Cellulitis (အရေပြားနှင့် အရေပြားအောက် တစ်ရှူးလွှာများ ရောဂါပိုးဝင်ခြင်း)

Cellulitis (အရေပြားနှင့် အရေပြားအောက် တစ်ရှူးလွှာများ ရောဂါပိုးဝင်ခြင်း)

ဆဲလ်လူလိုက်တစ် (Cellulitis) သည် အရေပြားနှင့် အရေပြားအောက်ရှိ တစ်ရှူးလွှာများ ပြင်းထန်စွာ ပိုးဝင်ရောင်ရမ်းသည့် ရောဂါဖြစ်သည်။ စနစ်တကျ လျင်မြန်စွာ ကုသမှု မခံယူပါက ရောဂါပိုးသည် သွေးကြော သို့မဟုတ် ပြန်ရည်ကျိတ်များအတွင်းသို့ ပျံ့နှံ့စိမ့်ဝင်သွားနိုင်သဖြင့် အထူးပင် သတိပြုသင့်သည်။ အဆိုပါရောဂါသည် ခြေထောက်၊ ခြေဖဝါးနှင့် ခြေချောင်းများကဲ့သို့ ခန္ဓာကိုယ်အောက်ပိုင်းနေရာများတွင် အဖြစ်များသော်လည်း မည်သည့်အစိတ်အပိုင်းတွင်မဆို ဖြစ်ပွားနိုင်သည်။ ထို့ပြင် မျက်နှာ၊ လက်မောင်း၊ လက်ဖဝါးနှင့် လက်ချောင်းများတွင်လည်း အတွေ့ရများလေ့ရှိသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဖြစ်ပွားစေသည့် ပိုးမွှားများ – အဓိကအားဖြင့် Group A Streptococcus နှင့် Staphylococcus aureus (MRSA အမျိုးအစား အပါအဝင်) စသည့် ဗက်တီးရီးယားပိုးများ အရေပြားနှင့် အရေပြားအောက်ရှိ တစ်ရှူးလွှာများ အတွင်းသို့ ဝင်ရောက်ကူးစက်ခြင်းကြောင့် အဓိကဖြစ်ပွားရခြင်းဖြစ်သည်။

ပိုးဝင်နိုင်သည့်လမ်းကြောင်းများ

  • ထိခိုက်ဒဏ်ရာများ၊ ရှရာ၊ ပွန်းရာများ သို့မဟုတ် ခွဲစိတ်ဒဏ်ရာများ
  • အင်းဆက် သို့မဟုတ် ပိုးမွှားအကောင် ကိုက်ခံရခြင်း
  • အရေပြားကွဲအက်စေသည့် ရောဂါများ (ဥပမာ – ခြေချောင်းကြား မှိုပိုးဝင်ခြင်း – Athlete’s foot, နှင်းခူ – Eczema, ရေကျောက် – chickenpox)
  • ဆီးချိုရောဂါ၊ ကိုယ်ခံအားနည်းခြင်း သို့မဟုတ် ပြန်ရည်ကြောများ ရောင်ရမ်းပိတ်ဆို့ခြင်းကြောင့် ပြန်ရည်များစုပုံခြင်း (Lymphedema)
  • ဆဲလ်လူလိုက်တစ် (အရေပြားနှင့် အရေပြားအောက်ရှိ တစ်ရှူးလွှာများပိုးဝင်ခြင်း) ဖြစ်ဖူးသည့် ရောဂါရာဇဝင်ရှိခြင်း
  • ကိုယ်အလေးချိန် ပိုများနေခြင်း
ယှဉ်တွဲလာတတ်သောလက္ခဏာများ
  • ပိုးဝင်သည့် အရေပြားဧရိယာ
    • အရေပြား နီရဲလာခြင်း၊ ရောင်ရမ်းလာခြင်း
    • ကိုင်ကြည့်ပါက ပူနွေးနေခြင်း
    • ပြင်းထန်စွာ နာကျင်ခြင်း၊ ကိုက်ခဲခြင်း
    • နီရဲသည့် ဧရိယာသည် တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာခြင်း
  • ခန္ဓာကိုယ်တွင် ပြသသော လက္ခဏာများ
    • ဖျားခြင်း၊ ချမ်းတုန်ခြင်း
    • မအီမသာဖြစ်ခြင်း၊ နွမ်းနယ်ခြင်း
    • ပိုးဝင်သည့်နေရာအနီးရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းနာကျင်ခြင်း
နောက်ဆက်တွဲပြဿနာများ

စနစ်တကျကုသမှု အချိန်မီ မခံယူပါက အသက်အန္တရာယ်စိုးရိမ်ရသည့် အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • သွေးထဲ၌ ဘက်တီးရီးယားပိုးများ ပျံ့နှံ့ခြင်း (Bacteremia) – သွေးထဲတွင် ဘက်တီးရီးယားပိုးများ ပျံ့နှံ့နိုင်သကဲ့သို့ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့လည်း ရောဂါပျံ့နှံ့သွားစေနိုင်သည်
  • ပြန်ရည်ပြွန်များ ရောင်ရမ်းခြင်း (Lymphangitis) – ပြန်ရည်ကြောများ ရောင်ရမ်းလာပြီး ပြန်ရည်စီးဆင်းမှုစနစ် ထိခိုက်ပျက်စီးစေသည်
  • ပြည်တည်နာဖြစ်ခြင်း (Abscess formation) – အရေပြားအောက်ရှိ တစ်ရှူးများတွင် ပြည်များစုပုံလာ၍ ပြည်တည်နာ ဖြစ်စေသည်
  • အရွတ်နှင့် တစ်ရှူးများ ပုပ်ခြင်း (Necrotizing Fasciitis) – အရေပြားအောက်ပိုင်းရှိ အရွတ်နှင့် တစ်ရှူးလွှာများ ပုပ်သွားသည့် အသက်အန္တရာယ် အလွန်စိုးရိမ်ရသော အခြေအနေဖြစ်သည်
  • ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis) – ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ ရောဂါပိုး (ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုး) ကို လွန်လွန်ကဲကဲ တုံ့ပြန်ခြင်းကြောင့်ဖြစ်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်သည့် အခြေအနေတစ်ခုဖြစ်သည်၊ ခန္ဓာကိုယ်၏ လွန်ကဲစွာတုန့်ပြန်မှုကြောင့် တစ်ရှူးနှင့်ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးပြီး အချိန်မီကုသမှု မခံယူခဲ့လျှင် အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ပထမဦးစွာ အခြေအနေ ပြင်းထန်မှု ရှိမရှိ သေချာစေရန် မိသားစုဆရာဝန်ထံ ပြသ၍ တိုင်ပင်ဆွေးနွေးသင့်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကု ဆရာဝန်များနှင့် ပူးတွဲကုသခြင်း သို့မဟုတ် လွှဲပြောင်းကုသမှုများကို မိသားစုဆရာဝန်မှ ပြုလုပ်ပေးလိမ့်မည်။

ဆေးရုံ၊ ဆေးခန်းအရေးပေါ်ပြသရန် လိုအပ်သော အခြေအနေများ

  • အရေပြား နီရဲရောင်ရမ်းသည့် ဧရိယာ ပိုမိုမြန်ဆန်စွာ ကျယ်ပြန့်လာခြင်း
  • အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း၊ ဂယောင်ဂတမ်း ဖြစ်ခြင်း
  • အရေပြားတွင် အရည်ကြည်ဖုများ၊ အမဲကွက်များ ထွက်ပေါ်လာခြင်း သို့မဟုတ် ပြင်းထန်စွာ နာကျင်လာခြင်း
  • မျက်နှာ သို့မဟုတ် မျက်လုံးတစ်ဝိုက် အရေပြား ရောင်ရမ်းနီရဲလာခြင်း
  • ဆီးချိုရောဂါ သို့မဟုတ် ကိုယ်ခံအားနည်းသည့် ရောဂါအခံရှိသူများ
ရောဂါရှာဖွေခြင်း

အရေပြားနှင့် အရေပြားအောက်ရှိ တစ်ရှူးလွှာများ ရောဂါပိုးဝင်ရောက်ခြင်းအတွက် ဆရာဝန်မှ အောက်ပါများကို စမ်းသပ်စစ်ဆေးလေ့ရှိသည်။

  1. ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း (Physical examination)
  2. ဓာတ်မှန် (Xray) သို့မဟုတ် အာထရာဆောင်း (Ultrasound) ရိုက်ခြင်း (Imaging)
  3. သွေး (Blood test) နှင့် ပိုးမွေး စစ်ဆေးခြင်း (Pus for culture & sensitivity)
  • ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း
    • လူနာ၏ ရောဂါရာဇဝင်များကို အသေးစိတ် မေးမြန်းခြင်းအပြင် အရေပြား၏ နီရဲမှု၊ ရောင်ရမ်းမှုနှင့် ပူနွေးမှုကို ကြည့်ရှုစမ်းသပ်ခြင်း (နီရဲသည့် အနားသတ်များကို ဘောပင်ဖြင့် ဝိုင်းမှတ်ထားပြီး ပိုးပျံ့နှံ့မှုကို စောင့်ကြည့်လေ့ရှိသည်)
  • ဓာတ်မှန် (Xray) သို့မဟုတ် အာထရာဆောင်း (Ultrasound) ရိုက်ခြင်း (Imaging)
    • အရေပြားအောက်တွင် ပြည်တည်နာ သို့မဟုတ် အခြားနက်ရှိုင်းသော ပိုးဝင်မှုများ ရှိမရှိ စစ်ဆေးခြင်း၊ ပုံရိပ်ဖော်ရိုက်ကူးခြင်း
  • သွေးစစ်ဆေးခြင်း (Blood test) နှင့် ရောဂါပိုးမွေးစစ်ဆေးခြင်း (culture & sensitivity)
    • သွေးစစ်ဆေး၍ ပိုးဝင်ရောက်မှု ပြင်းထန်ပုံနှင့် သွေးအတွင်း ပိုးဆိပ်ပျံ့နှံ့ခြင်း ရှိမရှိ စစ်ဆေးဖော်ထုတ်ခြင်း
    • ဒဏ်ရာမှ ထွက်သော ပြည် သို့မဟုတ် အရည်ကို ပိုးမွေးစစ်ဆေးခြင်း (Wound Culture) – ကူးစက်စေသည့် ဗက်တီးရီးယား အမျိုးအစားကို တိကျစွာ ခွဲခြားသိရှိနိုင်ရန် စမ်းသပ်ခြင်းဖြစ်သည်

ရှေးဦးကုသခြင်း
ကုသမှု မခံယူမီ သို့မဟုတ် ခွဲစိတ်ကုသမှု ခံယူပြီးနောက်တွင် ဝေဒနာများ သက်သာစေရန်အတွက် အောက်ပါရှေးဦးပြုစုသည့်နည်းလမ်းများကို ဆောင်ရွက်နိုင်သည်။

  • ဒဏ်ရာကို သန့်ရှင်းစင်ကြယ်စွာ ထိန်းသိမ်းခြင်း – အရေပြားပေါ်ရှိ ထိခိုက်ရှရာ သို့မဟုတ် ပွန်းရာများကို ရေ၊ ဆပ်ပြာအပျော့စားတို့ဖြင့် စနစ်တကျ ဆေးကြောပြီး ပလာစတာ သို့မဟုတ် သန့်ရှင်းသော ပတ်တီးစဖြင့် လုံခြုံစွာ အုပ်စည်းထားရမည်
  • ထိခိုက်ထားသော အစိတ်အပိုင်းကို မြှောက်ထားခြင်း – ရောဂါပိုးဝင်သည့်နေရာသည် ခြေထောက် သို့မဟုတ် လက်တွင် ဖြစ်ပါက ရောင်ရမ်းမှု ကျဆင်းစေရန်အတွက် ခေါင်းအုံးခံ၍ နှလုံးအမြင့် အထက်သို့ မြှောက်ပေးထားရမည်
  • လုံလောက်စွာ အနားယူခြင်း – ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်ရေးအတွက် ပြည့်ဝစွာ အနားယူရန် လိုအပ်သည်
  • နွေးထွေးသောအဝတ်စ ကပ်ပေးခြင်း – နာကျင်ခံစားရမှုနှင့် ရောင်ရမ်းသည့် လက္ခဏာများ သက်သာလာစေရန် ပိုးဝင်ရောင်ရမ်းနေသည့် နေရာပေါ်သို့ ရေနွေးအဝတ် သို့မဟုတ် အဝတ်နွေးနွေး ကပ်ပေးနိုင်သည်။
ကုသခြင်း

အရေပြားနှင့် အရေပြားအောက်ရှိ တစ်ရှူးလွှာများ ရောဂါပိုးဝင်ရောက်ခြင်း ကုသရာတွင် ပဋိဇီဝပိုးသတ်ဆေးဝါးများ (Antibiotics) ကို အဓိကသုံးစွဲရမည်ဖြစ်သည်။

  1. ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်း
    • ဖြစ်နိုင်ခြေရှိသော ဘက်တီးရီးယား အမျိုးအစားပေါ် မူတည်၍ အခြေခံ၍ သင့်လျော်သော ပဋိဇီဝပိုးသတ်ဆေးများ ပေးရသည်
    • ဆရာဝန် ညွှန်ကြားထားသော ဆေးပမာဏနှင့် သောက်သုံးရမည့် ရက်အတိုင်း ဆေးများကို တိကျစွာ လိုက်နာသောက်သုံးရမည်
    • အထူးသဖြင့် ဆီးချိုရောဂါ ခံစားနေရသူများ၊ ကိုယ်ခံအား ကျဆင်းနေသူများ သို့မဟုတ် ပိုးဝင်ရောက်မှု ပျံ့နှံ့နေသူများတွင် ဓာတ်ခွဲခန်းရှိ ပိုးမွေးမှုအဖြေ (Culture result) ပေါ် မူတည်၍ သင့်လျော်သော ပဋိဇီဝပိုးသတ်ဆေးများကို တိကျစွာ ညွှန်ကြားပေးလေ့ရှိသည်
    • သောက်ဆေး ပဋိဇီဝဆေးများ (Oral Antibiotics) – ရောဂါအခြေအနေ မပြင်းထန်ပါက ဆရာဝန် ညွှန်ကြားသော ပဋိဇီဝဆေးဝါးသောက်ဆေးများကို ဆေးပတ်လည်အောင် သောက်သုံးရန် လိုအပ်သည်
    • ထိုးဆေး ပဋိဇီဝဆေးများ (IV Antibiotics) – ရောဂါ အခြေအနေ ပြင်းထန်သူများ သို့မဟုတ် သောက်ဆေးဖြင့် သက်သာမှု မရှိသူများတွင် သွေးပြန်ကြောမှတစ်ဆင့် ဆေးထိုးကုသမှု ခံယူရမည်။
  2. လက္ခဏာသက်သာစေသော ​ကုသမှုများ (symptomatic/supportive treatment)
    • နာကျင်ခံစားရမှု သက်သာစေရန် အကိုက်အခဲပျောက်ဆေးများ (Paracetamol, NSAIDs) ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာသောက်သုံးသင့်သည်
  3. ခွဲစိတ်၍ ပြည်ဖောက်ထုတ်ခြင်း (Surgical Drainage)
    • အရေပြားအောက်ခြေ၌ ပြည်တည်ခြင်း (Abscess) ဖြစ်ပေါ်လာပါက တစ်ရှူးများအတွင်း စုပုံနေသော ပြည်များအားလုံးကို စင်ကြယ်သွားစေရန် ခွဲစိတ်ဖောက်ထုတ်ခြင်း ပြုလုပ်မည်ဖြစ်သည်
ကာကွယ်ခြင်း
  • အရေပြား ဒဏ်ရာများကို စနစ်တကျ ပြုစုပါ
    • ဒဏ်ရာရရှိပါက ချက်ချင်း ရေဆေးကြောပြီး ပလာစတာ သို့မဟုတ် သန့်ရှင်းသော ပတ်တီးစဖြင့် ကာကွယ်ထားပါ
  • အရေပြား စိုစွတ်မှု ထိန်းသိမ်းပါ
    • အရေပြား ခြောက်သွေ့ကွဲအက်ခြင်းမရှိစေရန် အစိုဓါတ်လိမ်းခရင် (Moisturizer) ပုံမှန်လိမ်းပါ
  • ခြေထောက်နှင့် ခြေသည်း သန့်ရှင်းရေး ဂရုပြုပါ
    • ခြေသည်းများကို တိကျစွာ ပုံမှန်ညှပ်ပေးရန်လိုအပ်ပြီး ခြေချောင်းကြား မှိုပိုးဝင်ခြင်း (Athlete’s foot) ကဲ့သို့သော ရောဂါများ ဖြစ်ပွားပါက လျင်မြန်စွာ ကုသမှု ခံယူရမည်
  • ကာကွယ်ရေး အကာအကွယ်များ ဝတ်ဆင်ပါ
    • အလုပ်လုပ်ဆောင်စဉ် သို့မဟုတ် အားကစားပြုလုပ်စဉ် ထိခိုက်ဒဏ်ရာ မရရှိစေရေးအတွက် လက်အိတ်၊ ခြေအိတ်နှင့် ဖိနပ်များကို စနစ်တကျ ဝတ်ဆင်ထားသင့်သည်
  • ရောဂါအခံများကို စနစ်တကျ ထိန်းချုပ်ပါ
    • ဆီးချိုရောဂါ သို့မဟုတ် သွေးလှည့်ပတ်မှုစနစ် ပုံမှန်မဟုတ်သော မူလရောဂါ အခံရှိသူများအနေဖြင့် မိမိ၏ ကျန်းမာရေးအခြေအနေကို သေချာစွာ ထိန်းသိမ်းထားရမည်။

References:

  1. Cleveland Clinic. (n.d.). Cellulitis. Retrieved October 8, 2026, from https://my.clevelandclinic.org/health/diseases/15071-cellulitis
  2. Mayo Clinic. (n.d.). Cellulitis: Symptoms and causes. Retrieved October 8, 2026, from https://www.mayoclinic.org/diseases-conditions/cellulitis/symptoms-causes/syc-20370762

Published: 13 November 2026

Share

17 October 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.