Melatonin (ဟော်မုန်းအိပ်ဆေး)

Melatonin (ဟော်မုန်းအိပ်ဆေး)

Melatonin သည် ဟော်မုန်းတစ်မျိုးဖြစ်သည်။ လူ့ ဦးနှောက်အတွင်းရှိ Pineal gland မှ ပုံမှန်ထုတ်လုပ်ပြီး၊ ညဘက်တွင် ကောင်းစွာအိပ်စက်နိုင်ရန်နှင့် နေ့ဘက်တွင် နိုးကြားလန်းဆန်းနေစေရန် ခန္ဓာကိုယ်၏ ဇီဝနာရီ (Circadian rhythm) ကို ထိန်းညှိပေးသည်။ ထိုဟော်မုန်းသည် ညဘက်မှောင်လာချိန်တွင် ပမာဏပိုထွက်၍ နေ့ဘက်တွင် ပြန်လည်ကျဆင်းသွားတတ်သည်။ အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်မှ Melatonin ဟော်မုန်း ထုတ်လုပ်နှုန်းသည်လည်း ကျလာတတ်သည်။

ထို Melatonin ဟော်မုန်းကို ဓာတ်ခွဲခန်းများတွင် ဆေးဝါးအဖြစ် ပြောင်းလဲထုတ်လုပ်ထားသည်။ ၎င်းဆေးဝါးကို ယေဘုယျအားဖြင့် အိပ်မပျော်သောရောဂါ (Insomnia) နှင့် အိပ်ပျော်ရန်ခက်ခဲသည့် အခြားရောဂါအခြေအနေများတွင် သုံးစွဲနိုင်သည်။ ဆေးခဲပုံစံ (standard tablets, slow release tablets)၊ ဆေးတောင့်ပုံစံ (capsules) နှင့် အရည်ပုံစံ (syrup) ကဲ့သို့ အမျိုးအစားများစွာရှိသည်။

သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
  1. အိပ်မပျော်သော ရောဂါရှိသူများ (Insomnia)
  2. အမြင်အာရုံချို့ယွင်းသူများ (Circadian sleep disorder in the blind) (အမြင်အာရုံချို့ယွင်းမှုကြောင့် နေ့ညခွဲခြားနိုင်မှု အားနည်းသဖြင့် ဇီဝနာရီအတိုင်း ညဘက်အိပ်၍ နေ့ဘက်တွင် နိုးကြားစေရန် သုံးသည်)
  3. ညဘက်အိပ်ပျော်ချိန် ပုံမှန်ထက် အလွန်နောက်ကျသော ဇီဝနာရီပုံမမှန်သူများ (Delay sleep-wake phase sleep disorder)
  4. အချိန်ဇုန် ကွဲပြားခြားနားသည့်နေရာများသို့ ခရီးသွားလာခြင်းကြောင့် ဇီဝနာရီပျက်ယွင်း၍ အိပ်မပျော်သူများ (Jet lag disorder)
  5. အလုပ်အချိန်ဇယားကြောင့် ပုံသေအိပ်စက်ချိန် မရှိသူများ (Shift work sleep disorder)
  6. အိပ်စက်ခြင်းဆိုင်ရာ ပြဿနာရှိသော ကလေးများ (Sleep disorders in children)
  7. အာရုံစူးစိုက်မှုနည်း၍ တက်ကြွမှုလွန်ကဲသော ကလေးများ (ADHD) နှင့် အော်တစ်ဇင်ကလေးများ (Autism) ကဲ့သို့ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် အမူအကျင့်ပိုင်းဆိုင်ရာ ပုံမမှန်သောကလေးများ (Behavioural disorders in children)
  8. စိုးရိမ်သောကများကြောင့် အိပ်ရာဝင်စတွင် အိပ်ပျော်ရန် ခက်ခဲသူများ (Anxiety and Stress)
  9. အခြားရောဂါအခြေအနေများ (ဥပမာ_ ခွဲစိတ်ပြီးစ၊ ဆေးရုံဆင်းခါစ လူနာများ၊ နာကျင်မှုဝေဒနာ ခံစားနေရသူများ၊ သွေးဆုံးချိန် အိပ်ပျော်ရန်ခက်ခဲသူများ၊ အယ်လ်ဇိုင်းမားဝေဒနာရှင်များ စသည်) တို့တွင် Melatonin ကို အသုံးပြုနိုင်သည်။
အခြားအသုံးဝင်ပုံများ

အသုံးမများသော်လည်း လိုအပ်လျှင် အသုံးပြုလေ့ရှိသော အခြေအနေအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  • သွေးကျဆေး (Beta-blockers) ၏ ဘေးထွက်ဆိုးကျိုးဖြစ်သော ကောင်းစွာအိပ်မပျော်ခြင်းကို ခံစားရသူများတွင် Melatonin ဆေးကို သောက်သုံးနိုင်သည်
  • ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) ရှိသူများတွင် Melatonin သောက်ဆေးကို သုံးစွဲပါက ရောဂါဖြစ်ပွါးမှုကို အနည်းငယ် ကာကွယ်ပေးနိုင်သည်ဟု ဆိုသော်လည်း ကုသမှုအတွက် အာနိသင်လုံးဝမရှိပါ
  • မေ့ဆေး (Sevoflurane) ကို ခံယူ၍ ခွဲစိတ်မှုခံယူသော ကလေးများတွင် မေ့ဆေးအာနိသင်ပြယ်ချိန်တွင် ဖြစ်လေ့ရှိသော စိတ်အာရုံထွေပြားခြင်း (Confusion) နှင့် စိတ်လှုပ်ရှားမှု အလွန်များခြင်း (Agitation) စသည့်လက္ခဏာများကို သက်သာစေရန် ခွဲစိတ်ခန်းမဝင်မီ Melatonin သောက်ဆေးကို ပေးထားနိုင်သည်၊ လူကြီးများအတွက်မူ အာနိသင် သိပ်မရှိဟုဆိုကြသည်
  • လူကြီးများတွင်မူ ခွဲစိတ်မှုမခံယူမီ စိတ်လှုပ်ရှားခြင်း (Anxiety) ကို သက်သာစေရန် Melatonin ဆေးကို ကြိုတင်တိုက်ထားနိုင်သည်၊ ကလေးများတွင်လည်း ခွဲစိတ်မှု မပြုလုပ်မီ Melatonin ကြိုတင်တိုက်ထားခြင်းဖြင့် ခွဲစိတ်မှုအတွက် အိပ်ဆေးများ အသုံးပြုမှုကို လျော့နည်းစေနိုင်သည်။
သုံးစွဲရန်မသင့်သော အခြေအနေများ
သုံးစွဲပုံနည်းလမ်းများ
  • ဆေးအမျိုးအစားများ
    Melatonin ဆေးသည် သောက်‌ဆေးအမျိုးအစားသာရှိပြီး ဆေးခဲ၊ ဆေးတောင့်နှင့် အရည်ပုံစံများ ဝယ်ယူရရှိနိုင်သည်။
  • ပမာဏ
    • ဆေးတစ်လုံးတွင် 1mg, 2mg, 3mg, 5mg စသည်ဖြင့် ဆေးပမာဏအမျိုးအစား များစွာရှိသည်
    • မိမိ၏ မိသားစုဆရာဝန်၊ အထူးကုဆရာဝန်များမှ ညွှန်ကြားထားသော ဆေးပမာဏအတိုင်းသာ သောက်သင့်သည်
    • သက်ဆိုင်ရာဆရာဝန်မှ တစ်ခါတစ်ရံ Melatonin ဆေးကို ဗီတာမင် ဘီစစ် (Pyridoxine) နှင့်တွဲ၍သောက်ရန် ညွှန်ကြားလေ့ရှိသည်၊ ဗီတာမင် ဘီစစ် သည် ခန္ဓာကိုယ်မှ Melatonin ဟော်မုန်း ထုတ်လုပ်မှုကို များစေသည်ဟု လေ့လာချက်များအရ သိရှိရသည်၊ ထို့ကြောင့် ဆေးအာနိသင်အပြင် ဟော်မုန်း၏ အာနိသင်ကိုပါ ကိုယ်ခန္ဓာမှ ပိုမိုရရှိစေရန် တွဲ၍သောက်သင့်သည်ဟု အကြံပြုကြသည်
  • ဆေးသောက်သုံးနည်း
    • ဆေးကို အစာနှင့်တွဲ၍ သောက်နိုင်သည်
    • ဆေးခဲများကို ရေနှင့်မျိုချ၍သာ သောက်သင့်သည်၊ ကြိတ်ဝါးခြင်း၊ ထက်ခြမ်းခွဲခြင်းများ မပြုလုပ်သင့်ပါ၊ အူလမ်းကြောင်းမှ ဆေးစုပ်ယူနှုန်း၊ ဆေးအာနိသင်များ လျော့နည်းသွားနိုင်သည်
    • ဖြစ်နိုင်လျှင် အသက်ငယ်သော က‌လေးများအတွက် ဆေးရည်ပုံစံ တိုက်သင့်သည်
  • ဆေးသောက်ချိန်နှင့် အကြိမ်အရေအတွက်
    • အများအားဖြင့် တစ်နေ့ တစ်ကြိမ်သာ၊ ညပိုင်းတွင် သောက်ရန်လိုပြီး၊ တစ်ခါတစ်ရံ တစ်ပတ်လျှင် နှစ်ကြိမ် မှ သုံးကြိမ်ခန့်သာ လိုအပ်နိုင်သည်

အချိန်ဇုန်များ ကွဲပြားခြားနားခြင်းကြောင့် ဇီဝနာရီပျက်ယွင်း၍ အိပ်မပျော်သူများ (Jet lag disorder) တွင် အနားယူအိပ်စက်မည့် နေရာရောက်ပြီးနောက် ည (၈) နာရီကျော်လျှင် ဆေးသောက်နိုင်သည်။ မနက် (၄) နာရီနောက်ပိုင်းတွင် မသောက်သင့်ပါ။ တစ်ကြိမ်လျှင် စုစုပေါင်း (၅) ရက်ခန့် ဆက်သောက်ရန် လိုနိုင်သည်။ လေယာဥ်ခရီးစဥ် မကြာခဏသွားနေရသူများအတွက် တစ်နှစ်လျှင် (၁၆) ကြိမ်ထက် ပို၍မသောက်သင့်ပါ။

အိပ်မပျော်သောရောဂါများအနက် ကာလတိုအိပ်မပျော်သည့်ရောဂါ (Acute or short -term insomnia disorder) ရှိသူများအနေဖြင့် ညမအိပ်မီ တစ်နာရီ မှ နှစ်နာရီခန့် ကြို၍ ဆေးသောက်သင့်သည်။ ယေဘုယျအားဖြင့် (၁)ပတ် မှ (၁)လအထိသာ သုံးစွဲသင့်ပြီး၊ အများဆုံး (၃) လအထိသာ သောက်သင့်သည်။ သို့ရာတွင် နာတာရှည်အိပ်မပျော်သည့်ရောဂါ (Chronic or long-term insomnia disorder) ရှိသူများနှင့် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ၊ အမူအကျင့်ပိုင်းဆိုင်ရာ ပုံမမှန်ခြင်းများရှိသော ကလေးများတွင်မူ သက်ဆိုင်ရာဆရာဝန်နှင့် ပြန်လည်တိုင်ပင်ပြသပြီး လိုအပ်ပါက ညွှန်ကြားချက်အတိုင်း သုံးလကျော်သည်အထိ သောက်နိုင်သည်။ ညအိပ်ရာမဝင်မီ နာရီဝက်ခန့် ကြိုတင်၍ သောက်သင့်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

အဖြစ်များသော်လည်း မပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများမှာ_

  • နေ့ဘက်တွင် ပင်ပန်းခြင်း၊ အိပ်ငိုက်ခြင်း
  • ပျို့ခြင်း
  • တရိပ်ရိပ်မူးခြင်း
  • ခေါင်းကိုက်ခြင်း စသည်တို့ဖြစ်သည်။

ရှားပါးသော်လည်း ပြင်းထန်တတ်သော နောက်ဆက်တွဲဆိုးကျိုးများမှာ_

  • ဗိုက်အောင့်ဗိုက်နာခြင်း
  • မျက်စိအမြင် အာရုံဝေဝါးခြင်း
  • သတိလစ်ခြင်း
  • ချာချာလည်မူးခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • ပါးစပ်ခြောက်ခြင်း
  • အရေပြားယားယံခြင်း
  • ကိုယ်လက်များ နာခြင်း
  • ညဘက် ချွေးထွက်လွန်းခြင်း
  • ညဘက် အိပ်မက်ဆိုးများ မက်တတ်ခြင်း
  • ထိခိုက်ဒဏ်ရာရလျှင် သွေးမတိတ်ခြင်း
  • အရေပြားတွင် အညိုအမည်း စွဲလွယ်ခြင်း
  • ပြင်းထန်ဓာတ်မတည့်တုံ့ပြန်မှု ဖြစ်ပွါးခြင်း စသည်တို့ဖြစ်သည်။
သတိပြုသင့်သည့်အချက်များ

Melatonin ဆေးသည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သန္ဓေအောင်နိုင်စွမ်း (မျိုးပွါးနိုင်စွမ်း)ကို ထိခိုက်စေခြင်းမရှိပါ။ သို့သော် ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးသောက်ခြင်းကို ရှောင်ကြဥ်သင့်သည်။ နို့တိုက်မိခင်များတွင် ကိုယ်ခန္ဓာမှ ပုံမှန်ထုတ်သော Melatonin ဟော်မုန်းသည် မိခင်နို့တွင် ပမာဏအနည်းငယ် ပါသော်လည်း ကလေးအတွက် အန္တရာယ်နည်းပါးသည်ဟု ယူဆကြသည်။ ထို့ကြောင့် နို့တိုက်နေသော ကာလများတွင် မိခင်သည် လိုအပ်ပါက ဆေးသောက်နိုင်သည်။ သို့သော် မဖြစ်မနေလိုအပ်မှသာ ရက်ပိုင်းခန့် သောက်သင့်ပြီး အရေးကြီးသည်မှာ ဆေးသောက်ထားပြီးနောက် ညအိပ်ချိန်တွင် ကလေးနှင့် အိပ်ရာခွဲအိပ်ရန် လိုအပ်သည်။ Melatonin ဆေးကို မိခင်မှ ‌ရေရှည်စွဲသောက်မိပါက နို့စို့ကလေးတွင် မှိန်းခြင်း၊ အိပ်ချိန်များလွန်းခြင်း စသည့်လက္ခဏာများ တစ်ခါတစ်ရံ တွေ့ရတတ်သည်။

အခြားရောဂါများအတွက် ဆေးဝါးအချို့ စွဲသောက်နေရသူများတွင် Melatonin ဆေးကိုသောက်ရန် လိုအပ်လာပါက မိမိ၏ မိသားစုဆရာဝန်ကို တိုင်ပင်ဆွေးနွေးပြီး ဆရာဝန် ညွှန်ကြားချက်ရှိမှသာ သောက်သင့်သည်။ ဥပမာ_

  • စိတ်ကျရောဂါ ကုသဆေးများ (Amitriptyline)
  • သွေးပေါင်ကျဆေးများ (Antihypertensive ‌agents)
  • ဆီးချိုထိန်းဆေးများ (Oral hypoglycemic agents)
  • အတက်ကျဆေးများ (Carbamazepine)
  • ဒိုင်ယာဇီပန်အုပ်စုဝင် အိပ်ဆေးများ (Diazepam, Temazepam)
  • အခြားအုပ်စုဝင် အိပ်ဆေးများ (Zolpidem, Zopiclone)
  • စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျ အကိုက်အခဲပျောက်ဆေးများ (Ibuprofen, Diclofenac, Naproxen)
  • မော်ဖင်း (Morphine)၊ ကိုဒင်း (Codeine) ကဲ့သို့ အကိုက်အခဲပျောက်ဆေးအပြင်းများ (Opiate analgesic)
  • ကိုယ်ဝန်တားဆေးများ (Oral contraceptive pills)
  • သွေးမခဲဆေးများ (Warfarin) စသည့် ဆေးဝါးများသောက်သုံးနေပါက သတိထား၍ ဆရာဝန်အား ပြောပြရန်လိုသည်။

ထို့အပြင် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ တိုင်းရင်းဆေးများသောက်ခြင်းတို့သည် Melatonin ဆေး၏ အာနိသင်ကို လျော့ကျစေနိုင်သဖြင့် တွဲ၍မပြုလုပ်သင့်ကြောင်းလည်း အကြံပြုထားသည်။

အချုပ်အားဖြင့် Melatonin ဆေးကို လူကြီးများတွင်သာမက ကလေးများတွင်လည်း သုံးစွဲနိုင်သည်။ သို့ရာတွင် ရှားပါးသော်လည်း ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ရှိသောကြောင့် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်သည်။

References:

  1. WebMD. (n.d.). Melatonin – uses, side effects, and more. Retrieved January 6, 2026, from https://www.webmd.com/vitamins/ai/ingredientmono-940/melatonin
  2. Cleveland Clinic. (n.d.). Melatonin: How much should you take for a good night’s rest? Retrieved January 6, 2026, from https://health.clevelandclinic.org/melatonin-how-much-should-i-take-for-a-good-nights-rest
  3. Mayo Clinic. (n.d.). Melatonin. Retrieved January 6, 2026, from https://www.mayoclinic.org/drugs-supplements-melatonin/art-20363071
  4. NHS. (n.d.). About melatonin. Retrieved January 6, 2026, from https://www.nhs.uk/medicines/melatonin/about-melatonin/
  5. Vine, T., Brown, G. M., & Frey, B. N. (2022). Melatonin use during pregnancy and lactation: A scoping review of human studies. Retrieved January 6, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC9169489/

Published: 11 January 2025

Last updated: 10 February 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.