အေအာတီ (ART- antiretroviral therapy) ဆိုသည်မှာ အိတ်ချ်အိုင်ဗွီ (HIV) ဗိုင်းရပ်စ်ပိုးပွါးခြင်းကို တားဆီးသော ဆေးအုပ်စုအမျိုးမျိုးမှ ဆေးများကို ပေါင်းစပ်၍ ကုသခြင်းဖြစ်သည်။ ယခင်တစ်ချိန်က “ကုရာနတ္ထိဆေးမရှိရောဂါ” ဟု လူသိများသော HIV ဗိုင်းရပ်စ်ပိုးကို မျက်မှောက်ခေတ်တွင် ART ဆေးများဖြင့် ထိရောက်စွာ ထိန်းချုပ်ကုသနိုင်ပြီဖြစ်သည်။
အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက သွေးထဲသို့ ဝင်ရောက်လာပြီးနောက် ခန္ဓာကိုယ်တွင်းရှိ အရေးကြီးသော သွေးဆဲလ်တစ်မျိုးဖြစ်သည့် CD4 ဆဲလ်များအတွင်း ဝင်ရောက်ကာ ဗိုင်းရပ်စ်ပိုးအသစ်များ ပွါးများစေသည်။ ထိုသို့ပွါးများလာသော ဗိုင်းရပ်စ်ပိုးများသည် CD4 ဆဲလ်များကို ပျက်စီးစေသည်။ CD4 ဆဲလ်များသည် ရောဂါပိုးများကို တိုက်ထုတ်ပေးသော ကိုယ်ခံအားစနစ်၏ အဓိကဆဲလ်များဖြစ်သောကြောင့် ယင်းဆဲလ်များ ပျက်စီးပါက ကိုယ်ခံအား ကျဆင်းလာသည်။ နောက်ဆုံးတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) အဆင့်ထိ ဖြစ်ပွားပြီး ဆိုးရွားသော နောက်ဆက်တွဲရောဂါများ ဝင်ရောက်ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ART ဆေးဝါးများသည် HIV ဗိုင်းရပ်စ်ပိုး ကူးစက်ပြီး CD4 ဆဲလ်အတွင်းသို့ ဝင်ရောက်ခြင်းမှစ၍ ပွါးများခြင်းအဆင့်အထိ ဖြစ်စဉ်အဆင့်ဆင့်ကို တားဆီးပေးကာ ဗိုင်းရပ်စ်ပိုးအသစ်များ ထပ်မံပွားများခြင်းမှ ကာကွယ်ပေးသည်။
ART ကုထုံးတွင် ဆေးအုပ်စုတစ်မျိုးတည်းဖြင့် ကုသလျှင် HIV ပိုးသည် အလွယ်တကူ ဆေးယဥ်ပါးမှု ဖြစ်စေနိုင်သဖြင့် အနည်းဆုံး ဆေးအုပ်စု (၂) မျိုးမှ အများဆုံး (၄) မျိုးအထိ ပေါင်း၍ကုသရန်လိုသည်။ HIV ဗိုင်းရပ်စ်ပွါးများခြင်းကို တားဆီးသော ဆေးအုပ်စုများမှာ_
- Nucleoside Reverse Transcriptase Inhibitors (NRTIs) (eg, Abacavir, Lamivudine, Emtricitabine, Tenofovir, Zidovudine)
- Non-Nucleoside Reverse Transcriptase Inhibitors (NNRTIs) (eg, Etravirine, Efavirenz, Doravirine, Rilpivirine)
- Integrase Strand Transfer Inhibitors (INSTIs) (eg, Bictegravir, Dolutegravir, Cabotegravir, Raltegravir)
- Protease Inhibitors (PIs) (eg, Lopinavir, Atazanavir, Darunavir, Ritonavir, Tipranavir)
- Fusion inhibitors (eg, Enfuvirtide)
- CCR5 antagonists (eg, Maraviroc)
- Attachment inhibitors (Fostemsavir)
- Post-attachment inhibitors (Ibalizumab-uiyk)
- Capsid inhibitors (Lenacapavir)
- Pharmacokinetic Enhancers (Cobicistat) တို့ဖြစ်သည်။
ART ဆေးများသည် HIV ဗိုင်းရပ်စ်ပိုးကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသပေးခြင်း မဟုတ်သော်လည်း ပိုးဆက်လက်ပွါးလာခြင်းကို တားဆီးထားသောကြောင့် သွေးထဲရှိ ဗိုင်းရပ်စ်ပိုးကောင်ရေကို စစ်ဆေး၍ မတွေ့ရှိနိုင်တော့သည့် ပမာဏ (Undetectable Viral load) အထိ လျှော့ချပေးသည်။ ထိုသို့ပိုးကောင်ရေကို အတတ်နိုင်ဆုံး လျှော့ချပေးခြင်းဖြင့် ရောဂါပိုးရှိသူများသည် သာမန်လူများကဲ့သို့ သက်တမ်းစေ့ ကျန်းမာစွာ နေထိုင်နိုင်ပြီး မိမိမှ တခြားသူထံ ရောဂါကူးစက်နိုင်ခြေကိုလည်း လုံးဝနီးပါး လျှော့ချပေးသည်။
ART သောက်သုံးရန် လိုအပ်သော အခြေအနေများ
HIV ပိုးရှိသူတိုင်း ART ဆေးကိုသောက်သုံးရန် လိုအပ်သည်။ လူနာအနေဖြင့် HIV ပိုးရှိကြောင်း သွေးအဖြေသိရချိန်တွင် ရုတ်တရက် ထိတ်လန့်သွားနိုင်သော်လည်း စိတ်ကို တည်ငြိမ်အောင်ထား၍ မိသားစုဆရာဝန်၊ အထူးကုဆရာဝန်များနှင့် ပြသတိုင်ပင်သင့်သည်။ ဆရာဝန်မှ ပိုးရှိမရှိ သေချာစွာ ထပ်မံစစ်ဆေးပြီး လူနာအား လိုအပ်သည့် ရောဂါရာဇဝင် မေးမြန်းခြင်း၊ ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်း၊ အခြားလိုအပ်သော သွေးစစ်ဆေးခြင်းနှင့် ဓာတ်မှန်ရိုက်ခြင်းတို့ကို ပြုလုပ်၍ HIV ပိုးဝင်ခြင်း ရောဂါအဆင့် သတ်မှတ်မည်ဖြစ်သည်။ ထို့နောက် လူနာနှင့်သင့်တော်သော ART ဆေးသောက်ရန် မညွှန်ကြားမီ HIV ရောဂါပိုးကို နောက်ထပ်တစ်ကြိမ် အတည်ပြုစစ်ဆေးမည်ဖြစ်သည်။
HIV ပိုးရှိသူတိုင်း (ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေးငယ်များ အပါအဝင်) သည် ရောဂါလက္ခဏာ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ကိုယ်ခံအားအဆင့်ပမာဏ (CD4 count) မတိုင်းတာခင်ကပင် စောစီးစွာ ART ဆေးသောက်ရမည်ဖြစ်သည်။ သို့ရာတွင် အချို့လူနာများသည် ART ဆေးအား ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ရွှေ့ဆိုင်းထားပြီး သောက်ရန်လိုအပ်သည်။ ထိုလူနာများမှာ_
- ပြင်းထန်သော ကူးစက်ရောဂါရှိသူများ (တီဘီဦးနှောက်အမြှေးရောင်ရောဂါ၊ မှိုပိုးတစ်မျိုးဖြစ်သော Cryptococcus ဦးနှောက်အမြှေးရောင်ရောဂါ) နှင့်
- ပြင်းထန်သော အခြားရောဂါရှိသူများ (အသည်းရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ) ဖြစ်သည်။
ကြိုတင်ပြင်ဆင်ရမည့်အချက်များ
ART ကုထုံး မစတင်ခင်နှင့် ဆေးသောက်နေစဥ်အတွင်း ကိုယ်ခံအား အခြေအနေနှင့် ဆေး၏ထိရောက်မှုများကို စစ်ဆေးရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်သည်။
- CD4 ပမာဏ (CD4 count)
ART ဆေးစတင်ခြင်းအတွက် CD4 ပမာဏ တိုင်းတာရန် မလိုအပ်သော်လည်း၊ HIV ရောဂါနှင့်ဆက်စပ်သော ရောဂါအခြေအနေများ၊ ကူးစက်ရောဂါပိုးများအတွက် ကာကွယ်ဆေးသောက်ရန် လိုမလို၊ ART ဆေးသောက်နေစဥ် ကိုယ်ခံအားအခြေအနေ စသည်ဖြင့် သိရှိနိုင်ရန် CD4 count စစ်ဆေးခြင်းကို အသုံးပြုနိုင်သည်။ - ဗိုင်းရပ်စ်ပိုးကောင်ရေပမာဏ (Viral Load)
သွေးထဲတွင်ရှိသော HIV ဗိုင်းရပ်စ်ပိုးကောင် အရေအတွက်ကို စစ်ခြင်းဖြစ်သည်။ ART ဆေးသောက်နေသော လူနာများတွင် ဆေး၏ထိရောက်မှုကို စစ်ဆေးရန် အသုံးပြုခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် ဆေးစသောက်ပြီး (၃)လ မှ (၆)လအကြာတွင် စစ်ဆေးပြီးနောက် အနည်းဆုံး တစ်နှစ် တစ်ကြိမ် ဆက်လက်စစ်ဆေးရန် လိုအပ်သည်။ ပုံမှန်သောက်သုံးပါက ART ဆေးသည် ပိုးကောင်ရေပမာဏကို စက်ဖြင့်တိုင်းတာ၍ မရနိုင်တော့သည့် ပမာဏ (တစ်နည်းဆိုသော် ပိုးကောင်ရေ မရှိသလောက် နည်းပါးသောအဆင့်) (Undetectable Viral load) အထိ လျှော့ချပေးသည်။ ထို့ပြင် ပိုးကောင်ရေစစ်ဆေးခြင်းကို- ART ဆေးယဥ်ပါးမှုကို သံသယရှိခြင်း
- ART ဆေးတစ်မျိုးမှ နောက်တစ်မျိုးပြောင်းခြင်း (ဥပမာ _ သောက်ဆေးမှ ထိုးဆေးသို့ ပြောင်းခြင်း)
- ရောဂါပိုးရှိသူ ကိုယ်ဝန်ဆောင်မိခင် မွေးဖွားခါနီးအချိန်တွင် ကလေးအား ကူးစက်နိုင်ခြေကို ခန့်မှန်းခြင်း စသည့်အခြေအနေများတွင်လည်း စစ်ဆေးနိုင်သည်။
- ဆေးယဥ်ပါးမှု စစ်ဆေးခြင်း
ပုံမှန်အားဖြင့် စစ်ဆေးလေ့မရှိသော်လည်း ART ဆေးများ ပုံမှန်သောက်နေပါလျက် ပိုးကောင်ရေ လျော့နည်းခြင်းမရှိသော လူနာများတွင် ART ဆေးယဥ်ပါးခြင်းအတွက် စစ်ဆေးခြင်းဖြစ်သည်။ - အခြားသွေးစစ်ဆေးခြင်း
အခြားသော သွေးများစစ်ဆေးခြင်း (စီဘီစီ – Complete Blood Count စစ်ဆေးခြင်း၊ အသည်းနှင့် ကျောက်ကပ်ဓာတ်များ စစ်ဆေးခြင်း၊ အသည်းရောင် အသားဝါ ဘီ ပိုး၊ စီ ပိုး စစ်ဆေးခြင်း၊ ကာလသားရောဂါပိုး စစ်ဆေးခြင်း) ဖြစ်သည်။ - ဓာတ်မှန် (X ray) ရိုက်ခြင်း
တီဘီရောဂါ ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။
ART သောက်သုံးပုံနည်းလမ်းများ
ART ဆေးများသည် တစ်သက်တာ သောက်ရမည့် ဆေးဝါးများဖြစ်သည်။ ဆေးများကို သောက်ဆေး (သို့မဟုတ်) ထိုးဆေး အနေဖြင့် ရရှိနိုင်ပြီး ဆရာဝန် ညွှန်ကြားသည့်အတိုင်း နေ့စဥ်၊ အပတ်စဥ် (သို့မဟုတ်) လစဥ် ပုံမှန်သောက်ရန်၊ ဆေးထိုးရန် လိုအပ်သည်။ ဆေးအမျိုးအစား (၂) မျိုး (သို့မဟုတ်) (၃) မျိုးကို ပေါင်း၍ ဆေးတစ်လုံးတည်းအနေဖြင့် ပြုလုပ်ထားသော သောက်ဆေးများရှိသကဲ့သို့ မတူသော ဆေးအုပ်စုအလိုက် ဆေးလုံးအနည်းငယ်ပေါင်း၍ သောက်ရသောဆေးဝါးများလည်းရှိသည်။ ဆေးရည်ပုံစံရနိုင်သော ART ဆေးဝါးများလည်းရှိသည်။ ယေဘုယျအားဖြင့် သောက်ဆေးများကို နေ့စဥ် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် အချိန်အတိအကျ မပျက်မကွက် သောက်ရန် လိုအပ်သည်။
ယနေ့ခေတ်တွင် ထိုးဆေးပုံစံ ART ဆေးများလည်း ရနိုင်ပြီဖြစ်သည်။ ဆရာဝန်မှ ထိုးဆေးများကို တစ်လ တစ်ကြိမ် (သို့မဟုတ်) နှစ်လ တစ်ကြိမ် ထိုးပေးမည်ဖြစ်သည်။ အောက်ပါအချက်များနှင့် ကိုက်ညီပါက ART ထိုးဆေးများ ထိုးနိုင်သည်။
- ဗိုင်းရပ်စ်ပိုးကောင်ရေ မရှိသလောက် နည်းခြင်း (Undetectable Viral load)
- ယခင်သောက်ခဲ့သော ART ဆေးများ ဆေးမတိုးခြင်း (သို့မဟုတ်) ဆေးယဥ်ပါးခြင်း လုံးဝမရှိဖူးခြင်း (No prior treatment failure or resistance)
- ထိုးဆေးရှိ ပါဝင်ပစ္စည်းများကို ဓာတ်မတည့်မှုများ မရှိခြင်း (No allergy to ingredients in the shot)
တစ်ခါတစ်ရံ ART ဆေးများကို အခြားရောဂါကာကွယ်ဆေးများနှင့် တွဲ၍ သောက်ရန်လည်း လိုအပ်သည်။ ဥပမာအားဖြင့် CD4 ပမာဏ (၃၅၀) အောက် နည်းသော လူနာများတွင် ရောဂါပိုးကာကွယ်ရန် ပဋိဇီဝပိုးသတ်ဆေး (Co-trimoxazole prophylaxis) သောက်ရန် လိုအပ်နိုင်သည်။ တီဘီရောဂါ စစ်ဆေးပြီး တီဘီပိုးရှိပါက တီဘီဆေးသောက်ရန် လိုအပ်သလို တီဘီလက္ခဏာမရှိသူများတွင် တီဘီကာကွယ်ခြင်းကုထုံး (TPT – Tuberculosis Preventive Therapy) အတွက် ဆေးများသောက်သုံးရန် လိုအပ်နိုင်သည်။
ART ဆေးသောက်ခြင်း၏ အကျိုးကျေးဇူးများ
ART ကုထုံးတွင် ဆေးအုပ်စုများကို ပေါင်း၍ သောက်သုံးခြင်းသည် ဆေးဝါးတစ်ခုချင်းစီအတွက် ဆေးယဥ်ပါးခြင်း အန္တရာယ်ကို လျှော့ချပေးသည်။ ART သည် HIV ဗိုင်းရပ်စ်ကို အပြီးပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသော်လည်း ဆက်တိုက်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ ဗိုင်းရပ်စ်ပိုးပမာဏကို ထိရောက်စွာ လျော့နည်းစေသည်။ ထို့ပြင် ART ၏ အခြားအကျိုးကျေးဇူးများမှာ_
- CD4 ဆဲလ်များ ပျက်စီးခြင်းကို တားဆီးပေးသောကြောင့် ကိုယ်ခံအားစနစ်ကို ပြန်လည်ကောင်းမွန် ကျန်းမာစေသည်
- ထို့ကြောင့် ကိုယ်ခံအားကျဆင်းခြင်း (Immunocompromised) ဖြစ်နိုင်ခြေနှင့် ကိုယ်ခံအားကျချိန် ပြင်းထန်သော (သို့မဟုတ်) သေစေနိုင်သော ကူးစက်ရောဂါများ (Opportunistic infections) ဖြစ်ပွါးနိုင်ခြေကို လျှော့ချပေးသည်
- HIV ပိုးရှိသူများတွင် ပို၍အဖြစ်များသော အချို့ကင်ဆာများ (ဥပမာ – Kaposi sarcoma၊ Non-Hodgkin lymphoma) ၏ ဖြစ်နိုင်ခြေကို လျှော့ချပေးသည်
- ကိုယ်ခံအားအလွန်အမင်း ကျဆင်းသော အေအိုင်ဒီအက်စ် (AIDS) အဆင့်မရောက်အောင် တားဆီးပေးနိုင်သည်
- ဗိုင်းရပ်စ်ပိုးပမာဏ (Viral load) ကို လျှော့ချပေးသောကြောင့် လိင်ဆက်ဆံခြင်းမှတစ်ဆင့် အခြားသူများထံသို့ HIV ကူးစက်ခြင်းကို ကာကွယ်ပေးသည်
နောက်ဆက်တွဲဆိုးကျိုးများ
ART ကုထုံး၏ ဘေးထွက်ဆိုးကျိုးများသည် သောက်သုံးနေသော ဆေးအုပ်စု၌ ပါဝင်သော ဆေးဝါးများပေါ် မူတည်သည်။ ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများနှင့် နောက်ဆက်တွဲပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ပျို့ခြင်း
- အော့အန်ခြင်း
- ဝမ်းလျှောခြင်း
- စိတ်မတည်မငြိမ်ဖြစ်ခြင်း (သို့မဟုတ်) စိတ်ဓာတ်ကျခြင်း
- အိပ်မပျော်ခြင်း
- ခံတွင်းခြောက်ခြင်း
- ကိုယ်အလေးချိန်တက်ခြင်း
- ခေါင်းကိုက်ခြင်း
- အရေပြား အနီစက်ထွက်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း
- မူးဝေခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- အသည်းရောင်ခြင်း
- ကျောက်ကပ်လုပ်ငန်းဆောင်တာများ အားနည်းခြင်း
- အရိုးအားနည်းခြင်း
- ကိုလက်စထရော မြင့်မားခြင်းနှင့် နောက်ဆက်တွဲ နှလုံးသွေးကြောရောဂါဖြစ်ခြင်း
- Long QT syndrome (နှလုံးခုန်နှုန်းဆိုင်ရာ ရောဂါတစ်မျိုး)
- ထိုးဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း
အထက်ပါ ဘေးထွက်ဆိုးကျိုးအများစုသည် ယာယီသာဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ်ကြာလျှင် ခန္ဓာကိုယ်မှ ကျင့်သားရလာကာ တဖြည်းဖြည်း သက်သာလာနိုင်သည်။ သို့ရာတွင် အချို့ ဘေးထွက်ဆိုးကျိုးများ (ဥပမာ _ ကိုလက်စထရော မြင့်မားခြင်း) သည် နှလုံးရောဂါကဲ့သို့ ရေရှည် ကျန်းမာရေးထိခိုက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။
ART ကုထုံးနှင့် ပတ်သက်၍ သိရှိထားသင့်သည့်အချက်များ
- ကုသမှုကို စနစ်တကျ တိကျစွာ လိုက်နာခြင်း (Treatment Adherence)
ART ကုထုံး၏ အရေးအကြီးဆုံးအချက်မှာ ဆေးများကို ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ စဥ်ဆက်မပြတ် သောက်သုံးခြင်းဖြစ်သည်။ ဆေးသောက်ရမည့်အချိန်ကို အတိအကျထား၍ နေ့စဥ်သောက်ရန် အရေးကြီးသည်။ ART ဆေးကို မှန်ကန်တိကျစွာ သောက်ပါက လူ (၁၀) ဦးတွင် (၉) ဦးသည် ဆေးစသောက်ပြီး တစ်နှစ်အတွင်း HIV ပိုးကောင်ရေပမာဏကို စစ်ဆေးမတွေ့ရှိနိုင်သည့်အဆင့် (Undetectable Viral load) အထိနည်းအောင် ထိန်းနိုင်မည်ဖြစ်သည်။ ထို့ပြင်အခြားသူများထံသို့ ကူးစက်နိုင်ခြေကိုလည်း လုံးဝနီးပါး လျှော့ချပေးနိုင်မည်ဖြစ်သည်။
ရောဂါရှာဖွေတွေ့ရှိပြီးနောက် အချိန်တိုအတွင်း ART စတင်သောက်သုံးသူအများစုသည် HIV ပိုးမရှိသူကဲ့သို့ပင် သက်တမ်းစေ့ နေထိုင်နိုင်မည်ဖြစ်သည်ဟု ပညာရှင်များက ဖော်ပြကြသည်။ ကုသမှုမခံယူပါက HIV ပိုးရှိသူတစ်ဦးသည် (၈)နှစ် မှ (၁၀)နှစ်အထိသာ အသက်ရှင်နိုင်သည်ဟု ခန့်မှန်းကြသည်။
ART ဆေးကို ပုံမှန်မသောက်ပါက HIV ပိုးများသည် တဖြည်းဖြည်း ပြန်လည်ပွါးများလာသောကြောင့် CD4 ပမာဏ လျော့နည်းလာခြင်း၊ HIV ပိုးကောင်ရေ ပြန်များလာခြင်းတို့အပြင် တစ်ချိန်တွင် လက်ရှိ ART ဆေးများမတိုးတော့ဘဲ ဆေးယဥ်ပါး HIV ဗိုင်းရပ်စ်ပိုးများ ဖြစ်လာပြီး ခုခံအားကျဆင်းစေကာ ပြင်းထန်ရောဂါပိုးများ ထပ်မံဝင်ရောက်လာနိုင်သောကြောင့် ART ဆေးကို ဆေးမပြတ်စေဘဲ ဆက်တိုက်သောက်ရန် အလွန်အရေးကြီးသည်။ - ရက်ချိန်းပုံမှန်ပြသခြင်း (Follow up)
ဆေးပုံမှန်သောက်ရန် အရေးကြီးသကဲ့သို့ ရက်ချိန်းပုံမှန်ပြသရန်လည်း လိုအပ်သည်။ သက်ဆိုင်ရာဆရာဝန်မှ ART ဆေး စတင်ပေးပြီးနောက် လူနာ၏ တိုးတက်မှုအခြေအနေ၊ ဆေးပုံမှန်သောက်ခြင်း ရှိမရှိ၊ ဆေး၏ အကျိုးအာနိသင်နှင့် ဘေးထွက်ဆိုးကျိုးများ၊ ဆေးသောက်ပြီးနောက်ပိုင်း CD4 ပမာဏနှင့် ပိုးကောင်ရေပမာဏ စသည်တို့ကို စစ်ဆေးရန်သာမက ဆေးသောက်ရာတွင် ကြုံတွေ့ရသည့် လူနာ၏ အခက်အခဲများကို သိရှိနိုင်ရန် ရက်ချိန်းခေါ်၍ ပြန်လည်ကြည့်ရှုသည်။ လူနာတစ်ဦးချင်းစီအလိုက် ဆရာဝန်မှ လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရန် ရက်ချိန်းအတိုင်း ပြန်ပြရန်လိုသည်။ ဥပမာအားဖြင့် ဆေးတစ်မျိုး၏ ဘေးထွက်ဆိုးကျိုးကို မခံနိုင်သဖြင့် နောက်ထပ်ဆေးတစ်မျိုး ပြောင်းပေးခြင်း၊ (၂) ကြိမ်ဆေးသောက်ရန် အခက်အခဲရှိသဖြင့် (၁) ကြိမ်ဆေးဖြင့် ပြောင်းခြင်း၊ ဆေးယဥ်ပါးခြင်းကို သံသယရှိပါက စောစီးစွာ စစ်ဆေးပြီး ဆေးပြောင်းပေးခြင်း စသည်တို့ဖြစ်သည်။ - အခြားရောဂါအခံများကို စစ်ဆေးခြင်း (Underlying medical conditions)
HIV ပိုးရှိသူများသည်လည်း ပုံမှန်လူများတွင် ဖြစ်ပေါ် သော ရောဂါအခံများ (သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ စိတ်ရောဂါ၊ နှလုံး၊ အဆုတ်၊ အသည်းနှင့် ကျောက်ကပ် လုပ်ငန်းများ) ကို ပုံမှန်စစ်ဆေးရန် လိုအပ်သည်။ အကယ်၍ ရောဂါအခံများရှိပါက ART ဆေးများနှင့် ရောဂါတို့၏ အပြန်အလှန် သက်ရောက်နိုင်မှု စသည်တို့ကို မိမိဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်။ - အခြားဆေးဝါးများ သောက်သုံးနေခြင်း (Interactions with other medications)
HIV ပိုးရှိသူများသည် ART ဆေး၊ တီဘီကာကွယ်ဆေး၊ ရောဂါကာကွယ်သော ပဋိဇီဝပိုးသတ်ဆေးများ သောက်သုံးရန် လိုအပ်သလို အခြားရောဂါအခံများအတွက် ဆေးဝါးများ သောက်သုံးရသည့် အခြေအနေများလည်း ရှိနိုင်သည်။ အချို့ဆေးဝါးများသည် ART ဆေးများအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပြီး တစ်ခါတစ်ရံ ART ဆေးအချို့၏ အာနိသင်ကို ကျဆင်းစေသည်။ ထိုအခါ ART ဆေးပုံမှန်သောက်နေသော်လည်း ဆေးအာနိသင် အပြည့်အဝ မရနိုင်သောကြောင့် ဆေးယဥ်ပါးခြင်းပြဿနာ ဖြစ်ပေါ် နိုင်သည်။ ထို့ပြင် ART ဆေးကို အခြားဆေးများနှင့် တစ်ခါတည်း အတူမသောက်သင့်ပါ။ အခြားပုံမှန်သောက်ရသော ဆေးများရှိပါက ထိုဆေးများကို ART ဆေးနှင့် အနည်းဆုံး (၂) နာရီခြားပြီးမှ သောက်သုံးသင့်သည်။ လူနာအနေဖြင့်လည်း မိမိလက်ရှိသောက်သုံးနေသော ဆေးဝါးများ အပါအဝင် ဖြည့်စွက်အားဆေးများ၊ တိုင်းရင်းဆေးများ စသည်တို့ကို မိမိဆရာဝန်အား သေချာ ပြောပြထားရန်လိုသည်။ သို့မှသာ ဆရာဝန်မှ ဖြစ်ပေါ် နိုင်သော အကျိုးဆက်များအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို လမ်းညွှန်နိုင်မည်ဖြစ်သည်။ - ရောဂါပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်များ
ကိုယ်ဝန်အပ်ချိန်တွင် လူတိုင်း HIV ပိုးကို စစ်ဆေးရမည်ဖြစ်သည်။ အကယ်၍ ပိုးရှိပါက ကလေးထံသို့ ကူးစက်ခြင်းကို တတ်နိုင်သမျှ ကာကွယ်ရန် မိခင်သည် ART ဆေးကို တတ်နိုင်သမျှ စောစောသောက်ရန်လိုသည်။ သို့မှသာ ကလေးမွေးဖွားချိန်တွင် သွေးထဲရှိ HIV ပိုးကောင်ရေပမာဏကို တတ်နိုင်သမျှ လျှော့ချထားနိုင်မည်ဖြစ်သည်။ ထို့ပြင် ART ပုံမှန်သောက်နေသော အမျိုးသမီးတစ်ဦးသည် ကလေးယူလိုပါက ပိုးကောင်ရေပမာဏ နည်းသောအဆင့်တွင် ယူနိုင်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ART ဆေးပြောင်း၍ သောက်ရန် လိုမလို မိမိဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်။ - ကာကွယ်ဆေးများ ထိုးနှံခြင်း
HIV ပိုးအတွက် ကာကွယ်ဆေးထုတ်လုပ်ရန် သုတေသနပညာရှင်များက နှစ်ပေါင်းများစွာ ကြိုးပမ်းလျက်ရှိသော်လည်း လက်ရှိအချိန်တွင် ထိရောက်သော ကာကွယ်ဆေး မပေါ်သေးပါ။
HIV ပိုးရှိသူများတွင် ကိုယ်ခံအားကျဆင်းနိုင်သောကြောင့် ရောဂါကာကွယ်နိုင်ရန် အခြားကာကွယ်ဆေးများ ထိုးနှံထားရန် လိုအပ်သည်။ သို့ရာတွင် အချို့ကာကွယ်ဆေးများ (ဥပမာ – BCG ကာကွယ်ဆေး၊ ပါးစပ်မှသောက်ရသော အူရောင်ငန်းဖျားကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေးများ) သည် HIV ပိုးရှိသော လူနာများတွင် ထိုးရန် မသင့်ကြောင်း လမ်းညွှန်ထားသည်။ မိမိဆရာဝန်နှင့် တိုင်ပင်၍ ထိုးနှံနိုင်သော ကာကွယ်ဆေးများမှာ_- ကိုဗစ်ကာကွယ်ဆေး
- အသည်းရောင် အေ ကာကွယ်ဆေး
- အသည်းရောင် ဘီ ပိုး ကာကွယ်ဆေး
- ရာသီတုပ်ကွေး ကာကွယ်ဆေး
- ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး (Inactivated vaccine)
- အဆုတ်ရောင် ကာကွယ်ဆေး
- ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ကာကွယ်ဆေး
- ဆင်ရေယုန် ကာကွယ်ဆေး (Recombinant vaccine) စသည်တို့ဖြစ်သည်။
References:
- National Institutes of Health. (n.d.). HIV treatment basics. National Institutes of Health. Retrieved August 26, 2025, from https://hivinfo.nih.gov/understanding-hiv/fact-sheets/hiv-treatment-basics
- Cleveland Clinic. (n.d.). Antiretroviral therapy (ART). Cleveland Clinic. Retrieved August 26, 2025, from https://my.clevelandclinic.org/health/treatments/antiretroviral-therapy
- Mayo Clinic. (n.d.). HIV/AIDS: Diagnosis and treatment. Mayo Clinic. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/hiv-aids/diagnosis-treatment
- Centers for Disease Control and Prevention. (n.d.). HIV treatment. Centers for Disease Control and Prevention. Retrieved August 26, 2025, from https://www.cdc.gov/hiv/treatment/index.html
- Patel, R., & Patel, J. (2023). Antiretroviral therapy. In StatPearls. StatPearls Publishing. Retrieved August 26, 2025, from https://pmc.ncbi.nlm.nih.gov/articles/PMC10398380/
- British Columbia Centre for Disease Control. (n.d.). HIV treatment guidelines. British Columbia Centre for Disease Control. Retrieved August 26, 2025, from https://www.bccdc.ca/resource-gallery/Documents/Guidelines/Part2/HIV.pdf
Published: 12 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.