Newborn care – Recommended Methods (မွေးကင်းစကလေးတစ်ဦးအား ပြုစုစောင့်ရှောက်သင့်သည့်နည်းလမ်းများ)

Newborn care – Recommended Methods (မွေးကင်းစကလေးတစ်ဦးအား ပြုစုစောင့်ရှောက်သင့်သည့်နည်းလမ်းများ)

မွေးကင်းစကလေးတစ်ဦးကို ပြုစုစောင့်‌ရှောက်ရခြင်းသည် မိဘများအတွက် အလွန်စိုးရိမ်ပူပန်စရာဖြစ်သည်။ အထူးသဖြင့် သားဦးမိခင်၊ ဖခင်တို့အတွက် စိတ်ပင်ပန်းဖွယ်၊ စိုးရိမ်ဖွယ်ဖြစ်သည်ဟု ခံစားရလေ့ရှိသည်။ လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများနှင့် အတွေ့အကြုံရှိသော ဆွေမျိုးမိဘများထံမှ အကူအညီနှင့်အကြံဉာဏ်များ တောင်းခံရန် အရေးကြီးသည်။ အောက်ပါနည်းလမ်းများကို လိုက်နာခြင်းအားဖြင့် မိမိ၏ကလေးအား ပြုစုစောင့်ရှောက်ရန် ယုံကြည်မှု ပိုမိုရရှိစေသည်။

newborn care recommended methods image 1
မွေးကင်းစကလေးအား စနစ်တကျကိုင်တွယ်ချီပိုးရမည့် နည်းလမ်းများ
  1. လက်အမြဲဆေးပါ
    • မွေးကင်းစကလေးကို မကိုင်တွယ်မီတိုင်း လက်ကို စနစ်တကျ ဆေးကြောပါ၊ အရက်ပြန်ပါသော လက်သန့်စင်ဆေးရည်များလည်း သုံးနိုင်သည်
    • မွေးကင်းစကလေးများသည် မိခင်ထံမှ ရောဂါပိုးကာကွယ်ပေးသည့် ပဋိပစ္စည်းများကို သန္ဓေသားဘဝတွင် အချင်းမှလည်းကောင်း၊ မွေးဖွားပြီးနောက် မိခင်နို့မှလည်းကောင်း ရရှိသည်၊ ၎င်းတို့ကိုယ်တိုင်တွင်မူ ကိုယ်ခံအားစနစ် ကောင်းစွာဖွံဖြိုးမှုမရှိသေးချေ
    • သို့ဖြစ်ရာ မွေးကင်းစကလေးများသည် အလွန်နုနယ်၍ ရောဂါပိုးများ ကူးစက်ခံရနိုင်ခြေ မြင့်မားသူများဖြစ်သည်၊ ထို့ကြောင့် မွေးကင်းစကလေးများအား မကိုင်တွယ်မီ လက်အမြဲဆေးရန်လိုသည်
    • ထို့အပြင် ကလေးကိုကိုင်တွယ်မည့် လူကြီးသည် ကျန်းမာနေရန် အလွန်အရေးကြီးသည်၊ နေမကောင်းဖြစ်နေသူ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်ခုခု (ဥပမာ _ တီဘီရောဂါ) ရှိသူများကို ကလေးအနီးတွင် မထားသင့်ပါ၊ ကလေးအား ချီပိုးခြင်းကိုလည်း ကန့်သတ်ထားသင့်သည်
  2. ဦးခေါင်းနှင့်လည်ပင်းကို ထိန်းပင့်ချီပါ
    • မွေးကင်းစကလေးတစ်ဦးကို ချီမလျှင် ကလေး၏ ဦးခေါင်းနှင့်လည်ပင်း နှစ်နေရာလုံးကို ထိန်းပင့်၍ချီပါ
    • ဖြစ်နိုင်လျှင် ကလေးခေါင်းကို တံတောင်ကွေးခွက်ထဲတွင် ထား၍ချီပါ
    • ကလေးကို မချီသည့်အခါတိုင်း၊ ချီထားရာမှ ပြန်ချသည့်အခါတိုင်း ခေါင်းကို အမြဲထိန်းကိုင်ထားပါ
  3. ကလေးကို ရမ်းခါခြင်း၊ လှုပ်ရမ်းခြင်း မပြုရ
    • ကလေးကို လေထဲသို့ ပစ်မြှောက်ဆော့ကစားခြင်း၊ ကလေးအား ဒူးပေါ်တင်၍ ဒူးလှုပ်ရမ်းကစားပေးခြင်းများ လုံးဝမပြုလုပ်သင့်ပါ
    • ကလေးလက်တွန်းလှည်း၊ ကားထိုင်ခုံ စသည်တို့တွင် ကလေးအားထားမည်ဆိုလျှင် ခေါင်းနှင့် လည်ပင်းအပါအဝင် ကိုယ်ခန္ဓာကို ရှေ့နောက်မယိမ်းထိုးစေရန် ထိုင်ခုံခါးပတ်ကြိုးဖြင့် လုံခြုံအောင် ချည်နှောင်ပေးပါ
    • ထိုမျှသာမက ကစားသည့်အချိန်၌ဖြစ်စေ၊ စိတ်တိုစိတ်ဆိုးမိ၍ဖြစ်စေ ကလေးကို အားဖြင့် ရှေ့နောက်လှုပ်ရမ်းခြင်း၊ ရမ်းခါခြင်းများ စသည်တို့ကို အထူးရှောင်ကြဥ်ရန် လိုအပ်သည်
    • ပြင်းထန်စွာ လှုပ်ရမ်းသည့်အား၏ သက်‌ရောက်မှုကြောင့် က‌လေး၏ဦးနှောက်အတွင်းရှိ ပါးလွှာသောသွေးကြောများ ပေါက်ပြဲပြီး ဦးနှောက်တွင်း သွေးယိုစီးမှုများ ဖြစ်ပွားကာ ရုတ်တရက် အသက်ဆုံးရှုံးနိုင်သည်
မွေးကင်းစကလေး ချက်မကြွေမီနှင့် ချက်ကြွေအပြီး လုပ်ဆောင်ရန်အချက်များ

မွေးကင်းစကလေးများ၏ချက်သည် အဝါရောင်မှ အညိုရောင်၊ ထို့နောက် အမည်းရောင်သို့ ပြောင်းသွားပြီး တဖြည်းဖြည်းခြောက်လာကာ ကြွေကျလေ့ရှိသည်။

  • ကလေး၏ ချက်နှင့် ချက်ပတ်လည်နေရာသည် အမြဲသန့်ရှင်းခြောက်သွေ့နေစေရန် အရေးကြီးသည်
  • သေးခံဖြင့် ဖုံးကွယ်မှုမရှိစေရန်အတွက် သေးခံသုံးလျှင် ချက်ပေါ်အောင် သေသပ်စွာခေါက်ထားရန် လိုအပ်သည်
  • ချက်အတွင်းသို့ နနွင်း၊ ဆေးတို့ဖတ်စသည့် ပြင်ပမှပစ္စည်းများ လုံးဝမထည့်သင့်ပါ၊ သန့်ရှင်းရေးပြုလုပ်လိုပါက ပိုးသတ်ထားသော ဂွမ်းစဖြင့် တို့သုတ်နိုင်သည်
  • ဆရာဝန်ညွှန်ကြားချက်မှလွဲ၍ အရက်ပြန်ဖြင့် သန့်ရှင်းခြင်းမပြုရပါ
  • ချက်ကြွေခြင်းသည် အသက် (၁)ပတ် မှ (၂)ပတ်အတွင်း ဖြစ်ပေါ်တတ်ပြီး ချက်မကြွေခင်တွင် ကလေးကို ရေချိုးမပေးဘဲ ရေပတ်တိုက်ပေးခြင်းသာလျှင် ပိုမိုသင့်တော်သည်
  • ရေပတ်တိုက်ပြီးချိန်တွင်လည်း ချက်တစ်ဝိုက်ကို စိုစွတ်မနေစေရန် သတိထား၍ အခြောက်ခံပေးရမည်
  • ချက်ကြွေပြီးလျှင် ကလေးအား ရေချိုးပေးနိုင်သည်
မွေးကင်းစကလေးအား စနစ်တကျ မှန်ကန်စွာ နို့တိုက်ရန်နည်းလမ်းများ

ကလေးကို မွေးစမှ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်လျှင် အကောင်းဆုံးဖြစ်သည်။ သို့သော် အချို့သောအ‌ခြေအနေများ (ဥပမာ _ မိခင်၏ ရောဂါအခံ သို့မဟုတ် အခြားအကြောင်းရင်းများ) ရှိပါက ဖော်မြူလာနို့မှုန့်တစ်မျိုးတည်းဖြစ်စေ၊ မိခင်နို့နှင့်ဖော်မြူလာနှစ်မျိုးလုံးကိုဖြစ်စေ တိုက်ကျွေးနိုင်သည်။ ထိုကဲ့သို့တိုက်ကျွေးရာတွင် ကလေးအား (၂ – ၃) နာရီခြားလျှင် တစ်ကြိမ် [တစ်နေ့လျှင် (၈ – ၁၂) ကြိမ်ခန့်] တိုက်ရန်လိုအပ်သော်လည်း ကလေးနို့ဆာတိုင်း၊ ငိုတိုင်း တိုက်သင့်သည်။ ကလေးတစ်ယောက် နို့ဆာပါက ငိုခြင်း၊ ပါးစပ်ထဲသို့ လက်ချောင်းလေးများထည့်ခြင်း၊ နို့စို့လျှင်ကြားရသည့် တပြွတ်ပြွတ်မြည်သံအတိုင်း အသံပြုခြင်း စသည်တို့ဖြင့် သိရှိနိုင်သည်။

  • ကလေးဗိုက်ဝမဝ စစ်ဆေးနည်း
    • မွေးကင်းစကလေးတစ်ဦးအနေဖြင့် အာဟာရအလုံအလောက်ရရှိ၍ ဗိုက်ပြည့်ကြောင်းသိနိုင်သည့် လက္ခဏာများမှာ _
      • ကျေနပ်တင်းတိမ်သည့်ပုံစံ ပြခြင်း၊ ပျော်ရွှင်နေခြင်း
      • ကောင်းစွာအိပ်စက်ခြင်း
      • တစ်ရက်လျှင် ဆီးနှင့်ဝမ်း အကြိမ်များစွာ သွားနိုင်ခြင်း
      • [တစ်နေ့လျှင် အနည်းဆုံး သေးခံ (၆) ကြိမ် လဲလှယ်ရခြင်း သို့မဟုတ် ဆီး (၆ – ၁၀) ကြိမ်နှင့် ဝမ်းအဝါရောင် (၃ – ၄) ကြိမ် အနည်းဆုံးသွားခြင်း]
      • ကိုယ်အလေးချိန် ပုံမှန်တိုးလာခြင်း
      • မိခင်နို့စို့သောကလေးဖြစ်ပါက မိခင်သည် နို့မတိုက်မီ ရင်သားပြည့်တင်းနေပြီး ကလေးအား နို့တိုက်ပြီးနောက် ရင်သားပိုပျော့သွားခြင်း
      • ဖော်မြူလာနို့မှုန့်တိုက်သော ကလေးများတွင် နို့ဘူးအမှတ် အောင်စ သို့မဟုတ် စီစီအတိုင်း တစ်ကြိမ်လျှင် မည်မျှသောက်သည်၊ မည်မျှကျန်သည်ကို မှတ်သားခြင်း စသည်တို့ဖြစ်သည်။
    • မွေးကင်းစကလေးငယ်သည် အချိန်မှန်နို့စို့ခြင်းမရှိဘဲ ဆက်တိုက်အိပ်နေပါက ကလေးကို အသာအယာနှိုးပြီး ကြိုးစားတိုက်ပေးပါ။ အာဟာရမပြည့်ခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများကို သတိထား၍စောင့်ကြည့်ပါ။
  • လေထိုးခြင်းကို ကာကွယ်နည်း
    ကလေးများနို့စို့ချိန်တွင် အစာအိမ်ထဲသို့ နို့အပြင် လေများပါ မျိုချနိုင်ခြေရှိသောကြောင့် နို့တိုက်ပြီးချိန်တွင် အနည်းငယ်အန်လေ့ရှိသည် (Possetting)။ ထို့ကြောင့် ကလေးအား နို့တိုက်ပြီးပြီးချင်း လူကြီး၏ ပခုံး သို့မဟုတ် ပေါင်ပေါ်တွင် (၁၅)မိနစ် မှ နာရီဝက်ခန့် ကလေးခေါင်းနှင့်ကျောကို တည့်မတ်စွာထောင်၍ ချီထားပေးပြီး လေထုတ်ပေးသင့်သည်။
မွေးကင်းစကလေး၏ အိပ်စက်ပုံနှင့် အိပ်ချိန်လုံလောက်မှန်ကန်စေ‌သော နည်းလမ်းများ

မွေးကင်းစကလေးတစ်ဦးသည် တစ်ကြိမ်အိပ်လျှင် (၂ – ၄) နာရီခန့်ကြာအောင် အိပ်လေ့ရှိပြီး၊ တစ်ရက်လျှင် (၁၈) နာရီခန့် အိပ်နိုင်သည်။ ညဘက်အချိန်များတွင် နို့စို့ရန် ပြန်နိုးလေ့ရှိသည်။ ကလေးအသက်ကြီးလာသည်နှင့်အမျှ အိပ်ချိန်သည်လည်း တဖြည်းဖြည်း နည်းသွားနိုင်သည်။ ပူလွန်း၊ အေးလွန်းသော ရာသီဥတုများသည်လည်း ကလေးများ အိပ်စက်ခြင်းကို ထိခိုက်စေနိုင်သည်။

  1. အိပ်စက်ပုံအနေအထားနှင့် အိပ်စက်ချိန်
    မွေးကင်းစကလေးကို သိပ်ရာတွင် အမြဲပက်လက်အနေအထားဖြင့်သာ သိပ်ရန် အလွန်အရေးကြီးသည်။ ထိုနည်းသည် ရုတ်တရက် ကလေးသေဆုံးခြင်းလက္ခဏာစု (Sudden Infant Death Syndrome) ဖြစ်ပေါ်ခြင်း အန္တရာယ်ကို လျှော့ချပေးနိုင်သည်။
    • ထို့အပြင် မွေးကင်းစကလေးများသည် တစ်ခါတစ်ရံ နေ့နှင့်ည မကွဲပြားဘဲ မှားယွင်းအိပ်စက်တတ်ကြသည်၊ ထိုသို့မဖြစ်စေရန် မိဘများအနေဖြင့် နေ့ခင်းဘက်တွင်_
      • ပြတင်းပေါက်များဖွင့်ထားပါ
      • ကလေးအား ချော့မြူကစားပေးပါ
      • ပတ်ဝန်းကျင်အသံတွေကို ကြားစေရန် ထားပေးပါ
    • ညဘက်တွင်
      • အခန်းအလင်းရောင် မှိန်မှိန်ထားပါ
      • အသံတိုးတိုးဖြင့် စကားနည်းနည်းသာ ပြောပါ
      • နို့တိုက်၊ သေးခံလဲပေးပြီးချိန်တွင် ကလေးကို ချက်ချင်း အိပ်ရာထဲပြန်သိပ်ထားပါ
      • လိုအပ်မှသာ သေးခံလဲပေးပါ
      • ကလေးနှင့် မကစားပါနှင့်
  2. အိပ်ရာထဲ၌ အန္တရာယ်ရှိနိုင်သောအရာများကို ဖယ်ရှားထားခြင်း
    ကလေးအသက် (၆) လအထိ နေ့ရောညပါ မိဘများနှင့် တစ်ခန်းတည်းတွင် သီးသန့်ကုတင် သို့မဟုတ် အိပ်ရာဖြင့်သိပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ကလေးအိပ်ရာတွင် စောင်အထူများ၊ သိုးမွေးခင်းများ၊ အိပ်ရာဘေးကာများ၊ ခေါင်းအုံးများနှင့် မွေးပွအရုပ်များဖြင့် ပြည့်သိပ်နေအောင် မထားရ။ ထိုပစ္စည်းများသည် ကလေးငယ်အိပ်နေစဥ် အသက်ရှူလမ်းကြောင်း ပိတ်စေနိုင်သည်။
  3. ကလေး၏ ဦးခေါင်းအနေအထားကို ညစဉ်ပြောင်းပေးခြင်း
    ကလေးအိပ်ချိန်တိုင်း ဦးခေါင်းကို ညာဘက်နှင့် ဘယ်ဘက် တစ်လှည့်စီ ပြောင်းအိပ်ရန် လှည့်ပေးပါ။ ဤသို့ပြုလုပ်ခြင်းဖြင့် ဦးခေါင်း၏ တစ်ဖက်တည်း၌ ပြားမသွားစေရန်၊ ဦးခေါင်း၏ပုံသဏ္ဌာန် မပျက်စေရန် ကာကွယ်ပေးနိုင်သည်။
  4. အခြားသတိပြုရမည့်အချက်များ
    ကလေး၏ အိပ်ရာခင်းကို တင်းရင်းစွာ၊ ညီညာပြန့်ပြူးစွာ ခင်းထားပါ။ ကလေးကို ပူလွန်း၊ အေးလွန်းခြင်းမရှိစေရန် သင့်တင့်သော အဝတ်အစား ဝတ်ဆင်ပေးပါ။ အထူးသဖြင့် ဆေးလိပ်ငွေ့နှင့် ကလေးအား ထိတွေ့မှုမရှိစေရန် ရှောင်ကြဉ်ပါ။
ကလေးအား အနှီး သို့မဟုတ် သေးခံလဲလှယ်နည်းများ

ကလေးအတွက် သေးခံ သို့မဟုတ် အနှီးကို အသုံးပြုပါက တစ်နေ့လျှင် (၁၀ – ၁၂) ကြိမ်ခန့်အထိ လဲလှယ်ရန် လိုအပ်တတ်သည်။

  1. သေးခံလဲလှယ်ရန် နည်းအဆင့်ဆင့်
    • လိုအပ်သော ပစ္စည်းအားလုံးကို လက်လှမ်းမီရာနေရာတွင် အဆင်သင့်ထားပါ (ဥပမာ _ အဝတ်အနှီးအသစ်၊ သေးခံအသစ်၊ လိမ်းဆေးစသည်)
    • သေးခံလဲရန် အကောင်းဆုံးနေရာသည် ကြမ်းပြင်ပေါ်တွင် တဘက်၊ ဖျာ (Changing Mat) သို့မဟုတ် အဝတ်စခင်းထားသောနေရာဖြစ်သည်၊ အထူးသဖြင့် ကလေးတစ်ဦးထက်ပိုရှိပါက ဤနည်းလမ်းသည် ပိုစိတ်ချရပြီး ကလေးမတော်တဆ ပြုတ်ကျခြင်း၊ လွတ်ကျခြင်း မရှိစေရန် ကာကွယ်ပေးသည်
    • သေးခံလဲလျှင် မိဘမှ ထိုင်၍ လဲပေးခြင်းဖြင့် ခါးနာခြင်းကို ကာကွယ်ပေးနိုင်သည်
    • ကလေးသည် ဆီးပေါက်သည်ဖြစ်စေ၊ ဝမ်းသွားသည်ဖြစ်စေ သေးခံလဲပေးရမည်၊ သေးခံဖယ်ရှားသည့်အချိန် အရေပြားတွင် ပေနေသောအညစ်အကြေးများကို တစ်ပါတည်းသုတ်ပါ
    • ထို့နောက် ကလေးငယ်ကို ရေနှင့် ဝါဂွမ်းလုံး သို့မဟုတ် စိုစွတ်သောအဝတ်စကို အသုံးပြု၍ အရေပြားလိုင်းကြောင်းများပါမကျန် ညင်ညင်သာသာ သန့်စင်ပေးပါ
    • မိန်းကလေးများတွင် အရှေ့မှ အနောက်သို့ သတိထား၍ သန့်စင်ပေးပါ (ဆီးနှင့်မစင်ပိုးမွှားများ မိန်းမကိုယ်ထဲမဝင်စေရန်ဖြစ်သည်)
    • ယောက်ျားလေးများကို ဝှေးစေ့နှင့် လိင်တံပတ်လည်တစ်ဝိုက် သန့်စင်ပေးပါ
    • သေးခံ‌ကြောင့် ဆီးပူလောင်ခြင်း (Nappy rash) ကာကွယ်ရန် လိုအပ်ပါက Diaper Cream လိမ်းပေးပါ
    • ခြောက်သွားပါက သေးခံအသစ် လဲလှယ်ဝတ်ပေးပါ၊ တင်းကျပ်လွန်းခြင်း သို့မဟုတ် ချောင်နေခြင်းမရှိစေရန် သတိထားပါ၊ လဲပေးနေစဥ် ကလေးကို စကားပြောခြင်း၊ ချော့မြူခြင်း လုပ်ပေးပါ
    • ရာသီဥတုပူပါက သေးခံအသစ်မဝတ်မီ လေဝင်လေထွက်ကောင်းအောင် ခေတ္တလှပ်ထားပါ
    • သေးခံလဲပြီးတိုင်း ရောဂါပိုးမွှားများ မပျံ့နှံ့စေရန် လက်ကို ဆေးကြောပါ
  2. သေးခံစွန့်ပစ်နည်း
    • တစ်ခါသုံးသေးခံများကို တိတ်ဖြင့်ပတ်၍ ပလတ်စတစ်အိတ်ဖြင့်ထုပ်ပြီးမှ လေလုံအောင်ချည်ပြီး အိမ်အပြင်ဘက်ရှိအမှိုက်ပုံးတွင် စွန့်ပစ်ပါ၊ ထို့နောက် ရောဂါပိုးမွှားများ မပျံ့နှံ့စေရန် လက်ကို ပြန်လည်ဆေးကြောပါ
    • အဝတ်အနှီးများကို ပြန်လျှော်၍ အသုံးပြုနိုင်သည်၊ လက်နှင့်ဖြစ်စေ၊ စက်နှင့်ဖြစ်စေ လျှော်ပါ၊ အဝတ်ပျော့ဆေး (Fabric Conditioner) မသုံးပါနှင့်။
ကလေးရေဖတ်တိုက်နည်း၊ ရေချိုးနည်းများ
  • မွေးပြီးပြီးချင်း ရက်သတ္တပတ် အနည်းငယ်အတွင်းတွင် ကလေးငယ်များကို မျက်နှာ၊ လည်ပင်း၊ ခြေလက်များနှင့် တင်ပါးတို့ကို ရေဖတ်တိုက်ပေးခြင်း (Sponge Bath) ဖြင့်သာ သန့်ရှင်းရေး လုပ်ပေးသင့်သည်
  • ဂွမ်းအသန့်နှင့် မျက်နှာသုတ်ပဝါအသန့်တို့ကို ရေစွတ်၍ သန့်ရှင်းရေး (Topping and tailing) လုပ်ပေးနိုင်သည်
  • ချက်ကြွေသည်အထိ စောင့်ပြီးမှသာ ကလေးရေချိုးဇလုံ သို့မဟုတ် ကလေးရေချိုးကန်တွင် ရေချိုးပေးနိုင်သည်
  • နေ့တိုင်းချိုးရန်မလိုဘဲ တစ်ပတ်လျှင် (၂-၃) ကြိမ် ရေချိုးပေးရုံဖြင့် လုံလောက်သည်၊ ရေချိုးသည့်အကြိမ်ရေများပါက ကလေး၏ အရေပြားခြောက်သွေ့ယားယံခြင်း ဖြစ်နိုင်သည်
  1. ရေဖတ်တိုက်ပေးခြင်း (Sponge Bath) ပြုလုပ်နည်း
    • ရေခပ်နွေးနွေး၊ သန့်စင်သော တဘက်၊ ပဝါ၊ အဝတ်နှင့် ဂွမ်းများ ပြင်ဆင်ထားပါ
    • ကလေးကို ဒူးပေါ်တင်ထားပါ၊ သေးခံ၊ အနှီး၊ အဝတ်အစား အားလုံးချွတ်ကာ တဘက်ဖြင့် ကလေးကို အုပ်ထားပါ
    • ရေစွတ်ထားသော ဂွမ်းစတစ်ခုစီဖြင့် မျက်လုံးတစ်ဖက်စီကို စတင်သန့်စင်ပေးပါ၊ ပြီးလျှင် နှာခေါင်းဘေးကို ဆက်လက်သန့်စင်ပေးပါ၊ တစ်ဖက်စီအတွက် ဂွမ်းစအသစ်များသာ သုံးပါ
    • နားရွက်အပြင်ဘက်ကို ဂွမ်းစအသစ်ဖြင့် သန့်စင်ပေးပါ (နားအတွင်းပိုင်းကို ရေမဝင်စေရပါ)
    • ထို့‌နောက် မျက်နှာ၊ လည်ပင်း၊ လက်များကိုလည်း ဂွမ်းစဖြင့် ဆက်လက်သန့်စင်ပေးပါ
    • ပြီးနောက် ရေခြောက်အောင် ပဝါအသစ် သို့မဟုတ် တဘက်အသစ်ဖြင့် သုတ်ပေးပါ
    • ပတ်ထားသောတဘက်ကိုချွတ်၍ ရေစိုဂွမ်းစကို တင်ပါးတစ်ဝိုက်နှင့် လိင်အင်္ဂါပတ်လည်နေရာကို သန့်စင်ပေးပါ၊ အရေပြားလိုင်းကြောင်းများကြားကို သေချာစွာ ပွတ်တိုက်သန့်စင်ပေးပြီး သေချာခြောက်အောင် သုတ်ပေးပါ
    • ချက်နေရာသည် ဆီး၊ ဝမ်းတို့ဖြင့် ညစ်ပေမနေပါက သန့်စင်ပေးရန် မလိုအပ်ပါ၊ ညစ်‌ပေနေပါက ဂွမ်းစနှင့်ရေနွေးဖြင့် သန့်စင်ပြီး ခြောက်အောင်ထားပေးပါ
    • ထို့နောက် သေးခံ၊ အနှီးနှင့် အဝတ်များ ပြန်ဝတ်ပေးပါ
  2. ကလေး ရေချိုးပေးနည်း
    • ကလေးကို ရေချိုးဇလုံထဲတွင် တစ်ယောက်တည်း လုံးဝမထားရ၊ အခြားကလေးအကြီးများအား ကလေးငယ်ကို ရေချိုးစေခြင်း လုံးဝမပြုလုပ်ရ၊ ကလေးနို့တိုက်ပြီးချိန် သို့မဟုတ် ဗိုက်ဆာချိန်၊ အိပ်ငိုက်နေချိန်တွင် ရေမချိုးပါနှင့်
    • ရေချိုးဇလုံထဲရှိ ရေပူချိန်သည် မပူလွန်း၊ မအေးလွန်း အနေအထားဖြစ်စေရန် ‌‌ရောစပ်၍ တံတောင်ဆစ်အဖျားဖြင့် စမ်းသပ်စစ်ဆေးပါ
    • ကလေးကို ဒူးပေါ်တွင်ထား၍ မျက်နှာကို အရင်သန့်စင်ပေးပါ၊ ဦးခေါင်းအား မတ်မတ်ထိန်းထား၍ ဆံပင်ကို ရေစွတ်ပေးပါ
    • ကလေး ခေါင်း၊ လည်ပင်းနှင့် ကိုယ်ကို ဇလုံပေါ်တွင် လက်တစ်ဖက်ဖြင့် ထိန်းထားပြီး ကျန်လက်တစ်ဖက်မှ လက်ခုပ်ဖြင့် ရေခပ်၍ ညင်ညင်သာသာ လောင်းချိုးပါ
    • ပထမဆုံးအကြိမ် ရေချိုးချိန်တွင် ကလေးကို အချိန်တိုတိုဖြင့် ညင်သာသိမ်မွေ့စွာ ရေချိုးပေးပါ
    • ရေချိုးပေးနေစဉ် ကလေးနှင့်စကားပြောခြင်း၊ သီချင်းဆိုပြခြင်းတို့ဖြင့် ကလေးစိတ်သက်သာစေရန် ပြုလုပ်ပါ
    • (၅-၁၀) မိနစ်အတွင်း အမြန်ဆုံးပြီးအောင် ချိုးပေးပါ၊ ကလေးလန့်ခြင်း၊ ငိုခြင်းရှိပါက (၁-၂) ပတ်ကြာ Sponge Bath ရေဖတ်တိုက်ပေးပြီးမှ ထပ်မံကြိုးစားပါ
    • ရေချိုးပြီးနောက်တွင် ရေဇလုံမှ ရေကို ချက်ချင်းသွန်ပါ၊ ထို့နောက် ကလေးတစ်ကိုယ်လုံးကို ခြောက်‌အောင်ပြန်သုတ်ပေးပါ၊ အရေပြားလိုင်းကြောင်းများကို သေချာခြောက်အောင် ဂရုပြု၍ သုတ်ပေးပါ၊ Baby lotion လိမ်းနိုင်ပြီး ကလေးကို နှိပ်နယ်ပေးခြင်းဖြင့် အိပ်ပျော်စေနိုင်သည်
    • နောက်ဆုံးတွင် အင်္ကျီ၊ အနှီး၊ သေးခံစသည်တို့ကို နွေးနွေးထွေးထွေး ပြန်လည်ဝတ်ဆင်ပေးပါ
ကလေးနှင့်ရင်းနှီးမှုတည်ဆောက်ခြင်း (Bonding)

ကလေးမွေးဖွားပြီး နာရီပိုင်းအတွင်း၌ပင် ကလေးနှင့် ရုပ်ပိုင်းဆိုင်ရာရင်းနှီးမှု ပြုလုပ်ခြင်းသည် ကလေးအတွက် ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို တည်ဆောက်ပေးနိုင်သည်။ ရုပ်ပိုင်းဆိုင်ရာရင်းနှီးမှု ရရှိစေရန် ကလေးအား ပွေ့ချီချော့မြူခြင်း၊ မိခင်နို့တိုက်ပေးခြင်းအပြင် ကလေးနှင့်မိခင် အရေပြားချင်း ထိကပ်ထားခြင်း (Skin-to-Skin/ Kangaroo Care) ကိုလည်း အောက်ပါအတိုင်း ပြုလုပ်နိုင်သည်။

  • မိခင်သည် အလင်းမှိန်သောအခန်းတွင် ထိုင်ခုံပေါ်၌ သက်သောင့်သက်သာထိုင်ပါ
  • ရှေ့ကြယ်သီးအပြည့်ပါအင်္ကျီကို ဝတ်၍ ရှေ့ကြယ်သီးများကို ဖြုတ်ထားပါ၊ ကလေးကို သေးခံတစ်ခုသာ ဝတ်ဆင်ပေးကာ မိခင်၏ရင်ဘတ်ပေါ်တွင် ရင်ဘတ်ချင်းထိကပ်၍ လှဲထားပေးပါ
  • ငြိမ်သက်တိတ်ဆိတ်စွာထိုင်ပါ၊ ကလေးအား သီချင်းဆိုပြပါ၊ စာဖတ်ပြပါ
  • အနံ့ပြင်းသော ရေမွှေး၊ လိုးရှင်းနှင့် ဆေးလိပ်ငွေ့များကို ရှောင်ပါ
ကလေးငယ်ကို ချော့မြူနည်းများ
ကလေးငယ်ကို စိတ်သက်သာစေရန် ချော့မြူနည်းများ (Soothing a baby)
  1. ကလေးအား နှိပ်နယ်ပေးခြင်း (Baby Massage)
    • အထူးသဖြင့် လမစေ့ဘဲမွေးသော ကလေးများအတွက် နှိပ်နယ်ပေးခြင်းသည် မိခင်နှင့် ရင်းနှီးမှုအတွက် အထောက်အကူ ပို၍ဖြစ်စေသည်
    • ကလေးများအတွက် ထုတ်လုပ်ထားသောအဆီ (Baby oil) များကိုလိမ်း၍ နှိပ်နယ်ပေးနိုင်သည်။
    • ကလေးငယ်များကို နှိပ်နယ်ရာတွင် ဝမ်းဗိုက်ကို စက်ဝိုင်းပုံ နှိပ်နယ်ပေးခြင်း၊ ခြေလက်များကို အရင်းမှအဖျား သို့မဟုတ် အဖျားမှအရင်းသို့၊ နောက်ဆုံးတွင် ခြေဖဝါး၊ လက်ဖဝါးများကိုပါ တဖြည်းဖြည်းနှိပ်နယ်ပေးခြင်း၊ ဦးခေါင်းမှတစ်ဆင့် မျက်နှာဘက်သို့ အသာအယာနှိပ်ပေးခြင်း၊ ဝမ်းလျားမှောက်ထားပေးချိန်တွင် ကျောကို ဖြည်းညင်းစွာပွတ်၍ နှိပ်နယ်ပေးခြင်းများ ပြုလုပ်ပေးနိုင်သည်
    • အားမစိုက်ဘဲ ဖြည်းဖြည်းနှင့် ညင်သာစွာနှိပ်နယ်ပေးပါ
    • နှိပ်နယ်ခြင်းနှင့် ပတ်သက်၍ မရှင်းလင်းသည်များကို မိသားစုဆရာဝန်နှင့် တိုင်ပင်မေးမြန်းပါ
  2. နူးညံ့စွာ စကားပြောခြင်း
    • ကလေးအား စကား နူးညံ့စွာ ပြောပေးခြင်း၊ သီချင်းဆိုပြခြင်း၊ ကဗျာရွတ်ပြခြင်းတို့ဖြင့် ကလေး၏အကြားအာရုံဖွံ့ဖြိုးမှုကို အားပေးနိုင်သည်
    • ကစားစရာ ဂျောက်ဂျက်များ၊ ဂီတသံပါသော ကစားစရာများဖြင့်လည်း အထောက်အကူဖြစ်စေရန် အားပေးနိုင်သည်
    • အကယ်၍ ကလေးသည် အသံများကြောင့် လန့်ခြင်း၊ ငိုခြင်း၊ မျက်နှာလွှဲသွားခြင်းများရှိပါက အသံအတိုးအကျယ်ကို ထိန်းညှိပေးပါ
  3. အနှီးဖြင့်ထုပ်ထားခြင်း (Swaddling)
    အနှီးထုပ်ခြင်းသည် ကလေးအသက် နှစ်ပတ် မှ လေးပတ်အတွင်း ပြုလုပ်ရန် သင့်တော်သည်။ ကလေး၏ လက်နှစ်ဖက်ကို ကိုယ်နှင့်ကပ်ထားပြီး ခြေထောက်ကို လှုပ်ရှားနိုင်စေရန် လွှတ်ထားပေးသည့် ပုံစံဖြင့် အနှီးထုပ်ပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကလေးများကို စိတ်လုံခြုံစေပြီး အလွယ်တကူ ထိတ်လန့်ခြင်းကို သက်သာစေသည့်အပြင် ခြေထောက်လှုပ်ရှားနိုင်ခြင်းကြောင့် သက်သောင့်သက်သာ ဖြစ်စေသည်။ ကလေးသည် စတင်လှိမ့်တတ်လာပါက (အများအားဖြင့် အသက် ၂ – ၃ လအရွယ်တွင်) အနှီးထုပ်ခြင်းကို ရပ်ပါ။
ငိုနေသောကလေးများ နှစ်သိမ့်ချော့မြူနည်းများ (Soothing a crying baby)

မွေးကင်းစကလေးများ ငိုရသည့် အကြောင်းရင်းများစွာရှိသည်။ ကလေးငိုခြင်းသည် စိတ်မသက်သာမှု၊ ဂရုစိုက်မှုလိုအပ်နေကြောင်း ဖော်ပြသောနည်းလမ်းတစ်ခုလည်းဖြစ်သည်။ အဖြစ်များသော အကြောင်းရင်းများမှာ_

  • ဗိုက်ဆာခြင်း
  • အနှီးစိုနေခြင်း သို့မဟုတ် ညစ်ပတ်နေခြင်း
  • အိပ်ငိုက်ခြင်း၊ ပင်ပန်းခြင်း
  • ချီပွေ့ခံလိုခြင်း
  • လေထိုးခြင်း
  • ဖျားခြင်း
  • အပူအအေးလွန်ကဲခြင်း
  • အသံ၊ အလင်းစသည့် ပြင်ပလှုံ့ဆော်မှုများခြင်း စသည်တို့ဖြစ်သည်။

နေ့ည အချိန်မရွေး ကလေးများ ငိုနိုင်သော်လည်း ညနေစောင်းချိန်တွင် အများဆုံးငိုတတ်သည်။ အသက် (၁)လ မှ (၂)လအထိ အများဆုံးငိုနိုင်ပြီး ထို့နောက်ပိုင်းတွင် တဖြည်းဖြည်းလျော့လာတတ်သည်။

နှစ်သိမ့်ချော့မြူနည်းအမျိုးမျိုး
  • မိခင်နို့တိုက်ခြင်း _ နို့စို့ခြင်းသည် ကလေးကို စိတ်သက်သာစေနိုင်သည်
  • ညင်သာသောအသံများ (ရေဒီယို၊ သီချင်း၊ ကစားစရာအသံများ) ဖြင့် အာရုံပြောင်းပေးခြင်း
  • ချီပွေ့ပေး၍ လမ်းလျှောက်ပေးခြင်း
  • ပုခက်ထဲထည့်၍ ညင်သာစွာ လှုပ်ပေးခြင်း၊ စကားပြောပေးခြင်း
  • ညင်သာစွာနှိပ်နယ်ပေးခြင်း _ ကျောကို ဖြည်းညင်းစွာပုတ်ပေးခြင်း၊ ဝမ်းဗိုက်ကို စက်ဝိုင်းပုံ နှိပ်နယ်ပေးခြင်း
  • ရေနွေးနွေးဖြင့် ချိုးပေးခြင်း (အချို့ကလေးများ သက်သာစေသော်လည်း အချို့မှာ ပိုငိုတတ်သည်)
  • သေးခံ သို့မဟုတ် အနှီးစိုနေပါက လဲပေးခြင်း
  • သက်သောင့်သက်သာ ဖြစ်စေသော အဝတ်အစားများသာ ဝတ်ပေးခြင်း
  • ပတ်ဝန်းကျင်အပူချိန်ကို ထိန်းညှိပေးခြင်း (ဥပမာ _ နွေရာသီတွင် အဲကွန်းဖွင့်ပေးခြင်း)
ကလေးများ ငိုလွန်းနေပါက အထူးသတိထားရမည့် အခြေအနေများ
  • လေထိုးလေအောင့်ခြင်း (Colic)
    အချိန်ပြည့် ငိုခြင်း၊ မျက်နှာနီရဲသည်အထိ ငိုခြင်း၊ ဝမ်းဗိုက်တွင် နာကျင်ဟန်ရှိခြင်းတို့ ဖြစ်တတ်သည်။ ထိုအခါ ကလေးကိုချီပွေ့၍ သက်သောင့်သက်သာထားပါ။ လေထုတ်ပေးပါ။ အချိန်အနည်းငယ်ကြာလျှင် အလိုလိုသက်သာသွားတတ်သည်။ လေအောင့် သက်သာဆေးများကို ဆရာဝန်မှ ညွှန်ကြားချက်ဖြင့်သာ တိုက်ပါ။
  • နေမကောင်းဖြစ်ခြင်း (Illness)
    ကလေးသည် ငိုလွန်းနေသည့်အပြင် အောက်ပါလက္ခဏာများရှိပါက နီးစပ်ရာအရေးပေါ်ဌာနတွင် ချက်ချင်းပြသပါ။
    • အဖျားတက်ခြင်း သို့မဟုတ် ခြေလက်များအေးစက်နေခြင်း
    • အသက်ရှူမြန်ခြင်း၊ အသက်ရှူရခက်ခြင်း
    • အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း
    • အရေပြားတွင် ပုံမှန်မဟုတ်သော အနီစက်၊ အနီကွက်များထွက်ခြင်း
    • တုံ့ပြန်မှုနည်းပြီး သတိလစ်ခြင်း
    • တက်ခြင်း

မိဘများအတွက် အကြံပြုချက်

  • ကလေးငိုခြင်းသည် ယာယီဖြစ်ပြီး (၄-၈) ပတ်တွင် လျော့သွားတတ်သဖြင့် မိဘများအနေဖြင့် စိတ်ရှည်ရန်လိုသည်
  • ကလေးကို စိတ်တိုစိတ်ဆိုးခြင်းကြောင့် ရှေ့နောက်လှုပ်ရမ်းခြင်း၊ ခါရမ်းခြင်းများကို မလုပ်မိစေရန် အထူးသတိထားရှောင်ကြဥ်ပါ ‌‌
  • မိမိကျန်းမာရေးကိုလည်းဂရုစိုက်ပါ၊ အနားယူပါ
  • လိုအပ်လျှင် ဆွေမျိုးမိဘ၊ အမှန်တကယ် နားလည်တတ်ကျွမ်းသူများထံမှ အကူအညီတောင်းပါ
  • ကလေးငိုခြင်းသည် ပုံမှန်မဟုတ်ဟု ထင်ပါက သက်ဆိုင်ရာဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ပါ

ဆက်လက်ဖတ်ရှုရန်

References:

  1. KidsHealth. (n.d.). A guide for first-time parents. Retrieved June 12, 2026, from https://kidshealth.org/en/parents/guide-parents.html
  2. MSD Manuals. (n.d.). Initial care of the newborn. Retrieved June 12, 2026, from https://www.msdmanuals.com/home/children-s-health-issues/care-of-newborns-and-infants/initial-care-of-the-newborn
  3. National Health Service. (n.d.). Caring for a newborn. Retrieved June 12, 2026, from https://www.nhs.uk/conditions/baby/caring-for-a-newborn/
  4. National Health Service. (n.d.). Getting to know your newborn. Retrieved June 12, 2026, from https://www.nhs.uk/pregnancy/labour-and-birth/after-the-birth/getting-to-know-your-newborn/

Published: 8 July 2025

Last updated: 14 July 2026

Share

26 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.