Erythema nodosum (EN) (အရေပြားအောက်အဆီလွှာရောင်ရမ်း၍ ဖြစ်သောအဖုများ)

Erythema nodosum (EN) (အရေပြားအောက်အဆီလွှာရောင်ရမ်း၍ ဖြစ်သောအဖုများ)

Erythema nodosum (EN) သည် အရေပြားအောက်ရှိ အဆီလွှာ ရောင်ရမ်းခြင်း (Panniculitis) အမျိုးအစားတစ်ခုဖြစ်ပြီး အများအားဖြင့် ခြေသလုံးအရှေ့ဘက် နှစ်ဖက်စလုံးတွင် နာကျင်၍ နီရဲသော အဖုများ ထွက်ပေါ်လာလေ့ရှိသည်။

Erythema nodosum ဖြစ်ပွားသူအချို့တွင် တိကျသောအကြောင်းရင်းကို မတွေ့ရှိနိုင်သော်လည်း ရောဂါပိုးကူးစက်ခြင်း၊ ဆေးဝါးအချို့၊ အခြားရောဂါအခံများနှင့် ကိုယ်ဝန်ဆောင်ခြင်းတို့နှင့် ဆက်စပ်၍ ဖြစ်ပေါ်နိုင်သည်။ ယေဘုယျအားဖြင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က အကြောင်းရင်းတစ်ခုခုအပေါ် တုံ့ပြန်မှုလွန်ကဲခြင်း (Hypersensitivity reaction) ကြောင့် အရေပြားအောက်ရှိ အဆီလွှာတွင် ရောင်ရမ်းမှု ဖြစ်ပေါ်လာခြင်းဟု ယူဆထားသည်။

Erythema nodosum သည် အများအားဖြင့် ပြင်းထန်သောရောဂါမဟုတ်ပါ။ အဖုများသည် အနာဖြစ်ခြင်း သို့မဟုတ် အမာရွတ်ကျန်ခြင်းမရှိဘဲ ရက်သတ္တပတ်အနည်းငယ်အတွင်း တဖြည်းဖြည်း သက်သာပျောက်ကင်းသွားလေ့ရှိသည်။ သက်သာလာချိန်တွင် အဖုများသည် ပွန်းပဲ့ဒဏ်ရာကဲ့သို့ အနီရောင်မှ ခရမ်းရောင်၊ အပြာရောင် သို့မဟုတ် အဝါရောင်သို့ တဖြည်းဖြည်း အရောင်ပြောင်းသွားနိုင်ပြီး အချို့သူများတွင် နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပွားနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

Erythema nodosum (EN) သည် ရောဂါပိုးကူးစက်ခြင်း၊ ဆေးဝါးအချို့ သို့မဟုတ် အခြားရောဂါအခြေအနေများအပေါ် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က တုံ့ပြန်မှုလွန်ကဲခြင်း (Hypersensitivity reaction) ကြောင့် ဖြစ်ပေါ်လာသည်ဟု ယူဆရသည်။ သို့သော် ဖြစ်ပွားသူအချို့တွင် စစ်ဆေးပြီးနောက်၌ပင် တိကျသောအကြောင်းရင်းကို ရှာဖွေမတွေ့ရှိနိုင်ဘဲ အကြောင်းရင်းမသိရသော အခြေအနေ (Idiopathic) အဖြစ် သတ်မှတ်ရတတ်သည်။

Erythema nodosum ဖြစ်ပေါ်ခြင်းနှင့် ဆက်စပ်နိုင်သော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ရောဂါပိုးကူးစက်ခြင်း
    • Streptococcus ဘက်တီးရီးယားပိုးကြောင့် လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်းသည် အဖြစ်များသောအကြောင်းရင်းတစ်ခုဖြစ်ပြီး အထူးသဖြင့် ကလေးနှင့် လူငယ်များတွင် တွေ့ရတတ်သည်
    • ထို့အပြင် တီဘီရောဂါ (Tuberculosis)၊ Mycoplasma pneumoniae ပိုးကူးစက်ခြင်းနှင့် အချို့သော မှိုပိုးကူးစက်ရောဂါများကြောင့်လည်း ဖြစ်ပေါ်နိုင်သည်
  • အူလမ်းကြောင်းရောင်ရမ်းရောဂါများ (Inflammatory bowel disease) – အူမကြီးရောင်ရမ်းနာရောဂါ (Ulcerative colitis) နှင့် ခရုန်းရောဂါ (Crohn’s disease) တို့နှင့် ဆက်စပ်၍ ဖြစ်ပေါ်နိုင်သည်
  • ကိုယ်ခံအားစနစ်နှင့် အဆစ်အမြစ်ဆိုင်ရာ ရောဂါများ – ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်သည့်ရောဂါအချို့နှင့် အဆစ်အမြစ်ရောင်ရမ်းရောဂါများတွင် တွေ့ရှိနိုင်သည်
  • ဆာကွိုက်ဒိုးစစ် (Sarcoidosis) – ဤရောင်ရမ်းရောဂါ၏ လက္ခဏာတစ်ရပ်အဖြစ် Erythema nodosum ဖြစ်ပေါ်နိုင်သည်
  • ကိုယ်ဝန်ဆောင်ခြင်း (Pregnancy) – ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်လာသော ဟော်မုန်းနှင့် ကိုယ်ခံအားစနစ်ဆိုင်ရာ ပြောင်းလဲမှုများနှင့် ဆက်စပ်၍ ဖြစ်ပေါ်နိုင်သည်
  • ဆေးဝါးအချို့ – ပဋိဇီဝပိုးသတ်ဆေးအချို့နှင့် ဟော်မုန်းပါဝင်သော ကိုယ်ဝန်တားဆေးအချို့ သုံးစွဲခြင်းနှင့် ဆက်စပ်၍ ဖြစ်ပေါ်နိုင်သည်
  • ကင်ဆာရောဂါအချို့ (Malignancy) – ရှားပါးသော်လည်း သွေးကင်ဆာနှင့် ပြန်ရည်ကျိတ်ကင်ဆာအချို့တွင် Erythema nodosum ဖြစ်ပေါ်နိုင်သည်
ဖြစ်နိုင်ခြေများသောအခြေအနေများ

မည်သူမဆို Erythema Nodosum ဖြစ်ပွားနိုင်သည်။ သို့သော် အောက်ပါအချက်များသည် ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်။

  • အမျိုးသမီးဖြစ်ခြင်း
  • အသက် ၂၀ မှ ၄၀ ကြား အရွယ်ဖြစ်ခြင်း
  • မိသားစုအတွင်း ဤရောဂါရာဇဝင် ရှိခြင်း
  • အူလမ်းကြောင်းရောင်ရမ်းသော ရောဂါ (Inflammatory bowel disease) ရှိခြင်း
ရောဂါလက္ခဏာများ

Erythema nodosum တွင် အဓိကတွေ့ရသော လက္ခဏာမှာ နာကျင်ပြီး နီရဲသော အရေပြားအောက်အဖုများ ဖြစ်သည်။ အဖုများမပေါ်မီ သို့မဟုတ် အဖုများပေါ်လာချိန်တွင် ဖျားခြင်း၊ နွမ်းနယ်ခြင်း၊ နေမကောင်းဖြစ်ခြင်းနှင့် အဆစ်အမြစ်ကိုက်ခဲခြင်းကဲ့သို့သော လက္ခဏာများလည်း တွဲဖက်ဖြစ်ပေါ်နိုင်သည်။

  • နာကျင်သော အရေပြားအောက်အဖုများ – အဖုများသည် မာကျောပြီး ပူနွေးကာ ထိတွေ့သည့်အခါ နာကျင်တတ်သည်၊ အများအားဖြင့် အချင်း (၁ – ၅) စင်တီမီတာခန့် ရှိတတ်သည်
  • ဖြစ်ပွားလေ့ရှိသောနေရာ – ခြေသလုံးအရှေ့ဘက် နှစ်ဖက်စလုံးတွင် အဖြစ်အများဆုံးဖြစ်ပြီး၊ တစ်ခါတစ်ရံ ပေါင်၊ လက်မောင်းနှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင်လည်း ဖြစ်ပေါ်နိုင်သည်
  • အဖုများ အရောင်ပြောင်းလဲခြင်း – အစပိုင်းတွင် နီရဲနေသော အဖုများသည် သက်သာလာသည်နှင့်အမျှ ခရမ်း၊ အပြာ၊ အဝါ သို့မဟုတ် အစိမ်းရောင်သို့ တဖြည်းဖြည်း ပြောင်းလဲကာ သွေးခြည်ဥခြင်း(Bruise) ကဲ့သို့ တွေ့ရနိုင်သည်
  • ဖျားခြင်းနှင့် နွမ်းနယ်ခြင်း – အဖုများမပေါ်မီ သို့မဟုတ် အဖုများပေါ်လာချိန်တွင် ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် နေမကောင်းဖြစ်ခြင်းတို့ ဖြစ်နိုင်သည်
  • အဆစ်အမြစ်နာကျင်ခြင်း – အထူးသဖြင့် ခြေကျင်းဝတ်နှင့် ဒူးအဆစ်များ နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း ဖြစ်နိုင်သည်
နောက်ဆက်တွဲပြဿနာများ

Erythema nodosum သည် အများအားဖြင့် ပြင်းထန်သောရောဂါမဟုတ်ဘဲ အဖုများသည် အနာဖြစ်ခြင်း၊ အရေပြားချိုင့်ဝင်ခြင်း သို့မဟုတ် အမာရွတ်ကျန်ခြင်းမရှိဘဲ ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာပျောက်ကင်းလေ့ရှိသည်။ သို့သော် အချို့သူများတွင် အောက်ပါပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  • အဆစ်အမြစ်နာကျင်မှု ကြာရှည်ခြင်း – အရေပြားအဖုများ သက်သာသွားပြီးနောက်တွင်ပင် အထူးသဖြင့် ခြေကျင်းဝတ်နှင့် ဒူးအဆစ်များ နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းသည် ရက်သတ္တပတ်အနည်းငယ်မှ လအနည်းငယ်အထိ ဆက်လက်ရှိနေနိုင်သည်
  • ပြန်လည်ဖြစ်ပွားခြင်း – အချို့သူများတွင် Erythema nodosum သည် နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပွားနိုင်ပြီး အထူးသဖြင့် ဖြစ်စေသော အခြေခံအကြောင်းရင်း ဆက်လက်ရှိနေပါက ထပ်ခါတလဲလဲ ဖြစ်ပေါ်နိုင်သည်
  • အခြေခံရောဂါနှင့် ဆက်စပ်သော ပြဿနာများ – Erythema nodosum ကိုယ်တိုင်ကြောင့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လေ့မရှိသော်လည်း တီဘီရောဂါ၊ အူလမ်းကြောင်းရောင်ရမ်းရောဂါ သို့မဟုတ် ဆာကွိုက်ဒိုးစစ် (Sarcoidosis) ကဲ့သို့သော အခြေခံအကြောင်းရင်းရှိပါက ထိုရောဂါနှင့်သက်ဆိုင်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ခြေထောက်များတွင် နာကျင်ပြီး နီရဲသော အရေပြားအောက်အဖုများ ရုတ်တရက်ပေါ်လာပါက မိသားစုဆရာဝန် သို့မဟုတ် အရေပြားအထူးကုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ အထူးသဖြင့် အောက်ပါအခြေအနေများ ရှိပါက ဆေးကုသမှုခံယူရန် လိုအပ်သည်။

  • အဖုများနှင့်အတူ_
    • အဖျားမကျခြင်း၊ နာတာရှည်ချောင်းဆိုးခြင်း၊ ကိုယ်အလေးချိန်ကျခြင်း သို့မဟုတ် အလွန်နွမ်းနယ်ခြင်း
    • ဗိုက်နာခြင်း၊ ဆက်တိုက် သို့မဟုတ် ပြင်းထန်စွာ ဝမ်းလျှောခြင်းကဲ့သို့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ တွဲဖက်ဖြစ်ပေါ်ခြင်း
    • ဒူး သို့မဟုတ် ခြေကျင်းဝတ်များ ပြင်းထန်စွာ နာကျင်ရောင်ရမ်းပြီး လမ်းလျှောက်ခြင်းနှင့် နေ့စဉ်လှုပ်ရှားမှုများ ထိခိုက်လာခြင်း
  • ဆေးဝါးအသစ်တစ်မျိုး စတင်သုံးစွဲပြီးနောက် အဖုများ ပေါ်လာခြင်း
  • အဖုများသည် ရက်သတ္တပတ်အနည်းငယ်ကြာသည်အထိ မသက်သာခြင်း သို့မဟုတ် ထပ်ခါတလဲလဲ ပြန်ဖြစ်ခြင်း

ထို့အပြင် အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အဖျားကြီး၍ ချမ်းတုန်ခြင်းကဲ့သို့ ပြင်းထန်သော လက္ခဏာများ ဖြစ်ပေါ်ပါက အရေးပေါ်ဆေးကုသမှု ခံယူသင့်သည်။

ရောဂါရှာဖွေခြင်း

Erythema nodosum ကို အဖုများ၏ ပုံသဏ္ဌာန်၊ ဖြစ်ပေါ်သည့်နေရာ၊ ရောဂါရာဇဝင်နှင့် ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးမှုတို့အပေါ် အခြေခံ၍ အတည်ပြုနိုင်သည်။ ထို့နောက် Erythema nodosum ဖြစ်ပေါ်စေသည့် အကြောင်းရင်းခံရှိမရှိ ရှာဖွေရန် လူနာတစ်ဦးချင်း၏ လက္ခဏာနှင့် ရောဂါရာဇဝင်ပေါ်မူတည်၍ အောက်ပါစစ်ဆေးမှုများကို လိုအပ်သလို ပြုလုပ်နိုင်သည်။

  • သွေးစစ်ဆေးခြင်း – Complete blood count (CBC)၊ C-reactive protein (CRP) သို့မဟုတ် အခြားရောင်ရမ်းမှုဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နိုင်သည်
  • Streptococcal ပိုးကူးစက်မှု စစ်ဆေးခြင်း – လည်ချောင်းတို့ဖတ်ယူစစ်ဆေးခြင်း (Throat swab) နှင့် Anti-streptolysin O (ASO) titre ကဲ့သို့သော သွေးစစ်ဆေးမှုများ ပြုလုပ်နိုင်သည်
  • တီဘီရောဂါ စစ်ဆေးခြင်း – ရောဂါဖြစ်နိုင်ခြေနှင့် ရောဂါရာဇဝင်ပေါ်မူတည်၍ Mantoux test သို့မဟုတ် Interferon-gamma release assay (IGRA) ကဲ့သို့သော စစ်ဆေးမှုများ ပြုလုပ်နိုင်သည်
  • ရင်ခေါင်းဓာတ်မှန် (Chest X-ray) – တီဘီရောဂါ သို့မဟုတ် ဆာကွိုက်ဒိုးစစ် (Sarcoidosis) ကဲ့သို့သော ရင်ခေါင်းနှင့်အဆုတ်ဆိုင်ရာ အကြောင်းရင်းများကို ရှာဖွေရန် လိုအပ်သလို ပြုလုပ်နိုင်သည်
  • အရေပြားအသားစယူစစ်ဆေးခြင်း (Skin biopsy) – ရောဂါလက္ခဏာများ မပုံမှန်ခြင်း သို့မဟုတ် ရောဂါအတည်ပြုရန် ခက်ခဲခြင်းရှိပါက အရေပြားနှင့် အရေပြားအောက်အဆီလွှာမှ နမူနာယူ၍ အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးနိုင်သည်။

ထို့အပြင် ဝမ်းဗိုက်နှင့်အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ သို့မဟုတ် အခြားရောဂါလက္ခဏာများရှိပါက သံသယရှိသော အကြောင်းရင်းခံရောဂါအလိုက် ထပ်မံစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

ကုသခြင်း

Erythema nodosum အများစုသည် အလိုအလျောက် သက်သာပျောက်ကင်းနိုင်ပြီး အဖုများသည် ပုံမှန်အားဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်း တဖြည်းဖြည်း ပျောက်ကင်းသွားလေ့ရှိသည်။ ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ နာကျင်မှုနှင့် ရောင်ရမ်းမှုကို သက်သာစေရန်နှင့် ဖြစ်ပေါ်စေသော အကြောင်းရင်းခံရှိပါက ရှာဖွေကုသရန်ဖြစ်သည်။

  • အနားယူခြင်း
    • နာကျင်မှုနှင့် ခြေထောက်ရောင်ရမ်းမှု များပြားပါက ကိုယ်လက်လှုပ်ရှားမှုကို လျှော့ချပြီး အနားယူခြင်း၊ ခြေထောက်ကို မြှင့်ထားခြင်းတို့ ပြုလုပ်နိုင်သည်
  • နာကျင်မှုနှင့် ရောင်ရမ်းမှု သက်သာစေခြင်း
    • လိုအပ်ပါက Paracetamol သို့မဟုတ် စတီးရွိုက်မဟုတ်သော အရောင်ကျအကိုက်အခဲပျောက်ဆေးများ (NSAIDs) ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်သည်
    • သို့သော် အချို့သော အစာအိမ်နှင့် အူလမ်းကြောင်းရောင်ရမ်းရောဂါရှိသူများတွင် NSAIDs သည် ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်သင့်သည်
  • ဖြစ်စေသော ဆေးဝါးများကို ပြန်လည်သုံးသပ်ခြင်း
    • ဆေးဝါးတစ်မျိုးမျိုးကြောင့် ဖြစ်ပေါ်သည်ဟု သံသယရှိပါက မိမိသဘောဖြင့် ရပ်တန့်ခြင်းမပြုဘဲ ဆရာဝန်နှင့် တိုင်ပင်၍ ဆေးဝါးကို ရပ်တန့်ရန် သို့မဟုတ် ပြောင်းလဲရန် စဉ်းစားနိုင်သည်
  • အကြောင်းရင်းခံကို ကုသခြင်း
    • Streptococcal ပိုးဝင်ခြင်းကဲ့သို့ အတည်ပြုထားသော ဘက်တီးရီးယားပိုးဝင်မှုရှိပါက သင့်လျော်သော ပဋိဇီဝပိုးသတ်ဆေးဖြင့် ကုသနိုင်သည်
    • တီဘီရောဂါ၊ အူလမ်းကြောင်းရောင်ရမ်းရောဂါ သို့မဟုတ် အခြားအကြောင်းရင်းခံရောဂါရှိပါကလည်း သက်ဆိုင်ရာရောဂါကို စနစ်တကျ ကုသရန် လိုအပ်သည်
  • ပြင်းထန်သော သို့မဟုတ် ကြာရှည်သော အခြေအနေများ
    • ပုံမှန်ကုသမှုဖြင့် မသက်သာဘဲ လက္ခဏာများ ပြင်းထန်နေပါက အထူးကုဆရာဝန်၏ ကြီးကြပ်မှုဖြင့် Corticosteroids သို့မဟုတ် အခြားဆေးဝါးများကို အချို့အခြေအနေများတွင် စဉ်းစားနိုင်သည်
    • သို့သော် Corticosteroids မပေးမီ ပိုးဝင်ခြင်းနှင့် အထူးသဖြင့် တီဘီရောဂါကဲ့သို့သော အကြောင်းရင်းများကို သေချာစွာ စစ်ဆေးရန် အရေးကြီးသည်
ကာကွယ်ခြင်း

Erythema nodosum ကို အပြည့်အဝ ကာကွယ်နိုင်သည့် သီးခြားနည်းလမ်း မရှိပါ။ သို့သော် ဖြစ်ပေါ်စေသော အကြောင်းရင်းကို သိရှိနိုင်ပါက ထိုအကြောင်းရင်းကို စနစ်တကျ ကာကွယ်ကုသထိန်းချုပ်ခြင်းဖြင့် ပြန်လည်ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်။

  • Erythema nodosum ဖြစ်ပေါ်မှုနှင့် ဆက်စပ်ကြောင်း သိရှိထားသော ဆေးဝါးများရှိပါက ဆရာဝန်နှင့် တိုင်ပင်၍ ရှောင်ကြဉ်ခြင်း သို့မဟုတ် အစားထိုးဆေးဝါး အသုံးပြုခြင်း
  • တီဘီရောဂါ၊ Streptococcal ပိုးဝင်ခြင်း၊ အူလမ်းကြောင်းရောင်ရမ်းရောဂါနှင့် အခြားဆက်စပ်ရောဂါများရှိပါက သင့်လျော်သော ကုသမှုကို စနစ်တကျ ခံယူခြင်း
  • ရောဂါပြန်လည်ဖြစ်ပွားပါက ဖြစ်ပေါ်စေသော အကြောင်းရင်းကို ပြန်လည်ရှာဖွေ၍ သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ကုသခြင်း

ယေဘုယျအားဖြင့် ကူးစက်ရောဂါရှိသူများနှင့် ဝေးဝေးနေခြင်းတစ်ခုတည်းဖြင့် Erythema nodosum ကို တိတိကျကျ ကာကွယ်နိုင်ခြင်းမရှိပါ။

References:

  1. Cleveland Clinic. (n.d.). Erythema nodosum. Retrieved August 5, 2026, from https://my.clevelandclinic.org/health/diseases/24565-erythema-nodosum
  2. DermNet. (n.d.). Erythema nodosum. Retrieved August 5, 2026, from https://dermnetnz.org/topics/erythema-nodosum
  3. Pérez-Garza, D. M., Chavez-Alvarez, S., Ocampo-Candiani, J., & Gomez-Flores, M. (2021). Erythema nodosum: A practical approach and diagnostic algorithm. American Journal of Clinical Dermatology, 22(3), 367–378. https://doi.org/10.1007/s40257-021-00592-w
  4. Schwartz, R. A., & Nervi, S. J. (2007). Erythema nodosum: A sign of systemic disease. American Family Physician, 75(5), 695–700.

Published: 30 August 2026

Share

30 August 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.