Diabetes mellitus – oral hypoglycemic agents (ဆီးချိုရောဂါတွင် အသုံးပြုသည့် သောက်ဆေးများ)

Diabetes mellitus – oral hypoglycemic agents (ဆီးချိုရောဂါတွင် အသုံးပြုသည့် သောက်ဆေးများ)
သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အမျိုးအစား (၂) ဆီးချိုရောဂါတွင် အသုံးပြုသော သောက်ဆေးများသည် သွေးတွင်းရှိ သကြားဓာတ်ကို ထိန်းချုပ်ပေးသော (သို့မဟုတ်) ကျစေသော ဆေးဝါးများ ဖြစ်ကြသည်။ ထိုဆေးဝါးများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း အသုံးပြုရန်လိုအပ်သည်။

ဆီးချိုရောဂါတွင် အသုံးပြုနိုင်သော သောက်ဆေးအုပ်စုများမှာ_

  • Biguanides (Metformin)
  • Sulphonylureas
  • Thiazolidinediones
  • DPP-4 Inhibitors
  • SGLT2 Inhibitors
  • Alpha Glucosidase inhibitors
  • Meglitinides
သုံးစွဲပုံနည်းလမ်းများ
Biguanides (Metformin)

မက်ဖော်မင် (Metformin) ဆေးသည် Biguanides အုပ်စုတွင် လက်ရှိအသုံးပြုသည့် တစ်မျိုးတည်းသောဆေးဖြစ်သည်။ မက်ဖော်မင်သည် အမျိုးအစား (၂) ဆီးချိုရောဂါတွင် စတင်အသုံးပြုလေ့ရှိသော အသုံးအများဆုံး ဆေးဝါးလည်းဖြစ်သည်။ မက်ဖော်မင်ကို လူနာ၏ ဆီးချိုရောဂါအခြေအနေပေါ် မူတည်၍ တစ်မျိုးတည်းဖြစ်စေ၊ အခြားသောဆီးချိုဆေးအုပ်စုများ (သို့မဟုတ်) အင်ဆူလင်တို့နှင့် တွဲဖက်၍ဖြစ်စေ အသုံးပြုနိုင်သည်။

ဆေး၏လုပ်ဆောင်ချက်များ
မက်ဖော်မင်၏ လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • သွေးတွင်းရှိ အင်ဆူလင်၏ အစွမ်းသတ္တိကို ထက်မြက်အောင် ပြုလုပ်ပေးခြင်း
  • အသည်းမှ ဂလူးကိုစ့်ထုတ်လုပ်မှုကို လျော့ကျစေခြင်း
  • သွေးတွင်းရှိ သကြားဓာတ်များကို ဆဲလ်များက ယူသုံးနိုင်အောင် အားပေးခြင်း
  • အစာအိမ်နှင့် အူလမ်းကြောင်းမှ ဂလူးကိုစ့်စုပ်ယူမှုကို လျှော့ချပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးသည်။

ရရှိနိုင်သော မက်ဖော်မင် ဆေးပုံစံအမျိုးအစားများ၊ ဆေးပမာဏနှင့် ပြင်းအားများ
မက်ဖော်မင် ဆေးအလုံးကို ပုံစံအမျိုးအစား (၂) မျိုးဖြင့် ရရှိနိုင်သည်။

  • Standard Tablet
    ထိုအမျိုးအစားမှာ ခန္ဓာကိုယ်ထဲတွင် မက်ဖော်မင်၏ လုပ်ဆောင်ချက်ကို လျင်မြန်စွာ ထုတ်လွှတ်ပေးသဖြင့် တစ်ရက်တွင် အကြိမ်ရေများစွာသောက်ရန် လိုအပ်သည်။
  • Extended Release Tablet
    ထိုအမျိုးအစားမှာ မက်ဖော်မင်၏လုပ်ဆောင်ချက်ကို တဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးသဖြင့် Standard Tablet ကဲ့သို့ အကြိမ်ရေများစွာသောက်ရန် မလိုပါ။ တစ်ရက်တွင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှသာသောက်ရန် လိုအပ်သည်။

မက်ဖော်မင် ဆေးအလုံးများကို ဆေးတစ်လုံးတွင် (၅၀၀) မီလီဂရမ်မှ စတင်ပြီး ပြင်းအားအမျိုးမျိုးဖြင့် ထုတ်လုပ်ထားကြသည်။ တစ်ရက်တွင် အများဆုံး သောက်သုံးနိုင်သည့် မက်ဖော်မင်ဆေးပမာဏမှာ (၂၀၀၀) မီလီဂရမ်ဖြစ်သည်။

ဆေးအသုံးပြုပုံ
မက်ဖော်မင်ဆေးကို စတင်အသုံးမပြုမီ ကျောက်ကပ်ဓာတ်အပါအဝင် သွေးအားနည်းခြင်း ရှိမရှိကို ကြိုတင်စစ်ဆေးရမည်။ မိမိတွင် လက်ရှိသောက်သုံးနေသော အခြားဆေးများရှိလျှင်လည်း မက်ဖော်မင်နှင့် ဓာတ်ပြုခြင်းများရှိနိုင်သောကြောင့် ဆရာဝန်ကို ကြိုတင်အသိပေးထားရမည်။ မက်ဖော်မင်ကို သောက်သုံးရာတွင် ‌ဘေးထွက်ဆိုးကျိုးနည်းစေရန် အစာနှင့်တွဲ၍ဖြစ်စေ အစာစားပြီးပြီးချင်းတွင်ဖြစ်စေ သောက်သုံးနိုင်သည်။ ဆေးကို ရေဖြင့်မျိုချ၍ သောက်သုံးရန် လိုအပ်သည်။ ဝါးစားခြင်း မပြုလုပ်ရပါ။ သောက်ရမည့် ဆေးပုံစံအမျိုးအစား၊ ဆေး၏ပမာဏနှင့် အကြိမ်အရေအတွက်တို့ကို လူနာ၏ ရောဂါအခြေအနေပေါ် မူတည်၍ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးရန် လိုအပ်သည်။

ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း
  • ဗိုက်နာခြင်း
  • မအီမသာဖြစ်ခြင်း
  • အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
  • ခေါင်းမူး၊ ခေါင်းကိုက်ခြင်း
  • ပါးစပ်ထဲတွင် အရသာပြောင်းခြင်း
  • ခန္ဓာကိုယ် အားအင်ကုန်ခန်းခြင်းများ ခံစားရနိုင်သည်။

အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများသည် သာမန်မျှသာဖြစ်ပြီး အများအားဖြင့် ဆေးကို စတင်သောက်သုံးသူများတွင်သာ အတွေ့ရများသည်။ အချိန်အနည်းငယ်အကြာတွင် သူ့အလိုအလျောက် သက်သာလေ့ရှိသည်။ သို့သော်ဆေး၏ ဘေးထွက်ဆိုးကျိုးများကို ဆက်တိုက်ခံစားနေရပါက လိုအပ်လျှင် ဆေး၏ပမာဏနှင့် ပြင်းအားကို လျှော့ချခြင်း၊ မက်ဖော်မင် (Extended Release Preparation) ဆေးများကို ပြောင်းလဲပေးခြင်းဖြင့် ဘေးထွက်ဆိုးကျိုးများကို သက်သာစေနိုင်သည်။ မက်ဖော်မင်ဆေးကို ကြာရှည်စွာ သောက်သုံးသူများတွင် ဗီတာမင် ဘီ-၁၂ ဓာတ်ချို့တဲ့ပြီး သွေးအားနည်းနိုင်သဖြင့် မက်ဖော်မင်ဆေးသောက်သုံးခြင်း (၅) နှစ်ကျော်လာပါက သွေးတွင်းဗီတာမင် ဘီ (၁၂) ဓာတ်ကို စစ်ဆေးပြီး ချို့တဲ့နေပါက ပြန်လည်ဖြည့်ပေးရသည်။

ရှားပါး၍ ပြင်းထန်သောဘေးထွက်ဆိုးကျိုးမှာ လက်တစ်အက်ဆစ် အလွန်များပြားခြင်း (Lactic Acidosis) ဖြစ်သည်။ လက်တစ်အက်စစ်များသည် အသက်ကြီးလျှင်ဖြစ်စေ၊ ခန္ဓာကိုယ်တွင်းတွင် ပြင်းထန်သောရောဂါ (ဥပမာ_ကျောက်ကပ်မကောင်းခြင်း၊ အသည်းမကောင်းခြင်း၊ နှလုံးမကောင်းခြင်းကြောင့် ရှော့ခ်ဖြစ်ခြင်း၊ ရောဂါပိုးဝင်ခြင်းကြောင့် ရှော့ခ်ဖြစ်ခြင်း) ဖြစ်လျှင် ထွက်ပေါ်လာသော ဓာတ်တစ်မျိုးဖြစ်သည်။ ထိုကဲ့သို့သော ရောဂါအခံတစ်ခုခုတွင် လက်တစ်အက်ဆစ် များနေသဖြင့် မက်ဖော်မင်ကြောင့် ပိုမိုဆိုးရွားသွားနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သည်။

ဆေးသောက်ခြင်းကို ရပ်နားရန် လိုအပ်သည့် အခြေအနေများ

  • လက်တစ်အက်ဆစ် များပြားသော အခြေအနေများ
  • ခွဲစိတ်ရန် လိုအပ်သည့် အခြေအနေများ
  • မေ့ဆေးအသုံးပြုရန် လိုအပ်သည့် အခြေအနေများ
  • အိုင်အိုဒင်းပါဝင်သော ထိုးဆေးများ အသုံးပြု၍ ရောဂါရှာဖွေရန် လိုအပ်သည့် အခြေအနေများ
  • ကျောက်ကပ်မကောင်းသော အခြေအနေများတွင် ရပ်နားထားရန် လိုအပ်သည်။

မက်ဖော်မင်သောက်သုံးခြင်းတွင် သိထားသင့်သောအရာများ

  • မက်ဖော်မင်သည် ဘေးထွက်ဆိုးကျိုးထက် ကောင်းကျိုးများသော ဆေးဖြစ်သည်၊ အများစုသော ဆေးသောက်သုံးသူများတွင် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ မတွေ့ရှိရပါ၊ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်သည့်ဆေးလည်းဖြစ်သည်
  • မက်ဖော်မင်ကြောင့် သွေးတွင်းသကြားဓာတ်ကျခြင်း (Hypoglycemia) ဖြစ်ပေါ်လေ့မရှိပါ
  • မက်ဖော်မင်ကြောင့် ကျောက်ကပ်ပျက်စီးခြင်း မဟုတ်ပါ၊ သို့သော် မက်ဖော်မင်ဆေးကို ကျောက်ကပ်မှတစ်ဆင့် စွန့်ထုတ်သဖြင့် ကျောက်ကပ်အားနည်းသောအခြေအနေများတွင် မက်ဖော်မင်ပေးခြင်းဖြင့် ကျောက်ကပ် ပိုမိုထိခိုက်နိုင်သောကြောင့် ဆေးပမာဏ လျှော့ခြင်း သို့မဟုတ် ရပ်ထားခြင်းများကို ပြုလုပ်ရမည်။

ဆေးသောက်ချိန်ကျော်ခြင်း
ဆေးသောက်သုံးရန်မေ့ခဲ့လျှင် သတိရလျှင်ရခြင်း အစာနှင့်တွဲ၍သောက်သုံးရန် လိုအပ်သည်။ သတိရသည့်အချိန်သည် နောက်တစ်ကြိမ် ဆေးသောက်သည့်အချိန်နှင့် နီးကပ်နေလျှင် မေ့သွားသည့်အကြိမ်ကို မသောက်သုံးတော့ဘဲ ပုံမှန်အတိုင်း ဆက်လက်သောက်သုံးနိုင်သည်။

Sulphonylureas

Sulphonylurea များသည် ပန်ကရိယမှ အင်ဆူလင်ထုတ်လုပ်အောင် အားပေးကူညီသော ဆေးဝါးများဖြစ်ကြသည်။ အမျိုးအစား (၂) ဆီးချိုရောဂါတွင် တစ်မျိုးတည်း အသုံးပြုနိုင်သကဲ့သို့ အခြားသော ဆီးချိုဆေးများနှင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။

Sulphonylureas အုပ်စုတွင် ပါဝင်သော ဆေးများမှာ_

  • Gliclazide (ဂလစ်ဂလယ်ဇိုက်)
  • Glipizide (ဂလစ်ပီဇိုက်)
  • Glimepiride (ဂလစ်မီပီရိုက်)
  • Tolbutamide (တိုလ်ဗျုးတစ်မိုက်)
  • Glibenclamide (ဂလစ်ဘန်ကလာမိုက်)
  • Glyburide (ဂလိုင်ဗျုရိုက်) တို့ဖြစ်ကြသည်။

ဆေး၏လုပ်ဆောင်ချက်များ
Sulphonylureas သည် ပန်ကရိယတွင်ရှိသော ဘီတာဆဲလ် (Beta Cell) ကို လှုံ့ဆော်ခြင်းဖြင့် အင်ဆူလင်ထွက်ခြင်းကို အားပေးသည်။ ထွက်လာသောအင်ဆူလင်သည် သွေးတွင်းမြင့်တက်နေသော သကြားဓာတ်ကို ကျစေသည်။

ဆေးအသုံးပြုပုံ
Sulphonylurea များသည် ဆေးအမျိုးအစားပေါ် မူတည်ကာ ဆေး၏ခန္ဓာကိုယ်တွင်း အာနိသင်ကြာချိန် ကွာခြားမှု၊ ဘေးထွက်ဆိုးကျိုးများ ကွာခြားမှု၊ အခြားသောဆေးများနှင့် ဓာတ်ပြုခြင်း ကွာခြားမှုများ ရှိနိုင်သည်။ ထို့ကြောင့် လူနာ၏ ဆီးချိုရောဂါအခြေအနေပေါ် မူတည်၍ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်ရန် လိုအပ်သည်။ ဆေးများကို အစာနှင့်ဖြစ်စေ၊ အစာမစားခင်ဖြစ်စေ သောက်သုံးနိုင်သည်။

Sulphonylurea အသုံးမပြုသင့်သော အခြေအနေများ

  • သွေးတွင်းကီတုံးနှင့် အက်ဆစ်ဓာတ်များခြင်း (Diabetes Ketoacidosis)
  • နာတာရှည် ကျောက်ကပ်လုပ်ငန်း ပျက်စီးခြင်း
  • အသည်းရောဂါများ
  • ကိုယ်ဝန်ဆောင်များ
  • ခွဲစိတ်ရန် လိုအပ်သည့် အခြေအနေများ ဖြစ်ကြသည်။

ဆေး၏ဘေးထွက်ဆိုးကျိုးများ
Sulphonylurea များတွင် ‌ဘေးထွက်ဆိုးကျိုး များစွာရှိသည့်အနက် အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးများမှာ သွေးတွင်းသကြားဓာတ်ကျခြင်းနှင့် ကိုယ်အလေးချိန်တက်ခြင်းဖြစ်သည်။ သွေးတွင်းသကြားဓာတ်ကျခြင်း၏ လက္ခဏာများမှာ အမြင်ဝေဝါးခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ချွေးထွက်ခြင်း၊ ဆာလောင်ခြင်း၊ သတိလျော့နည်းခြင်းနှင့် တက်ခြင်းများ ဖြစ်နိုင်သည်။

Thiazolidinediones (Pioglitazone)

Thiazolidinediones သည် အင်ဆူလင်၏ လုပ်ငန်းဆောင်တာများကို အားပေးကူညီခြင်း၊ အသည်းမှ သကြားဓာတ်ထုတ်လုပ်ခြင်းကို လျော့နည်းစေခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးသည်။ ဆေးများကို အစာနှင့်သော်လည်းကောင်း၊ အစာမရှိဘဲသော်လည်းကောင်း သောက်သုံးနိုင်သည်။ Thiazolidinediones ကို တစ်မျိုးတည်းသော်လည်းကောင်း၊ အခြားသော ဆီးချိုကျဆေးများနှင့်သော်လည်းကောင်း တွဲဖက်အသုံးပြုနိုင်သည်။ သွေးတွင်းသကြားဓာတ် လျှော့ချပေးခြင်းဖြင့် ဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများကို လျှော့ချပေးနိုင်သည်။

ဆေး၏ဘေးထွက်ဆိုးကျိုးများ
Thiazolidinediones ၏ ဘေးထွက်ဆိုးကျိုးမှာ_

  • နှလုံးကောင်းမွန်စွာ အလုပ်မလုပ်နိုင်ခြင်း
  • ခန္ဓာကိုယ်တွင် ရေများစုမိပြီး ဖောရောင်ခြင်း
  • အရိုးများကျိုးလွယ်ခြင်း
  • ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေ မြင့်ခြင်း
  • သွေးအားနည်းခြင်း
  • ကိုယ်အလေးချိန် တိုးလာခြင်းများ ဖြစ်နိုင်သည်။

Thiazolidinediones သည် အချို့သော နှလုံးပြဿနာများကို ပိုဆိုးစေနိုင်သဖြင့် နှလုံးအမောဖောက်ခြင်း၏ လက္ခဏာများဖြစ်သော အသက်ရှူမဝခြင်း၊ မောခြင်း၊ ခြေထောက်ဖောရောင်ခြင်းတို့ ခံစားရပါက ဆရာဝန်ကို ချက်ချင်းအသိပေးပြီး ကုသမှုခံယူရန် လိုအပ်သည်။

DPP-4 Inhibitors (DPP-4 ဆန့်ကျင်ဆေးများ)

DPP-4 ဆန့်ကျင်ဆေးများသည် ခန္ဓာကိုယ်မှထုတ်လုပ်သော အင်ခရီတင်ဟော်မုန်း (Incretin hormones – GLP 1 and GIP) ကို တိုက်ဖျက်သော DPP-4 အင်ဇိုင်း၏ လုပ်ဆောင်ချက်ကို တားမြစ်ခြင်း ဖြစ်သည်။ Incretin ဟော်မုန်းဆိုသည်မှာ အစာစားသောအခါ အစာအိမ်အူလမ်းကြောင်းမှ သဘာဝအလျောက် ထုတ်လုပ်သော ဟော်မုန်းများဖြစ်ပြီး အစာစားပြီးသောအခါ အင်ဆူလင်ထွက်ရန် အားပေးသည်။ DPP 4 အင်ဇိုင်းများသည် Incretin ဟော်မုန်းများကို လျင်မြန်စွာ ဖြိုခွဲလိုက်သည်။ ထို့ကြောင့် DPP-4 ဆန့်ကျင်ဆေးများပေးခြင်းဖြင့် အစာစားပြီးချိန် သကြားဓာတ်တက်လာသောအခါ Incretin ဟော်မုန်း ဖြိုခွဲခြင်းကို တားမြစ်ပေး၍ အင်ဆူလင်ကို ထွက်စေခြင်းဖြင့် သကြားဓာတ်ကို‌ လျော့ကျစေသည်။ DPP-4 ဆန့်ကျင်ဆေးများသည် ခန္ဓာကိုယ်တွင်းတွင် သကြားဓာတ် တက်လာသောအချိန်မှသာ သကြားဓာတ်လျော့ကျအောင် အလုပ်လုပ်ပေးသောကြောင့် သွေးတွင်းသကြားဓာတ်ကျမည့် ဘေးထွက်ဆိုးကျိုး မရှိသလောက်ရှားသည်။ DPP-4 ဆန့်ကျင်ဆေးများကို အစာနှင့်သော်လည်းကောင်း၊ အစာမရှိလျှင်သော်လည်းကောင်း သောက်သုံးနိုင်သည်။

အသုံးများသော DPP-4 ဆန့်ကျင်ဆေးများမှာ_

  • Sitagliptin (စစ်တာဂလစ်တင်)
  • Linagliptin (လီနာဂလစ်တင်)
  • Vildagliptin (ဗီလ်တာ ဂလစ်တင်)
  • Teneligliptin (တီနာလီ ဂလစ်တင်) တို့ ဖြစ်ကြသည်။

ဆေး၏ဘေးထွက်ဆိုးကျိုး

  • ခေါင်းကိုက်ခြင်း
  • ပျို့အန်ခြင်း၊ ဝမ်း‌လျှောခြင်း၊ ဗိုက်နာခြင်း
  • အဆစ်များနာကျင်ခြင်း
  • ပန်ကရိယရောင်ခြင်း
  • ကျောက်ကပ်အားနည်းခြင်း
  • အသည်း အင်ဇိုင်းတက်ခြင်းတို့ ဖြစ်နိုင်သည်။
SGLT 2 Inhibitors (SGLT 2 ဆန့်ကျင်ဆေးများ)

SGLT 2 ဆန့်ကျင်ဆေးများသည် ကျောက်ကပ်၏ သွေးတွင်းမှ သကြားဓာတ်စုပ်ယူခြင်းကို အားပေးသည့် SGLT 2 ပရိုတင်း လုပ်ဆောင်ချက်ကို တားမြစ်ပြီး ဆီးထဲတွင် သကြားဓာတ်ကို ပိုမိုစွန့်ထုတ်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေသည်။ ဆေးများကို အစာနှင့်သော်လည်းကောင်း၊ အစာမရှိလျှင်သော်လည်းကောင်း သောက်သုံးနိုင်သည်။

အသုံးပြုလေ့ရှိသော SGLT 2 ဆန့်ကျင်ဆေးများမှာ_

  • Canagliflozin
  • Dapagliflozin
  • Empagliflozin တို့ ဖြစ်ကြသည်။

SGLT 2 ဆန့်ကျင်ဆေးများကို အခြားသော ဆီးချိုကျဆေးများ အသုံးပြုနေသော်လည်း သကြားဓာတ် ကောင်းစွာမချနိုင်သူများ၊ ကိုယ်အလေးချိန်များသူများ၊ သွေးပေါင်ချိန်တက်သူများတွင် အသုံးပြုကြသည်။ နှလုံးသွေးကြောကျဥ်းရောဂါအခံရှိသူများနှင့် ကျောက်ကပ်အားနည်းသူများတွင် အသုံးပြုပါက နှလုံးအမောဖောက်ခြင်းနှင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှုကို လျှော့ချပေးနိုင်သည်။

ထို့ကြောင့် နှလုံးရောဂါအခံ၊ ကျောက်ကပ်ရောဂါအခံရှိသူများနှင့် အဝလွန်သူများတွင် ဆီးချိုရောဂါဖြစ်ပါက ဦးစားပေးအသုံးပြုသော ဆီးချိုဆေးတစ်မျိုးဖြစ်လာသည်။

ဆေး၏ အဓိကဘေးထွက်ဆိုးကျိုးများမှာ_

  • ဆီးထဲတွင် သကြားဓာတ်များကို စွန့်ထုတ်လိုက်ခြင်းကြောင့် ဘက်တီးရီးယားပိုးများ ပေါက်ဖွားပြီး၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Urinary Tract Infection)
  • လိင်အင်္ဂါ ယားယံခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
  • ခြေထောက်ဖောရောင်ခြင်း
  • သွေးပေါင်ချိန် ကျခြင်း
  • ခါးနာခြင်း
  • အရိုးအားနည်းပြီး ကျိုးလွယ်ခြင်း
  • သွေးတွင်းကီတုံးနှင့် အက်ဆစ်ဓာတ်များခြင်း (Diabetic Ketoacidosis) တို့ဖြစ်နိုင်သည်။

SGLT 2 ဆန့်ကျင်ဆေးများကို အသုံးမပြုသင့်သူများမှာ_

  • သွေးတွင်း ကီတုံးနှင့် အက်ဆစ်ဓာတ် များနေသူများ (Diabetic Ketoacidosis)
  • ကိုယ်ဝန်ဆောင် သို့မဟုတ် ကလေးရရန် ကြိုးစားနေသူများ
  • ပြင်းထန်စွာ ကျောက်ကပ်ထိခိုက် ပျက်စီးသူများ ဖြစ်ကြသည်။
Alpha-glucosidase Inhibitors (Acarbose)

အစာစားပြီးပြီးခြင်းတွင် သွေးတွင်းသကြားဓာတ် တက်လာခြင်းကို ကာကွယ်ပေးသည်။ စားလိုက်သည့် ကာဘိုဟိုက်ဒရိတ်များကို ချေဖျက်သည့် အဓိကအင်ဇိုင်းကို ဟန့်တားခြင်းဖြင့် ကာဘိုဟိုက်ဒရိတ် ချေဖျက်မှု နှေးသွားပြီး၊ အူလမ်းကြောင်းမှ သကြားဓာတ်စုပ်ယူမှု ပမာဏကို လျော့ကျစေသည်။ ထို့ကြောင့် အစာစ စားစားချင်းတွင် သောက်ရမည်ဖြစ်ပြီး အစာစားသည့် အချိန်တိုင်းတွင် သောက်ရန် (တစ်နေ့လျှင် သုံးကြိမ်) လိုအပ်သည်။ အကယ်၍ အစာမစားဖြစ်ဘဲ လွတ်သွားပါက ဆေးသောက်ရန် မလိုပါ။ အခြားသော ဆီးချိုကျဆေးများကို အသုံးပြု၍ အဆင်မပြေသူများ၊ သုံးရန်မသင့်လျော်သူများတွင်သာ အသုံးပြုလေ့ရှိသည်။

ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ_

  • ဗိုက်နာခြင်း
  • ဗိုက်တင်းခြင်း၊ လေပွခြင်း
  • ဝမ်းလျှောခြင်း တို့ဖြစ်ကြသည်။
Meglitinides (Repaglinide)

Sulphonylurea အုပ်စုကဲ့သို့ပင် ပန်ကရိယမှ အင်ဆူလင်ထုတ်လုပ်ရန် အားပေးသော ဆေးဖြစ်သည်။ သို့သော် Sulphonylurea များထက် ပိုမိုလျင်မြန်စွာအလုပ်လုပ်ပြီး အာနိသင်ပြချိန်ပိုတိုသဖြင့် ဆေးများကို အစာမစားခင်သောက်ရန် လိုအပ်သည်။အကယ်၍ အစာမစားဖြစ်ဘဲ လွတ်သွားပါက ဆေးသောက်ရန် မလိုပါ။ ဆေး၏အဓိက ဘေးထွက်ဆိုးကျိုးမှာ သွေးတွင်းသကြားဓာတ်ကျခြင်းဖြစ်ပြီး အခြား ဆီးချိုကျဆေးများနှင့် တွဲဖက်သောက်သုံးလျှင် ပို၍ဖြစ်နိုင်ခြေများသည်။ အခြားဘေးထွက်ဆိုးကျိုးများမှာ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနှင့် ဗိုက်အောင့်ခြင်းတို့ ဖြစ်ကြသည်။

သတိပြုသင့်သည့်အချက်များ

ဆီးချိုဆေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ
အများအားဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရောဂါကို အင်ဆူလင် ထိုးဆေးဖြင့် ထိန်းချုပ်ကုသကြသည်။ ဆီးချိုဆေးသောက်ဆေးများအနေနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် အသုံးပြုနိုင်သော ဆေးနှစ်မျိုးမှာ မက်ဖော်မင် (metformin) နှင့် ဂလိုင်ဗျုရိုက် (glyburide) တို့ဖြစ်သည်။ ထိုဆေးနှစ်မျိုးသည် မွေးဖွားလာမည့် ကလေးတွင် သကြားဓာတ်လျော့ကျခြင်း (neonatal hypoglycemia) နှင့် မွေးရာပါ ချို့ယွင်းချက်များ (congenital anomalies) တို့ မဖြစ်ပေါ်နိုင်သောကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် အသုံးပြု၍ ရနိုင်သော်လည်း ကျန်ဆီးချိုသောက်ဆေးများကို ကိုယ်ဝန်ဆောင်နေစဥ် အသုံးမပြုဘဲ ရပ်နားထားရမည်။ သို့သော် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရောဂါအတွက် အင်ဆူလင်ထိုးဆေးကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။

ဆီးချိုဆေးများနှင့် နို့တိုက်မိခင်များ
က‌လေးမွေးဖွားပြီး နို့တိုက်မိခင်များတွင် မက်ဖော်မင်နှင့်အင်ဆူလင်ကို စိတ်ချစွာ အသုံးပြုနိုင်သည်။ သို့သော် ကလေးမွေးဖွားပြီးချိန်တွင် သွေးတွင်းသကြားဓာတ် အပြောင်းအလဲများသောကြောင့် ဆရာဝန်နှင့်တိုင်ပင်၍ အင်ဆူလင်ပမာဏကို ညှိထိုးရန် လိုအပ်သည်။ နို့တိုက်မိခင်များသည် အခြားဆီးချိုသောက်ဆေးများကိုမူ ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ သောက်သုံးသင့်သည်။

ဆီးချိုဆေးများအလွန်အကျွံသောက်သုံးမိခြင်း
ဆီးချိုရောဂါအတွက် ဆေးများသည် ဆရာဝန်၏ လမ်းညွှန်ချက်အတိုင်း သောက်သုံးရန် အရေးကြီးသည်။ အလွန်အကျွံ သောက်သုံးမိပါက သွေးတွင်းရှိသကြားဓာတ်ကို ကျဆင်းစေသည်။ ဆီးချိုရောဂါသမားများတွင် သွေးတွင်းသကြားဓာတ်သည် (၇၀ mg/dl) အောက် လျော့နည်းခြင်းကို သကြားဓာတ်လျော့ကျခြင်း (Hypoglycemia) ဟု သတ်မှတ်သည်။ သကြားဓာတ်ကျလျှင် လူနာသည် အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရနိုင်သည်။

  • ကတုန်ကယင်ဖြစ်ခြင်း
  • ချွေးစေးပြန်ခြင်း
  • ရန်တုန်ခြင်း (နှလုံးခုန်နှုန်းမြန်ခြင်း)
  • သတိမေ့လျော့ခြင်း
  • ဗိုက်အလွန်ဆာလောင်ခြင်း
  • အာရုံစူးစိုက်ရန်ခက်ခဲခြင်း
  • မူး​ဝေခြင်း
  • ဖြူဖပ်ဖြူရော်ဖြစ်ခြင်းများ ဖြစ်နိုင်သည်။

ထိုကဲ့သို့ သကြားဓာတ်ကျခြင်း လက္ခဏာများဖြစ်ပေါ်ပါက အစာတစ်ခုခုစားခြင်း၊ ဖျော်ရည်သောက်သုံးခြင်းများ ပြုလုပ်ရမည်။ (၁၅) မိနစ်ကြာပြီးနောက် သကြားဓာတ်ကို ပြန်လည်တိုင်းတာ၍ မတက်လာပါက သကြားဓာတ်ကို ထပ်မံဖြည့်တင်းပေးရန် လိုအပ်သည်။ ထိုသို့ (၁၅) မိနစ် တစ်ခါစစ်ဆေး၍ သုံးကြိမ်မြောက် စစ်ဆေးပြီး သကြားဓာတ်ပြန်မတက်လာပါက ဆေးရုံဆေးခန်းသို့ အရေးပေါ်ပို့ဆောင်၍ ကုသမှုခံယူရန် လိုအပ်သည်။

ပြောင်းလဲတိုးတက်မှုများ

ဆီးချိုရောဂါကုသမှုတွင် မကြာသေးမီက အဓိကပြောင်းလဲမှုမှာ သွေးတွင်းသကြားဓာတ်ကို ကျစေရုံသက်သက်မဟုတ်ဘဲ လူနာ၏ အခြားရောဂါအခံများဖြစ်သည့် နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါများကိုလည်း ကာကွယ်ပေးနိုင်သော ဆေးဝါးများကို ဦးစားပေးရွေးချယ်လာခြင်း ဖြစ်သည်။ ဤအချက်သည် ဆီးချိုဆေးများကို အသုံးပြုပုံတွင် သိသာသော တိုးတက်ပြောင်းလဲမှုတစ်ခုဖြစ်သည်။

  • ဦးစားပေးကုသမှုပုံစံ ပြောင်းလဲလာခြင်း
    လူနာ၏ ကိုယ်အလေးချိန်၊ နှလုံးရောဂါအခံ၊ နာတာရှည် ကျောက်ကပ်ရောဂါအခံစသည့် အချက်များပေါ်မူတည်၍ ကုသမှုအစီအစဉ်ကို စောစီးစွာ စတင်ပြောင်းလဲလာသည်။
  • SGLT2 ဆန့်ကျင်ဆေးများ၏ အရေးပါသော အခန်းကဏ္ဍ
    SGLT2 ဆန့်ကျင်ဆေးများကို ယခုအခါ နှလုံးနှင့် ကျောက်ကပ်ရောဂါအခံရှိသော ဆီးချိုလူနာများအတွက် ပထမဦးစားပေး သို့မဟုတ် စောစီးစွာ ပေါင်းစပ်အသုံးပြုရန် အကြံပြုလာသည်။ ဤဆေးများသည် သွေးချိုကို လျှော့ချပေးရုံသာမက နှလုံးအမောဖောက်ခြင်းနှင့် ကျောက်ကပ်ပျက်စီးမှုနှုန်းကိုပါ ထိရောက်စွာ လျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိချက်အသစ်များအရ သိရသည်။
  • ဆေးဝါးပေါင်းစပ်မှု ပိုမိုတွင်ကျယ်လာခြင်း
    ဆေးအမျိုးအစားတစ်ခုတည်းသာမက ဆီးချိုဆေးအုပ်စုနှစ်ခု သို့မဟုတ် သုံးခုကို ဆေးတစ်လုံးတည်းတွင် ပေါင်းစပ်ထုတ်လုပ်ထားသော ဆေးဝါးများ ပိုမိုပေါ်ထွက်လာသည်။ ၎င်းသည် လူနာများအတွက် နေ့စဉ်ဆေးသောက်ရမည့် အကြိမ်ရေကို လျှော့ချပေးသဖြင့် ဆေးပုံမှန်သောက်သုံးမှုကို ပိုမိုကောင်းမွန်စေသည်။
  • Metformin ၏ မပြောင်းလဲသော အရေးပါမှု
    မက်ဖော်မင်သည် ၎င်း၏ ဘေးကင်းမှု၊ ထိရောက်မှုနှင့် ကုန်ကျစရိတ်သက်သာမှုတို့ကြောင့် ဆီးချိုရောဂါစတင်ကုသရာတွင် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးဆေးအဖြစ် ဆက်လက်တည်ရှိနေသည်။ သို့သော် ၎င်းနှင့်တွဲဖက်ရွေးချယ်ရမည့် အခြားဆေးဝါးများသည် လူနာတစ်ဦးချင်းစီ၏ ရောဂါအခံများအပေါ် မူတည်၍ ကွဲပြားလာသည်။

ဆက်လက်ဖတ်ရှုရန်

References:

  1. Cleveland Clinic. (n.d.). Oral diabetes medications. Retrieved September 10, 2025, from https://my.clevelandclinic.org/health/articles/12070-oral-diabetes-medications
  2. Mayo Clinic. (n.d.). Metformin (oral route): Before using. Retrieved September 10, 2025, from https://www.mayoclinic.org/drugs-supplements/metformin-oral-route/before-using/drg-20067074
  3. Mayo Clinic. (n.d.). Glipizide (oral route): Proper use. Retrieved September 10, 2025, from https://www.mayoclinic.org/drugs-supplements/glipizide-oral-route/proper-use/drg-20072046
  4. Davidson, I. D., Penman, S. H., Ralston, S. H., Strachan, M. W. J., & Hobson, R. P. (2023). Davidson’s Principles and Practice of Medicine (24th ed., pp. 733–738). Elsevier.
  5. Brown, M. J., & Sharma, P. (2023). Clinical Pharmacology (12th ed., “Endocrine system, metabolic conditions,” pp. 615–618). Elsevier.
  6. American Diabetes Association. (2024). 9. Pharmacologic approaches to glycemic treatment: Standards of care in diabetes—2024. Diabetes Care, 47(Suppl. 1), S158–S177.
  7. Davies, M. J., Aroda, R. O., et al. (2022). Management of hyperglycaemia in type 2 diabetes, 2022: A consensus report by the American Diabetes Association (ADA) and the European Association for the Study of Diabetes (EASD). Diabetologia, 65(12), 1923–1965.
  8. Zelniker, T. A., Wiviott, S. D., et al. (2022). SGLT2 inhibitors for cardiorenal protection in type 2 diabetes: A systematic review and meta-analysis. The Lancet, 400(10356), 921–931.
  9. Heerspink, H. J. L., Stefánsson, E., et al. (2021). Effects of dapagliflozin on renal outcomes in type 2 diabetes patients. The New England Journal of Medicine, 384(16), 1540–1550.

Published: 30 August 2024

Last updated: 25 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.