Shock [သွေးလန့်ခြင်း (သို့မဟုတ်) ရှော့ခ်ဖြစ်ခြင်း]

CLL Health Emergency

သွေးလန့်ခြင်း (သို့မဟုတ်) ရှော့ခ်ဖြစ်ခြင်းသည် ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းအသီးသီးသို့ သွေးလုံလောက်အောင် မပို့ဆောင်နိုင်သောကြောင့် တစ်ရှူးများတွင် အောက်ဆီဂျင်ပြတ်လပ်သွားသည့် အခြေအနေဖြစ်သည်။ သွေးလန့်ခြင်းဖြစ်လျှင် မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း အသက်အန္တရာယ် ဖြစ်စေနိုင်သည်။ အောက်ဆီဂျင် လုံလောက်စွာမရရှိလျှင် အင်္ဂါအစိတ်အပိုင်းများ တစ်ပြိုင်တည်းပျက်စီးပြီး ရုတ်တရက်နှလုံးခုန်ရပ်ကာ သေဆုံးနိုင်သည်။ ရှော့ခ်ဖြစ်သည့်အခြေအနေကို စောစီးစွာ သတိပြုမိနိုင်ရန် လိုအပ်ပြီး အရေးပေါ်ဌာနသို့ အချိန်မီပို့ဆောင် ကုသမှုခံနိုင်ရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ရှော့ခ်ဖြစ်စေသော အကြောင်းရင်းများစွာရှိသည်။ အဖြစ်များသည့်ရောဂါများတွင်

  • နှလုံးရောဂါများ – နှလုံးအားနည်းခြင်း၊ ရုတ်တရက် နှလုံးအမောဖောက်ခြင်း (Heart Attack)၊ ရုတ်တရက်နှလုံးခုန်ရပ်ခြင်း
  • သွေးဆုံးရှုံးခြင်း – သွေးကြောပေါက်ခြင်း၊ ကိုယ်တွင်းသွေးယိုစိမ့်ခြင်း၊ ထိခိုက်ဒဏ်ရာကြောင့် သွေးထွက်ခြင်း
  • ရေဓာတ်ဆုံးရှုံးခြင်း – အပူရှပ်ခြင်း (Heat Stroke)၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အန်ခြင်း၊ မီးလောင်ဒဏ်ရာများ (Burns and Scalds)
  • ကူးစက်ရောဂါပိုးကြောင့် သွေးဆိပ်တက်ခြင်း (Sepsis)
  • ပြင်းထန်သောဓာတ်မတည့်ခြင်း (Anaphylaxis)
  • ကျောရိုးအာရုံကြောမကြီး ထိခိုက်ဒဏ်ရာရခြင်း
  • ဆေးဝါးများ _ နှလုံးခုန်ခြင်းနှင့် နှလုံးညှစ်အားကျဆင်းစေသည့် ဆေးဝါးများ စသည်တို့ပါဝင်သည်။
သွေးလန့်ခြင်းအမျိုးအစားများ

သွေးလန့်ခြင်း (သို့မဟုတ်) ရှော့ခ်ဖြစ်ခြင်း (Shock) အမျိုးအစား အမျိုးမျိုးရှိသည်။

  1. ခန္ဓာကိုယ်တွင်းမှ သွေး (သို့မဟုတ်) အရည် ပမာဏအများအပြား ဆုံးရှုံးခြင်းကြောင့်ဖြစ်သော ရှော့ခ် (Hypovolemic Shock)
    ၎င်းသည် အဖြစ်အများဆုံး အခြေအနေဖြစ်သည်။ ရေဓာတ်ဆုံးရှုံးမှု ဖြစ်စေသော ဝမ်းပျက်ဝမ်းလျှောခြင်း၊ အန်ခြင်း၊ မီးလောင်ဒဏ်ရာ၊ အပူရှပ်ခြင်း စသည့်အခြေအနေများ၊ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာမှ သွေးထွက်ခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်းများတွင် ခန္ဓာကိုယ်အတွင်း သွေးရည်ထုထည်ပမာဏ ရုတ်တရက် ကျဆင်းသွားခြင်းကြောင့် ရှော့ခ်ဖြစ်ခြင်းဖြစ်သည်။
  2. နှလုံးညှစ်အား မကောင်းသောကြောင့်ဖြစ်သော ရှော့ခ် (Cardiogenic Shock)
    နှလုံးကြွက်သားပုပ်ခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း၊ နှလုံးအဆို့ရှင်များ မူမမှန်ခြင်း၊ နှလုံးကြွက်သားရောင်ခြင်းများတွင် နှလုံးမှသွေးကို ခန္ဓာကိုယ်အနှံ့ရောက်အောင် လုံလောက်စွာ မညှစ်ထုတ်နိုင်ခြင်းကြောင့် ရှော့ခ်ဖြစ်နိုင်သည်။
  3. သွေးစီးကြောင်းပိတ်ခြင်းကြောင့်ဖြစ်သော ရှော့ခ် (Obstructive Shock)
    အဆုတ်သွေးကြောမကြီးများအတွင်း သွေးခဲပိတ်ဆို့ခြင်း၊ ရင်ခေါင်းတွင်း လေဝင်ခြင်း၊ နှလုံးအမြှေးပါးအိတ်အတွင်း သွေးထွက်ခြင်းကြောင့် နှလုံးပိခြင်း (Cardiac Tamponade)တို့တွင် ရှော့ခ်ဖြစ်နိုင်သည်။
  4. သွေးကြောများမှ ယိုစိမ့်ထွက်ခြင်းကြောင့်ဖြစ်သော ရှော့ခ် (Distributive Shock)
    ဘက်တီးရီးယားပိုးများမှထုတ်သည့် အဆိပ်ဓာတ်ကြောင့်လည်းကောင်း၊ အာရုံကြောစနစ် ထိခိုက်မှုကြောင့်လည်းကောင်း၊ ပြင်းထန်စွာ ဓာတ်မတည့်မှုကြောင့်လည်းကောင်း သွေးဖိအားကို ထိန်းချုပ်သည့် သွေးကြောငယ်များ၊ ဆံချည်မျှင်သွေးကြောငယ်များ၏နံရံမှ သွေးရည်ကြည်များ သွေးကြောပြင်ပသို့ ယိုစိမ့်ထွက်ခြင်းကြောင့် ရှော့ခ်ဖြစ်ခြင်းဖြစ်သည်။
ရောဂါလက္ခဏာများ

ဖြစ်ပေါ်ရသော အကြောင်းရင်းပေါ် မူတည်ပြီး အောက်ပါအတိုင်း သွေးလန့်ခြင်းလက္ခဏာများကို တွေ့ရှိနိုင်သည်။

  • ခြေလက်များ အေးစက်ခြင်း၊ ဖြူဖျော့ခြင်း
  • အသက်ရှူခက်ခဲခြင်း၊ မောပန်းခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း
  • နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း [နှလုံးခုန်နှုန်း တစ်မိနစ်လျှင် အကြိမ် (၁၀၀) အထက်]
  • ရေဆာခြင်း၊ အာခြောက်ခြင်း
  • နှုတ်ခမ်း၊ လက်သည်းများပြာခြင်း
  • ခေါင်းမူးခြင်း၊ စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ အာရုံဝေဝါးခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း
  • ချွေးစေးထွက်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ပျို့အန်ခြင်း
  • ဆီးထွက်နည်းခြင်း
  • အရေပြားခြောက်သွေ့ခြင်း
နောက်ဆက်တွဲပြဿနာများ

ရှော့ခ်ဖြစ်ခြင်းသည် အချိန်မီကုသနိုင်လျှင် ပျောက်ကင်းနိုင်သော်လည်း ပြင်းထန်လျှင်သော်လည်းကောင်း၊ ကုသမှု နောက်ကျလျှင်သော်လည်းကောင်း အောက်ပါ နောက်ဆက်တွဲပြဿနာများကြောင့် အသက်အန္တရာယ် အလွန်ကြီးသည်။

  • ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း (Acute renal failure)
  • အဆုတ်တွင်းလေအိတ်နံရံများ ပျက်စီးခြင်း (ARDS)
  • နှလုံးကြွက်သားပုပ်ခြင်း (Myocardial Infarct)
  • ခန္ဓာကိုယ်အနှံ့သွေးယိုစီးခြင်း (DIC)
  • အစာလမ်းကြောင်းအနာများဖြစ်ခြင်း
  • ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ တစ်ပြိုင်တည်းပျက်စီးခြင်း
  • သေဆုံးခြင်း
အရေးပေါ်ကုသခြင်း

ရှော့ခ်ဖြစ်သည့် လက္ခဏာများကို တွေ့ရှိသတိပြုမိခြင်းရှိလျှင် လူနာကို ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပို့ဆောင် ကုသမှုပေးရမည်။ စက္ကန့်တိုင်းသည် လူနာ၏ အသက်အန္တရာယ်အတွက် အရေးကြီးနေသောကြောင့် မည်သည့်နှောင့်နှေးမှုမျှ လက်ခံ၍မရပေ။ ရှော့ခ်ဖြစ်ခြင်းကို အချိန်မီကုသနိုင်ခြင်းဖြင့် အင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်းကို တားဆီးနိုင်သည်။

ဆေးရုံသို့ မပို့ဆောင်မီနှင့် ပို့ဆောင်စဥ်အတွင်း အရေးပေါ် အသက်ကယ်ကုသမှုများ ပြုလုပ်ရန် လိုအပ်သည်။ ရှေးဦးပြုစုခြင်းဖြင့် ကူညီခြင်းမရှိပါက လူနာသေဆုံးနိုင်ခြေ များနိုင်သည်။

  • တွေ့ရှိသည့် လက္ခဏာများအရ ရှော့ခ်ဖြစ်သည်ဟုသံသယရှိသည်နှင့် အရေးပေါ်လူနာတင်ယာဥ်အား ချက်ချင်းခေါ်ယူပါ
  • လူနာ၏အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု ရှိမရှိ စစ်ဆေးပါ၊ အန်ဖတ်နှင့် အစားအသောက် အပိုင်းအစများကို ဖယ်ရှားပါ
  • သတိလစ်ခြင်း၊ အသက်ရှူရပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်းရှိလျှင် ရင်ခေါင်းဖိနှလုံးနှိုးဆွခြင်း (Cardiopulmonary Resuscitation – CPR) ကို ချက်ချင်းပြုလုပ်ပါ
  • သတိလစ်ခြင်း၊ လည်ပင်းရိုး၊ ခါးရိုးထိခိုက်ခြင်း မရှိလျှင် လူနာအား ပက်လက်အနေအထားဖြင့် ထားရမည်၊ လူနာ၏ခြေထောက်ပိုင်းကို တစ်ပေခန့် မြှင့်ထားရန်လိုသည်၊ ခြေထောက်မြှင့်ခြင်း ပြုလုပ်သောကြောင့် နာကျင်မှုရှိလျှင် ရေပြင်ညီအတိုင်း ချထားနိုင်သည်
  • လူနာသတိလစ်နေလျှင် ပြင်းထန်သည့် ထိခိုက်ဒဏ်ရာမရှိပါက သတိလစ်သူအား ထားရှိရမည့် အနေအထား (Recovery Position) အတိုင်း ထားပါ
  • သွေးထွက်နေသည့် ဒဏ်ရာရှိပါက သွေးတိတ်အောင် ပြုလုပ်ပါ၊ ဒဏ်ရာပေါ်မှ အဝတ်စ (သို့မဟုတ်) ပတ်တီးဖြင့် တင်းအောင်ဖိစည်းပါ
  • အန်ခြင်း၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးထွက်ခြင်းရှိပါက အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု မဖြစ်ရန် လူနာ၏ဦးခေါင်းကို တစ်ဖက်သို့ စောင်းပေးပါ၊ လည်ပင်းရိုး၊ ကျောရိုး ထိခိုက်မှုရှိလျှင် ဦးခေါင်းနှင့်ခန္ဓာကိုယ်ကို မျဥ်းဖြောင့်အတိုင်းကိုင်တွယ်နည်း (Log Roll) ဖြင့် လူနာကို ဘေးသို့စောင်းပါ
  • ကျပ်နေသည့် အဝတ်အစားများကို ဖြေလျှော့ပေးပါ၊ နွေးထွေးမှုရှိရန် စောင်၊ အဝတ် ဖုံးလွှမ်းပေးပါ
  • ရေတိုက်ခြင်း၊ အစားအစာကျွေးခြင်း မပြုလုပ်ရ
  • လည်ပင်းကျောရိုး ထိခိုက်ဒဏ်ရာရှိသူအား သယ်မရွှေ့ပြောင်းခြင်း မပြုရ (ဥပမာ_မီးလောင်ခြင်း၊ အဆောက်အဦး ပြိုကျခြင်း စသည့် အန္တရာယ်များမရှိလျှင်)
Shock
ဖြစ်ပေါ်ရသော အကြောင်းရင်းအလိုက် ကုသခြင်း

ရှော့ခ်ဖြစ်ခြင်းသည် မူလဖြစ်ပေါ်ရသည့် အကြောင်းရင်းပေါ်မူတည်၍ ကုသမှုနည်းလမ်းများ ကွဲပြားနိုင်သည်။ အရေးအကြီးဆုံးမှာ အချိန်မီ ကုသမှုခံယူခြင်းဖြင့် အသက်အန္တရာယ်ကို ကာကွယ်ရန်ဖြစ်သည်။

  • သွေး (သို့မဟုတ်) အရည်ပမာဏဆုံးရှုံးမှုကြောင့်ဖြစ်သော ရှော့ခ် (Hypovolemic Shock)
    • သွေးထွက်နေပါက ချက်ချင်းသွေးတိတ်အောင် ပြုလုပ်ပါ
    • သွေးကြောထဲသို့ သွေး သို့မဟုတ် ဆေးရည်များ ဖြည့်ဆည်းပေးပြီး လိုအပ်ပါက သွေးသွင်းကုသမှုများ ပြုလုပ်ရသည်
    • ခန္ဓာကိုယ်အတွင်းပိုင်း သွေးထွက်ခြင်းရှိပါက ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်
  • နှလုံးညှစ်အားမကောင်း၍ဖြစ်သော ရှော့ခ် (Cardiogenic Shock)
    • အရည်ပြန်လည်ဖြည့်တင်းပေးခြင်း၊ နှလုံးခုန်နှုန်းနှင့် ညှစ်အားကို အားကောင်းစေမည့် ဆေးများ သွင်းပေးခြင်းဖြင့် နှလုံး၏ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးရသည်
    • မူလအခံနှလုံးရောဂါကိုလည်း တစ်ပြိုင်နက်တည်း ကုသရန် လိုအပ်သည်
  • သွေးကြောများမှ ယိုစိမ့်ထွက်၍ဖြစ်သော ရှော့ခ် (Distributive Shock)
    • သွေးဆိပ်တက်ခြင်း (Septic Shock) – ရောဂါပိုးကြောင့်ဖြစ်လျှင် ပဋိဇီဝဆေးများကို အလျင်အမြန်ဆုံး သွင်းပေးရသည်
    • ဓာတ်မတည့်ခြင်း (Anaphylactic Shock) – Noradrenaline၊ Histamine ဆန့်ကျင်ဆေးများ (Antihistamines)၊ နှင့် စတီးရွိုက်ဆေးများ (Steroids) ပေး၍ ကုသသည်
    • အာရုံကြောထိခိုက်ခြင်း (Neurogenic Shock) – သွေးပေါင်ချိန်ကို မြှင့်တင်ပေးသော ဆေးများ (ဥပမာ – Noradrenaline) ကို အဓိကထား အသုံးပြုသည်

ရှော့ခ်ဖြစ်ခြင်းကို အချိန်မီ မကုသနိုင်ပါက ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးနိုင်ပြီး ရေရှည်တွင် အထူးကြပ်မတ်ကုသမှုများ လိုအပ်လာနိုင်သည်။ ထို့ကြောင့် ရှော့ခ်မပြင်းထန်မီ လက္ခဏာများကို စောစီးစွာသိရှိပြီး ကုသမှုခံယူခြင်းသည် အလွန်အရေးကြီးသည်။

ဆက်လက်ရောဂါရှာဖွေခြင်း

အထက်‌ဖော်ပြပါ လက္ခဏာများကိုစစ်ဆေးခြင်းဖြင့် ရှော့ခ်ဖြစ်ခြင်းကို အတည်ပြုနိုင်သည်။ အသက်အန္တရာယ်ရှိသည့် အခြေအနေများကို အရေးပေါ်ဌာနတွင်ကုသပြီး စိတ်ချရသည့်အခြေအနေတွင် ရှော့ခ်ဖြစ်ရခြင်း အကြောင်းရင်းကို ရှာဖွေနိုင်ရန် သွေးစစ်ခြင်း၊ အီးစီဂျီ ဆွဲခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းများကို ရှော့ခ်ဖြစ်စေသည့် အကြောင်းရင်းအလိုက် ပြုလုပ်နိုင်သည်။

ကာကွယ်ခြင်း

ရှော့ခ်ဖြစ်ခြင်းကို ကာကွယ်ရန် အဓိကနည်းလမ်းမှာ ဖြစ်စေနိုင်သည့် အကြောင်းရင်းများကို စနစ်တကျ ကုသခြင်း၊ စောစီးစွာ သိရှိခြင်းနှင့် အချိန်မီကုသမှုပေးခြင်းတို့ပင်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ရှော့ခ်ကြောင့် အသက်ဆုံးရှုံးမှုကို ကာကွယ်နိုင်သည်။

  • ရေဓာတ်ဆုံးရှုံးမှုကို ဖြည့်တင်းခြင်း
    ပြင်းထန်သော ဝမ်းလျှောခြင်း၊ အော့အန်ခြင်းစသည်တို့ကြောင့် ရေဓာတ်ဆုံးရှုံးမှု မဖြစ်စေရန် အချိန်မီရေဓာတ်ဖြည့်ဆည်းပေးပါ။
  • သွေးထွက်မှုထိန်းချုပ်ခြင်း
    ပြင်ပဒဏ်ရာများမှ သွေးထွက်လွန်နေပါက သွေးတိတ်အောင် ချက်ချင်းပြုလုပ်ပါ။
  • ကူးစက်ရောဂါကို ကုသခြင်း
    ကူးစက်ရောဂါများ သွေးဆိပ်တက်ခြင်းအဆင့် (Sepsis) အထိ မရောက်စေရန် ပဋိဇီဝဆေးများဖြင့် ထိရောက်စွာ ကုသပါ။
  • ဓာတ်မတည့်မှုကို ရှောင်ရှားခြင်း
    ဓာတ်မတည့်ခြင်း (Allergy) ဖြစ်စေသည့် အစားအစာ၊ ဆေးဝါး သို့မဟုတ် အရာဝတ္ထုများကို ရှောင်ပါ။
  • အချိန်မီဆေးရုံပို့ဆောင်ခြင်း
    ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိသူများကို အချိန်မဆိုင်းဘဲ ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံး ပို့ဆောင်ပေးပါ။

အရေးကြီးဆုံးအချက်မှာ ရှော့ခ်ဖြစ်ခြင်း၏ လက္ခဏာများ (ဥပမာ _ သတိလစ်မေ့မျောခြင်း၊ အသက်ရှူနှုန်း မြန်လာခြင်း၊ အသားအရေဖြူဖျော့လာခြင်း) ကို သိရှိသည်နှင့် ရှေးဦးသူနာပြုစုခြင်းဖြင့် အချိန်မီ ကုသမှုခံယူနိုင်ရေးပင်ဖြစ်သည်။

References :

  1. Mayo Clinic. (n.d.). First aid: Shock – Basics. Mayo Clinic. Retrieved August 26, 2025, from https://www.mayoclinic.org/first-aid/first-aid-shock/basics/art-20056620
  2. Cleveland Clinic. (n.d.). Shock — First aid treatment. Cleveland Clinic. Retrieved August 26, 2025, from https://my.clevelandclinic.org/health/treatments/24055-shock-first-aid-treatment
  3. MedicineNet. (n.d.). Shock. MedicineNet. Retrieved August 26, 2025, from https://www.medicinenet.com/shock/article.htm
  4. Better Health Channel. (n.d.). Shock: First aid treatment. Better Health Victoria. Retrieved August 26, 2025, from https://www.betterhealth.vic.gov.au/health/conditionsandtreatments/shock

Published: 30 August 2024

Last updated: 12 October 2025

Share

Category

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.