Growth monitoring (ကလေးကြီးထွားမှုကို စောင့်ကြည့်အကဲဖြတ်ခြင်း)

Growth monitoring (ကလေးကြီးထွားမှုကို စောင့်ကြည့်အကဲဖြတ်ခြင်း)

ကလေးတစ်ဦး၏ ကြီးထွားမှုသည် ဗီဇ၊ မိဘမျိုးရိုး၊ အာဟာရ၊ ရောဂါအခြေအနေ တို့အပေါ်တွင် မူတည်သောကြောင့် ကလေးကြီးထွားမှုကို စောင့်ကြည့် အကဲဖြတ်ခြင်းသည် ကလေးကျန်းမာရေးအတွက် စောင့်ရှောက်၊ ကာကွယ်၊ ကုသခြင်းတစ်မျိုးပင်ဖြစ်သည်။ ကလေးတစ်ဦး၏ ကြီးထွားမှုကို စောင့်ကြည့်ခြင်းတွင် ကိုယ်အလေးချိန်၊ အရပ်အမြင့်၊ ဦးခေါင်းလုံးပတ် စသည်တို့ ပုံမှန်တိုင်းတာခြင်း၊ အကဲဖြတ်ခြင်းများ၊ ကလေး၏ ကြီးထွားမှုအခြေအနေနှင့် လိုအပ်ချက်အပေါ် အခြေခံ၍ ဆွေးနွေး အကြံဉာဏ်ပေးခြင်းနှင့် လိုအပ်ပါက လွှဲပြောင်းကုသခြင်း တို့ပါဝင်သည်။

ကြီးထွားမှုဆိုသည်မှာ အချိန်ကာလတစ်ခုအတွင်း ကလေး၏ ခန္ဓာကိုယ် အရွယ်အစား ကြီးလာခြင်းကို ခေါ်သည်။ ကြီးထွားမှုကို အကဲဖြတ်ရန်အတွက် နှစ်ကြိမ် (သို့မဟုတ်) ၎င်းထက်ပို၍ ခန္ဓာကိုယ် အရွယ်အစား အတိုင်းအတာအချို့ကို တိကျစွာ တိုင်းတာ နှိုင်းယှဉ်ရမည်။

ခန္ဓာကိုယ် အရွယ်အစား တိုင်းတာခြင်း

ကလေးများ၏ ခန္ဓာကိုယ် အရွယ်အစား တိုင်းတာရာတွင် အောက်ပါအချက် (၄)ချက်ဖြင့် ပြုလုပ်လေ့ရှိသည်။

  1. ကိုယ်အလေးချိန် တိုင်းတာခြင်း – လွယ်ကူပြီး တိကျမှုရှိသောကြောင့် အသုံးများသော အတိုင်းအတာတစ်ခု ဖြစ်သည်။
  2. အရပ်အမြင့် (သို့မဟုတ်) အလျား တိုင်းတာခြင်း – အထူးသဖြင့် ကလေးကြီးများတွင် အလွန်အသုံးဝင်သော ခန္ဓာကိုယ် အရွယ်အစား တိုင်းတာမှုဖြစ်သည်။ အရပ်ကို တိုင်းတာရာတွင် ကလေးကို မတ်တပ်ရပ်စေခြင်းဖြင့် တိုင်းတာသည်။ မွေးကင်းစ ကလေးများတွင် ပက်လက်လှန်၍ တိုင်းတာပြီး အလျားဟုခေါ်သည်။
  3. ဦးခေါင်းလုံးပတ် တိုင်းတာခြင်း – ကလေးငယ်များတွင် အသုံးဝင်သော တိုင်းတာမှုတစ်ခု ဖြစ်ပြီး ဦးနှောက် ဖွံ့ဖြိုးမှုနှင့် အဓိက သက်ဆိုင်သည်။
  4. လက်မောင်းအလယ် လုံးပတ်တိုင်းတာခြင်း – မြန်ဆန်ပြီး ရိုးရှင်းသော တိုင်းတာမှုတစ်ခုဖြစ်သည်။ အာဟာရ ချို့တဲ့ခြင်းကို ဆန်းစစ်ရာတွင် ပို၍အသုံးဝင်သည်။

ကိုယ်အလေးချိန် တိုင်းတာပုံ

ကလေးငယ်များအား ပေါင်ချိန်စက်ပေါ်တွင် ပက်လက်လှန်၍ တိုင်းတာသည်။ ကလေး ငြိမ်သွားသည်အထိ စောင့်၍ ကိုယ်အလေးချိန်ကို အနီးစပ်ဆုံး (၁၀) ဂရမ်အထိ တိုင်းရမည်။ အင်္ကျီနှင့် သေးခံချွတ်၍ တိုင်းတာရမည်။ ကလေးကြီးများတွင် မတ်တပ်ရပ်၍ ကိုယ်အလေးချိန် တိုင်းတာသည်။ အလေးချိန်ကို အနီးစပ်ဆုံး (၁၀၀) ဂရမ်အထိ တိုင်းရမည်။ အလေးချိန် မချိန်မီတွင် အတွင်းခံဘောင်းဘီမှလွဲ၍ ကလေး၏ အဝတ်အစား အားလုံးကို ဖယ်ရှားရမည်။ ကလေးအား ကိုယ်အလေးချိန်မတိုင်းမီတွင် စကေးသည် သုညအမှတ် ဖြစ်နေရမည်၊၊

GM IMG1

အရပ် အမြင့်တိုင်းတာပုံ

ကလေး၏အရပ် အမြင့်ကို တိုင်းတာရာတွင် ခြေထောက်ဗလာနှင့် ရပ်ပြီး တိုင်းတာရမည်။ ကလေး၏ကျောကို နံရံတွင် ကပ်ထားပြီး ခြေဖနောင့်နှစ်ဖက်သည် ကြမ်းပြင်ပေါ်တွင် ရှိရမည်။ ကလေးသည် ရှေ့တည့်တည့်ကို ကြည့်ကာ လက်နှစ်ဖက်ကို ဘေးဘက်တွင်ကပ်၍ တတ်နိုင်သမျှ အရပ်ရှည်အောင် ဆန့်ထားသင့်သည်။ အကောင်းဆုံးမှာ အပေါ်အောက် လျှောချနိုင်သော သို့မဟုတ် အလိုအလျောက် ကျလာသောတန်း (ဦးခေါင်းအပေါ် အတိအကျ ထိတိုင်းရန်)ပါရှိသော အရပ်တိုင်း ကိရိယာမျိုးကို အသုံးပြုသင့်သည်။ ထိုကိရိယာမရှိပါက အမြင့် အတိုင်းအတာကို နံရံပေါ်တွင် ကပ်ထားပြီး တုတ်တံ (သို့မဟုတ်) စာအုပ်ကို ကလေးဦးခေါင်း၌ ထိ၍ ၎င်းနှင့်တစ်တန်းတည်း ရှိသောဂဏန်းကို မှတ်သားသည်။

GM IMG2

မွေးကင်းစ ကလေးနှင့် အသက် (၂) နှစ်အောက် ကလေးများ၏ အရပ်ကို တိုင်းတာရန် ခက်ခဲသည်။ ထို့ကြောင့် လဲလျောင်း၍ အလျားကို တိုင်းတာလေ့ရှိသည်။ ဖြစ်နိုင်လျှင် ထိုကဲ့သို့ တိုင်းတာနိုင်ရန် သီးသန့် ပြုလုပ်ထားသော ကိရိယာကို အသုံးပြုသင့်သည်။ မွေးကင်းစကလေးအား ပက်လက်လှန်ထား၍ ခြေထောက်များ အပြည့်ဆန့်ထားရမည်။ တစ်ယောက်သည် မွေးကင်းစ ကလေး၏ ဦးခေါင်းကို အပေါ်ပျဥ်ပြားနှင့် ကပ်၍ ထိန်းကိုင်ထားပြီး အခြားသူတစ်ဦးသည် ကလေး၏ခြေထောက်များကို ညင်သာစွာ ဆန့်ထုတ်ကာ ဒူးများကို ထောင်မနေစေရန် ထိန်း၍ မွေးကင်းစကလေး၏ ခြေဖနောင့်ကို အောက်ပျဥ်ပြားနှင့် ဖိကပ်ထားသည်။ ပျဉ်ပြားများကြားရှိ အကွာအဝေးကို တိုင်းတာခြင်းဖြင့် မွေးကင်းစကလေး၏ အရပ်အလျားကို သိရှိနိုင်သည်။ ထိုကိရိယာမျိုးမပါဘဲ ပေကြိုးဖြင့် တိုင်းတာခြင်းသည် အဖြေမှန်မရနိုင်ပါ။

ဦးခေါင်းလုံးပတ် တိုင်းတာပုံ

ကလေးတစ်ဦး၏ ဦးခေါင်းလုံးပတ်ကို သိရှိရန် အောက်ပါပုံအတိုင်း ပေကြိုးဖြင့် ဦးခေါင်း၏ အကျယ်ဆုံးနေရာ (အရှေ့ဘက်တွင် မျက်ခုံးများအပေါ်မှ အနောက်ဘက်တွင် နောက်စေ့အကျယ်ဆုံးနေရာထိ) ကိုတိုင်းတာရသည်။

လက်မောင်း အလယ် လုံးပတ် တိုင်းတာပုံ

လက်မောင်း အလယ် လုံးပတ် တိုင်းတာမှုကို ဘယ်ဘက် လက်မောင်းတွင် တိုင်းတာလေ့ရှိသည်။ ပုခုံးထိပ်နှင့် တံတောင်ဆစ်ထိပ်ကြား အလယ်အမှတ်တွင် ပေကြိုးကို ပတ်၍ တိုင်းတာရမည်။ တိုင်းတာရာတွင် အလွန်အမင်း တင်းကြပ်နေခြင်း သို့မဟုတ် လျော့နေခြင်း မဖြစ်ရပါ။

ကြီးထွားမှုမှတ်တမ်းတင်ခြင်း

ကြီးထွားမှုကို မှတ်တမ်းတင်ရန် ကလေး၏ အရွယ်အစား [ကိုယ်အလေးချိန်၊ အရပ် (သို့မဟုတ်) အလျားနှင့် ဦးခေါင်းလုံးပတ်]တို့ကို ပုံမှန် တိုင်းတာရမည်။

ကလေး အသက် ပထမတစ်နှစ်တွင် ကြီးထွားမှုကို မွေးကင်းစမှစ၍ လစဉ် စစ်ဆေးသင့်သည်။ ကိုယ်အလေးချိန် တိုင်းတာမှုကို အသက် နှစ်နှစ်အထိ (၂)လ တစ်ကြိမ် တိုင်းတာသင့်ပြီး ထို့နောက်တွင် အသက် ငါးနှစ်အထိ (၆)လ တစ်ကြိမ် တိုင်းတာသင့်သည်။ အရပ် အမြင့်တိုင်းတာမှုကို အသက် ငါးနှစ်အထိ (၆)လ တစ်ကြိမ် တိုင်းတာသင့်သည်။ ကလေး၏ အရွယ်အစား တိုင်းတာမှုများကို ကြီးထွားမှုဇယားတွင် ဂရပ်ရေးဆွဲထားရမည်။ ထိုဇယားကို ကြည့်ခြင်းဖြင့် ကလေးကြီးထွားမှု၏ ပြောင်းလဲမှုများကို သိရှိနိုင်သဖြင့် အရေးကြီးသည်။ ကြီးထွားနှုန်း နှေးကွေးခြင်း (သို့မဟုတ်) မြန်လွန်းခြင်း နှစ်ခုစလုံးသည် အာဟာရနှင့် သက်ဆိုင်သော သို့မဟုတ် အခြားသော ကျန်းမာရေးပြဿနာများကို ညွှန်ပြနိုင်သည်။

ကြီးထွားမှု ပုံမမှန်ခြင်းကို ဖြစ်စေသောအ‌ကြောင်းရင်းများ
  • ကိုယ်အလေးချိန် အလွန်များလာခြင်း (ဥပမာ- ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ အချို့သော မျိုးရိုးဗီဇရောဂါများ (Prader-Willi ဆင်ဒရုန်း)
  • ကိုယ်အလေးချိန်နည်းနေခြင်း [ဥပမာ – အာဟာရ လုံလောက်စွာမရရှိခြင်း၊ ရောဂါပိုးဝင်ခြင်း (တီဘီရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ)၊ နာတာရှည်ရောဂါများဖြစ်ခြင်း (ကင်ဆာရောဂါ၊ မွေးရာပါနှလုံးရောဂါ)]
  • အရပ်ပုခြင်း [ဥပမာ – မျိုးရိုးလိုက်ခြင်း၊ အာဟာရ လုံလောက်စွာမရရှိခြင်း၊ အချို့သော မျိုးရိုးဗီဇရောဂါများ (Turner ဆင်ဒရုန်း)၊ ဟော်မုန်းဓာတ်ချို့တဲ့ခြင်းများ (သိုင်းရွိုက်ဟော်မုန်း)]
  • အရပ်အလွန်ရှည်ခြင်း [ဥပမာ – မျိုးရိုးလိုက်ခြင်း၊ အချို့သော မျိုးရိုးဗီဇရောဂါများ (Marfan ဆင်ဒရုန်း)၊ ဟော်မုန်းဓာတ်များခြင်း စသည်]
  • ဦးခေါင်းကြီးခြင်း (ဥပမာ – မျိုးရိုးလိုက်ခြင်း၊ ဦးခေါင်းတွင်း အရည်များစုလာခြင်း၊ ဦး‌နှောက်အတွင်း အကျိတ်များဖြစ်ခြင်း၊ ဦးခေါင်းခွံထူလာခြင်း)
  • ဦးခေါင်းသေးခြင်း [ဥပမာ – အာဟာရ လုံလောက်စွာ မရရှိခြင်း၊ မွေးရာပါ ဦးနှောက် ဖွဲ့စည်းပုံ ပုံမမှန်မှုများ၊ ကိုယ်ဝန်ရှိစဉ် ရောဂါပိုးဝင်ခြင်းများ (မွေးရာပါ ဂျိုက်သိုးရောဂါ)၊ အချို့သော မျိုးရိုးဗီဇရောဂါများ (Down ဆင်ဒရုန်း)]
ဆေးရုံ၊ ဆေးခန်းပြသရန်

ကျန်းမာသန်စွမ်းသော ကလေးတစ်ဦးသည် ကိုယ်အလေးချိန် ပုံမှန် တိုးသင့်သည်။ အကယ်၍ သင့်ကလေးသည် ကိုယ်အလေးချိန် မတက်ပါက သို့မဟုတ် ကိုယ်အလေးချိန် ကျဆင်းပါက ပြဿနာတစ်ခုခု ရှိနေနိုင်သောကြောင့် ဆေးကုသမှုခံယူရန် မိသားစုဆရာဝန်များ၊ ကလေးအထူးကုဆရာဝန်များနှင့် တိုင်ပင် ဆွေးနွေးသင့်သည်။ ထို့ပြင် အထက်ပါ ကြီးထွားမှု ပုံမမှန်ဖြစ်ခြင်းများ ရှိလာပါကလည်း မိသားစုဆရာဝန်များ၊ ကလေးအထူးကု ဆရာဝန်များနှင့် တိုင်ပင်ကုသသင့်သည်။

ကလေးကြီးထွားမှုကို စောင့်ကြည့် အကဲဖြတ်ခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများ

ကလေးကြီးထွားမှုကို စောင့်ကြည့် အကဲဖြတ်ခြင်း ပုံမှန် ပြုလုပ်ခြင်းဖြင့် ကလေးသေဆုံးခြင်း၊ ဖျားနာခြင်း (သို့မဟုတ်) အာဟာရ ချို့တဲ့ခြင်းမှ ကာကွယ်နိုင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်၏ အကဲဖြတ်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်လျှင် ပေးနိုင်ခြင်း၊ မိခင်၏ အာဟာရဆိုင်ရာ အသိပညာကို မြှင့်တင်ပေးနိုင်ခြင်း၊ ကလေး၏ ကျန်းမာရေးနှင့် ပတ်သက်သော စိတ်ပူပန်မှုများကို လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိသည်။ ကလေးကြီးထွားမှုကို စောင့်ကြည့် အကဲဖြတ်ခြင်းအား အချို့သော ကုသမှုများတွင် တိုးတက်မှု ရှိမရှိ စောင့်ကြည့်ရန်လည်း အသုံးပြုနိုင်သည် (ဥပမာ – တီဘီရောဂါဆေး သောက်နေသော ကလေးများတွင် ကိုယ်အလေးချိန် တက်လာပါက တီဘီဆေးနှင့်အဆင်ပြေသည်၊ ပုံမှန် တုံ့ပြန်မှု ရှိနေသည်ဟု မှတ်ယူနိုင်သည်)။ ထို့ကြောင့် ကြီးထွားမှုကို စောင့်ကြည့်ခြင်းသည် ကလေးများ၏ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွင် မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

References:

  1. Garg Child Hospital. (n.d.). Retrieved July 8, 2024, from https://www.gargchildhospitals.com/growth-monitoring.html#:~:text=Growth%20monitoring%20is%20the%20regular,changes%20in%20a%20child’s%20growth.
  2. UNICEF. (n.d.). Key practice: Monitoring growth and development of the child. Retrieved July 8, 2024, from https://www.unicef.org/uganda/key-practice-monitoring-growth-and-development-child
  3. Measuring mid upper arm circumference (MUAC) | Epidemic Control Toolkit. (n.d.). Retrieved July 8, 2024, from https://epidemics.ifrc.org/volunteer/action/17-measuring-mid-upper-arm-circumference-muac

Published: 30 August 2024

Share

30 August 2024
Last Medically reviewed on:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.