အဆိပ်အတောက်ဖြစ်စေနိုင်သော အရာတစ်ခုခုနှင့် ထိတွေ့မိပြီး ကျန်းမာရေးထိခိုက်ကာ အသက်အန္တရာယ်ရှိခြင်းကို အဆိပ်သင့်ခြင်းဟုခေါ်သည်။ အဆိပ်ဖြစ်စေနိုင်သောအရာများတွင် ဆေးအမျိုးမျိုး၊ ဓာတုပစ္စည်းများ၊ တိရစ္ဆာန်များမှထုတ်သော အဆိပ်အတောက်များ၊ အချို့သောအပင်များ၊ ဓာတ်ငွေ့များ စသည်တို့ပါဝင်သည်။ အဆိပ်သင့်ခြင်းကို အဓိကအားဖြင့် အသက် (၁)နှစ် မှ (၅)နှစ်အရွယ် ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် ပို၍တွေ့ရလေ့ရှိသည်။ အချို့သောအဆိပ်သင့်ခြင်းအတွက် သီးသန့်အဆိပ်ဖြေဆေး ရှိသော်လည်း အများစုတွင် ရောဂါလက္ခဏာများကို သက်သာအောင်ပြုလုပ်၍ စောင့်ကြည့်ကုသမှုခံယူရန်သာ လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အဆိပ်အတောက်ဖြစ်စေနိုင်သော အရာတစ်ခုခုကို မျိုချမိခြင်း (swallowing)၊ ရှူသွင်းမိခြင်း (inhalation)၊ ထိတွေ့မိခြင်း (touching)၊ သွေးကြောထဲဆေးသွင်းခြင်း (injection)၊ မျက်စိထဲသို့ အဆိပ်များဝင်ရောက်ခြင်းတို့မှတစ်ဆင့် ဖြစ်ပေါ်နိုင်သည်။ တိရစ္ဆာန်များ၊ အင်းဆက်ပိုးကောင်များ အကိုက်ခံရခြင်း သို့မဟုတ် ပျားတုပ်ခြင်းတို့ကြောင့်လည်း အဆိပ်သင့်ခြင်း ဖြစ်ပေါ်နိုင်သည်။ အဆိပ်အတောက် ဖြစ်စေနိုင်သောအရာများသည် အရည်များ၊ အစိုင်အခဲများ ဖြစ်နိုင်သကဲ့သို့ ဓာတ်ငွေ့များလည်း ဖြစ်နိုင်သည်။ အချို့သောအဆိပ်အတောက်များသည် ပမာဏများမှသာ ထိခိုက်နိုင်သော်လည်း အချို့မှာမူ သေးငယ်သောပမာဏနှင့်ပင် အန္တရာယ်ဖြစ်စေနိုင်သည်။ အဆိပ်အမျိုးအစားများစွာ ရှိသည့်အနက် အချို့မှာ ကာဗွန်မိုနောက်ဆိုဒ် သို့မဟုတ် ခဲ ကဲ့သို့သော အမည်နာမ အတိအကျရှိသည့် အဆိပ်များရှိသကဲ့သို့ အချို့သောအဆိပ်များမှာမူ နေ့စဥ်သုံးစွဲနေသော အစားအစာများ သို့မဟုတ် ထုတ်ကုန်ပစ္စည်းများထဲတွင် မသိမသာ ပါဝင်နေကြသည်။
အဆိပ်အတောက်ဖြစ်စေနိုင်သော အရာများမှာ_
- အချို့သော အပင်များ
- အချို့အပင်များတွင် အဆိပ်များပါဝင်ပြီး၊ ထိုအဆိပ်များ အရေပြားထဲသို့ စိမ့်ဝင်ခြင်း သို့မဟုတ် မျိုချမိသည့်အခါများတွင် အန္တရာယ်ဖြစ်စေနိုင်သည်
- မသန့်ရှင်းသော အစားအစာများ
- အစားအစာများသည် လတ်ဆတ်မှု မရှိခြင်း၊ စနစ်တကျ မဆေးကြောထားခြင်း၊ သေချာစွာ မချက်ပြုတ်ထားခြင်း သို့မဟုတ် အစားအစာများကို မှန်ကန်သောအပူချိန်တွင် သိုလှောင်သိမ်းဆည်းထားခြင်း မရှိခြင်းကြောင့် အစားအစာများတွင် ဘက်တီးရီးယားပိုးများ၊ မှိုပိုးများ၊ မှိုများမှ အဆိပ်အတောက်များကြောင့် အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေသည်
- အတွေ့ရများသော ဘက်တီးရီးယားပိုးများမှာ E.coli၊ Salmonella နှင့် Listeria တို့ဖြစ်ကြသည်
- အချို့သောငါးများတွင်လည်း အဆိပ်တစ်မျိုး (Ciguatoxin) ပါဝင်သောကြောင့် စားမိသောအခါ ပြင်းထန်သော အဆိပ်သင့်ခြင်း ဖြစ်ပေါ်စေနိုင်သည်။
- အပြင်းစားသတ္တုဓာတ်များ (ဥပမာ _ ပြဒါး၊ ခဲ၊ အာဆင်းနစ်)
- အဆိုပါ အပြင်းစားသတ္တုဓာတ်များသည် ခန္ဓာကိုယ်ထဲတွင် စုပုံလာသောအခါ အဆိပ်အတောက်များ ဖြစ်ပေါ် လာစေသည်
- ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ရှူမိခြင်း (Carbon monoxide poisoning)
- ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့သည် အရောင်မရှိ၊ အနံ့မရှိသော အန္တရာယ်ရှိသည့် ဓာတ်ငွေ့တစ်မျိုးဖြစ်သည်
- ရှူသွင်းမိသောအခါ အဆိပ်သင့်ခြင်းဖြစ်ပေါ်စေနိုင်ပြီး မိနစ်ပိုင်းအတွင်း သေဆုံးနိုင်သည့် ပြင်းထန်သော အဆိပ်သင့်ခြင်းဖြစ်သည်
- အချို့သောဓာတုပစ္စည်းများ
- ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ
- အလှပြင်ပစ္စည်းများ (ဥပမာ _ လက်သည်းဖျက်ဆေး)
- အိမ်အသုံးအဆောင်ပစ္စည်းများ (ဥပမာ _ အစွန်းချွတ်ဆေး)
အဆိုပါဓာတုပစ္စည်းများ ပါဝင်သောအရာများကို မှားယွင်းစွာ ကိုင်တွယ်ခြင်း၊ သောက်သုံးမိခြင်း၊ မမှန်မကန် အသုံးပြုမိခြင်းတို့ကြောင့် အဆိပ်သင့်စေနိုင်သည်။
- အချိန်တိုအတွင်း အရက်အလွန်အကျွံ သောက်ခြင်းကြောင့် အဆိပ်သင့်ခြင်း (Alcohol intoxication)
- နီကိုတင်း အဆိပ်သင့်ခြင်း (ကလေးများတွင် အတွေ့ရများပြီး ဆေးလိပ်ကိုစားမိခြင်း သို့မဟုတ် e-cigarettes တွင် ပါဝင်သော နီကိုတင်းအရည်များ မျိုချမိခြင်းတို့ကြောင့် ဖြစ်တတ်သည်)
- ဆေးများအလွန်အကျွံ သောက်မိခြင်း (အတွေ့များသောဆေးများမှာ _ ပါရာစီတမော၊ အကိုက်အခဲပျောက်ဆေး၊ သွေးမခဲဆေးများ၊ စိတ်ရောဂါကုဆေးများ)
- မူးယစ်ဆေးဝါးများ (recreational drugs)
- မြွေနှင့်အင်းဆက်များ (ဥပမာ _ ပျား၊ နကျယ်ကောင်) အကိုက်ခံရသောအခါ အဆိပ်သင့်ခြင်းတို့ ပါဝင်သည်
ကလေးငယ်များတွင် မတော်တဆ အဆိပ်သင့်ခြင်း အများဆုံးဖြစ်ပေါ်တတ်သည်။ လူကြီးများတွင်မူ မတော်တဆဖြစ်နိုင်သကဲ့သို့ မိမိကိုယ်ကို သေကြောင်းကြံစည်လိုစိတ်ဖြင့် ဆေးဝါး သို့မဟုတ် ဓာတုပစ္စည်းတစ်မျိုးမျိုးကို အသုံးပြု၍ အဆိပ်သင့်အောင် ပြုလုပ်ခြင်းများ (self poisoning and suicide) လည်း ရှိတတ်သည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများကို လတ်တလောအဆိပ်သင့်ခြင်းနှင့် ကာလရှည်အဆိပ်သင့်ခြင်းဟူ၍ အဓိကခွဲခြားထားသည်။
လတ်တလောအဆိပ်သင့်ခြင်း (acute poison exposure)
လတ်တလောအဆိပ်သင့်ခြင်းတွင် အဆိပ်နှင့်ထိတွေ့မိပြီးနောက် ခန္ဓာကိုယ်နေရာအနှံ့အပြားတွင် ရောဂါလက္ခဏာများ ချက်ချင်းဖြစ်ပေါ်နိုင်သကဲ့သို့ ရက်အနည်းငယ်ကြာပြီးမှလည်း ဖြစ်ပေါ်လာနိုင်သည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ_
- ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း
- ရင်ဘတ်အောင့်ခြင်း
- ချောင်းဆိုးခြင်း
- နုံးချည့်ခြင်း
- ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း
- တက်ခြင်း၊ သတိလစ်ခြင်း
- အမြင်အာရုံထိခိုက်ခြင်း
- အရေပြားတွင် နီရဲခြင်း၊ အပူလောင်ခြင်း၊ နာကျင်ခြင်း၊ အကွက်ထွက်ခြင်း
- ရင်တုန်ခြင်း သို့မဟုတ် နှလုံးခုန်နှုန်း အပြောင်းအလဲဖြစ်ခြင်း
- အသက်ရှူကျပ်ခြင်း စသည်တို့ဖြစ်သည်။
ကာလရှည်အဆိပ်သင့်ခြင်း (chronic poison exposure)
ကာလရှည် အဆိပ်သင့်ခြင်းဖြစ်ပါက အဆိပ်နှင့် ထိတွေ့မိပြီးနောက် နှစ်ပေါင်းများစွာကြာမှသာ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာတတ်သည်။ ဥပမာအားဖြင့် အဆိပ်ဓာတ်ငွေ့များနှင့် ကာလကြာရှည်စွာ ထိတွေ့မိခြင်းကြောင့် အဆုတ်ထိခိုက်ပျက်စီးပြီး အသက်ရှူကျပ်ခြင်း၊ အဆုတ်ပွပန်းနာရောဂါများနှင့် အဆုတ်ကင်ဆာရောဂါများအထိ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အဆိပ်သင့်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲပြဿနာများမှာ အောက်ပါအချက်များပေါ် မူတည်၍ သာမန်အဆင့်မှ ပြင်းထန်အဆင့်များအထိ ဖြစ်ပေါ်နိုင်ပြီး အချို့အခြေအနေများတွင် အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်ပေါ်နိုင်သည်။
- ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့် အဆိပ်ပမာဏ
- အဆိပ်အမျိုးအစား
- ခန္ဓာကိုယ်ထဲသို့ အဆိပ်ဝင်ရောက်ပုံ နည်းလမ်း (ဥပမာ – ပါးစပ်၊ အသက်ရှူလမ်းကြောင်း၊ မျက်စိ၊ အရေပြား)
- အဆိပ်နှင့် ထိတွေ့သည့် ကြာချိန်
- ဆေးကုသမှု လျင်မြန်စွာ ရရှိနိုင်ခြင်း
- အသက်အရွယ်နှင့် အခြေခံကျန်းမာရေးအခြေအနေ စသည်တို့အပေါ်တွင် မူတည်၍ အမျိုးမျိုး ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများဖြစ်ပေါ်၍ အဆိပ်သင့်သည်ဟု သံသယဖြစ်လျှင် ဆေးရုံ အရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူရန်လိုအပ်သည်။ ဆေးကုသမှုရရှိချိန် နောက်ကျပါက အသက်အန္တရာယ်ရှိနိုင်သောကြောင့် အဆိပ်သင့်သည်ဟု သံသယဖြစ်ပါက ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်အထိ စောင့်ကြည့်ခြင်းမပြုလုပ်ဘဲ ချက်ချင်းဆေးကုသမှုခံယူရန် အရေးကြီးသည်။ ရှေးဦးကုသခြင်းကို လိုအပ်သလိုချက်ချင်းပြုလုပ်သင့်သည်။
အရေးပေါ်ကုသခြင်း
ရှေးဦးကုသခြင်း
ဖြစ်ပေါ်စေသော အဆိပ်အမျိုးအစားများနှင့် ရောဂါလက္ခဏာပြင်းထန်မှုတို့အပေါ် မူတည်၍ ကုသမှုပုံစံအမျိုးမျိုးကွဲပြားနိုင်သည်။ အဆိပ်သင့်သောသူသည် သတိအနေအထားကောင်းမွန်၍ အသက်ကောင်းစွာရှူနိုင်လျှင် စိုးရိမ်ကြောက်လန့်စိတ်များကို လျှော့ချ၍ အောက်ဖော်ပြပါ ရှေးဦးကုသခြင်းများကို ချက်ချင်းလုပ်ဆောင်ပေးနိုင်ပါက ပြင်းထန်သော ထိခိုက်မှုများကို လျော့နည်းစေနိုင်သည်။
- အဆိပ်မျိုချမိ၍ အပူလောင်ခြင်းနှင့် လည်ပင်းယားယံခြင်းများ ဖြစ်ပေါ်လျှင် ရေ သို့မဟုတ် နို့ အနည်းငယ်သောက်ခြင်း (အဆိပ်သင့်နေသူကို အတင်းထိုးအန်ခိုင်းခြင်း မလုပ်ခိုင်းရပါ)
- မျက်စိအတွင်းသို့ အဆိပ်ဝင်ရောက်လျှင် အမြင်အာရုံထိခိုက်မှုကို လျှော့ချပေးနိုင်ရန် မျက်စိကို ရေဖြင့် အနည်းဆုံး (၁၅)မိနစ် မှ (၃၀)မိနစ် ကြာအောင် ချက်ချင်းဆေးကြောပေးခြင်း (မျက်ကပ်မှန်တပ်ဆင်ထားသူ ဖြစ်ပါက ဦးစွာမျက်ကပ်မှန်ကို ဖယ်ရှားပေးရမည်)
- အရေပြားတွင် အဆိပ်ဖြင့်ထိတွေ့မိပါက အဆိပ်များနှင့် ထိတွေ့ထားသော အဝတ်အစားများကို ဦးစွာဖယ်ရှားပြီးနောက် ရေဖြင့် အနည်းဆုံး (၁၅) မိနစ်ခန့် ချက်ချင်းဆေးကြောခြင်း (အဆိပ်များနှင့် ထိတွေ့ထားသည့် အရာများကို ကိုင်တွယ်မည်ဆိုပါက လက်တွင် အဆိပ်များနှင့် ထိတွေ့မှုမရှိစေရန် လက်အိတ်နှင့် အကာအကွယ်များကို အသုံးပြု၍ ကိုင်တွယ်ရမည်)
- အဆိပ်ငွေ့များကို ရှူရှိုက်မိပါက သန့်ရှင်းလတ်ဆတ်သော လေရရှိနိုင်သည့် ပြင်ပပတ်ဝန်းကျင်သို့ ပြောင်းရွှေ့ခြင်းတို့ကို ဦးစွာပြုလုပ်ပေးနိုင်သည်
အကယ်၍ အဆိပ်သင့်သောသူသည် သတိလစ်ခြင်း၊ တက်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ အသက်ရှူခက်ခဲခြင်းတို့ ဖြစ်ပေါ်ပါက ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးပို့ဆောင်၍ ချက်ချင်းကုသမှုခံယူရန် လိုအပ်သည်။ ဆေးရုံသို့မရောက်ရှိမီ လူနာကို အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု မရှိစေရန် recovery position ဟုခေါ်သော ဘေးစောင်းအနေအထားဖြင့် ထားပေးရန် လိုအပ်သည်။ ပြင်းထန်သောအဆိပ်သင့်ခြင်း ဖြစ်ပါက ဆေးရုံတက်၍ အချိန်ကာလကြာမြင့်စွာ ကုသမှုခံယူရန် လိုအပ်နိုင်သည်။ ရောဂါပြင်းထန်မှုနှင့် အဆိပ်အမျိုးအစားပေါ် မူတည်၍ ဆေးရုံအရေးပေါ်ဌာနတွင် အောက်ဖော်ပြပါ ကုသမှုများ ပြုလုပ်သည်။
- အသက်ရှူလမ်းကြောင်းနှင့် သွေးစီးဆင်းမှု ပုံမှန်ဖြစ်စေရန် အရေးပေါ်ကုသမှုပေးခြင်း (လိုအပ်လျှင် အောက်ဆီဂျင်ပေးခြင်း၊ အသက်ရှူစက်တပ်ဆင်ခြင်း)
- အဆိပ်အတောက်များကို တတ်နိုင်သမျှ ဖယ်ရှားနိုင်ရန် အသုံးပြုနိုင်သောနည်းလမ်းများ
- အထူးပြုပြင်စီမံထားသော မီးသွေးမှုန့်ကို အသုံးပြု၍ အဆိပ်အများစုကို စုပ်ယူပြီး သွေးကြောထဲသို့ မရောက်အောင် တားဆီးခြင်း (Activated charcoal)
- အဆိပ်သင့်ချိန်မှ တစ်နာရီအတွင်း ဆေးရုံသို့ရောက်ရှိပါက ပိုက်နှင့် ရေကိုအသုံးပြု၍ အစာအိမ်အတွင်းမှ အဆိပ်များကို စုပ်ထုတ်ခြင်း (Gastric lavage)၊ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ယနေ့ခေတ်တွင် ဤနည်းကို အသုံးပြုခြင်းမရှိတော့ပေ
- အထူးပြုလုပ်စီမံထားသော ဆေးအရည်ကို အသုံးပြု၍ အူလမ်းကြောင်းကြည့်မှန်ပြောင်းဖြင့် အူလမ်းကြောင်းကို ဆေးကြောခြင်း (Whole bowel irrigation)
- ကျောက်ကပ်ဆေးခြင်းဖြင့် အဆိပ်အတောက်ဖယ်ရှားခြင်း (Dialysis)
ကုသခြင်း
ပြင်းထန်သောအဆိပ်သင့်ခြင်း ဖြစ်ပါက ဆေးရုံတက်၍ အချိန်ကာလကြာမြင့်စွာ ကုသမှုခံယူရန် လိုအပ်နိုင်သည်။ ရောဂါပြင်းထန်မှုနှင့် အဆိပ်အမျိုးအစားပေါ် မူတည်၍ အောက်ဖော်ပြပါ ကုသမှုများ ပြုလုပ်ပေးနိုင်သည်။
- အရေးပေါ် ကုသမှုများ ထောက်ပံ့ပေးခြင်း
- အသက်ရှူလမ်းကြောင်းကို ထောက်ပံ့ပေးနိုင်ရန် အောက်ဆီဂျင်ပေးခြင်း၊ လိုအပ်လျှင် အသက်ရှူစက်တပ်ပေးခြင်း (Mechanical ventilation)
- သွေးစီးဆင်းမှုကို အထောက်အပံ့ပေးနိုင်ရန် သွေးကြောအတွင်းသို့ အရည်ဖြည့်ပေးခြင်း (IV fluids therapy)
- သွေးပေါင်ချိန်ကျပြီး ရှော့ခ်ရနေပါက လိုအပ်လျှင် သွေးပေါင်ချိန်မြှင့်တင်ပေးသော ဆေးဝါးများပေးခြင်း
- အဆိပ်အတောက်များကို တတ်နိုင်သမျှ ဖယ်ရှားနိုင်ရန် အသုံးပြုနိုင်သောနည်းလမ်းများ
- အစာအိမ်နှင့် အူလမ်းကြောင်း သန့်စင်ခြင်း (Gastrointestinal Decontamination)
- အထူးပြုပြင်စီမံထားသော မီးသွေးမှုန့် (Activated charcoal)
အထူးပြုပြင်စီမံထားသော မီးသွေးမှုန့်သည် အနံ့မရှိ၊ အရသာမရှိသော အမည်းရောင်ပေါင်ဒါမှုန့်ဖြစ်ပြီး၊ ရေနှင့်ဖျော်၍ သောက်ခြင်း သို့မဟုတ် နှာခေါင်းပိုက်မှတစ်ဆင့် ထည့်ပေးနိုင်သည်။ ၄င်းသည် အဆိပ်အတောက်အများအပြားကို ပေါင်းယူလိုက်ပြီး အစာခြေလမ်းကြောင်းမှ သွေးကြောထဲသို့ မစုပ်ယူနိုင်အောင် တားဆီးပေးသည့်အရာဖြစ်သည်။ အဆိပ်မျိုချမိပြီး တစ်နာရီအတွင်း ပေးနိုင်ပါက အထိရောက်ဆုံးဖြစ်သည်။ သို့သော် သတ္တုများ၊ လောင်ကျွမ်းစေသော အရာများနှင့် အရက်တို့ကို ထိရောက်စွာ ပေါင်းစပ်ဓာတ်ပြု စုပ်ယူနိုင်ခြင်းမရှိပေ။ - အစာအိမ်ဆေးကြောခြင်း (Gastric Lavage)
အစာအိမ်ထဲသို့ ပိုက်တစ်ချောင်းထည့်သွင်းပြီး အစာအိမ်အတွင်းရှိ အဆိပ်အတောက်ပစ္စည်းများကို စုပ်ထုတ်ရသော နည်းလမ်းဖြစ်သည်။ ၄င်း၏ထိရောက်မှုနှင့် နောက်ဆက်တွဲဆိုးကျိုးများကြောင့် ယခုအခါ အခြားနည်းလမ်းများကို အသုံးပြုခြင်း မရှိသလောက် နည်းပါးသည်။ - အူလမ်းကြောင်းတစ်ခုလုံး ဆေးကြောခြင်း (Whole Bowel Irrigation)
အထူးစီမံပြုလုပ်ထားသော ဆေးရည်ကို အသုံးပြု၍ အူလမ်းကြောင်းကြည့် မှန်ပြောင်းဖြင့် အူလမ်းကြောင်းတစ်ခုလုံးကို ဆေးကြောပေးခြင်းဖြစ်သည်။
- အထူးပြုပြင်စီမံထားသော မီးသွေးမှုန့် (Activated charcoal)
- အစာအိမ်နှင့် အူလမ်းကြောင်း သန့်စင်ခြင်း (Gastrointestinal Decontamination)
- အဆိပ်စွန့်ထုတ်မှု မြှင့်တင်ခြင်း (Enhanced Elimination)
- ဆီးကို အယ်လ်ကာလီ (alkali) ဖြစ်အောင်ပြုလုပ်ခြင်း (Urinary alkalinization)
ဤနည်းလမ်းသည် အက်ဆစ်ဓာတ်ဆောင်သော ဆေးဝါးများ (ဥပမာ – salicylate၊ phenobarbital) ကဲ့သို့သော ဆေးဝါးများအဆိပ်သင့်ခြင်းတို့အတွက် ထိရောက်သောနည်းလမ်းဖြစ်သည်။ သို့သော် ခန္ဓာကိုယ်တွင် အရည်များ ပိုလျှံနေခြင်း (fluid overload)၊ ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း (renal impairment)၊ သွေးတွင်း ပိုတက်ဆီယမ်ဓာတ်နည်းခြင်း (hypokalemia) အစရှိသော အခြေအနေများတွင် ထိုနည်းလမ်းကို ရှောင်ရှားရန် လိုအပ်သည်။ - အထူးပြုပြင်စီမံထားသော မီးသွေးမှုန့်ကို အကြိမ်များစွာ ပေးခြင်း (Multiple-dose activated charcoal)
စားသုံးမိသည့် အမျိုးမျိုးသော အဆိပ်များကို စွန့်ထုတ်ရာတွင် အထောက်အကူ ပြုသောနည်းလမ်းဖြစ်သည်။ ထိုသို့မီးသွေးမှုန့်များကို အကြိမ်များစွာ ပေးခြင်းဖြင့် အူလမ်းကြောင်းထဲသို့ စိမ့်ထွက်လာသော အဆိပ်အတောက်များသည် မီးသွေးမှုန့်များနှင့် ပေါင်းစည်း၍ ခန္ဓာကိုယ်မှ ပြန်လည်စုပ်ယူခြင်း မခံရဘဲ အဆိပ်များကို ခန္ဓာကိုယ်ပြင်ပသို့ ပိုမိုထိရောက်စွာ စွန့်ထုတ်ပေးခြင်းဖြစ်သည်။
- ဆီးကို အယ်လ်ကာလီ (alkali) ဖြစ်အောင်ပြုလုပ်ခြင်း (Urinary alkalinization)
- ခန္ဓာကိုယ်ပြင်ပ အဆိပ်ဖယ်ရှားခြင်း နည်းလမ်းများ (Extracorporeal Removal)
- ကျောက်ကပ်ဆေးခြင်းဖြင့် အဆိပ်အတောက်ဖယ်ရှားခြင်း (Dialysis)
- သွေးစစ်ထုတ်ခြင်း (Hemofiltration)
- စဥ်ဆက်မပြတ် ကျောက်ကပ် အစားထိုးကုသခြင်း (Continuous renal replacement therapies) အစရှိသည့် နည်းလမ်းများကို အဆိပ်သင့်လူနာများတွင် အောက်ဖော်ပြပါအချက်များနှင့် ကိုက်ညီသူများတွင်သာ အသုံးပြုနိုင်သည်။
- ပျံ့နှံ့မှုပမာဏ နည်းပါးခြင်း (low volume of distribution)
- မော်လီကျူးအလေးချိန် နည်းပါးခြင်း (low molecular weight)
- ပရိုတင်းနှင့် ပူးပေါင်းနိုင်စွမ်းရည် နည်းပါးခြင်း (low protein binding capacity)
- ခန္ဓာကိုယ်တွင်း သဘာဝအလျောက် ထုတ်လုပ်နိုင်စွမ်း နည်းပါးခြင်း (low endogenous clearance) အစရှိသော ဂုဏ်သတ္တိများရှိသည့် အဆိပ်များတွင်သာ အသုံးပြုနိုင်သော နည်းလမ်းဖြစ်သည်၊ ထိုသို့မဟုတ်ဘဲ အသုံးပြုပါက ထိရောက်မှုမရှိသည့်အပြင် မလိုအပ်သော အန္တရာယ်များဖြစ်ပေါ်စေတတ်သည်
ဆေးများဖြင့်ကုသခြင်း
- အဆိပ်ဖြေဆေးများဖြင့် ကုသခြင်း (antidote)
အချို့သော အခြေအနေအနည်းငယ်တွင် သက်ဆိုင်ရာ အဆိပ်ဖြေဆေးများရှိပါက အသုံးပြုနိုင်သည်။
ဥပမာအားဖြင့်- ပါရာစီတမော အဆိပ်သင့်ခြင်းအတွက် Acetylcysteine ဆေးကို ဖြေဆေးအနေဖြင့် အသုံးပြု၍ ကုသနိုင်သည်
- ဘိန်းပါဝင်သော မူးယစ်ဆေးကဲ့သို့ ဆေးဝါးများ (Opioids) အဆိပ်သင့်ခြင်းအတွက် Naloxone ဆေးကို ဖြေဆေးအနေဖြင့် အသုံးပြု၍ ကုသနိုင်သည်
- သွေးထဲရှိ အဆိပ်အတောက်ဖြစ်စေသည့် သတ္တုဓာတ်ကို ဖယ်ရှားပေးနိုင်သည့် ဆေးများပေးခြင်း (chelation therapy)
- ဥပမာအားဖြင့် သံဓာတ်အဆိပ်သင့်ခြင်း (iron overdose) ဖြစ်ပါက Deferoxamine ဆေးဝါးများ ပေးခြင်းဖြင့် အဆိပ်အတောက်ကို ဖယ်ရှားပေးသည်
- အဆိပ်ရှိသောမြွေ အကိုက်ခံရပါက မြွေဆိပ်ဖြေဆေးထိုးပေးခြင်း
- အဆိပ်ရှိသော အင်းဆက်ကောင်များ အကိုက်ခံရလျှင် လိုအပ်ပါက ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း
ကာကွယ်ခြင်း
အဆိပ်သင့်ခြင်း အများစုကို အောက်ဖော်ပြပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။
- အိမ်အသုံးအဆောင်ပစ္စည်းများ (ဆပ်ပြာ၊ သန့်စင်ဆေးရည်၊ အစွန်းချွတ်ဆေး) ကို ကလေးများ အလွယ်တကူယူ၍ မရနိုင်သောနေရာတွင် ထားရန်
- အိမ်တွင်ထားရှိသော ဆေးများအားလုံးကို ဆေးနာမည်နှင့် အညွှန်းတပ်ထားရန်နှင့် ကလေးများ လက်လှမ်းမမီသောနေရာတွင် သေချာစွာ သိမ်းဆည်းထားရန်
- မည်သည့်ဆေးကိုမှ ဆရာဝန် ညွှန်ကြားချက်မရှိဘဲ မိမိသဘောဆန္ဒအလျောက် မသောက်သုံးရန်နှင့် ဆေးများကို ဆရာဝန် ညွှန်ကြားသည့် ဆေးညွှန်းအတိုင်းသာသောက်ရန်
- ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးရည်၊ ပေါင်းသတ်ဆေးရည်များကို သေချာစွာထားရှိရန်နှင့် မှားမသောက်မိစေရန် သိသာထင်ရှားသော အမှတ်အသားနှင့် အမည်များ တပ်ထားရန်
- မိမိနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော ပတ်ဝန်းကျင်တွင် ရှိနေသော အပင်များနှင့် ထိတွေ့ခြင်း သို့မဟုတ် အရွက်များကို ခူးယူစားသောက်ခြင်း မပြုလုပ်ရန် တို့ဖြစ်ကြသည်။
References:
- Cleveland Clinic. (n.d.). Poisoning: Symptoms and treatment. Retrieved November 10, 2025, from https://my.clevelandclinic.org/health/diseases/poison
- Mayo Clinic. (n.d.). First aid: Poisoning. Retrieved November 10, 2025, from https://www.mayoclinic.org/first-aid/first-aid-poisoning/basics/art-20056657
- MSD Manual Professional Version. (n.d.). General principles of poisoning. Retrieved November 10, 2025, from https://www.msdmanuals.com/professional/injuries-poisoning/poisoning/general-principles-of-poisoning
- National Health Service. (n.d.). Poisoning. Retrieved November 10, 2025, from https://www.nhs.uk/conditions/poisoning/
- Rafferty, H., Burchum, J. R., & Sisson, S. D. (2019). Toxicologic emergencies. StatPearls. Retrieved November 10, 2025, from https://pmc.ncbi.nlm.nih.gov/articles/PMC7315350/
- Van Der Velde, E. A., & Roberts, D. M. (2019). Poisoning and toxicology. Emergency Medicine Clinics of North America, 37(3), 441–456. Retrieved November 10, 2025, from https://pmc.ncbi.nlm.nih.gov/articles/PMC6996652/
Published: 22 November 2024
Last updated: 6 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.