Newborn care – Essential knowledge about newborn (မွေးကင်းစကလေးအကြောင်း သိကောင်းစရာ)

Newborn care – Essential knowledge about newborn (မွေးကင်းစကလေးအကြောင်း သိကောင်းစရာ)

ကလေးတစ်ဦး စတင်မွေးဖွားလာသည့်ရက်မှ အသက် (၂၈) ရက်သားအထိကို မွေးကင်းစကလေးဟု သတ်မှတ်သည်။ မွေးကင်းစကာလအတွင်းရှိ ကလေးငယ်များသည် အလွန်နုနယ်ပြီး ထိခိုက်ဖျားနာလွယ်သော အချိန်ကာလဖြစ်သည်။ သို့ဖြစ်၍ မွေးကင်းစကလေးကို ကုသ‌‌မှုပေးကြမည့် ဆရာဝန်၊ ဆရာမများအပါအဝင် ပြုစု‌စောင့်ရှောက်ကြမည့် မိဘဘိုးဘွားများ၊ ဆွေမျိုးများ၊ ကလေးစောင့်ရှောက်မည့်သူများ အားလုံးသည် မွေးကင်းစကလေးတစ်ဦးအား ပြုစုစောင့်ရှောက်သင့်သည့် နည်းလမ်းများကို စနစ်တကျ လေ့လာမှတ်သား လိုက်နာသင့်သည်။

မွေးကင်းစကလေး ပြုစုစောင့်ရှောက်မှု အစပျိုးခြင်း
  • မွေးပြီးပြီးချင်းအချိန်
    • ရိုးရိုးမွေးဖွားလာသည့် သို့မဟုတ် ခွဲစိတ်မွေးဖွားလာသည့် ကလေးကို ကလေးဆရာဝန်နှင့် သူနာပြုဆရာမများမှ ပြုစုစောင့်ရှောက်မှု ပေးမည်ဖြစ်သည်
    • မွေးဖွားလာသည့် မွေးကင်းစကလေးတွင် အောက်ဆီဂျင်ပြတ်တောက်ခြင်း ရှိမရှိ (Birth Asphyxia) ကို ခန့်မှန်းနိုင်ရန် မီးဖွားပြီးပြီးချင်းတွင် မွေးကင်းစကလေး အခြေအနေအား စစ်ဆေးတိုင်းတာသော အက်ဂါရမှတ် (APGAR score) ဖြင့် စစ်ဆေးသည်
    • ကလေးအခြေအနေကောင်းမွန်ပါက မွေးစကိုယ်အလေးချိန်၊ အရပ်အလျားနှင့် ဦးခေါင်းလုံးပတ်တို့ကို ဆက်လက်တိုင်းတာပေးမည်ဖြစ်သည်
  • ကာကွယ်ဆေး
    • မွေးကင်းစကလေးငယ်တိုင်းကို မွေးပြီး (၂၄) နာရီအတွင်း အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးနှင့် ဗီတာမင် K ထိုးဆေးများ ထိုးပေးသင့်သည်
    • ဤထိုးဆေးသည် ဗီတာမင် K ဓာတ်ချို့တဲ့မှုကြောင့် ပြင်းထန်သွေးထွက်ခြင်းများ၊​ ဦးနှောက်တွင်းသွေးယိုစိမ့်ခြင်းများကို ကာကွယ်သည်
    • ကလေးမွေးဖွားသည့်နေရာ (ဆေးရုံ၊ ဆေးခန်း သို့မဟုတ် အိမ်) အလိုက် ဤဆေးများ ချက်ချင်းရရှိမှုသည် အနည်းငယ်ကွာခြားနိုင်သည်
  • မွေးကင်းစကလေးစစ်ဆေးခြင်း
    • ဆေးရုံနှင့် ဆေးခန်းများတွင် မွေးဖွားသော ကလေးများအား (၂၄)နာရီ မှ (၇၂)နာရီအတွင်း သက်ဆိုင်ရာဆရာဝန်မှ မွေးကင်းစကလေး ကိုယ်ခန္ဓာစစ်ဆေးခြင်း (Newborn Physical Examination) ကိုပြုလုပ်ပေးမည်ဖြစ်ပြီး မွေးကင်းစကလေးတွင် အရေးကြီးသော ရောဂါများ ရှိမရှိ ကြိုတင်သွေးစစ်ရှာဖွေခြင်း (Newborn screening)၊ အကြားအာရုံစစ်ဆေးခြင်း (Hearing screen) တို့ကိုလည်း လိုအပ်သလို ဆက်လက်စစ်ဆေးပေးမည်ဖြစ်သည်
  • ကျန်းမာရေးအသိပညာပေးခြင်း
    • ဆေးရုံမဆင်းမီကာလအတွင်း ဆရာဝန်နှင့် ဆရာမများမှ မိဘများအား (အထူးသဖြင့် မိခင်အား) မွေးကင်းစကလေးငယ်ကို အိမ်တွင် ကောင်းစွာ ပြုစုစောင့်ရှောက်နည်းများ သင်ကြားပေးမည်ဖြစ်သည်
    • မိခင်နို့ မှန်ကန်စွာတိုက်နည်းများ (Breastfeeding)၊ ဖော်မြူလာနို့မှုန့် (Formula Feeding) တိုက်ပါက အချိုးအစားမှန်ကန်စွာ ဖျော်စပ်နည်း၊ နို့ဘူးသန့်ရှင်းရေး၊ ချက်မကြွေမီ ဆောင်ရန် ရှောင်ရန်များ၊ ကလေးအသားဝါခြင်း ရှိမရှိ စောင့်ကြည့်နည်း၊ ဆီးဝမ်း ပုံမှန်သွားမသွား စောင့်ကြည့်ခြင်း၊ ကလေးသေးခံလဲခြင်း၊ ရေချိုးပေးခြင်း၊ အငိုတိတ်စေရန် ချော့မြူခြင်းစသည့် အခြေခံပြုစုနည်းများ ပါဝင်သည်

မိဘများအနေဖြင့် မိမိတို့၏ မွေးကင်းစကလေးအား အိမ်တွင် ပြုစုစောင့်ရှောက်ရန် ယုံကြည်မှုရှိရမည်ဖြစ်ပြီး ဆေးရုံမှသင်ကြားထားသည့် ပြုစုနည်းများအတိုင်း လိုက်နာသင့်သည့်အပြင် အန္တရာယ်ရှိသည့် လက္ခဏာများ (Red flags) ပေါ်ပေါက်ပါက အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်ပြသရန် ကြိုတင်ပြင်ဆင်ထားသင့်သည်။

မွေးကင်းစကလေးငယ်များနှင့် ပတ်သက်၍ မှန်မှန်ကန်ကန် သိရှိထားသင့်သော အချက်များ

မိဘများအနေဖြင့် မွေးကင်းစကလေးများတွင် ပုံမှန်တွေ့ရှိနိုင်သော အခြေအနေများကို သိရှိထားခြင်းဖြင့် စိုးရိမ်ပူပန်မှုများ လျှော့ချနိုင်ပြီး မိမိတို့ကလေးအား ကောင်းစွာစောင့်ရှောက်နိုင်မည်ဖြစ်သည်။ အောက်ပါတို့သည် မွေးကင်းစကလေးများတွင် ကလေးကြီးများနှင့် မတူဘဲ တွေ့ရတတ်သော အခြေအနေအချို့ဖြစ်သည်။

  1. မွေးကင်းစကလေး၏ ငယ်ထိပ် (Anterior Fontanelle)
    ငယ်ထိပ်ဆိုသည်မှာ ကလေးတစ်ဦး၏ ဦးနှောက်ကို ကာရံထားသည့် ဦးခွံရိုးများမဆက်ခင် ဦးခွံရိုးပြားလေးခုအကြား ပွင့်နေပြီး ဦးခေါင်းအရေပြားဖြင့်သာ ဖုံးအုပ်ထားသော အပေါက်ငယ်လေးတစ်ခုဖြစ်သည်။ မွေးကင်းစကလေးများတွင် ဦးခွံရိုးများ မဆက်သေးသောကြောင့် ငယ်ထိပ်သည် မာကြောခြင်းမရှိဘဲ ပုံမှန်အားဖြင့် ခပ်ပျော့ပျော့အနေအထားကိုသာ စမ်းမိနိုင်သည်။ ကလေး၏ဦးနှောက် ဆက်လက်ဖွံ့ဖြိုး ကြီးထွားနိုင်ရန်အတွက် ဦးခွံရိုးများသည် အစောပိုင်းတွင် လုံးဝမဆက်သေးဘဲ ငယ်ထိပ်ပွင့်နေရခြင်းဖြစ်သည်။ ငယ်ထိပ်သည် ပုံမှန်အားဖြင့် ကလေးအသက် တစ်နှစ်နှင့် တစ်နှစ်ခွဲကြားတွင်မှ ပိတ်လေ့ရှိသည်။ ငယ်ထိပ်ပွင့်နေခြင်း၊ ငယ်ထိပ်ခုန်ခြင်းတို့သည် ပုံမှန်လက္ခဏာများဖြစ်ပြီး မွေးကင်းစ ငယ်ထိပ်ပိတ်နေလျှင် ဆရာဝန်နှင့် အမြန်ဆုံးပြသတိုင်ပင်သင့်သည်။
  2. မွေးကင်းစကလေး၏ ချက်နှင့်ချက်ကြိုး
    ကလေးမွေးဖွားလာပြီးသည့်နောက် ချက်ကြိုးကို အသုံးပြုရန် မလိုအပ်တော့သဖြင့် ဖြတ်တောက်ပေးပြီး ပလတ်စတစ်ကလစ်ဖြင့် ညှပ်ထားပေးရသည်။ ထိုနေရာသည် ချက်ကြိုးငုတ်တိုင်အဖြစ် ကျန်ခဲ့ပြီး တဖြည်းဖြည်းခြောက်သွေ့ညိုမည်းလာကာ နောက်ဆုံးတွင် ချက်ကြွေကျသွားသည်။ ပုံမှန်အားဖြင့် မီးဖွားပြီး (၁)ပတ် မှ (၃)ပတ်အကြာတွင် ချက်ကြွေလေ့ရှိသည်။ ချက်မှ အရည်ကြည် အနည်းငယ်ထွက်သည်မှာ ပုံမှန်ပင်ဖြစ်သော်လည်း ချက်မှအရည်များ ပမာဏများစွာထွက်ခြင်း၊ သွေးထွက်ခြင်း၊ ပြည်ထွက်ခြင်း၊ အနံ့နံခြင်း၊ ချက်ပတ်လည်တစ်ဝိုက် နီရဲရောင်ရမ်းခြင်းနှင့် အလုံးအကျိတ်များ ထွက်ခြင်းရှိပါက ဆရာဝန်နှင့် အမြန်ဆုံးပြသတိုင်ပင်သင့်သည်။ (Common umbilical conditions)
  3. မွေးကင်းစကလေး၏ အရေပြား
    မွေးကင်းစကလေး၏ အရေပြားသည် အလွန်နူးညံ့ပါးလွှာ၍ ထိခိုက်ပွန်းပဲ့လွယ်သည်။ ထို့ပြင် မွေးပြီးတစ်ရက်၊ နှစ်ရက်အတွင်းမှ တစ်ပတ်အတွင်း ကလေး၏အရေပြားတွင် Erythema toxicum neonatorum ဟုခေါ်သော အနီစက်လေးများ ပေါ်လာတတ်သည်။ အဝတ်စများနှင့် ထိတွေ့မှုရှိသည့် ခြေ၊ လက်၊ ကျော၊ ရင်ဘတ်တို့တွင် တွေ့ရလေ့ရှိပြီး တစ်ခါတစ်ရံ မျက်နှာတွင် တွေ့ရသည်။ ထိုအနီစက်များသည် လိမ်းဆေးများဖြင့် ကုသရန် မလိုအပ်ဘဲ အများအားဖြင့် နှစ်ပတ်အတွင်းပျောက်ကင်းသွားလေ့ရှိသည်။
  4. မွေးကင်းစကလေးအသားဝါခြင်း
    မွေးကင်းစကလေးအသားဝါခြင်း (Neonatal Jaundice) သည် အတွေ့ရများပြီး အများအားဖြင့် ဘေးဥပဒ်မပေးသော အခြေအနေတစ်ခုဖြစ်သော်လည်း တစ်ခါတစ်ရံ အန္တရာယ်ရှိသော ရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။ ကလေး၏ကိုယ်ခန္ဓာတွင် ဘီလီရူဘင် (Bilirubin) ဟုခေါ်သော အဝါရောင်ခြယ်ဓာတ်ပမာဏ များပြားနေသောကြောင့် အသားဝါရခြင်းဖြစ်သည်။ လမစေ့ဘဲမွေးသော ကလေးများတွင် ပို၍အဖြစ်များသည်။ မျက်လုံးတွင်သာ အနည်းငယ်ဝါနေခြင်းသည် ပုံမှန်အခြေအနေဖြစ်သည်။
    မွေးကင်းစကလေးအသားဝါခြင်း နှစ်မျိုးရှိသည့်အနက် ပုံမှန်အသားဝါခြင်း (Physiological jaundice) ဖြစ်စဥ်တွင် ကလေးအသက် (၂ – ၃) ရက်မှစ၍ အသားဝါတတ်သည်။ နေ့စေ့လစေ့ကလေးများ၌ (၂) ပတ်အကြာတွင် သက်သာလေ့ရှိပြီး လမစေ့ဘဲမွေးသော ကလေးများတွင် (၃) ပတ်အထိ အသားဝါတတ်သည်။ ထိုသို့မဟုတ်ဘဲ ရောဂါအခြေအနေတစ်ခုခုကြောင့် ပုံမှန်မဟုတ်သော အသားဝါခြင်း (Pathological jaundice) ဖြစ်ပါက မွေးပြီး (၂၄) နာရီအတွင်းစ၍ အသားဝါခြင်း၊ (၂-၃) ပတ်ထက်ပို၍ ဝါခြင်း၊ ဆီးနှင့် ဝမ်းအ‌ရောင်များ ပြောင်းလဲခြင်းအပြင် တစ်ခါတစ်ရံ ကလေးအသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ပြင်းထန်နိုင်သည်။ မွေးကင်းစအသားဝါခြင်းအတွက် အဝါဓာတ်ပမာဏပေါ်မူတည်၍ မီးချောင်းပြကုထုံး (Phototherapy) ဖြင့်ကုသနိုင်ပြီး လိုအပ်ပါက သွေးလဲကုသမှု (Exchange transfusion) ကိုပါ ပူးတွဲပြုလုပ်ရတတ်သည်။
  5. မွေးကင်းစကလေး၏ ဆီးနှင့် ဝမ်းအနေအထား
    ပုံမှန်အားဖြင့် မွေးကင်းစကလေးများသည် မွေးပြီး (၂၄) နာရီအတွင်း ဆီးနှင့်ဝမ်းသွားသင့်သည်။ ဆီးအ‌ရောင်သည် အများအားဖြင့် အဝါရောင်ဖြစ်ပြီး တစ်ခါတစ်ရံ သေးခံ (Diaper) များတွင် အဝါရောင်အပြင် အုတ်နီခဲရောင်၊ ပန်းရောင်အစွန်းအထင်းများ တွေ့နိုင်သည်။ ၎င်းတို့မှာ ခန္ဓာကိုယ်အတွင်းရှိ ယူးရိတ်ပုံဆောင်ခဲများ (Urate crystals) သာဖြစ်ပြီး ကလေးအတွက် အန္တရာယ်မရှိပါ။ မွေးပြီး (၂၄) နာရီအတွင်း ဆီးလုံးဝမသွားပါက အရေးကြီးအခြေအနေဖြစ်နိုင်သောကြောင့် ကလေးအား အသေးစိတ်စမ်းသပ်စစ်ဆေးရန် လိုအပ်နိုင်သည်။
    မွေးပြီး (၂၄) နာရီအတွင်း သွားလေ့ရှိသော ဝမ်းအ‌ရောင်သည် အမည်းရောင်နှင့် ကပ်စေးစေးဖြစ်တတ်သည်။ ၎င်းသည် ငယ်ချေး (Meconium) ဖြစ်သောကြောင့် ကလေးအတွက် အန္တရာယ်မရှိပါ။ သို့သော် မွေးပြီး (၂၄) နာရီအတွင်း ငယ်ချေးမပါလျှင်၊ မွေးပြီးသုံးရက်ကျော်သည်အထိ ဝမ်းသည် အဝါရောင်ဘက်မပြောင်းဘဲ အမည်းရောင်သာ ဆက်သွားနေလျှင် အရေးကြီးသောအခြေအနေများ ဖြစ်နိုင်သဖြင့် အသေးစိတ်စစ်ဆေးရန် လိုအပ်နိုင်သည်။
  6. မွေးကင်းစကလေးကိုယ်အလေးချိန်
    မွေးကင်းစကလေးအများစုသည် ပထမတစ်ပတ်အတွင်း မွေးစကိုယ်အလေးချိန် (Birth weight) အောက် (၅ – ၇) ရာခိုင်နှုန်းခန့် အလေးချိန်ကျဆင်းတတ်သည်။ ၎င်းသည်လည်း ပုံမှန်ဖြစ်ပြီး အသက် (၁၀)ရက် မှ (၂)ပတ်အတွင်း မွေးစကိုယ်အလေးချိန်သို့ ပြန်လည်ရောက်ရှိလာနိုင်ပြီး၊ ထို့နောက်တွင်မူ တစ်ရက်လျှင် (၂၀ – ၃၀) ဂရမ်နှုန်း သို့မဟုတ် တစ်အောင်စနှုန်းဖြင့် ကိုယ်အလေးချိန် ပြန်တက်လာသည်။ ကလေး၏ ကိုယ်အလေးချိန် ကျဆင်းနှုန်းသည် (၁၀) ရာခိုင်နှုန်းကျော်နေပါက အရေးကြီးသော အခြေအနေဖြစ်နိုင်သောကြောင့် အသေးစိတ် စမ်းသပ်စစ်ဆေးမှုများ လိုအပ်နိုင်သည်။
  7. မွေးကင်းစကလေး၏ မွေးရာပါအမှတ်များ (Birthmarks) နှင့် အခြားအရေပြားအကွက်များ
    စတော်ဘယ်ရီအမှတ် (Strawberry haemangioma)၊ စာနီအမှတ် (Salmon pink patch or Stork bite) နှင့် အပြာရောင်အကွက်များ (Mongolian blue spots) များသည် မွေးကင်းစအရွယ်တွင် အများဆုံးတွေ့ရသော မွေးရာပါအမှတ်များဖြစ်သည်။ စာနီအမှတ်နှင့် အပြာရောင်အကွက်များသည် အန္တရာယ်ဖြစ်နိုင်ခြေနည်းပြီး သီးခြားကုသမှုပေးရန်မလိုဘဲ အသက်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်းအရောင်ဖျော့၍ ပျောက်ကင်းသွားနိုင်သည်။
    စတော်ဘယ်ရီအမှတ်များမှာ သွေးကြောငယ်များဖောင်းကြွရာမှ ဖြစ်လာခြင်းဖြစ်သည်။ ကလေးအသက် (၆)လ မှ (၁)နှစ်အတွင်း အရွယ်အစား အကြီးဆုံးဖြစ်လာတတ်ပြီး၊ ထို့နောက်တွင်မှ တဖြည်းဖြည်း သေးငယ်လာကာ ကလေးအသက် (၁၀) နှစ်ခန့်တွင် ပျောက်ကွယ်သွားတတ်သည်။ ပုံမှန်အားဖြင့် သီးခြားကုသမှု မလိုအပ်သော်လည်း ပါးစပ်၊ နှာခေါင်း၊ မျက်စိတစ်ဝိုက်တွင် ဖြစ်ပွါးလျှင် သွေးကြောများ တဖြည်းဖြည်းကျုံ့ဝင်သွားစေရန် သောက်ဆေးများ၊ တစ်ခါတစ်ရံ အပူဖြင့် ကုသခြင်း၊ လေဆာဖြင့်ကုသခြင်း၊ ခွဲစိတ်ခြင်းစသည့် ကုသမှုများခံယူရန် လိုအပ်သည်။
    အခြားအကွက်၊ အဖုများမှာ မျက်နှာတစ်ဝိုက်နှင့် ဦးခေါင်းအရေပြားပေါ်တွင် သွေးခြည်ဥခြင်း၊ အညိုအမဲကွက်များပေါ်ခြင်းတို့ဖြစ်သည်။ ထိုအခြေအနေမျိုးသည် ကလေးခေါင်းကို လေစုပ်ခွက်တပ်၍ လေစုပ်စက်အကူအညီဖြင့် မွေးဖွားခြင်း (Vacuum Extraction Delivery) နှင့် ကလေးခေါင်းကို Forceps ဟုခေါ်သော ညှပ်ဖြင့်ဆွဲ၍ မွေးဖွားခြင်း (Forceps Delivery) စသည့် ကိရိယာအကူအညီဖြင့် ကလေးမွေးဖွားခြင်း (Assisted vaginal delivery) တွင် ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်ပေါ်နိုင်ပြီး တဖြည်းဖြည်း ပြန်လည်ပျောက်ကင်းသွားနိုင်သည်။
  8. မွေးကင်းစကလေး၏ မျိုးပွားအင်္ဂါများ
    မွေးကင်းစ မိန်းကလေးများတွင် မွေးဖွားပြီး ရက်ပိုင်းအတွင်း မိန်းမကိုယ်မှ ရာသီသွေးဆင်းသကဲ့သို့ အနီ‌ရောင် အရည်ကြည်များ ရံဖန်ရံခါ ဆင်းလေ့ရှိသည်။ အသက် (၃)ရက် မှ (၁၀)ရက်အတွင်း အများဆုံးဖြစ်ပေါ်တတ်ပြီး သွေးရည်ကြည်ကဲ့သို့ အ‌ရောင်ဖျော့ဖျော့မှ သွေးရောင် အနီရဲရဲအဆင့်ထိ ဆင်းတတ်သည်။ အနံ့ဆိုး မရှိတတ်သလို သွေးဆင်းသည့်ပမာဏလည်း များလေ့မရှိပါ။ ခန္ဓာကိုယ်အတွင်း ဟော်မုန်းပမာဏ အပြောင်းအလဲများကြောင့် ဖြစ်ပေါ်ရပြီး (၁၀) ရက်ကျော်လျှင် သွေးဆင်းခြင်း အလိုအလျောက် ရပ်သွားတတ်သောကြောင့် သီးသန့်ကုသရန်မလိုပါ။ (Neonatal uterine bleeding)
    မွေးကင်းစ ယောက်ျားလေးများတွင် ပုံမှန်အားဖြင့် ဝှေးစေ့များသည် ခန္ဓာကိုယ်အတွင်း၌ ဖွံ့ဖြိုးပြီးမှ ကပ်ပယ်အိတ်အတွင်းသို့ ဆင်းလာကြသည်။ ထိုသို့ဆင်းလာချိန်နောက်ကျနေပါက မွေးကင်းစအရွယ်တွင် ဝှေးစေ့များသည် ကပ်ပယ်အိတ်ထဲသို့ မရောက်ရှိသေးသည့်အခြေအနေ (Undescended testicles or cryptorchidism) ဖြစ်နိုင်သည်။ မွေးကင်းစကလေးတွင် ဝှေးစေ့နှစ်ဖက်လုံး ကပ်ပယ်အိတ်ထဲသို့ မရောက်ရှိသေးခြင်း၊ အူကျလက္ခဏာ (ကပ်ပယ်အိတ်အထက်နားနှင့် ပေါင်ခြံတွင် ဖောင်းကားလာတတ်ခြင်း) များရှိပါက ဆရာဝန်နှင့်ပြသတိုင်ပင်သင့်သည်။ ဝှေးစေ့တစ်ဖက် ကပ်ပယ်အိတ်ထဲသို့ မရောက်ရှိသေးပါက ကလေးအသက် (၆) ပတ်တွင် ဆရာဝန်နှင့် ထပ်မံပြသစစ်ဆေးသင့်သည်။
    ရှားပါးသောအခြေအနေဖြစ်သော်လည်း တစ်ခါတစ်ရံ ကလေးမွေးဖွားလာချိန်တွင် မျိုးပွားအင်္ဂါကို ကြည့်ရုံဖြင့် ယောကျ်ားလေး၊ မိန်းကလေးဟု ခွဲခြားသတ်မှတ်ရန် ခက်ခဲသော အခြေအနေများ ရှိတတ်သည်။ ကျားမဆိုင်ရာမျိုးပွားအင်္ဂါများ ကောင်းစွာဖွံ့ဖြိုးမှုမရှိခြင်း သို့မဟုတ် ကျား မ မျိုးပွားအင်္ဂါနှစ်မျိုးလုံး ရောစပ်နေခြင်း စသည့်အခြေအနေများ တွေ့ရတတ်ပြီး မူမမှန်သော မျိုးပွားအင်္ဂါများ (Ambiguous genitalia) ဟုခေါ်သည်။ ထိုအခြေအနေများသည် မျိုးဗီဇဆိုင်ရာ ပုံမမှန်မှုများ၊ ‌ဟော်မုန်းချို့ယွင်းမှုများကြောင့် အများဆုံးဖြစ်လေ့ရှိပြီး ကလေးအထူးကုဆရာဝန်၊ ‌ဟော်မုန်းဆိုင်ရာအထူးကုဆရာဝန်နှင့် မျိုးဗီဇအထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးရန်လိုအပ်ပြီး ဝမ်းဗိုက်အာထရာဆောင်း ရိုက်ကူးခြင်း၊ သွေးဓာတ်ခွဲစစ်ဆေးခြင်း၊ ဟော်မုန်းပမာဏများ တိုင်းတာခြင်း စသည့်စစ်ဆေးမှုများအပြင် ဟော်မုန်းဆိုင်ရာကုသမှုများလည်း ဆက်လက်ပြုလုပ်ရနိုင်သည်။ ထိုအခြေအနေများတွင် ကလေး၏ လိင်အမျိုးအစား ကျား မ သတ်မှတ်ရာတွင် မျက်စိဖြင့်မြင်ရသော မျိုးပွားအင်္ဂါထက်စာလျှင် အာထရာဆောင်းအဖြေတွင် တွေ့ရသောအဖြေများပေါ်မူတည်၍ သတ်မှတ်နိုင်သည့်အပြင် မျိုးဗီဇဆိုင်ရာ ခရိုမိုဆုမ်းများ (Sex chromosomes) ကို စစ်ဆေး၍ XX တွေ့လျှင် မိန်းကလေး၊ XY တွေ့လျှင် ယောကျ်ားလေးအဖြစ်လည်း သတ်မှတ်နိုင်သည်။
မွေးကင်းစကလေးများအတွက် သတိထားရမည့်အခြေအနေများ

မွေးကင်းစကလေးငယ်များသည် ဗိုက်ဆာခြင်း၊ ဆီး ဝမ်းများဖြင့် စိုစွတ်နေခြင်း၊ အိပ်ငိုက်ခြင်းစသည့် အကြောင်းရင်းအမျိုးမျိုးကြောင့် ငိုနိုင်သည်။ သို့သော် အချိန်ကြာမြင့်စွာ တောက်လျှောက်ငိုနေပါက ကလေးတွင် လေထိုးလေအောင့်ခြင်း၊ ဖျားခြင်း၊ မအီမသာဖြစ်ခြင်းအပြင် တခြားအရေးကြီးလက္ခဏာများလည်း ရှိနိုင်သောကြောင့် ဆရာဝန်နှင့် တိုင်ပင်ပြသသင့်သည်။

  1. လေထိုးလေအောင့်ခြင်း (Colic)
    • အချိန်ပြည့် ငိုခြင်း၊ မျက်နှာနီရဲသည်အထိ ငိုခြင်း၊ ဝမ်းဗိုက်တွင်နာကျင်ဟန်ရှိခြင်းတို့ ဖြစ်တတ်သည်
    • ထိုအခါ ကလေးကိုချီပွေ့၍ သက်သောင့်သက်သာထားပါ၊ လေထုတ်ပေးပါ။ အချိန်အနည်းငယ်ကြာလျှင် အလိုလိုသက်သာသွားတတ်သည်။ လေအောင့်သက်သာဆေးများကို ဆရာဝန်မှ ညွှန်ကြားချက်ဖြင့်သာ တိုက်ပါ။
  2. ဖျားနာခြင်း (Illness)
    ကလေးသည် ငိုလွန်းနေသည့်အပြင် အောက်ပါလက္ခဏာများရှိပါက နီးစပ်ရာ အရေးပေါ်ဌာနတွင် ချက်ချင်းပြသပါ။
    • အဖျားတက်ခြင်း သို့မဟုတ် ခြေလက်များအေးစက်နေခြင်း
    • အသက်ရှူမြန်ခြင်း၊ အသက်ရှူရခက်ခြင်း
    • အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း
    • အရေပြားတွင် ပုံမှန်မဟုတ်သော အနီစက်၊ အနီကွက်များထွက်ခြင်း
    • အလွန်မှိန်းခြင်း
    • တုံ့ပြန်မှုနည်းပြီး သတိလစ်ခြင်း
    • နို့စို့နှုန်း၊ ဆီးသွားနှုန်း သိသိသာသာလျော့ကျခြင်း
    • တက်ခြင်း
မိဘများအတွက် အကြံပြုချက်
  • မိဘများအနေဖြင့် ကလေးငိုခြင်းသည် ယာယီဖြစ်ပြီး အသက် (၄-၈) ပတ်တွင် လျော့သွားတတ်သဖြင့် စိတ်ရှည်ရန်လိုသည်
  • ကလေးကို စိတ်တိုစိတ်ဆိုးခြင်းကြောင့် ရှေ့နောက်လှုပ်ရမ်းခြင်း၊ ခါရမ်းခြင်းများကို မလုပ်မိစေရန် အထူးသတိထားရှောင်ကြဥ်ပါ ‌‌
  • မိခင်အနေဖြင့် မိမိကျန်းမာရေးကိုလည်း ဂရုစိုက်ပါ၊ အနားယူပါ
  • ပင်ပန်းလာပါက လိုအပ်လျှင် ဆွေမျိုးမိဘ၊ နားလည်သူများအား အကူအညီတောင်းပါ
  • ကလေးငိုခြင်းသည် ပုံမှန်မဟုတ်ဟု ထင်ပါက သက်ဆိုင်ရာဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ပါ။
ဆက်လက်ဖတ်ရှုရန်

References:

  1. KidsHealth. (n.d.). A guide for first-time parents. Retrieved June 12, 2026, from https://kidshealth.org/en/parents/guide-parents.html
  2. MSD Manuals. (n.d.). Initial care of the newborn. Retrieved June 12, 2026, from https://www.msdmanuals.com/home/children-s-health-issues/care-of-newborns-and-infants/initial-care-of-the-newborn
  3. National Health Service. (n.d.). Caring for a newborn. Retrieved June 12, 2026, from https://www.nhs.uk/conditions/baby/caring-for-a-newborn/
  4. National Health Service. (n.d.). Getting to know your newborn. Retrieved June 12, 2026, from https://www.nhs.uk/pregnancy/labour-and-birth/after-the-birth/getting-to-know-your-newborn/

Published: 17 June 2025

Last updated: 13 July 2026

Share

26 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.