောင်သည့် ဦးနှောက်အစိတ်အပိုင်းသည် အသက်ကြီးလာသည်နှင့်အမျှ အားကောင်းနေနိုင်ပြီး စဥ်းစားဆင်ခြင်နိုင်မှု စွမ်းရည်များလည်း ထက်မြက်နေဆဲဖြစ်သည်။ သို့သော် အသက် (၃၀) နှင့် (၄၀) အရွယ်တွင် ဦးနှောက်ကျုံ့ခြင်း စတင်ဖြစ်ပေါ်လာတတ်ပြီး အသက် (၆၀) ခန့်တွင် ပိုမိုမြန်ဆန်စွာ ကျုံ့လာတတ်သည်။ ထို့ပြင် ဦးနှောက်သို့ သွေးစီးဆင်းမှု လျော့နည်းလာပြီး အာရုံကြောဆဲလ်များကြား ဆက်သွယ်မှု နှေးကွေးလာသည်။ ထို့ကြောင့် အသက် (၇၀) နောက်ပိုင်းတွင် အာရုံစူးစိုက်နိုင်မှု အချိန်တိုသွားခြင်း၊ အချို့အရာများကို ပြန်လည်မှတ်မိနိုင်ရန် ခက်ခဲလာခြင်း၊ ပြောချင်သော စကားလုံးများကို ရှာရခက်ခြင်း၊ ဘာသာစကားအသစ်ကဲ့သို့သော အချက်အလက်အသစ်များ သင်ယူရန် ပိုမိုခက်ခဲလာခြင်းတို့ကို ကြုံတွေ့ရနိုင်သည်။ အချို့သူများတွင်မူ အသက် (၉၀) အထိ ပြင်းထန်သော သိမြင်မှုဆိုင်ရာ ကျဆင်းမှုများမရှိဘဲ နေနိုင်သည်။ သို့သော် အသက် (၈၅) နှစ်နှင့်အထက် လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် အယ်လ်ဇိုင်းမားရောဂါ (Alzheimer) သို့မဟုတ် အခြားသော အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်း (Dementia) ဖြစ်ပွါးနိုင်ခြေရှိသည်။ အချို့သောဆေးဝါးများ သို့မဟုတ် အခြားကျန်းမာရေးအခြေအနေများကြောင့်လည်း ဦးနှောက်သိမြင်မှုဆိုင်ရာ ပြောင်းလဲမှုများအပေါ် သက်ရောက်မှုရှိနိုင်သည်။
နှလုံးနှင့် သွေးကြောဆိုင်ရာ ပြောင်းလဲမှုများ
ကျန်းမာသော နှလုံးသည် မည်သည့်အသက်အရွယ်တွင်မဆို ကောင်းမွန်စွာ အလုပ်လုပ်နိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ နှလုံးနှင့်သွေးကြောများ၏ ပုံစံ၊ စွမ်းအားနှင့် လျှပ်စီးကြောင်းများ ပြောင်းလဲလာနိုင်သည်။ အသက်ကြီးလာသည့်အခါ သွေးကြောများ မာကျစ်ထူထဲလာကြသဖြင့် ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးညှစ်ထုတ်ပို့ဆောင်ရန် နှလုံးသည် ပို၍အားထုတ်လုပ်ဆောင်လာရသည်။ ထိုကဲ့သို့ နှလုံးသည် လုပ်ငန်းဝန်ပိမှုများ ပိုများလာကာ ထိုဝန်ပိုများကို လုပ်ဆောင်နိုင်ရန်အတွက် နှလုံးကြွက်သားများလည်း ပြောင်းလဲလာသည်။ အသက်ကြီးသူများသည် နားနေချိန်တွင် နှလုံးခုန်နှုန်းသည် ပုံမှန်အားဖြင့် အနီးစပ်ဆုံး မပြောင်းလဲဘဲ ရှိနေတတ်သော်လည်း နှလုံးခုန်နှုန်းနှေးခြင်းကို ပိုမိုတွေ့ရှိရလေ့ရှိသည်။ လေ့ကျင့်ခန်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သည့်အချိန်တွင် နှလုံးခုန်နှုန်းသည် ယခင်ကဲ့သို့ မမြင့်တက်နိုင်တော့ပေ။ ထိုပြောင်းလဲမှုများကြောင့် သွေးပေါင်ချိန်တက်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ဖြစ်ပွါးနိုင်ခြေ မြင့်တက်လာသည်။ အကယ်၍ အသက်ရှူကျပ်ခြင်း၊ မောခြင်း၊ နှလုံးခုန်မမှန်ခြင်းအစရှိသော လက္ခဏာများ ဖြစ်ပေါ်လျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ထိုကဲ့သို့ နှလုံးနှင့်သွေးကြောဆိုင်ရာ ပြဿနာများကို ကာကွယ်နိုင်ရန် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း၊ နှလုံးကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများဖြစ်သည့် အဆီ၊ အချို၊ အငန်နည်းသော အစားအစာများ စားသောက်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းတို့ ပြုလုပ်ရန် လိုအပ်သည်။
ကိုယ်ခံအားစနစ် ပြောင်းလဲမှုများ
အသက်ကြီးလာသောအခါ ကိုယ်ခံအားစနစ်သည် ငယ်ရွယ်သူများထက် တုံ့ပြန်မှု ပိုမိုနှေးကွေးလာပြီး စွမ်းအားလျော့ကျလာသည်။ ကိုယ်ခံအားစနစ်ကျဆင်းရခြင်းသည် ရောဂါများကို တိုက်ထုတ်သည့် ကိုယ်ခံအားဆဲလ်အရေအတွက် လျော့နည်းခြင်း၊ အလုပ်မလုပ်တော့သော ဆဲလ်များ ခန္ဓာကိုယ်အတွင်း မှားယွင်းသော အချက်ပြမှုများကို ပို့လွှတ်ခြင်းတို့ကြောင့်ဖြစ်သည်။ ထိုကြောင့် ရောင်ရမ်းခြင်းဆိုင်ရာရောဂါများ၊ ရောဂါပိုးဝင်ခြင်း၊ အနာအကျက်နှေးခြင်း၊ ကင်ဆာရောဂါ အစရှိသည့်ရောဂါများ ဖြစ်နိုင်ခြေ ပို၍များလာသည်။ အသက်အရွယ် အိုမင်းလာသည်နှင့်အမျှ နာမကျန်းဖြစ်နိုင်ခြေ ပိုများလာပြီး ရောဂါပြင်းထန်နိုင်ခြေနှင့် နောက်ဆက်တွဲပြဿနာ ဖြစ်ပေါ်နိုင်ခြေ မြင့်မားလာသဖြင့် အသက် (၅၀) ပြည့်ပြီးသူများတွင် ကာကွယ်ဆေးအချို့ကို ထပ်မံထိုးနှံရန် သို့မဟုတ် ပမာဏပိုမိုထိုးနှံရန် အကြံပြုလေ့ရှိကြသည်။
အရိုးများ၏ ပြောင်းလဲမှု
ခန္ဓာကိုယ်ထဲရှိအရိုးများသည် ပျက်စီးခြင်း၊ ပြန်လည်တည်ဆောက်ခြင်းတို့ကို နေ့စဥ်နှင့်အမျှ လုပ်ဆောင်နေကြသည်။ သို့သော် အသက်လတ်ပိုင်းသို့ ရောက်လာသည့်အခါ ပြန်လည်တည်ဆောက်ခြင်းထက် ပျက်စီးခြင်းက ပို၍လျင်မြန်စွာ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် အသက်ကြီးလာသောအခါ အရိုးပါးပြီး အရိုးသိပ်သည်းဆနည်းကာ အရိုးပွခြင်းဖြစ်ပေါ်လာသောကြောင့် အလွယ်တကူ အရိုးကျိုးနိုင်ခြင်းဖြစ်သည်။ ထို့ပြင် အသက်ကြီးသူများတွင် မကြာခဏချော်လဲခြင်း၊ လဲကျခြင်းတို့ဖြစ်ပေါ်ခြင်းကြောင့်လည်း အရိုးကျိုးခြင်း အလွယ်တကူဖြစ်ပေါ်စေနိုင်သည်။ အသက် (၅၀) ကျော်လျှင် အရိုးအားနည်းခြင်း ပို၍အဖြစ်များလာသည်။ အထူးသဖြင့် သွေးဆုံးပြီးသော အမျိုးသမီးများတွင် အီစတိုဂျင်ဟော်မုန်း ကျဆင်းသွားသောကြောင့် အရိုးသိပ်သည်းဆ ကျဆင်းလာသဖြင့် ပို၍အတွေ့ရများသည်။ ထိုသို့ အရိုးပါးခြင်း၊ အရိုးပွခြင်းတို့သည် မည်သည့်ရောဂါလက္ခဏာမျှ မခံစားရသဖြင့် အရိုးကျိုးမှသာ သိရလေ့ရှိကြသည်။ သို့ဖြစ်၍ ယေဘုယျအားဖြင့် အသက် (၆၅) နှစ်အထက် အမျိုးသမီးများနှင့် အသက် (၇၅) အထက် အမျိုးသားများတွင် အရိုးသိပ်သည်းဆ စစ်ဆေး၍ လိုအပ်သည့် ကုသမှုများ ခံယူကာ အရိုးကျိုးခြင်းကို ကာကွယ်နိုင်သည်။ ထို့ပြင် အရိုးကျန်းမာရေး ကောင်းမွန်စေရန် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းနှင့် ကယ်လဆီယမ်ဓာတ် (တစ်ရက်လျှင် ၁၀၀၀ မှ ၁၂၀၀ မီလီဂရမ်) နှင့် ဗီတာမင် ဒီဓာတ် (တစ်ရက်လျှင် ၆၀၀ မှ ၈၀၀ ယူနစ်) တို့ကို လုံလောက်အောင် ဖြည့်တင်းပေးရန် လိုအပ်သည်။
ကြွက်သားပြောင်းလဲမှု
ဘဝသက်တမ်းတစ်လျှောက်တွင် ကြွက်သားထုထည်နှင့် စွမ်းအားများသည် (၁၀) ရာခိုင်နှုန်း မှ (၁၅) ရာခိုင်နှုန်းခန့် သဘာဝအလျောက် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာကြသည်။ ကြွက်သားဆုံးရှုံးမှုသည် အသက် (၃၀) အရွယ်တွင် စတင်ပြီး အသက် (၆၀) ကျော်လာသည့်အခါ ပိုမိုမြန်ဆန်လာသည်။ ထိုသို့ကြွက်သားဆုံးရှုံးမှုသည် ကြွက်သားတည်ဆောက်သော ဟော်မုန်းများ လျော့နည်းလာခြင်းနှင့် ကြွက်သားမျှင်များ ပြောင်းလဲခြင်းတို့စုပေါင်း၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပြင်းထန်သော ကြွက်သားဆုံးရှုံးမှု သို့မဟုတ် ကြွက်သားအားနည်းရောဂါ (sarcopenia) ဖြစ်ပေါ်လာပါက အသက်ကြီးခြင်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း သို့မဟုတ် အခြားသော ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဖြစ်နိုင်သည်။ ဤအခြေအနေသည် အသက် (၆၀) မှ (၇၀) ကြားတွင် လူဦးရေ၏ (၁၃) ရာခိုင်နှုန်းအထိ ထိခိုက်စေနိုင်ပြီး၊ အသက် (၈၀) နှင့်အထက် လူကြီးများတွင်မူ (၅၀) ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်သည်။ သို့သော် ကြွက်သားကို အဓိကအားစိုက်၍လုပ်ရသော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် အသက်ကြီးခြင်းကြောင့် ဖြစ်ပေါ်သော ကြွက်သားဆုံးရှုံးမှုကို နှောင့်နှေးအောင် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် တစ်ဦးတည်း လွတ်လပ်စွာ နေထိုင်နိုင်ခြေ ပိုများခြင်း၊ ချော်လဲမှု နည်းပါးခြင်းနှင့် ပြင်းထန်သော ထိခိုက်ဒဏ်ရာများမှ ပိုမိုမြန်ဆန်စွာ ပြန်လည်သက်သာနိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
အစာခြေစနစ် ပြောင်းလဲမှု
အသက် (၆၀) ဝန်းကျင်တွင် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဥ် နှေးကွေးလာခြင်းမှာ သဘာဝပင်ဖြစ်သည်။ သက်ကြီးရွယ်အိုများ၏ ၂၀ မှ ၃၀ ရာခိုင်နှုန်းခန့်သည် လိုအပ်သော ကယ်လိုရီပမာဏကို မစားသုံးနိုင်ကြပေ။ ၄င်းတို့၏ အစာအိမ်များသည် ဆန့်ထုတ်နိုင်စွမ်း အနည်းငယ် လျော့ကျသွားပြီး အစာချေဖျက်မှု နှေးကွေးလာသဖြင့် ပိုမိုလျင်မြန်စွာ ဗိုက်ပြည့်သည်ဟု ခံစားရနိုင်သည်။ လည်ချောင်းအောက်ပိုင်းရှိ ကြွက်သားများ အားနည်းလာနိုင်ပြီး အစာအိမ်ထဲတွင် အစာကို ထိန်းသိမ်းထားသည့် အဆို့ရှင် မကြာခဏပိုပွင့်လာနိုင်သည်။ ထို့ကြောင့် အသက် (၇၅) နှစ်အထက် လူကြီးများ၏ ၄ ယောက်တွင် ၁ ယောက်သည် ရင်ပူခြင်းဝေဒနာကို ခံစားနေကြရပြီး ဆေးဝါးများ သောက်သုံးနေရသည်။ ငယ်ရွယ်စဥ်နှင့် နှိုင်းယှဥ်လျှင် အစာစားပြီးနောက် သွေးတွင်းသကြားဓာတ် ပိုမိုမြင့်တက်လာနိုင်သဖြင့် သွေးတွင်းသကြားဓာတ်ကို မထိန်းသိမ်းနိုင်ပါက ဆီးချိုရောဂါ ဖြစ်လာနိုင်သည်။ အစာများသည် အူလမ်းကြောင်းတစ်လျှောက် အနည်းငယ်ပိုမိုနှေးကွေးစွာ ရွေ့လျားသွားလာကြသဖြင့် သက်ကြီးရွယ်အိုများ၏ ထက်ဝက်ခန့်သည် ဝမ်းချုပ်ခြင်းကို ခံစားရလေ့ရှိသည်။ ထို့ပြင် အချို့သော အစာခြေအင်ဇိုင်းများ ဆုံးရှုံးခြင်း၊ အူလမ်းကြောင်းတွင် အစားအစာများမှ အာဟာရများကို စုပ်ယူရန် ခက်ခဲခြင်းတို့လည်း ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် အသက်ကြီးလာလျှင် ဗီတာမင်နှင့် အာဟာရဓာတ်များ လုံလောက်အောင် မစားသုံးနိုင်ပါက ဖြည့်စွက်ဗီတာမင်များကို ဆရာဝန်များ ညွှန်ကြားသည့်အတိုင်း သောက်သုံးရန် လိုအပ်သည်။ အကယ်၍ ဝမ်းချုပ်ခြင်းဝေဒနာကို ခံစားရပါက ရေဓာတ်ပြည့်ဝအောင်နေခြင်း၊ အမျှင်ဓာတ်ပါဝင်သောအစာများ စားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းတို့ဖြင့် ဝမ်းပုံမှန်သွားအောင် နေထိုင်သင့်သည်။
မျိုးပွါးစနစ် ပြောင်းလဲမှု
အချိန်ကာလကြာလာသည်နှင့်အမျှ သုက်ပိုးနှင့် မမျိုးဥများသည် အရေအတွက် နည်းပါးပြီး အရည်အသွေးလည်း ကျဆင်းလာကာ သန္ဓေအောင်နိုင်စွမ်း (Fertility) ကျဆင်းလာသည်။ ဤအခြေအနေသည် ယေဘုယျအားဖြင့် အသက် (၃၀) နှင့် (၄၀) နှစ်များတွင် စတင်ဖြစ်ပေါ်လေ့ရှိသည်။ အမျိုးသမီးများသည် အများအားဖြင့် အသက် (၅၀) ဝန်းကျင်တွင် ဓမ္မတာလာခြင်း ရပ်တန့်သွားလေ့ရှိသည်။ ဓမ္မတာလာခြင်း လုံးဝရပ်တန့်သွားသည့် သွေးဆုံးချိန် (menopause) မတိုင်မီ နှစ်အတန်ကြာ သွေးဆုံးခါနီးကာလ (Perimenopause) ကို ဖြတ်သန်းရတတ်သည်။ ထိုကာလများတွင် ချွေးထွက်များခြင်း၊ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ၊ ရာသီသွေး ပုံမှန်မပေါ်ခြင်း စသည့် လက္ခဏာများ ခံစားရနိုင်သည်။ အသက်ကြီးလာခြင်းနှင့်အတူ မျိုးဆက်ပွားဟော်မုန်းများ ပြောင်းလဲမှုကြောင့် အောက်ပါလက္ခဏာများလည်း ဖြစ်ပေါ်လာနိုင်သည်။
- လိင်စိတ်တက်ကြွခြင်း သို့မဟုတ် ကျဆင်းခြင်း
- ယောနိလမ်းကြောင်း ခြောက်သွေ့ခြင်းကြောင့် မိန်းမကိုယ် ယားယံခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ လိင်ဆက်ဆံစဥ် နာကျင်ခြင်း
- ယောနိလမ်းကြောင်း မှိုပိုးဝင်ခြင်း
- ပန်းသေပန်းညှိုးရောဂါတို့ကိုလည်း ခံစားရနိုင်သည်။
ဆီးလမ်းကြောင်းတစ်လျှောက် ပြောင်းလဲမှု
အသက်ကြီးလာလျှင် ဆီးအိမ်သည် ပို၍သေးငယ်လာပြီး ကြွက်သားများလည်း အားနည်းလာကာ အောက်ဖော်ပြပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
- မကြာခဏ ဆီးသွားခြင်း
- ဆီးမထိန်းနိုင်ခြင်း
- ဆီးသွားသည့်အခါ ဆီးသွားခြင်းစတင်ရန် ပိုမိုခက်ခဲလာခြင်း (အထူးသဖြင့် ဆီးကျိတ်ကြီးခြင်း ရှိပါက)
- ဆီးအိမ်တွင် ဆီးကုန်သည်အထိ မသွားနိုင်ခြင်း
- မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။
စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
အသက်ကြီးလာသည်နှင့်အမျှ နာတာရှည်ရောဂါများကို ခံစားရခြင်း၊ တစ်ယောက်တည်း သီးသန့်နေရချိန် များလာခြင်း၊ ချစ်ခင်ရသူများ ဆုံးရှုံးရခြင်းနှင့် အခြားအကြောင်းရင်းများသည် စိုးရိမ်ပူပန်မှုများခြင်း (Anxiety) သို့မဟုတ် စိတ်ဓာတ်ကျခြင်း (Depression) ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေနိုင်သည်။ မိမိကိုယ်ကို တန်ဖိုးမရှိသကဲ့သို့ ခံစားရပြီး မျှော်လင့်ချက်မဲ့လာခြင်း၊ လူမှုရေးလှုပ်ရှားမှုများမှ ရှောင်ကြဥ်ပြီး တစ်ဦးတည်း သီးသန့်နေထိုင်လာကြသဖြင့် အထီးကျန်မှု ခံစားရခြင်းအစရှိသည့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများလည်း ဖြစ်ပေါ်လာနိုင်သည်။
အိပ်စက်ခြင်းဆိုင်ရာ ပြောင်းလဲမှုများ
အိပ်စက်မှုပုံစံများသည် အချိန်နှင့်အမျှ ပြောင်းလဲလာတတ်ပြီး အထူးသဖြင့် အသက် (၆၀) ကျော်လာသည့်အခါ ဖြစ်ပေါ်လေ့ရှိသည်။ ဟော်မုန်းပမာဏနှင့် ဇီဝစည်းချက်ဖြစ်သော အိပ်ခြင်း-နိုးခြင်းစက်ဝန်း (Circadian Rhythms) ပြောင်းလဲမှုတို့ကြောင့် အိပ်ချိန်နည်းသွားခြင်း သို့မဟုတ် အချိန်အခါမဟုတ် အိပ်ပျော်သွားခြင်းများ ဖြစ်နိုင်သည်။ အိပ်စက်ခြင်းဆိုင်ရာ အလေ့အထကောင်းများ ကျင့်သုံးပြီး ညဘက်ကောင်းကောင်း အိပ်ပျော်စေခြင်းဖြင့် အိပ်မပျော်ခြင်းပြဿနာများကို ဟန့်တားနိုင်သည်။
အိုမင်းရင့်ရော်မှု၏ သက်ရောက်မှုကို လျှော့ချနိုင်သော နည်းလမ်းများ
မည်သူမျှ အိုမင်းရင့်ရော်ခြင်းကို လုံးဝရှောင်လွှဲ၍ မရနိုင်ပါ။ အိုမင်းရင့်ရော်ခြင်းသည် သဘာဝဖြစ်စဉ် (Natural Process) တစ်ရပ်ဖြစ်သော်လည်း ယင်းဖြစ်စဉ်ကို အရှိန်မြှင့် တွန်းအားပေးသည့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ (Environmental Factors) နှင့် ဘဝနေထိုင်မှုပုံစံဆိုင်ရာ အချက်များ (Lifestyle Factors) တို့ကိုမူ ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် ကာကွယ်ခြင်းဖြင့် အိုမင်းရင့်ရော်မှု၏ သက်ရောက်မှုကို လျှော့ချနိုင်သည်။ ထို့ကြောင့် အိုမင်းရင့်ရော်မှု၏ သက်ရောက်မှုများ ဖြစ်ပေါ်လာပြီးမှ ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းထက် မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်း သို့မဟုတ် နှေးကွေးအောင် ပြုလုပ်ခြင်းက ပို၍အရေးကြီးပြီး လွယ်ကူသည်။
အိုမင်းရင့်ရော်မှုဒဏ်ကို လျှော့ချရန်အတွက် လိုက်နာလုပ်ဆောင်သင့်သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- တက်ကြွစွာ လှုပ်ရှားနေထိုင်ပါ
ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် လက်နှင့်ခြေထောက် ကြွက်သားများကို လှုပ်ရှားမှုရစေသည့်အပြင် နှလုံးနှင့်အဆုတ်ကျန်းမာရေးကိုပါ ကောင်းမွန်စေသည်။ - ပြင်းထန်သော နေရောင်ခြည်ကို ကာကွယ်ပါ
နေရောင်ကာခရင်မ် လိမ်းခြင်း သို့မဟုတ် အပြင်ထွက်သည့်အခါ အရေပြားကို ဖုံးကာထားခြင်းဖြင့် ပြင်းထန်သော နေရောင်ခြည်ကြောင့် နေလောင်ခြင်းနှင့် အရေပြားထိခိုက်ပျက်စီးခြင်းကို ကာကွယ်နိုင်သည်။ - အကြားအာရုံကို ကာကွယ်ပါ
ဆူညံသော ပတ်ဝန်းကျင် (ဥပမာ _ လုပ်ငန်းခွင်၊ ဂီတဖျော်ဖြေပွဲများ၊ အားကစားပွဲများ၊ မြက်ရိတ်သည့်အခါများ) တွင် နားကို အကာအကွယ်တပ်ဆင်ခြင်းဖြင့် အကြားအာရုံမထိခိုက်အောင် ကာကွယ်နိုင်သည်။ - တင်ပဆုံရိုးကွင်း ကြွက်သားလေ့ကျင့်ခန်း (Kegel exercises) ပြုလုပ်ပါ
ဤလေ့ကျင့်ခန်းသည် ဆီးအိမ်ထိန်းချုပ်မှုနှင့် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များကို အထောက်အကူ ဖြစ်စေသည်။ - အဆုတ်ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းပါ
ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးစားခြင်း၊ E-cigarettes နှင့် vape များသုံးစွဲခြင်းမှ ရှောင်ကြဥ်ပါ။ သုံးစွဲနေလျှင် ရပ်တန့်ပါ။ အန္တရာယ်ရှိသော ဓာတုပစ္စည်းများ သို့မဟုတ် မီးခိုးငွေ့များအနီးတွင် ရှိနေပါက နှာခေါင်းစည်းတပ်ဆင်ပါ။ - ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက် အမျိုးအစား စုံလင်စွာ စားသောက်ပါ၊ အရိုး ကျန်းမာရေးအတွက် ကယ်လဆီယမ်နှင့် ဗီတာမင် ဒီ ဓာတ် ပြည့်ဝအောင် ဖြည့်စွက်ပါ
- အရက်သောက်သုံးမှုကို ကန့်သတ်လျှော့ချပါ
- သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် သွားဆရာဝန်နှင့် ပုံမှန်ပြသ၍ စစ်ဆေးကုသမှု ခံယူပါ
- ဦးနှောက်ကို တက်ကြွအောင် ထားပါ
ဝါသနာပါရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် အတတ်ပညာများကို သင်ယူခြင်းတို့ဖြင့် ဦးနှောက်ကို တက်ကြွနေအောင် လုပ်ဆောင်ပေးခြင်းဖြင့် အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်းတို့ကို လျော့နည်းစေနိုင်သည်။ - လူမှုဆက်ဆံရေး မပြတ်တောက်ပါစေနှင့်
မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများသာမကဘဲ ရပ်ရွာလူထုလှုပ်ရှားမှုများတွင် ပါဝင်ခြင်း သို့မဟုတ် ဒေသတွင်းပွဲများသို့ တက်ရောက်ခြင်းတိုဖြင့် အထီးကျန်ဆန်မှုမရှိစေဘဲ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေသည်။ - ဆရာဝန်ထံ ပုံမှန်စစ်ဆေးပြသပါ
ပုံမှန်မဟုတ်သည့် လက္ခဏာများဖြစ်ပေါ်ခံစားနေရသည်ဟု သံသယရှိပါက မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ပါ။ - ကာကွယ်ဆေးများ ပုံမှန်ထိုးပါ
အသက်အရွယ်အလိုက် ထိုးရန်အကြံပြုထားသော ကာကွယ်ဆေးများကို ပုံမှန်ထိုးခြင်းဖြင့် ရောဂါပိုးများ ကူးစက်ပြီး ပြင်းထန်စွာ ဖျားနာနိုင်ခြေများကို လျှော့ချပေးနိုင်သည်။
ဤအချက်များကို လိုက်နာခြင်းအားဖြင့် အိုမင်းရင့်ရော်ခြင်းကို လုံးဝရပ်တန့်သွားနိုင်မည် မဟုတ်သော်လည်း ကျန်းမာရေးပြဿနာများကြောင့် ပြင်းထန်စွာ ထိခိုက်မှုနည်းပါးစေပြီး ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်မည့် သက်တမ်းကို ပိုမို တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။
References:
- Centers for Disease Control and Prevention. (n.d.). About healthy aging. Retrieved October 27, 2025, from https://www.cdc.gov/healthy-aging/about/index.html
- Cleveland Clinic. (n.d.). Aging. Retrieved October 27, 2025, from https://my.clevelandclinic.org/health/articles/aging
- Harvard Health Publishing. (n.d.). Aging overview: A-to-Z. Retrieved October 27, 2025, from https://www.health.harvard.edu/a_to_z/aging-overview-a-to-z
- HealthLink BC. (n.d.). Healthy aging. Retrieved October 27, 2025, from https://www.healthlinkbc.ca/healthwise/healthy-aging
- Healthline. (n.d.). Stages of aging. Retrieved October 27, 2025, from https://www.healthline.com/health/senior-health/stages-of-aging
- HHS Office of the Assistant Secretary for Aging. (n.d.). Healthy aging. Retrieved October 27, 2025, from https://www.hhs.gov/aging/healthy-aging/index.html
- Mayo Clinic. (n.d.). Healthy lifestyle: Aging. Retrieved October 27, 2025, from https://www.mayoclinic.org/healthy-lifestyle/healthy-aging/in-depth/aging/art-20046070
- Merck Manuals. (n.d.). Overview of aging. Retrieved October 27, 2025, from https://www.msdmanuals.com/home/older-people-s-health-issues/the-aging-body/overview-of-aging
- National Library of Medicine. (2025). Healthy aging and longevity: A narrative review. Aging Clinical and Experimental Research. Retrieved October 27, 2025, from https://www.pmncbi.nlm.nih.gov/articles/PMC12006278/pdf/40520_2025_Article_3021.pdf
- Verywell Health. (n.d.). What is aging? Retrieved October 27, 2025, from https://www.verywellhealth.com/what-is-aging-2224347
- WebMD. (n.d.). What to expect with aging. Retrieved October 27, 2025, from https://www.webmd.com/healthy-aging/story/what-to-expect-aging
Published: 24 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
