Empyema (အဆုတ်မြှေးတွင်း ပြည်တည်ခြင်း)

Empyema (အဆုတ်မြှေးတွင်း ပြည်တည်ခြင်း)

အဆုတ်မြှေးတွင်း ပြည်တည်ခြင်း (Empyema) သည် အဆုတ်ကိုဖုံးထားသော အမြှေးပါး (visceral pleura) နှင့် ရင်ခေါင်းတွင်းနံရံကို ဖုံးထားသော အမြှေးပါး (parietal pleura) နှစ်ခုကြား ပြည်များစုဝေးလာခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ဤအဆုတ်အမြှေးပါးနှစ်ခုကြားတွင် အရည်ကြည်အနည်းငယ်သာရှိပြီး၊ အသက်ရှူသွင်းရှူထုတ်နေစဥ်အတွင်း အဆုတ်၏လှုပ်ရှားမှုများကို ချောမွေ့လွယ်ကူစေသည်။ ထိုအရည်ကြည်နေရာတွင် ပြည်များစုဝေးလာသောအခါ အဆုတ်၏ ပုံမှန်လှုပ်ရှားမှုများကို ထိခိုက်စေသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အဆုတ်အမြှေးပါးတွင်း ပြည်တည်ခြင်းသည် အဓိကအားဖြင့် အခြားရောဂါတစ်ခုခု၏ နောက်ဆက်တွဲပြဿနာအဖြစ် ဖြစ်ပွားလေ့ရှိသည်။ အဖြစ်အများဆုံးအကြောင်းရင်းမှာ နမိုးနီးယား အဆုတ်ရောင်ရောဂါကြောင့် နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်တတ်သည်။

အဆုတ်ရောင်ရောဂါအပြင် အဆုတ်အမြှေးပါးတွင်း ပြည်စုခြင်းဖြစ်စေသည့် အခြားအကြောင်းရင်းများမှာ_

  • အဆုတ်ပြည်တည်နာဖြစ်ခြင်းမှတစ်ဆင့် အဆုတ်အမြှေးပါးတွင်းသို့ ပျံ့နှံ့လာခြင်း
  • ရင်ဘတ်သို့ ထိုးသွင်းထိခိုက်ဒဏ်ရာများမှတစ်ဆင့် ပြင်ပမှ ဘက်တီးရီးယားပိုးများ ဝင်ရောက်လာခြင်း
  • အဆုတ်ဆိုင်ရာ ခွဲစိတ်မှုများမှတစ်ဆင့် ဘက်တီးရီးယားပိုးဝင်ခြင်း
  • သွေးမှတစ်ဆင့် ခန္ဓာကိုယ်၏ အခြားတစ်နေရာရာမှ ရောဂါပိုးများ ရောက်ရှိလာခြင်း
  • တီဘီရောဂါဖြစ်ပွားခြင်း

အဆုတ်အမြှေးပါးပြည်တည်ခြင်းကို ဖြစ်စေသော ဘက်တီးရီးယားပိုးများမှာ_

  • Streptococcus pneumoniae
  • Staphylococcus aureus (including MRSA)
  • Klebsiella pneumoniae
  • Pseudomonas aeruginosa
  • Bacteroides fragilis
  • Fusobacterium species
  • Mycobacterium tuberculosis စသည်တို့ဖြစ်သည်။
ရောဂါဖြစ်နိုင်ခြေများသောသူများ

အဆုတ်အမြှေးပါးတွင်း ပြည်တည်ခြင်းသည် အသက်အရွယ်မရွေး မည်သူမဆို ဖြစ်ပွားနိုင်သော်လည်း အောက်ပါအခြေအနေရှိသူများတွင် ဖြစ်နိုင်ခြေပိုများသည်။

  • အဆုတ်ရောင်ရောဂါ (Pneumonia)
  • နာတာရှည် အဆုတ်ရောဂါ (နာတာရှည်လေပြွန်ကျဥ်း အဆုတ်ပွရောဂါ – COPD နှင့် အဆုတ်လေပြွန်ပြည်တည်ရောဂါ – Bronchiectasis)
  • ဆီးချိုရောဂါ
  • နှလုံးရောဂါ
  • ကိုယ်ခံအားနည်းသည့် အခြေအနေ (ဥပမာ – ကင်ဆာကုထုံး ယူနေသူ၊ ကိုယ်ခံအား ကျစေ‌သောဆေးဝါးများ သောက်နေသူ၊ HIV ရောဂါရှိသူ)
  • အရက်အလွန်အကျွံ သောက်ခြင်း
  • အာဟာရ ချို့တဲ့ခြင်း
  • အသက် (၇၀) နှစ်နှင့်အထက် လူကြီးများ
ရောဂါလက္ခဏာများ

ဖြစ်စေသော ဘက်တီးရီးယားပိုး၏ ရောဂါပြင်းထန်စေမှုအခြေအနေပေါ် မူတည်၍ ရောဂါလက္ခဏာများသည် အချို့သူများတွင် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာနိုင်သော်လည်း အချို့တွင်မူ ရက်ပိုင်းအတွင်း ရုတ်တရက် ပြင်းထန်စွာ ဖြစ်‌ပေါ်လာနိုင်သည်။ ရောဂါလက္ခဏာများသည် အများအားဖြင့် ဖျားနာစေသော အခြားရောဂါများ၊ အဆုတ်တွင်ဖြစ်သော အခြားရောဂါများ၏ လက္ခဏာများနှင့် ခွဲခြားရခက်ခဲသည်။ တွေ့ရလေ့ရှိသော လက္ခဏာများမှာ_

  • ချမ်းတုန်၍ဖျားခြင်း
  • ရက်ရှည်ချောင်းဆိုးခြင်း
  • ချောင်းဆိုးလျှင် သို့မဟုတ် အသက်ပြင်းပြင်းရှူလျှင် ရင်ဘတ်အောင့်ခြင်း
  • အသက်ရှူကျပ်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • ကိုယ်အလေးချိန် ကျဆင်းလာခြင်း (အထူးသဖြင့် ရောဂါဖြစ်ပွားချိန်ကြာလာလျှင်)
နောက်ဆက်တွဲပြဿနာများ

အဆုတ်မြှေးတွင်းပြည်တည်ခြင်းသည် ထိရောက်စွာ မကုသလျှင် ဆိုးရွားပြင်းထန်၍ အသက်အန္တရာယ် ပေးနိုင်သော နောက်ဆက်တွဲပြဿနာများလည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_

  • မကြာခဏ ပြည်များ ပြန်လည်စုလာခြင်း (Recurrence)
  • ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis) – အဆုတ်မြှေးပါးအတွင်းရှိ ပိုးမွှားများ သွေးထဲသို့ ဝင်ရောက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခြင်းဖြစ်သည်၊ အချိန်မီမကုသနိုင်လျှင် အရေးကြီးသော ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးပြီး အသက်သေဆုံးသည်ထိ အန္တရာယ်ရှိနိုင်သည်
  • အဆုတ်အမြှေးပါး မာခဲတောင့်တင်းခြင်း (Pleural fibrosis) – အဆုတ်ကိုဖုံးထားသော အမြှေးပါးသည် နာတာရှည်ရောင်ရမ်းမှု၏ နောက်ဆက်တွဲအဖြစ် အမာရွတ်များ ဖြစ်လာကာ မာကျောလာသည်၊ ထိုအခါ အဆုတ်လှုပ်ရှားမှုကို ထိခိုက်စေသော အခြေအနေ (Restrictive lung disease) ကို ဖြစ်စေကာ အသက်ကောင်းစွာမရှူနိုင်ဘဲ မောပန်းလွယ်လာသည်
  • အသက်ရှူခြင်းလုပ်ငန်း ပျက်စီးခြင်း (Respiratory failure) – အဆုတ်အမြှေးပါး အမာရွတ်ကြောင့် အဆုတ်၏ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ထိန်းချုပ်ထားခြင်း၊ ထိုထိန်းချုပ်မှုများကို တွန်းကန်၍ အသက်ကို ပြင်းထန်စွာ ရှူရခြင်းကြောင့် အသက်ရှူကြွက်သားများ အားနည်းလာပြီး အသက်ရှူလုပ်ငန်း ပျက်စီးခြင်းကို ဖြစ်စေသည်
  • ပိုးဝင်မှု ဆက်ရှိနေခြင်း (Persistent infection) – အချို့အခြေအနေများတွင် ပိုးသတ်ဆေးပေး၍ အနည်းငယ်သက်သာသွားပြီးမှ တစ်ဖန်ပြန်၍ ဆိုးလာတတ်သည်၊ ထိုအခါ ပဋိဇီဝပိုးသတ်ဆေးများ သာမန်ထက်ပို၍ ကြာကြာပေးရခြင်း၊ အဆုတ်အမြှေးတွင်းသို့ ပိုက်ထည့်၍ ပြည်ကို ထုတ်ပစ်ခြင်း၊ ခွဲစိတ်ကုသရခြင်းတို့ လိုအပ်နိုင်သည်
  • အဆုတ်နှင့် အဆုတ်အမြှေးပါးကြားတွင် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းများ ဖြစ်ပေါ်လာခြင်း (Bronchopleural fistula)
  • အဆုတ်အမြှေးပါးမှ ပြည်များအပြင်ဘက်သို့ ပေါက်ထွက်၍ ရင်ဘတ်အရေပြားအောက်တွင် စုဝေးနေခြင်း (Empyema necessitans)
  • သေဆုံးခြင်း – အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းသူများ၊ အခြားရောဂါအခံ တစ်ခုခု ရှိသူများသည် ရောဂါကြောင့် သေဆုံးနိုင်ခြေပိုများသည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ဖော်ပြပါ လက္ခဏာများ ရှိလျှင် ဆေးရုံ၊ ဆေးခန်း အမြန်ပြသင့်သည်။

  • အဖျားကြီးခြင်း မသက်သာလျှင်
  • အသက်ရှူ သို့မဟုတ် ချောင်းဆိုးစဥ် ရင်ဘတ်အောင့်လျှင်
  • အသက်ရှူကျပ်လာလျှင်
  • ချောင်းဆိုးခြင်း ပိုပိုဆိုးရွားလာလျှင်
  • အဆုတ်ရောင်ရောဂါ လက္ခဏာာများ ပိုမိုဆိုးရွားလာလျှင် သို့မဟုတ် သက်သာပြီးမှ ပြန်ဆိုးလာလျှင်

ထို့အပြင် အောက်ဖော်ပြပါ အရေးပေါ်လက္ခဏာာများ ဖြစ်လာလျှင် ချက်ချင်း ဆေးရုံသွားရမည်။

  • အသက်ရှူရ အလွန်အမင်း ခက်လာခြင်း
  • နှုတ်ခမ်းများ၊ လက်သည်းများ ပြာလာခြင်း
  • သတိလက်လွတ် ကယောင်ကတမ်း ဖြစ်ခြင်း (Confusion)
  • ရောဂါလက္ခဏာများ ရုတ်တရက် ပြင်းထန်ဆိုးရွားလာခြင်း
ရောဂါရှာဖွေခြင်း

ဆရာဝန်က ရောဂါရာဇဝင် မေးမြန်းခြင်း နှင့် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် အောက်ဖော်ပြပါ စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်မည်။ စစ်ဆေးမှုများသည် များသောအားဖြင့် တစ်ခုတည်းဖြင့် မလုံလောက်ပါ။

  • ရင်ဘတ်ဓာတ်မှန် (Chest X Ray) – ပထမဦးဆုံး ပြုလုပ်လေ့ရှိသော စစ်ဆေးမှုဖြစ်သည် အဆုတ်ပတ်ပတ်လည်တွင် အရည်ဖုံးနေသည်ကို တွေ့ရနိုင်သည်
  • ရင်ဘတ်အာထရာဆောင်း (Chest Ultrasound) – အရည်ပမာဏ အနည်းငယ်ကိုပင် အာထရာဆောင်းဖြင့် မြင်တွေ့နိုင်သည်။ ရောဂါရှာဖွေရာတွင်မကဘဲ အဆုတ်အမြှေးပါးတွင်းရှိ အရည်များကို စုပ်ထုတ်၍ စစ်ဆေးရန်အတွက်လည်း နေရာအတိအကျသိနိုင်ရန် ကူညီပေးသည်
  • ကွန်ပျူတာ ဓာတ်မှန် (CT scan) – CT scan သည် အဆုတ်နှင့် အဆုတ်အမြှေးပါးအတွင်း နေရာများကို အသေးစိတ်ပုံဖော်မြင်ရသည်၊ ပိုးပျံ့နှံ့မှု အတိုင်းအတာ၊ ပြည်အစုအဝေးများရှိရာနေရာ စသည်တို့ကို သိနိုင်သည်
  • အဆုတ်အမြှေးပါးတွင်းမှ အရည်ဖောက်ထုတ်၍ စစ်ဆေးခြင်း (Pleural fluid aspiration or Thoracentesis) – အဆုတ်အမြှေးပါးအတွင်းမှ အရည်အနည်းငယ်ကို ဖောက်ထုတ်ပြီး ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးသည်၊ အရည်ကို ဓာတ်ခွဲစစ်ဆေးခြင်း၊ အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်း၊ ပိုးမွေးခြင်းတို့ ပြုလုပ်နိုင်ပြီး ပိုးသတ်ဆေး ရွေးချယ်ရာတွင်လည်း အထောက်အကူပြုသည်
  • သွေးစစ်ဆေးမှု (Blood test) – သွေးဖြူဥပမာဏ စစ်ဆေးခြင်း၊ ခန္ဓာကိုယ်ရောင်ရမ်းဓာတ်များ (CRP, ESR)ကို တိုင်းတာခြင်း၊ သွေးပိုးမွေးခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း

အဆုတ်အမြှေးတွင်း ပြည်တည်ခြင်းသည် ပြင်းထန်သောရောဂါဖြစ်သဖြင့် အများအားဖြင့် ဆေးရုံတက်၍ ကုသရန် လိုအပ်သည်။ ကုသမှု၏ အဓိကရည်ရွယ်ချက်များမှာ ပိုးကူးစက်မှုကို ထိန်းချုပ်ပပျောက်စေရန်၊ အဆုတ်အမြှေးတွင်းရှိ ပြည်ကို ဖယ်ထုတ်ရန်၊ အဆုတ်၏ ကျုံ့နိုင်ပွနိုင်စွမ်းကို ပြန်လည်ထိန်းသိမ်းရန်နှင့် နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်စေရန်ဖြစ်သည်။

  • ပဋိဇီဝပိုးသတ်ဆေးများ
    • ပဋိဇီဝပိုးသတ်ဆေးများသည် မဖြစ်မနေ လိုအပ်သောကုသမှုဖြစ်သည်
    • ကုသမှုအစပိုင်းတွင် ဆရာဝန်က အဖြစ်များသော ဘက်တီးရီးယားပိုးအများစုကို နိုင်နင်းသော ပဋိဇီဝပိုးသတ်ဆေးများ စတင်ပေးလေ့ရှိသည်၊ ပြည် သို့မဟုတ် သွေးကို ပိုးမွေးစမ်းသပ်ထားသော အဖြေရရှိလာပါက ပိုးအမျိုးအစားနှင့် ကိုက်ညီသော ပိုးသတ်ဆေးသို့ ပြောင်းလဲပေးနိုင်သည်
    • ကုသမှု အစပိုင်းတွင် ပိုးသတ်ဆေးကို အကြောဆေးအဖြစ် ထိုးပေးလေ့ရှိပြီး လူနာအခြေအနေ တိုးတက်ကောင်းမွန်လာသည်နှင့် သောက်ဆေးသို့ ပြောင်းလဲပေးသည်
    • ကုသမှုကာလမှာ အများအားဖြင့် ၄ ပတ်မှ ၆ ပတ်ခန့် ကြာတတ်သည်
    • ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားသည့် ကုသမှုကာလ ပြည့်မီသည်အထိ သောက်သုံးရန် အရေးကြီးသည်၊ ရောဂါသက်သာလာသည်ဟု ထင်၍ စောစီးစွာ ရပ်လိုက်ပါက ပိုးပြန်လည်ဖြစ်ပွားနိုင်ပြီး ကုသရ ပိုမိုခက်ခဲလာနိုင်သည်။
  • ပြည်များကို ဖယ်ထုတ်ခြင်း
    • အဆုတ်အမြှေးတွင်း၌ ပြည်များ အလွန်အမင်း စုလာသောအဆင့်တွင်မူ ပဋိဇီဝပိုးသတ်ဆေးတစ်မျိုးတည်းဖြင့် ကုသရန် မလုံလောက်တော့ပါ
    • အဆုတ်ကောင်းစွာ လှုပ်ရှားနိုင်ရန် ပြည်များကို ဖယ်ထုတ်ပစ်ရန် လိုအပ်သည်
    • အသုံးအများဆုံးနည်းလမ်းမှာ ရင်ဘတ်အတွင်း ပိုက်ငယ်ထည့်၍ ပြည်များကို စီးဆင်းထုတ်ပယ်ခြင်း (Chest tube drainage) ဖြစ်ပြီး ထိုလုပ်ငန်းစဉ်ကို အများအားဖြင့် ထုံဆေးဖြင့် ပြုလုပ်နိုင်သည်
  • အဆုတ်အမြှေးတွင်း အင်ဇိုင်းဆေးထိုးကုသခြင်း (Intrapleural enzymatic therapy)
    • အချို့လူနာများတွင် ပြည်များ အလွန်ပျစ်နေခြင်း သို့မဟုတ် အမြှေးပါးအတွင်း အမာရွတ်အကန့်များ (loculations) ဖြစ်ပေါ်နေခြင်းကြောင့် ရင်ဘတ်ပိုက်မှတစ်ဆင့် ပြည်ထုတ်ရန် ခက်ခဲနိုင်သည်
    • ထိုအခြေအနေတွင် ပိုက်ငယ်မှတစ်ဆင့် အင်ဇိုင်းဆေးကို အဆုတ်အမြှေးပါးတွင်း ထိုးသွင်းပေးရသည်။ ထိုအင်ဇိုင်းများသည် ပြည်အရည်များကို ကျဲစေပြီး အမာရွတ်အကန့်များကို ပျက်စီးစေသဖြင့် ပြည်များ ပိုမိုလွယ်ကူစွာ ထွက်လာနိုင်သည်
  • ခွဲစိတ်ကုသခြင်း
    • ပဋိဇီပိုးသတ်ဆေးကုသမှုနှင့် ရင်ဘတ်ပိုက်ထည့်၍ ပြည်ထုတ်ကုသမှုများဖြင့် ရောဂါမထိန်းချုပ်နိုင်ပါက ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်
    • ခွဲစိတ်ကုသခြင်း၏ ရည်ရွယ်ချက်မှာ ပိုးဝင်ရောင်ရမ်းနေသော တစ်ရှူးများကို ဖယ်ရှားပေးခြင်း၊ ထူထဲနေသော အမြှေးပါးနှင့် အမာရွတ်များကို လှီးထုတ်ခြင်းဖြင့် အဆုတ်ကို ပြန်လည်ကောင်းမွန်စွာ ကျုံ့နိုင်ပွနိုင်စေရန်ဖြစ်သည်
  • အခြားပံ့ပိုးကုသမှုများ
    • ပိုးကူးစက်မှုကို ကုသခြင်းအပြင် အခြားပံ့ပိုးကုသမှုများလည်း အရေးကြီးသည်
    • ၎င်းတို့တွင် နာကျင်မှုသက်သာစေသော ဆေးများပေးခြင်း၊ လိုအပ်ပါက အောက်ဆီဂျင်ပေးခြင်း၊ အာဟာရလုံလောက်စွာ ဖြည့်ဆည်းပေးခြင်းနှင့် အသက်ရှူလမ်းကြောင်း ပြန်လည်သန်စွမ်းစေရန် အသက်ရှူလေ့ကျင့်ခန်းများ (Pulmonary rehabilitation) ပြုလုပ်ခြင်းတို့ ပါဝင်သည်
ကာကွယ်ခြင်း

အဆုတ်မြှေးတွင်း ပြည်တည်ခြင်းကို အပြည့်အဝ မကာကွယ်နိုင်သော်လည်း အောက်ပါ အချက်များကို လိုက်နာကျင့်သုံးခြင်းဖြင့် ဖြစ်နိုင်ခြေကို များစွာ လျော့ကျစေသည်။

  • အဆုတ်ရောင်ရောဂါ မဖြစ်စေရန် ကာကွယ်ခြင်း – ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးခြင်းကို လုံးဝရှောင်ကြဥ်ခြင်း၊ ကာကွယ်ဆေးများထိုးခြင်း (တုပ်ကွေး၊ အဆုတ်ရောင်)၊ ဆီးချိုရောဂါကို ကောင်းစွာ ထိန်းချုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှား ပုံမှန်ပြုလုပ်ခြင်း၊ ခံတွင်းသန့်ရှင်းရေး ဂရုစိုက်ခြင်း၊ အစာနှင့်ရေ မသီးစေရန် ဂရုစိုက်ခြင်း စသည်တို့ကို လုပ်ဆောင်ရမည်
  • အဆုတ်ရောင်ရောဂါကို ထိရောက်စွာ ကုသခြင်း – ပိုးသတ်ဆေးများကို လက္ခဏာသက်သာရုံနှင့် မရပ်လိုက်ဘဲ ရက်ပြည့်သည်အထိ သောက်ခြင်း၊ အဆုတ်ရောင်ရောဂါ လုံးဝပျောက်ကင်းသည်အထိ ဆရာဝန်နှင့် ရက်ချိန်းမှန်မှန်ပြခြင်းတို့ကို ပြုလုပ်ရမည်

References:

  1. Cleveland Clinic. (n.d.). Empyema. Retrieved August 9, 2026, from https://my.clevelandclinic.org/health/diseases/24269-empyema
  2. MSD Manuals Consumer Version. (n.d.). Pleural effusion. Retrieved August 9, 2026, from https://www.msdmanuals.com/home/lung-and-airway-disorders/pleural-and-mediastinal-disorders/pleural-effusion
  3. MSD Manuals Professional Edition. (n.d.). Pleural effusion. Retrieved August 9, 2026, from https://www.msdmanuals.com/professional/pulmonary-disorders/mediastinal-and-pleural-disorders/pleural-effusion
  4. Reyes, C. V., & Khan, A. M. (2024). Thoracic empyema. In StatPearls. StatPearls Publishing. Retrieved August 9, 2026, from https://www.ncbi.nlm.nih.gov/sites/books/NBK544279/

Published: 28 August 2026

Share

28 August 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.