အရက်အမူးလွန်ခြင်းသည် အရက်ပါဝင်သောယမကာကို အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သွေးထဲတွင်ရှိသော အရက်ပမာဏ မြင့်တက်လာပြီး ကိုယ်အမူအရာ၊ အပြုအမူများ ပြောင်းလဲခြင်း၊ စိတ်အခြေအနေ ပြောင်းလဲခြင်းများဖြစ်နိုင်သည်။ အမူးလွန်ခြင်းကြောင့် လူမှုရေးပြဿနာများ၊ သတိမေ့ခြင်းများ၊ ရုပ်ပိုင်းဆိုင်ရာ အထိန်းအကွပ်မဲ့ခြင်းများ ဖြစ်နိုင်သည်။ အရက်အမူးလွန်ခြင်းသည် ပြင်းထန်ခဲ့လျှင် အသက်အန္တရာယ် ထိခိုက်စေနိုင်သောကြောင့် ဆေးရုံဆေးခန်းပြသရန် လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အရက်အမူးလွန်ခြင်းသည် အချိန်တိုအတွင်း အရက်ပမာဏ အများအပြားကို သောက်သုံးလိုက်သောကြောင့် ဖြစ်သည်။ ပုံမှန်အခြေအနေတွင် အသည်းသည် တစ်နာရီအတွင်းတွင် သောက်သုံးလိုက်သော အရက်ပါဝင်သော ယမကာတစ်ခွက်ပမာဏကို ခြေဖျက်နိုင်စွမ်းရှိသည်။ တစ်ခွက် ၏ အရည်ပါဝင်မှုနှုန်းထားကို အဓိပ္ပာယ်ဖွင့်ရလျှင် ဘီယာဆိုလျှင် (၁၂) အောင်စ (သို့မဟုတ်) (၃၅၅) မီလီလီတာ၊ ဝိုင်ဆိုလျှင် (၅) အောင်စ (သို့မဟုတ်) (၁၄၈) မီလီလီတာ၊ အရက်ဆိုလျှင် (၁.၅) အောင်စ (သို့မဟုတ်) (၄၄) မီလီလီတာ ဖြစ်သည်။ ထိုထက်ပိုလွန်သော ပမာဏကို အချိန်တိုအတွင်း သောက်သုံးခဲ့လျှင်မှု အရက်အမူးလွန်ခြင်းကို ဖြစ်စေသည်။
ရောဂါလက္ခဏာများ
- ခေါင်းမူးခြင်း
- အော့အန်ခြင်း
- တက်ခြင်း
- အသက်ရှူနှုန်းနှေးလာခြင်း
- အသက်ရှူပုံ ပုံမမှန်ခြင်း
- သတိ၊ အသိလွတ်ခြင်း
- ကိုယ်အပူချိန်ကျလာခြင်း
- အသားအရောင် ဖြူဖပ်ဖြူရော် ဖြစ်ခြင်း၊ ပြာနှမ်းခြင်း များဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အရက်အမူးလွန်ခြင်းကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရနိုင်သည်။
- အသက်ရှူလမ်းကြောင်းတွင် အန်ဖတ်ဆို့နင်ခြင်း
အရက်ကြောင့် အော့အန်ခြင်းဖြစ်သောအခါ အန်ဖတ်အချို့သည် အသက်ရှူလမ်းကြောင်းသို့ ဝင်ရောက်ပိတ်ဆို့နိုင်သည်။ - အသက်ရှူရပ်ခြင်း
အသက်ရှူလမ်းကြောင်း မှတစ်ဆင့် အဆုတ်အတွင်းသို့ အန်ဖတ်များပိတ်ဆို့ကာ အသက်ရှူရပ် သွားနိုင်သည်။ - ရေဓာတ်မြောက်များစွာဆုံးရှုံးခြင်း
အော့အန်ခြင်းဖြစ်စဉ်ကြောင့် ရေဓာတ်များဆုံးရှုံးကာ သွေးပေါင်ကျခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ - တက်ခြင်း
သွေးတွင်းရှိ သကြားဓာတ်ကျဆင်းသောကြောင့် ဦးနှောက်ထဲရှိ အာရုံကြောဆဲလ်များ စွမ်းအင်လုံလောက်စွာ မရရှိသောကြောင့် တက်ခြင်း ဖြစ်နိုင်သည်။ - ကိုယ်တွင်းအပူချိန်ကျဆင်းခြင်း
ကိုယ်တွင်းအပူချိန် ကျဆင်းခြင်းကြောင့် ရုတ်တရက်နှလုံးရပ်ခြင်း ဖြစ်နိုင်သည်။ - နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း
အရက်အလွန်အကျွံ သောက်မိခြင်းကြောင့် နှလုံးခုန်နှုန်း စည်းချက်မမှန်ဘဲ ရုတ်တရက်နှလုံးရပ်ခြင်း ဖြစ်နိုင်သည်။ - ဦးနှောက်ဆဲလ်များ ထိခိုက်ခြင်း
အရက်အလွန်အကျွံ သောက်ခြင်းကြောင့် ဦးနှောက်တွင်းရှိ အာရုံကြောဆဲလ်များ ရေရှည်ထိခိုက် ပျက်စီးနိုင်သည်။ - သတိမေ့ခြင်း
- အရက်ကြောင့် ရုတ်တရက်အသည်းရောင်ခြင်း
- နာတာရှည်အသည်းပျက်ဆီးခြင်း
- အမူးလွန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရနိုင်ခြင်း
- လူမှုရေးပြဿနာများဖြစ်ခြင်း
- အစာအိမ်ရောင်ရမ်းခြင်း
- ပန်ကရိယ (pancreas) ရောင်ရမ်းခြင်း
- သွေးပေါင်တက်ခြင်း၊ နှလုံးကြီးခြင်း
- အမျိုးသားတွင် လိင်မှုစွမ်းဆောင်ရည်ကျဆင်းခြင်း
- အမျိုးသမီးများတွင် ရာသီပုံမှန်မလာခြင်း
- ကိုယ်ဝန်ဆောင်များတွင် ကိုယ်ဝန်ပျက်ကျခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့သော ကလေးများမွေးခြင်း
- အရိုးပွခြင်း
- သွေးဥမွားများကျဆင်းခြင်း
- ကိုယ်ခံအားစနစ် ကျဆင်းခြင်း
- အသက်သေဆုံးခြင်း တို့ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အရက်အမူးလွန်ခြင်းဟု သေချာပြီး လက္ခဏာပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများ မရှိခဲ့လျှင် နေအိမ်၌ပင် စောင့်ကြည့်ကြပ်မတ်ကာ ပြုစုနိုင်သည်။ သို့သော် အမူးလွန်ခြင်း လက္ခဏာပြင်းထန်၍ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ပါက မိသားစုဆရာဝန် (သို့မဟုတ်) ဆေးရုံဆေးခန်းသို့ သွားရောက်ကုသရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
အရက်အမူးလွန်ခြင်းကို လူနာရှင်မှ လူနာ၏ အရက်သောက်သုံးမှုရာဇဝင်၊ လူနာ၏ အပြုအမူ၊ လူနာ ထံမှ အရက်အနံ့ရခြင်းဖြင့် သိရှိနိုင်သည်။ ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် မလိုအပ်ပါ။ သွေးတွင်းရှိ အရက်ပမာဏကို သိရှိလိုပါက သွေးနှင့်ဆီးကို ဓာတ်ခွဲစမ်းသပ်နိုင်သည်။ အရက်ကိုစွဲမြဲစွာ သောက်သုံးခဲ့သူ ဖြစ်ပါက နောက်ဆက်တွဲပြဿနာများ ရှိမရှိ ထပ်မံ၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။
ကုသခြင်း
ပြင်းထန်သောလက္ခဏာနှင့် နောက်ဆက်တွဲလက္ခဏာများ ပေါ်လာပါက
- အကြောထဲ ဆေးသွင်းခြင်း (ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်း)
- အောက်ဆီဂျင်ပေးခြင်း
- အစာအိမ်ထဲသို့ နှာခေါင်းပိုက်ဖြင့်ထည့်ကာ အစာအိမ်ထဲရှိ ကျန်ရှိသောအရက်များ စုပ်ထုတ်ခြင်း
- ကျောက်ကပ်ရောဂါအခံရှိသူများ၊ ကျောက်ကပ်ဆေးနေသူများတွင် ကျောက်ကပ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။ နောက်ဆက်တွဲပြဿနာများ ရှိပါကလဲ ဆက်လက်ကြပ်မတ်ကုသမှု ခံယူရန်လိုအပ်သည်။
ကာကွယ်ခြင်း
အရက်အမူးလွန်ခြင်းကို ကာကွယ်ရန်အတွက် အရက်သောက်သုံးခြင်းကို ကန့်သတ်လျှော့ချရန် လိုအပ်သည်။ အရက်ပါဝင်သော ယမကာအမျိုးအစား တစ်မျိုးထက် ပို၍သောက်သုံးခြင်းကို ရှောင်ရှားသင့်သည်။ အောက်ဖော်ပြပါအချက်များကို လုပ်ဆောင်ခြင်းအားဖြင့် အရက်အမူးလွန်ခြင်းကို လျှော့ချနိုင်သည်။
- ရေဓာတ်ဆုံးရှုံးမှု မဆိုးရွားစေရန် အရက်ပါဝင်သော ယမကာတစ်ခုခု သောက်သုံးပြီးတိုင်း ရေသောက်သုံးရန် လိုအပ်သည်
- သွေးတွင်းသကြားဓာတ် ကျဆင်းခြင်းမဖြစ်စေရန် အရက်မသောက်သုံးခင် အစာတစ်ခုခုရှိထားရန် လိုအပ်သည်
- အရက်သောက်ကြေး လောင်းကစားဂိမ်းများကို ရှောင်ရှားရန်လိုအပ်သည်
- အရက်နှင့်ဆေးဝါးများ သောက်သုံးခြင်းကို ရှောင်ရမည်
- သတိကပ်၍ မိမိသောက်သုံးသည့် အရက်အမျိုးအစားနှင့် ပမာဏကို ထိန်းချုပ်ကန့်သတ်ရန် လိုအပ်သည်
References:
- Alcohol Poisoning. (2024). Cleveland Clinic. Retrieved June 20, 2024, from https://my.clevelandclinic.org/health/diseases/16640-alcohol-poisoning
- Alcohol use disorder – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 20, 2024, from https://www.mayoclinic.org/diseases-conditions/alcohol-use-disorder/diagnosis-treatment/drc-20369250
- Alcohol poisoning – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 20, 2024, from https://www.mayoclinic.org/diseases-conditions/alcohol-poisoning/diagnosis-treatment/drc-20354392
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.