Sarcoidosis (ဆာကွိုက်ဒိုးဆစ်ရောဂါ)

Sarcoidosis (ဆာကွိုက်ဒိုးဆစ်ရောဂါ)

ဆာကွိုက်ဒိုးဆစ်ရောဂါ (Sarcoidosis) ဆိုသည်မှာ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် မူမမှန်လွန်ကဲစွာတုံ့ပြန်ပြီး ကိုယ်ခန္ဓာတွင် သေးငယ်သည့် အကျိတ်များ (Granuloma) ဖြစ်စေတတ်သည့် ရောဂါအခြေအနေတစ်ခုဖြစ်သည်။ အဆိုပါအကျိတ်ငယ်များသည် အဆုတ်နှင့် ရင်ဘတ်ထဲရှိ ပြန်ရည်ကျိတ် (Lymph nodes) များတွင် အများဆုံးဖြစ်ပွားနိုင်သကဲ့သို့ မျက်လုံး၊ အရေပြား၊ နှလုံးနှင့် အခြားကိုယ်တွင်းအင်္ဂါများတွင်လည်း တွေ့ရနိုင်သည်။

အကျိတ်ဖြစ်ပေါ်သောနေရာများနှင့် အကျိတ်အရွယ်အစားများပေါ် မူတည်ပြီး ရောဂါလက္ခဏာ မပြခြင်းလည်း ရှိနိုင်သကဲ့သို့ လက္ခဏာအပျော့စားမှ ပြင်းထန်သောအဆင့်အထိလည်း ခံစားရနိုင်သည်။ အချို့အခြေအနေများတွင် (အထူးသဖြင့် အဆုတ်ထဲတွင်) အကျိတ်ငယ်များ ဖြစ်ပေါ်သည့်အဆင့်ထက် ကျော်လွန်ပြီး အမာရွတ်များ ဖြစ်ပွားတတ်သည်။ အရေပြား၊ မျက်လုံး သို့မဟုတ် ကြွက်သားများတွင် ဖြစ်ပါက သိသာထင်ရှားသော လက္ခဏာများကို ခံစားရနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဆာကွိုက်ဒိုးဆစ်ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းအတိအကျကို မသိရသေးပါ။ မျိုးဗီဇအရ ဖြစ်နိုင်ခြေများသောသူများတွင် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဓာတုပစ္စည်း၊ ဖုန်မှုန့် သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ လှုံ့ဆော်ပစ္စည်းတစ်ခုခုကို ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က မူမမှန်လွန်ကဲစွာ တုံ့ပြန်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်ဟု ပညာရှင်များက ယူဆကြသည်။

ထိုကဲ့သို့ ကိုယ်ခံအားစနစ် လွန်ကဲစွာ တုံ့ပြန်သောအခါ ရောင်ရမ်းမှုများ ဖြစ်ပေါ်လာပြီး၊ ထိုရောင်ရမ်းသော နေရာများ၌ သွေးဖြူဥများ စုဝေးကာ အကျိတ်ငယ်များ (Granuloma) များ ဖွဲ့စည်းလာသည်။ Granuloma များသည် ကင်ဆာအကျိတ်များ မဟုတ်သော်လည်း ကိုယ်တွင်းအင်္ဂါတစ်ခုခုတွင် အများအပြား စုပုံလာပါက ထိုကိုယ်တွင်းအင်္ဂါ၏ ပုံမှန်လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်သည်။ အထူးသဖြင့် အဆုတ်၊ ရင်ဘတ်အတွင်းရှိ ပြန်ရည်ကျိတ်များ၊ မျက်လုံး၊ အရေပြား၊ နှလုံးနှင့် အခြားကိုယ်တွင်းအင်္ဂါများတွင် Granuloma များ စုပုံလာနိုင်သည်။ အချို့အခြေအနေများတွင် နာတာရှည်ရောင်ရမ်းမှုကြောင့် အမာရွတ်တစ်ရှူးများ ဖြစ်ပေါ်လာပြီး ကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းဆောင်တာကို ရေရှည်ထိခိုက်စေနိုင်သည်။

ရောဂါဖြစ်နိုင်ခြေများသူများ

ဆာကွိုက်ဒိုးဆစ်ရောဂါသည် မည်သူတွင်မဆို ဖြစ်နိုင်သော်လည်း ရောဂါဖြစ်ပွားမှု အများစုသည် အသက် (၂၅)နှစ် မှ (၄၀)အကြားတွင် ဖြစ်လေ့ရှိသည်။ လူဖြူများထက် လူမည်းများတွင် ပိုမိုအဖြစ်များသည်။ အမျိုးသားများထက် အမျိုးသမီးများတွင်လည်း အနည်းငယ် ပိုမိုဖြစ်ပွားတတ်သည်။

ဆာကွိုက်ဒိုးဆစ်ရောဂါသည် မျိုးရိုးလိုက်တတ်သော ရောဂါတစ်ခုမဟုတ်သော်လည်း မိမိ၏ သွေးသားရင်းချာ (မိဘ၊ သားသမီး သို့မဟုတ် မောင်နှမ) တွင် ယင်းရောဂါရှိပါက မိမိ၌ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။

ရောဂါလက္ခဏာများ

Sarcoidosis ရောဂါလက္ခဏာများသည် ဖြစ်ပွားသော ကိုယ်အင်္ဂါအစိတ်အပိုင်းနှင့် ပြင်းထန်မှုပေါ် မူတည်၍ တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားမှု ရှိတတ်သည်။ အချို့လူနာများတွင် ဆာကွိုက်ဒိုးဆစ်ရောဂါသည် နာတာရှည်လက္ခဏာများ ဖြစ်ပေါ် တတ်ပြီး အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပိုဆိုးလာတတ်သလို အချို့လူနာများတွင်မူ ရောဂါလက္ခဏာများ ရုတ်တရက်ပေါ်ပေါက်လာပြီး သူ့အလိုလို လျင်မြန်စွာ ပြန်လည်ပျောက်ကင်းသွားသည်ကို တွေ့ရတတ်သည်။ ရောဂါရှိသူအများစုတွင် မည်သည့်လက္ခဏာမျှ ပြသခြင်းမရှိဘဲ အခြားအကြောင်းရင်းတစ်ခုခုကြောင့် ရင်ဘတ်ဓာတ်မှန် (Chest X-ray) ရိုက်ကူးချိန်တွင် ရောဂါကို အမှတ်မထင် တွေ့ရလေ့ရှိသည်။

ယေဘုယျရောဂါလက္ခဏာများ

ရောဂါအစပိုင်းတွင် အောက်ပါလက္ခဏာများ အဖြစ်များသည်။

  • အလွန်နုံးခွေမောပန်းခြင်း
  • အဖျားငွေ့ငွေ့ရှိခြင်း
  • ရင်ဘတ်၊ လည်ပင်း၊ ဂျိုင်း သို့မဟုတ် ပေါင်ခြံ တို့ရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
  • ကိုယ်အလေးချိန် ကျဆင်းခြင်း
  • ခြေကျင်းဝတ်ကဲ့သို့သော အဆစ်အမြစ်များ နာကျင်ကိုက်ခဲပြီး ရောင်ရမ်းခြင်း
  • အဆုတ်ဆိုင်ရာ လက္ခဏာများ
    ဆာကွိုက်ဒိုးဆစ်ရောဂါသည် အဆုတ်တွင် အဖြစ်အများဆုံးဖြစ်ပြီး အောက်ပါအဆုတ်ဆိုင်ရာ ပြဿနာများကို ဖြစ်ပွားစေနိုင်သည်။
    • ဆက်တိုက်ချောင်းဆိုးခြင်း (ချောင်းခြောက်ဆိုးခြင်း)
    • မောပန်းခြင်း၊ အသက်ရှူမဝခြင်း
    • အသက်ရှူထုတ်ချိန်တွင် တရွှီရွှီမြည်သံ ထွက်ပေါ်ခြင်း (Wheezing)
    • ရင်ဘတ်အောင့်ခြင်း
  • အရေပြားဆိုင်ရာ လက္ခဏာများ
    ဆာကွိုက်ဒိုးဆစ်ရောဂါသည် အရေပြားဆိုင်ရာ ပြဿနာများကို ဖြစ်ပွားစေနိုင်ပြီး အောက်ပါတို့ ပါဝင်နိုင်သည်။
    • ခြေသလုံးရှေ့ပိုင်း (Shins) နှင့် ရံဖန်ရံခါတွင် ပေါင်၊ လက်မောင်း သို့မဟုတ် ခြေကျင်းဝတ်များတွင် အထိမခံနိုင်အောင် နာကျင်ပြီး နီရဲမာကျောသော အဖုကြီးများ (Bumps/Nodules) ပေါ်ပေါက်လာတတ်ခြင်း (Erythema nodosum)
    • နှာခေါင်းနှင့် ပါးပြင်တစ်ဝိုက်တွင် ပြာနှမ်းနှမ်း သို့မဟုတ် ညိုမှိုင်းမှိုင်း ခရမ်းရောင် (Bluish-purple / Violaceous) ရှိသော အဖုအပိန့်များ သို့မဟုတ် အနာများဖြစ်ခြင်း (Lupus pernio)
    • အရေပြားအရောင်မှာ ပုံမှန်ထက် ပို၍ညိုမည်းသွားခြင်း သို့မဟုတ် ဖြူဖျော့သွားခြင်း
    • အရေပြားဒဏ်ရာဖြစ်ဖူးသော နေရာအောက်တွင် အကျိတ်များ ဖြစ်ပေါ်လာခြင်း (အထူးသဖြင့် အမာရွတ်ဟောင်းများ သို့မဟုတ် တက်တူးထိုးထားသော နေရာများအနီးတွင်)
  • မျက်လုံးဆိုင်ရာ လက္ခဏာများ
    မျက်လုံးလက္ခဏာများ မပြဘဲ မျက်လုံးကို ထိခိုက်ပျက်စီးစေနိုင်သဖြင့် ဆာကွိုက်ဒိုးဆစ်ရောဂါ ဖြစ်ပွားသူများတွင် မျက်စိကို ပုံမှန်စစ်ဆေးမှုခံယူရန် အရေးကြီးသည်။ အောက်ပါရောဂါလက္ခဏာတို့ အဖြစ်များသည်။
    • အမြင်အာရုံ ဝေဝါးခြင်း
    • မျက်လုံးရဲ၍ နာကျင်ခြင်း
    • မျက်ရည်ပူများ စီးကျခြင်း
    • မျက်လုံးပူစပ်ပူလောင်ဖြစ်ခြင်း၊ ယားယံခြင်း သို့မဟုတ် မျက်စိခြောက်သွေ့ခြင်း
    • အလင်းရောင်မခံနိုင်ခြင်း
  • နှလုံးဆိုင်ရာ လက္ခဏာများ
    နှလုံးတွင်ဖြစ်ပွားသော ဆာကွိုက်ဒိုးဆစ်ရောဂါနှင့် ဆက်စပ်သည့် လက္ခဏာများမှာ_
    • ရင်ဘတ်အောင့်ခြင်း
    • မောပန်းခြင်း၊ အသက်ရှူမဝခြင်း
    • သတိလစ်မေ့မြောခြင်း၊ မူးလဲခြင်း
    • နှလုံးခုန်နှုန်း စည်းချက်မမှန်ခြင်း (Arrhythmias)
    • ရင်တုန်ခြင်း သို့မဟုတ် နှလုံးခုန်မြန်ခြင်း (Palpitations)
    • ခြေလက် ဖောရောင်ခြင်း
  • အာရုံကြောစနစ်ဆိုင်ရာ လက္ခဏာများ
    ဦးနှောက်နှင့် အာရုံကြောများနှင့် ဆက်စပ်၍ အောက်ပါလက္ခဏာများကို ဖြစ်ပွားစေနိုင်သည်။
    • ခေါင်းကိုက်ခြင်း
    • မူးဝေခြင်း
    • အမြင်အာရုံ ပြောင်းလဲခြင်း
    • သတိအာရုံ ချို့ယွင်းခြင်း
    • အားအင်ချိနဲ့ခြင်း
    • မျက်နှာအာရုံကြော လေဖြန်းခြင်း (Bell’s palsy)
    • အာရုံကြော နာကျင်ခြင်း၊ ထုံကျင်ခြင်း
    • တက်ခြင်း (အတက်‌ရောဂါကဲ့သို့ တက်ခြင်း)
  • အခြားလက္ခဏာများ
    အချို့ရောဂါလက္ခဏာများသည် အများအားဖြင့် ထိခိုက်သည့် ကိုယ်တွင်းအင်္ဂါများနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ အသည်း၊ သရက်ရွက်၊ ကြွက်သားများ၊ အရိုးနှင့် အဆစ်အမြစ်များ၊ ကျောက်ကပ်နှင့် ပြန်ရည်ကျိတ်များစသည့် ခန္ဓာကိုယ်အစိတ်အပိုင်း အတော်များများတွင် အကျိတ်ငယ်များကို ဖြစ်ပေါ်စေနိုင်ပြီး အမျိုးမျိုးသော ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည်။
လက်ဖ်ဂရန် ဆင်ဒရုန်း (Löfgren syndrome)

Sarcoidosis ရောဂါအမျိုးအစားတစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းအများအပြားကို တစ်ပြိုင်နက် ထိခိုက်စေသည့် လက္ခဏာစုတစ်ခုဖြစ်ပြီး အောက်ပါလက္ခဏာများ ပါဝင်သည်။

  • အဆစ်အမြစ်အများအပြားတွင် အဆစ်ရောင်ခြင်း (Arthritis) ဖြစ်ခြင်း
  • ဖျားခြင်း
  • ခြေသလုံးရှေ့ပိုင်းတွင် နာကျင်၍ နီရဲသော အဖုအပိန့်များ ထွက်ခြင်း (Erythema nodosum)
  • ရင်ဘတ်အတွင်းရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း

ထိုရောဂါစုသည် အများအားဖြင့် (၆)လ မှ (၂)နှစ်အတွင်း အလိုအလျောက် ပြန်လည်သက်သာပျောက်ကင်း သွားလေ့ရှိသည်။

နောက်ဆက်တွဲပြဿနာများ

ရောဂါရှိသူအများစုသည် မပြင်းထန်သောလက္ခဏာများသာ ဖြစ်ပေါ်တတ်ပြီး၊ အလိုအလျောက် ပြန်လည်သက်သာသွားလေ့ရှိသော်လည်း granuloma အကျိတ်ငယ်များ စုပုံလာခြင်းကြောင့် နာတာရှည် ရောင်ရမ်းမှုများနှင့် ရေရှည် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ အဆိုပါ နောက်ဆက်တွဲပြဿနာများသည် ထိခိုက်သည့် ကိုယ်တွင်းအင်္ဂါပေါ် များစွာမူတည်သည်။

  • အဆုတ်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
    ဆာကွိုက်ဒိုးဆစ် ရောဂါဖြစ်ပွားမှု၏ (၉၀) ရာခိုင်နှုန်းကျော်တွင် အဆုတ်ကို ထိခိုက်တတ်သဖြင့် အဆုတ်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများသည် အဖြစ်အများဆုံးဖြစ်သည်။
    • အဆုတ်အမာရွတ်ဖြစ်ခြင်း (Pulmonary Fibrosis)
    • အဆုတ်သွေးကြောသွေးတိုးခြင်း (Pulmonary Hypertension)
    • မှိုအကျိတ်ဖြစ်ခြင်း (Aspergilloma / Fungal Balls)
  • မျက်လုံးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
    မျက်လုံး၏ မည်သည့်အစိတ်အပိုင်းကိုမဆို ထိခိုက်နိုင်ပြီး အစပိုင်းတွင် မည်သည့်လက္ခဏာမျှ မပြဘဲ ဖြစ်ပွားတတ်သည်။
    • မျက်လုံးအတွင်းပိုင်းရောင်ခြင်း (Uveitis)
    • ရေတိမ်နှင့် အတွင်းတိမ်ဖြစ်ခြင်း (Glaucoma, Cataracts)
    • မျက်စိကွယ်ခြင်း
  • နှလုံးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
    နှလုံးတစ်ရှူးများတွင် အကျိတ်ငယ်များ ဖြစ်ပေါ်လာသောအခါ နှလုံး၏ လျှပ်စစ်စီးဆင်းမှုနှင့် သွေးညှစ်ထုတ်မှု လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်စေသည်။
    • နှလုံးခုန်နှုန်း မမှန်ခြင်း (Arrhythmias)
    • နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart Failure)
    • ရုတ်တရက် နှလုံးရပ်၍ သေဆုံးခြင်း (Sudden Cardiac Death)
  • ကယ်လ်ဆီယမ်ဓာတ် ပြောင်းလဲမှုများနှင့် ကျောက်ကပ်ထိခိုက်ခြင်း
    ခန္ဓာကိုယ်တွင် ကယ်လ်ဆီယမ်ဓာတ်၏ ဇီဝကမ္မဖြစ်စဥ်များကို ပြောင်းလဲစေသဖြင့် ကျောက်ကပ်ကို တိုက်ရိုက်သက်ရောက်မှု ရှိစေသည်။
    • သွေးတွင်းနှင့် ဆီးတွင်း ကယ်လ်ဆီယမ်ဓာတ် များခြင်း (Hypercalcemia and Hypercalciuria)
      • အကျိတ်ငယ်များသည် ဗီတာမင်ဒီ (Vitamin D) ကို ပိုလျှံစွာ ထုတ်လုပ်ပေးသဖြင့် ခန္ဓာကိုယ်မှ ကယ်လ်ဆီယမ် စုပ်ယူမှုကို မြင့်တက်စေသည်
      • ထို့ကြောင့် သွေးနှင့်ဆီးထဲတွင် ကယ်လ်ဆီယမ်ဓာတ် အလွန်အမင်း မြင့်တက်လာစေသည်
    • ကျောက်ကပ်တွင် ကျောက်တည်ခြင်း (Nephrolithiasis)
    • ဆီးထဲတွင် ကယ်လ်ဆီယမ်ဓာတ် ပိုလျှံလာသောအခါ ၎င်းတို့သည် အနည်ထိုင်၍ ပုံဆောင်ခဲများ ဖြစ်သွားပြီး ကျောက်တည်သဖြင့် ကျောက်ကပ်ကျောက်တည်ခြင်း ပြဿနာကို မကြာခဏ ဖြစ်ပွားစေသည်
  • ကျောက်ကပ်အတွင်း ကယ်လ်ဆီယမ်ဓာတ် စုပုံခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်း (Nephrocalcinosis and Renal Failure)
    • ကယ်လ်ဆီယမ်အနည်ကျမှုများသည် ကျောက်ကပ်၏ အတွင်းတစ်ရှူးများထဲတွင် တိုက်ရိုက် ဖြစ်ပေါ်လာနိုင်ပြီး၊ စနစ်တကျ မကုသပါက နာတာရှည် ကျောက်ကပ်ပျက်စီးခြင်းအထိ ဖြစ်နိုင်သည်
  • အာရုံကြောစနစ်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများ (Neurosarcoidosis)
    အကျိတ်ငယ်များ ဖြစ်ပေါ်ခြင်းကြောင့် အာရုံကြောစနစ်ဆိုင်ရာ အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။
    • ဦးခေါင်းပိုင်းဆိုင်ရာ အာရုံကြောများ လေဖြတ်ခြင်း (Cranial Nerve Palsies)
    • အာရုံကြောများ ထိခိုက်ပျက်စီးခြင်း (Peripheral Neuropathy)
    • ဦးနှောက်မြှေးရောင်ခြင်းနှင့် ဦးနှောက်ရောဂါဖြစ်ခြင်း (Meningitis & Encephalopathy)
  • အခြားကိုယ်တွင်းအင်္ဂါဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
    • အသည်းနှင့် ဘေလုံးကြီးခြင်း (Hepatosplenomegaly) – အသည်းခြောက်ခြင်း သို့မဟုတ် အသည်းသွေးပြန်ကြော ဖိအားများခြင်း (Portal hypertension) တို့အထိ ဖြစ်နိုင်သည်
    • ဟော်မုန်းစနစ် ပြဿနာများ (Endocrine Issues) – ဦးနှောက်အောက်ခြေရှိ ပစ်ကျူထရီဂလင်း (Pituitary gland) တွင် အကျိတ်ဖြစ်ပါက ဟော်မုန်းထုတ်လုပ်မှုများကို ထိခိုက်စေကာ ဆီးအလွန်အကျွံသွားခြင်း ရောဂါ (Diabetes insipidus) သို့မဟုတ် သိုင်းရွိုက်လုပ်ငန်းများ ချို့ယွင်းခြင်းကို ဖြစ်ပေါ်စေနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
  • အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ရက်သတ္တပတ်အနည်းငယ်ကြာသည်အထိ ဖြစ်ပေါ်နေပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်
  • ရောဂါလက္ခဏာများသည် အခြားရောဂါများ (ဥပမာ _ တီဘီရောဂါ) နှင့် ဆင်တူသောကြောင့် ထိုရောဂါများ မဟုတ်ကြောင်း သေချာ စစ်ဆေးရန် လိုအပ်သည်
  • ရောဂါရှိသူများအနေဖြင့်လည်း ရှိရင်းစွဲလက္ခဏာများ ပြောင်းလဲလာခြင်း
    ဥပမာ _
    • နဂိုထက် အသက်ရှူပိုကျပ်လာခြင်း
    • ခြေထောက်များ ဖောရောင်လာခြင်း
    • ခြေဖျားလက်ဖျားနှင့် နှုတ်ခမ်းနားတစ်ဝိုက် ပြာနှမ်းလာခြင်း
    • နှလုံးခုန်မမှန်ခြင်း (Palpitations) သို့မဟုတ် နှလုံးခုန်ရပ်လုနီးပါး ခံစားရခြင်း
    • မိုက်ခနဲခေါင်းမူးခြင်း သို့မဟုတ် ခဏတာ သတိလစ်မေ့မြောသွားခြင်း
    • မျက်လုံးများ နီမြန်း ကိုက်ခဲခြင်း၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးသွားခြင်း ၊
    • ပြင်းထန်သော ခေါင်းကိုက်ခြင်း၊ တက်ခြင်း (Seizures)၊ မျက်နှာတစ်ခြမ်း လေဖြတ်သကဲ့သို့ ရွဲ့သွားခြင်း
    • ခြေလက်များ ထုံကျဉ်ခြင်း၊ အားနည်းခြင်း သို့မဟုတ် လမ်းမလျှောက်နိုင်ခြင်း
    • သတိဝေဝါးခြင်း (Confusion) သို့မဟုတ် မှတ်ဉာဏ်ရုတ်တရက် ချို့ယွင်းခြင်းစသည့် အရေးကြီးလက္ခဏာများ ခံစားရပါက ဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း

Sarcoidosis ရောဂါသည် အစောပိုင်းအဆင့်များတွင် ရောဂါလက္ခဏာ အနည်းငယ်သာ ပြတတ်ခြင်း၊ လက္ခဏာများသည်လည်း အဆုတ်တီဘီရောဂါကဲ့သို့ အခြားရောဂါများ၏ လက္ခဏာများနှင့် အလွန်ဆင်တူနေသဖြင့် ရောဂါရှာဖွေရ ခက်ခဲတတ်သည်။ ရောဂါကို အများအားဖြင့် ကိုယ်ခန္ဓာစစ်ဆေးမှု၊ ပုံရိပ်ဖော်စစ်ဆေးမှုများ (ဥပမာ – ရင်ဘတ်ဓာတ်မှန်) နှင့် ရောဂါရှိနိုင်ခြေရှိသော နေရာများမှ အသားစယူ စစ်ဆေးခြင်း (Biopsy) တို့ကို ပေါင်းစပ်၍ ရောဂါရှာဖွေ အတည်ပြုလေ့ရှိသည်။ ထို့အပြင် ဖြစ်နိုင်သော အခြားရောဂါများကို ဖယ်ထုတ်နိုင်ရန်နှင့် ‌ရောဂါကြောင့် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများ ထိခိုက်မှုကို သိရှိနိုင်ရန် နောက်ထပ်စစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။

  • သွေးနှင့် ဆီးစစ်ခြင်း – ခန္ဓာကိုယ်၏ ယေဘုယျ ကျန်းမာရေးအခြေအနေနှင့် ကျောက်ကပ်၊ အသည်းတို့၏ လုပ်ငန်းဆောင်တာများကို စစ်ဆေးရန်
  • ရင်ဘတ်ဓာတ်မှန် (Chest X-ray) ရိုက်ခြင်း – အဆုတ်နှင့် နှလုံးအခြေအနေကို ကြည့်ရှုရန်
  • ရင်ဘတ် ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း – အဆုတ်ကို ပိုမိုအသေးစိတ် ကြည့်ရှုနိုင်ရန်
  • အဆုတ်လုပ်ငန်းဆောင်တာ စစ်ဆေးခြင်း (Lung function tests) – အသက်ရှူသွင်း၊ ရှူထုတ်နိုင်စွမ်းနှင့် အဆုတ်မှသွေးထဲသို့ အောက်ဆီဂျင် ပေးပို့နိုင်ခြင်းကို တိုင်းတာရန်
  • နှလုံး အီးစီဂျီ စစ်ဆေးခြင်း (ECG) နှင့် အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Cardiac ultrasound / Echocardiogram) – နှလုံးပြဿနာများကို စစ်ဆေးရန်နှင့် နှလုံးကျန်းမာရေးအခြေအနေကို ကြည့်ရှုရန်
  • မျက်စိစစ်ဆေးခြင်း – ရောဂါကြောင့် ဖြစ်ပွားနိုင်သော အမြင်အာရုံဆိုင်ရာ ပြဿနာများကို စစ်ဆေးရန်
  • ပီအီးတီ စကင်န် (PET scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း – နှလုံး သို့မဟုတ် အာရုံကြောစနစ်များ ထိခိုက်မှုအတွက် စစ်ဆေးရန် (လိုအပ်ပါက အခြားသော စစ်ဆေးမှုများကိုလည်း ထပ်မံဖြည့်စွက် ပြုလုပ်နိုင်ပါသည်)
  • အသားစယူ စစ်ဆေးခြင်း (Biopsy)
    ရောဂါဖြစ်သော ခန္ဓာကိုယ်အစိတ်အပိုင်းမှ အသားစနမူနာ အနည်းငယ်ကို ရယူပြီး ရောဂါ၏ ဝိသေသလက္ခဏာဖြစ်သော Granuloma အကျိတ်ငယ်များ ရှိမရှိ ရှာဖွေစစ်ဆေးရန် အသုံးပြုသည်။ ဥပမာအားဖြင့် အရေပြား၊ အဆုတ်နှင့် ပြန်ရည်ကျိတ်များမှ အသားစများကို ရယူနိုင်သည်။ အကယ်၍ အဆုတ်နှင့် ရင်ခေါင်းတစ်ရှူးများကို အသားစယူ စစ်ဆေးရန် လိုအပ်ပါက နှာခေါင်း၊ လည်ချောင်း သို့မဟုတ် ရင်ဘတ်တွင် ခွဲစိတ်ရာအသေးစား ပြုလုပ်ပြီး ကင်မရာတပ်ဆင်ထားသော မှန်ပြောင်းများ အသုံးပြု၍ အသားစယူနိုင်သည်။
    • အာထရာဆောင်း အကူအညီဖြင့် လေပြွန်အပြင်ဘက်ရှိ တစ်ရှူး/ပြန်ရည်ကျိတ်ကို အပ်အသေးဖြင့် စုပ်ယူစစ်ဆေးခြင်း (Endobronchial ultrasound-guided transbronchial fine needle aspiration – EBUS-TBNA)
    • အသက်ရှူလမ်းကြောင်း မှန်ပြောင်းမှတစ်ဆင့် အဆုတ်အသားစယူခြင်း (Bronchoscopic transbronchial biopsy)
    • ရင်ခေါင်းတွင်း မှန်ပြောင်းကြည့်ခြင်းနှင့် အသားစယူခြင်း (Mediastinoscopy and biopsy) စသည့် နည်းလမ်းများ သုံးနိုင်သည်။
ကုသခြင်း

Sarcoidosis ရောဂါကို လုံးဝပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးမရှိသေးပါ။ လူနာအများစုတွင် ရောဂါသည် အလိုအလျောက် ပြန်လည်သက်သာသွားတတ်သည်။ ရောဂါလက္ခဏာ လုံးဝမရှိသူများ၊ မပြင်းထန်သူများသည် ကုသမှုခံယူရန် လိုအပ်လေ့မရှိပါ။ ကုသမှုခံယူရန်သည် ရောဂါလက္ခဏာများ ပြင်းထန်ခြင်းနှင့် မည်သည့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ခြင်း စသည့်အချက်များပေါ် မူတည်သည်။ ကုသမှု၏ အဓိကရည်ရွယ်ချက်သည် ရောဂါလက္ခဏာများကို ထိန်းချုပ်ရန်နှင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးမှုကို ကာကွယ်ရန်ဖြစ်သည်။

  1. ဆေးဝါးများဖြင့် ကုသခြင်း
    ရောဂါလက္ခဏာများ ပြင်းထန်ခြင်း သို့မဟုတ် ကိုယ်တွင်းအင်္ဂါများ လုပ်ငန်းချို့ယွင်းခြင်းတို့ ရှိပါက ဆေးဝါးများဖြင့် ကုသရန် လိုအပ်နိုင်သည်။ Granuloma အကျိတ်များသည် ကိုယ်ခံအားတုံ့ပြန်မှုကြောင့် ရောင်ရမ်းခြင်း ဖြစ်သောကြောင့် ကိုယ်ခံအားစနစ်ကို နှိမ့်ချပေးသော ဆေးဝါးများဖြင့် ကုသလေ့ရှိသည်။ အောက်ပါဆေးဝါးများ ပါဝင်နိုင်သည်။
    • စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ (NSAIDs) – လက္ခဏာများ ယာယီသက်သာစေရန် ပေးပြီး ရေရှည်မသုံးသင့်ပါ
    • စတီးရွိုက်ဆေးများ (Corticosteroids)_ ရောင်ရမ်းမှုများ သက်သာစေရန် ပထမဦးစွာ ပေးလေ့ရှိပြီး သောက်ဆေး၊ ထိုးဆေးအပြင် အရေပြားအနာ၊ အဖုအပိန်းများပေါ် လိမ်းရသော လိမ်းဆေး၊ အဆုတ်အတွက် ရှူဆေး၊ မျက်စဥ်းဆေးများ စသည့် ပုံစံအမျိုးမျိုးဖြင့် ပေးနိုင်သည်။
    • ကိုယ်ခံအားနှိမ့်ချဆေးများ _ Methotrexate, Azathioprine, Mycophenolate Mofetil, Leflunomide, Cyclophosphamide, Hydroxychloroquine
    • ဇီဝဆေးများ _ TNF-alpha inhibitors (Adalimumab), Rituximab
  2. စောင့်ကြည့်ကုထုံး (Watchful Waiting / Active Surveillance)
    ထိုကုထုံးသည်လည်း အရေးကြီးသော ကုသမှုနည်းဗျူဟာတစ်ခုဖြစ်သည်။ ရောဂါလက္ခဏာမပြဘဲ ရင်ဘတ်ဓာတ်မှန်တွင်သာ အကျိတ်ငယ်များတွေ့ရသော လူနာများကို မလိုအပ်ဘဲ ဆေးဝါးများပေးပြီး ဘေးထွက်ဆိုးကျိုး မခံရစေရန်အတွက် မည်သည့်ဆေးမျှမပေးဘဲ ၃ လ သို့မဟုတ် ၆ လတစ်ကြိမ် ပုံမှန်ဓာတ်မှန်ရိုက်၊ စစ်ဆေးမှုပြုလုပ်၍ အနီးကပ် စောင့်ကြည့်စစ်ဆေးခြင်းဖြစ်သည်။
  3. အခြားကုသမှုနည်းလမ်းများ
    ဖြစ်ပေါ်သော လက္ခဏာများနှင့် ‌နောက်ဆက်တွဲပြဿနာများအတွက် ဆေးဝါးများအပြင် အခြားကုသမှုများကိုလည်း လိုအပ်နိုင်သည်။ ဥပမာအားဖြင့်_
    • ကာယကုထုံး (Physical therapy) – ကြွက်သားများကို ပြန်လည်သန်မာလာစေရန်
    • အဆုတ်ပြန်လည်သန်စွမ်းရေး ကုထုံး (Pulmonary rehabilitation) – အသက်ရှူရ ပိုမိုလွယ်ကူစေရန်နှင့် နေ့စဉ်လူမှုကိစ္စများကို ပိုမိုလုပ်ဆောင်နိုင်စေရန်
    • နှလုံးခုန်စက် ထည့်သွင်းခြင်း (Cardiac pacemaker / Defibrillator) – နှလုံးခုန်နှုန်း မမှန်သည့် လူနာများအတွက် နှလုံးခုန်နှုန်းထိန်းစက်များ တပ်ဆင်ပေးခြင်း
    • အောက်ဆီဂျင်ကုထုံး (Oxygen Therapy) – အဆုတ်အမာရွတ်ဖြစ်ခြင်းကြောင့် အောက်ဆီဂျင် ကျဆင်းနေသော နာတာရှည်လူနာများအတွက် ရေရှည် အောက်ဆီဂျင်‌ပေးခြင်း
  4. နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် ပံ့ပိုးကုထုံးများ (Lifestyle and Supportive Care)
    • စားသောက်ပုံ – ကယ်လ်ဆီယမ် ပါဝင်မှုများသော အစားအစာများ၊ ဗီတာမင် D အားဆေးများနှင့် နေရောင်ခြည် အလွန်အမင်း ထိတွေ့ခြင်းတို့ကို လိုအပ်ပါက ရှောင်ကြဉ်ရမည်
    • ပင်ပန်းနွမ်းနယ်မှုကို စီမံခန့်ခွဲခြင်း – စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ အိပ်စက်မှုပုံစံ ပြုပြင်ခြင်းနှင့် Cognitive Behavioral Therapy (CBT) ကုထုံးများ ပေးနိုင်သည်
    • ဆေးဝါးများ ညှိပေးခြင်း – အာရုံကြောနာကျင်မှု သက်သာစေသော ဆေးဝါးများ (ဥပမာ – Gabapentin သို့မဟုတ် Pregabalin) ကိုလည်း တွဲဖက်ပေးနိုင်သည်
  5. ကိုယ်တွင်းအင်္ဂါအစားထိုးကုသခြင်း (Organ transplant)
    ရောဂါကြောင့် အဆုတ်၊ နှလုံး သို့မဟုတ် အသည်းတို့ ပြင်းထန်စွာ ပျက်စီးသွားသော အချို့လူနာများတွင် ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုကို နောက်ဆုံးရွေးချယ်စရာ နည်းလမ်းတစ်ခုအဖြစ် စဥ်းစားနိုင်သည်။
ကုသမှု၏ နောက်ဆက်တွဲပြဿနာများနှင့် ဘေးထွက်ဆိုးကျိုးများ

ကုသမှုတွင် အများဆုံး အသုံးပြုသော စတီးရွိုက်ဆေးဝါးများသည် ကိုယ်ခံအားကျစေသဖြင့် ရောဂါများ ကူးစက်ခံရနိုင်ခြေ ပိုမိုမြင့်မားစေနိုင်သည့်အပြင် အခြားဘေးထွက်ဆိုးကျိုး များစွာကိုလည်း ဖြစ်စေနိုင်သည်။

  • ကိုယ်အလေးချိန် အလွန်အမင်း တက်လာခြင်း
  • အိပ်မပျော်ခြင်း
  • ဝက်ခြံထွက်ခြင်း
  • ဆီးချိုရောဂါ ဖြစ်နိုင်ခြေရှိသူများတွင် ဆီးချိုရောဂါ ဖြစ်ပွားလာခြင်း
  • သွေးတိုးခြင်း
  • ရေတိမ်ဖြစ်ခြင်း
  • အတွင်းတိမ်ဖြစ်ခြင်း
  • အရိုးပွခြင်း/ အရိုးပါးခြင်း
  • စိတ်ဓာတ်ကျခြင်းနှင့် စိတ်တိုလွယ်ခြင်း
  • အရေပြား ညိုမည်းစွဲလွယ်ခြင်းတို့ ဖြစ်စေသည်။

ထို့ကြောင့် ဆေးကုသမှု ပေးရာတွင် ရရှိနိုင်မည့် အကျိုးကျေးဇူးနှင့် ကြုံတွေ့နိုင်သည့် ဘေးထွက်ဆိုးကျိုးများကို ချိန်ဆပြီးမှ အကျိုးကျေးဇူးက ပိုမိုသာလွန်မှသာ ဆေးဝါးများဖြင့် ကုသရန် အကြံပြုထားသည်။

စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်း

ကုသမှုခံယူနေသူများအပြင် ကုသမှုခံယူရန် မလိုအပ်သည့်တိုင်အောင် သက်ဆိုင်ရာဆရာဝန်နှင့် ပုံမှန်စစ်ဆေးပြသရန် အလွန်အရေးကြီးသည်။ စစ်ဆေးမည့် အချိန်ကာလ အပိုင်းအခြားသည် ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများရှိခြင်းတို့ပေါ် မူတည်သည်။ ရောဂါလက္ခဏာများကို စောင့်ကြည့်စစ်ဆေးခြင်း၊ ကုသမှုခံယူရန် လိုအပ်မှု ရှိမရှိကို ဆုံးဖြတ်ခြင်း၊ လက်ရှိကုသမှုများ မည်မျှထိရောက်မှု ရှိနေကြောင်းနှင့် နောက်ဆက်တွဲပြဿနာများ ရှိမရှိကို ဆန်းစစ်ခြင်းတို့အတွက် ပြုလုပ်သည်။ ဤကဲ့သို့ ပုံမှန်စောင့်ကြည့်စစ်ဆေးမှု ခံယူခြင်းသည် တစ်သက်တာလုံး လိုအပ်နိုင်သည်။ နောက်ဆက်တွဲပြဿနာများစွာ (အထူးသဖြင့် မျက်လုံး၊ နှလုံးနှင့် ကျောက်ကပ်ဆိုင်ရာ ပြဿနာများ) သည် ရောဂါလက္ခဏာမပြဘဲ တိတ်တဆိတ် ဖြစ်ပေါ်တတ်သဖြင့် အဆုတ်လုပ်ငန်းဆောင်တာ စစ်ဆေးခြင်း၊ နှလုံးအီးစီဂျီဆွဲခြင်း၊ သွေးနှင့် ဆီးတွင်း ကယ်လ်ဆီယမ် ပုံမှန်စစ်ဆေးခြင်းနှင့် နှစ်စဉ် မျက်စိအထူးကုဆရာဝန်နှင့် ပြသစစ်ဆေးခြင်းတို့ကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် စောစီးစွာသိရှိပြီး ကာကွယ်ကုသနိုင်မည်ဖြစ်သည်။

ရောဂါရလဒ်ခန့်မှန်းချက်

ရောဂါပြင်းထန်မှုအဆင့်သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပါ။ လူနာအများစုတွင် ယာယီအခြေအနေဖြင့်သာ ဖြစ်ပေါ်တတ်ပြီး အလိုအလျောက်သော်လည်းကောင်း၊ ကုသမှုခံယူပြီးနောက်တွင်သော်လည်းကောင်း ပြန်လည်ပျောက်ကင်းသွားတတ်သော်လည်း လူနာအနည်းစုတွင် ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ပျက်စီးစေသည့် နာတာရှည်ရောဂါတစ်ခု ဖြစ်သွားတတ်သည်။

ရောဂါအတည်ပြုထားသူများ၏ သုံးပုံနှစ်ပုံခန့်သည် (၂)နှစ် မှ (၃)နှစ်အတွင်း ရောဂါလက္ခဏာများ လုံးဝ သက်သာသွားပြီး ရောဂါကင်းစင်သွားလေ့ရှိကြသည်။ Löfgren syndrome အခြေအနေသည် ရောဂါသက်သာပျောက်ကင်းနိုင်ခြေ အထူးကောင်းမွန်ပြီး ဖြစ်ပွားသူအများစုမှာ ၆လ မှ ၂နှစ်အတွင်း ပြန်လည်ကောင်းမွန်သွားတတ်သည်။

ရောဂါ (၃) နှစ်ကျော်သည်အထိ ဆက်လက်ရှိနေပါက နာတာရှည်ရောဂါအဆင့်သို့ ရောက်သွားနိုင်ခြေရှိသည်။ သို့ရာတွင် နာတာရှည်ရောဂါရှိသူများ၏ ၁၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းခန့်တွင်သာ ကိုယ်တွင်းအင်္ဂါများ အမြဲတမ်းထိခိုက်ပျက်စီးခြင်းမျိုး ကြုံတွေ့ရတတ်သည်။ အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာမှာ အဆုတ်တွင် အမာရွတ်ဖြစ်ခြင်း (Pulmonary fibrosis) ဖြစ်သည်။

ကာကွယ်ခြင်း

ရောဂါဖြစ်ပွားစေသည့် အကြောင်းအရင်း အတိအကျကို သေချာမသိရသေးသဖြင့် ရောဂါမဖြစ်အောင် ကာကွယ်ရန် သို့မဟုတ် ရောဂါဖြစ်နိုင်ခြေကို လျှော့ချရန် နည်းလမ်းမရှိသေးပါ။ ရောဂါရှိသူများတွင်မူ ဆရာဝန်လမ်းညွှန်သည့်အတိုင်း ဆေးဝါးများ စနစ်တကျ သောက်သုံးခြင်း၊ ရက်ချိန်းများကို မှန်မှန်ပြသခြင်းတို့ဖြင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးနိုင်ခြေကို လျှော့ချပေးနိုင်သည်။

References:

  1. Mayo Clinic. (n.d.). Sarcoidosis: Symptoms and causes. Retrieved June 12, 2026, from https://www.mayoclinic.org/diseases-conditions/sarcoidosis/symptoms-causes/syc-20350358
  2. NHS. (n.d.). Sarcoidosis. Retrieved June 12, 2026, from https://www.nhs.uk/conditions/sarcoidosis/
  3. MedlinePlus. (n.d.). Sarcoidosis. Retrieved June 12, 2026, from https://medlineplus.gov/sarcoidosis.html
  4. Cleveland Clinic. (n.d.). Sarcoidosis. Retrieved June 12, 2026, from https://my.clevelandclinic.org/health/diseases/11863-sarcoidosis

Published: 24 June 2026

Share

24 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.