ငယ်ထိပ်(anterior fontanelle)ဆိုသည်မှာ ကလေးတစ်ဦး၏ဦးနှောက်ကိုကာရံထားသည့် ဦးခွံရိုးများမဆက်ခင် ဦးခွံရိုးပြားလေးခုကြားတွင် ပွင့်နေပြီး၊ ဦးခေါင်းအရေပြားဖြင့်သာ ဖုံးအုပ်ထားသော အပေါက်ငယ်လေးတစ်ခုဖြစ်သည်။
ကလေးငယ်၏ဦးနှောက် ဆက်လက်ဖွံဖြိုးကြီးထွားနိုင်ရန်အတွက် ဦးခွံရိုးများသည် အစောပိုင်းတွင် လုံးဝမဆက်သေးဘဲ ငယ်ထိပ်ပွင့်နေရခြင်းဖြစ်သည်။ ငယ်ထိပ်သည် ပုံမှန်အားဖြင့် တစ်နှစ်နှင့် တစ်နှစ်ခွဲကြားတွင် ပိတ်လေ့ရှိသည်။
ပုံမှန်ငယ်ထိပ်တစ်ခုကိုစမ်းသပ်ကြည့်လျှင် အနည်းငယ်တင်း၍ ချိုင့်ဝင်နေတတ်ပြီး တစ်ခါတစ်ရံ သွေးခုန်သလိုခုန်နေတတ်သည်။ တချို့ပုံမှန်ငယ်ထိပ်များမှာလည်း မချိုင့်၊ မခုန်ဘဲ ရှိနေတတ်သည်။
ငယ်ထိပ်ပုံမမှန်ခြင်းဖြစ်ပေါ်ရသော အကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ
ငယ်ထိပ်စောစီးစွာပိတ်နိုင်သည့် အကြောင်းရင်းများ
ကိုယ်ဝန်ဆောင်စဉ်နှင့်မွေးဖွားချိန်တို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်ပြီး ဦးနှောက်သေးနေလျှင် ဦးခွံရိုးများစောစီးစွာဆက်၍ပိတ်သွားသောကြောင့် အချိန်မတိုင်ခင်၊ စောစီးစွာ ငယ်ထိပ်ပိတ်တတ်သည်။ ဥပမာအားဖြင့်
- ကိုယ်ဝန်ဆောင်စဉ်မိခင်ထံမှ ပိုးမွှားတချို့ သန္ဓေသားသို့ ကူးစက်ခြင်း
- မွေးဖွားစဉ်အလွန်ခက်ခဲသောကြောင့် ကလေး၏ဦးနှောက်သို့ သွေးနှင့်အောက်ဆီဂျင်စသည်တို့ အရောက်နည်းခြင်း
- မွေးပြီးစတွင် ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်တွင်းသွေးယိုခြင်း
စသည်တို့ဖြစ်သည်။
ဤသို့ ငယ်ထိပ်စောစီးစွာပိတ်သော ကလေးများ၏ ဦးခေါင်းသည် ပုံမှန်ကလေး၏ ဦးခေါင်းထက် များစွာသေးနေတတ်သည်။
နောက်တစ်မျိုးမှာ ဦးနှောက်ပုံမှန်ဖွံ့ဖြိုးကြီးထွားနေသော်လည်း ဦးခွံရိုးများ စောစီးစွာဆက်သွားသော Craniosynostosis ဆိုသည့်ရောဂါမျိုးတွင်လည်း ငယ်ထိပ်သည် ပုံမှန်ထက်စော၍ ပိတ်တတ်သည်။ စောစီးစွာဆက်သွားသော ဦးခွံရိုးအပိုင်း၊ အရေအတွက်နှင့် အနေအထားပေါ်မူတည်ပြီး ကလေးငယ်၏ ဦးခေါင်းပုံစံနှင့်အချိုးအစားသည်လည်း ပုံမမှန်ဖြစ်လာတတ်သည်။ အတွင်းရှိဦးနှောက် ပုံမှန်ဆက်လက်ဖွံ့ဖြိုးကြီးထွားရန် နေရာကျဉ်းသွားသောကြောင့် ဦးနှောက်တွင်းဖိအားများလာနိုင်သည်။ ထိုသို့ ဦးခွံရိုးများ စောစီးစွာဆက်သွားတတ်သော အကြောင်းရင်းကို အတိအကျမသိသော်လည်း မျိုးရိုးဗီဇနှင့် ကိုယ်ဝန်ဆောင်စဉ် မိခင်တွင် ဖြစ်ပေါ်လာသော ရောဂါများ၊ မိခင်သောက်သုံးသော ဆေးဝါးများစသည်တို့နှင့် ဆက်စပ်မှုရှိကြောင်းတွေ့ရှိရသည်။
အထက်ပါ ငယ်ထိပ်စောစီးစွာပိတ်နိုင်သော၊ ဦးခေါင်းသေးနေသည့်ကလေးများတွင် ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ အသိဉာဏ်ဖွံ့ဖြိုးမှုနည်းပါးခြင်း၊ တက်ခြင်း စသော ဦးနှောက်အာရုံကြောလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။
ငယ်ထိပ်နောက်ကျပိတ်နိုင်သောအကြောင်းရင်းများ
- cerebro spinal fluid (CSF) ဟုခေါ်သည့် ဦးနှောက်တွင်းအရည်များသောရောဂါမျိုး (Hydrocephalus) သည် မွေးရာပါ (သို့မဟုတ်) မွေးပြီးစတွင်ဖြစ်ပါက ငယ်ထိပ်ကျယ်ပြီး နောက်ကျပိတ်တတ်သည်
- အရိုးကြီးထွားမှုကိုထိခိုက်နိုင်သောရောဂါမျိုး (ဥပမာ- သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၊ ဗီတာမင်ဒီချို့တဲ့ခြင်း)တို့တွင်လည်း ငယ်ထိပ်နောက်ကျပိတ်တတ်သည်
ငယ်ထိပ်နောက်ကျပိတ်သည့်ကလေးများ အထူးသဖြင့် ဦးနှောက်တွင်းအရည်များသောရောဂါမျိုး (Hydrocephalus)တွင် ထိုကလေး၏ဦးခေါင်းသည် ပုံမှန်ထက်များစွာကြီးနေတတ်သည်။ ငယ်ထိပ်လည်း ပိုကျယ်နေတတ်ပါသည်။ ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ အသိဉာဏ်ဖွံ့ဖြိုးမှုနည်းပါးခြင်း၊ တက်ခြင်း စသောဦးနှောက်အာရုံကြောလက္ခဏာများဖြစ်ပေါ်လာနိုင်ရုံမက ဦးနှောက်တွင်းဖိအားအလွန်များလာလျှင် အသက်အန္တရာယ်ရှိနိုင်သည်။
ငယ်ထိပ်ဖောင်းခြင်း
အထက်တွင်ဖေါ်ပြခဲ့သည့် ဦးနှောက်တွင်းအရည်များသောရောဂါမျိုး (Hydrocephalus) တွင် ငယ်ထိပ်နောက်ကျပိတ်ရုံမက ငယ်ထိပ်ကျယ်ပြီးဖောင်းနေတတ်သည်။ ဦးနှောက်အတွင်း ရုတ်တရက်ဖိအားများနိုင်သည့်ရောဂါမျိုး (ဥပမာ- ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများ၊ ဦးနှောက်တွင်းသွေးယိုခြင်း) တွင်လည်း ငယ်ထိပ်ဖောင်းတင်းနေတတ်သည်။
ငယ်ထိပ်ချိုင့်ခြင်း
ခန္ဓာကိုယ်တွင် ရေဓာတ်လျော့နည်းသောရောဂါမျိုး (ဥပမာ- ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အကြိမ်များစွာအန်ခြင်း) စသည်တို့တွင်ငယ်ထိပ်ချိုင့်နေတတ်သည်။
ငယ်ထိပ်နှင့်ပတ်သက်သောအယူအဆမှားများ
ငယ်ထိပ်ကိုဆီလူးခြင်း၊ကွမ်းရွက်အုပ်ခြင်း၊ တက်နေသောကလေး၏ငယ်ထိပ်ကိုမှုတ်ခြင်း စသည်တို့သည် ဆေးပညာဘက်ကကြည့်လျှင် အကျိုးမရှိသော၊ သိပ္ပံနည်းမကျသောအယူအဆများ ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါအခြေအနေများ အထူးသဖြင့် ဦးနှောက်တွင်း ဖိအားများနိုင်သောရောဂါများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန်လိုသည်။
ထိုသို့အရေးပေါ်မဟုတ်သော်လည်း သာမာန်ထက်သိသိသာသာပို၍ ငယ်ထိပ်စောပိတ်ခြင်း၊ ငယ်ထိပ်နောက်ကျပိတ်ခြင်း စသည်တို့ရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့်တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးပါလိမ့်မည်။
ထိုကဲ့သို့ငယ်ထိပ်ပြဿနာများရှိသော်လည်း အခြားတစ်ဖက်တွင် ကလေးသည် ပုံမှန်ဖွံ့ဖြိုးကြီးထွားနေလျှင်၊ ပျော့ခြင်း၊ တောင့်ခြင်း၊ တက်ခြင်းစသောလက္ခဏာများမရှိလျှင် မိဘများအနေနှင့် အလွန်အမင်းစိုးရိမ်ရန်မလိုပါ။ သို့သော်သံသယရှိပါကမိသားစုဆရာဝန်များနှင့်ပြသတိုင်ပင်ပါ။
ရောဂါရှာဖွေခြင်း
ကွန်ပျူတာဓာတ်မှန် (CT)၊ သံလိုက်ဓာတ်မှန် (MRI)စသည်တို့ရိုက်ကူးခြင်း၊ ငယ်ထိပ်ပွင့်နေသေးပါက အာထရာဆောင်း (Ultrasound) ရိုက်ကူးခြင်းစသည်တို့ဖြင့် ဦးနှောက်တွင်းအခြေအနေများကို ရှာဖွေသိရှိနိုင်သည်။
ကုသခြင်း
ဦးနှောက်တွင်းရောဂါအမျိုးအစားပေါ်မူတည်ပြီးကုသရသည်။ ဥပမာ_ဦးနှောက်တွင်း အရည်များသောရောဂါများအတွက် ပိုက်ထည့်ခွဲစိတ်ကုသခြင်း၊ ဦးခွံရိုးများ စောစီးစွာဆက်သွားသောရောဂါများအတွက် ဦးခွံရိုးများဟပေးခြင်း၊ ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများအတွက် ပဋိဇီဝပိုးသတ်ဆေးများပေး၍ ကုသခြင်းစသည်တို့ဖြစ်သည်။
ကာကွယ်ခြင်း
အထက်ဖော်ပြပါရောဂါများအားလုံးကို မကာကွယ်နိုင်သော်လည်း မိသားစုဆရာဝန်များ၊ သားဖွားမီးယပ်အထူးကုဆရာဝန်များနှင့် ကိုယ်ဝန်စောစီးစွာအပ်နှံခြင်း၊ မွေးဖွားခြင်း၊ ကလေးများကိုပုံမှန်ကာကွယ်ဆေးများထိုးပေးခြင်း စသည်တို့သည် ငယ်ထိပ်ပုံမမှန်ဖြစ်စေသောရောဂါအချို့ အထူးသဖြင့်ကိုယ်ဝန်ဆောင်ချိန် နှင့် မွေးဖွားချိန်ပြဿနာများ၊ ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများ စသည်တို့ကို ကာကွယ်ပေးနိုင်သည်။
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.