Thoracostomy (Chest tube insertion) (ရင်ခေါင်းပိုက်ထည့်ခြင်း)

Thoracostomy (Chest tube insertion) (ရင်ခေါင်းပိုက်ထည့်ခြင်း)

ရင်ခေါင်းပိုက်ထည့်ခြင်း (Thoracostomy or Chest Tube insertion) ဆိုသည်မှာ ရင်ဘတ်အတွင်းဘက်နံရံနှင့် အဆုတ်တို့ကို ဖုံးအုပ်ထားသော အမြှေးပါးလေးနှစ်ခုကြားရှိ နေရာလွတ် (Pleural space – အဆုတ်မြှေးပါးကြားနေရာ) အတွင်းသို့ ပလတ်စတစ်ပိုက်ထည့်သွင်းပြီး၊ မလိုလားအပ်သော လေ၊ သွေး၊ ပြည် သို့မဟုတ် အရည်များကို ထုတ်ပေးသည့် ဆေးဘက်ဆိုင်ရာ ကုသပုံနည်းစနစ်တစ်ခုဖြစ်သည်။

ရင်ခေါင်းပိုက်ထည့်ရန် လိုအပ်သော ရောဂါနှင့်အခြေအနေများ

အဆုတ်ပုံမှန်အလုပ်လုပ်နိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေသည့် အောက်ပါအခြေအနေများတွင် ရင်ခေါင်းပိုက်ထည့်ရန် လိုအပ်သည်။

  • အဆုတ်အတွင်း လေအိတ်ပေါက်၍ လေခိုခြင်း (Pneumothorax) – အဆုတ်နှင့် ရင်ဘတ်နံရံကြား လေများ ခိုအောင်းနေပြီး အဆုတ်ကို ဖိထားသဖြင့် အဆုတ်ပိပြားသွားသည့် အခြေအနေ
  • ရင်ခေါင်းအတွင်း သွေးများစုနေခြင်း (Hemothorax) – မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ခွဲစိတ်မှုကြောင့် ရင်ခေါင်းထဲတွင် သွေးများ စုပုံလာခြင်း
  • အဆုတ်ရေမွန်းခြင်း သို့မဟုတ် အရည်စုခြင်း (Pleural Effusion) – ကင်ဆာ သို့မဟုတ် အဆုတ်ရောင်ခြင်းတို့ကြောင့် အဆုတ်ဘေးပတ်လည်တွင် အရည်များ အလွန်အကျွံ စုလာခြင်း
  • အဆုတ်တွင် ပြည်တည်ခြင်း (Empyema) – အဆုတ်ပိုးဝင်ရာမှတစ်ဆင့် အဆုတ်အမြှေးပါးကြားတွင် ပြည်များ စုလာခြင်း
  • Chylothorax – ရင်ဘတ်တွင်း ပြန်ရည်ကျိတ်ရည် (Lymph) များ စုခြင်း
  • နှလုံးနှင့် ရင်ခေါင်းခွဲစိတ်မှု ခံယူပြီးနောက် အခြေအနေများ – နှလုံး သို့မဟုတ် အဆုတ်ခွဲစိတ်ပြီးချိန်တွင် သွေးနှင့် အရည်ဟောင်းများ မကျန်စေရန် ထည့်သွင်းခြင်း
ရင်ခေါင်းပိုက်ထည့်ခြင်း မပြုလုပ်သင့်သော အခြေအနေများ

ဆေးပညာအရ အောက်ပါအခြေအနေရှိသူများတွင် အသက်အန္တရာယ် အရေးပေါ်အခြေအနေမှလွဲ၍ ရင်ခေါင်းပိုက်ထည့်ခြင်းကို အထူးသတိပြုရန် သို့မဟုတ် ရှောင်ကြဉ်ရန် လမ်းညွှန်ထားသည်။

  • သွေးခဲစနစ် မမှန်ကန်ခြင်း (Coagulopathy)
    သွေးမတိတ်သည့်ရောဂါ ရှိသူများ သို့မဟုတ် သွေးကျဲဆေး သောက်နေရသူများတွင် သွေးထွက်လွန်ခြင်း ဖြစ်နိုင်ခြေ မြင့်မားသောကြောင့် မဖြစ်မနေလုပ်ရပါက သွေးခဲစေမည့်အရာများ ကြိုတင်ထိုးပေးရသည်။
  • အဆုတ်နှင့် ရင်ဘတ်နံရံ ကပ်နေခြင်း (Pleural Adhesions)
    ယခင် ခွဲစိတ်ဖူး၍ဖြစ်စေ၊ တီဘီရောဂါကြောင့်ဖြစ်စေ အဆုတ်နှင့် ရင်ဘတ်နံရံ လုံးဝ ကပ်တွယ်နေပါက ပိုက်ထည့်ရန် နေရာမရှိသည့်အပြင် အဆုတ်ကို တိုက်ရိုက် ထိုးမိနိုင်သည်။
  • အရေပြား ပိုးဝင်နေခြင်း
    ပိုက်ထည့်မည့် ရင်ဘတ်အရေပြားနေရာတွင် ပြည်တည်နာ သို့မဟုတ် အရေပြားပိုးဝင်ခြင်း (Cellulitis) ရှိနေပါက ရင်ခေါင်းထဲသို့ ရောဂါပိုးများကို ပိုမို တွန်းပို့သကဲ့သို့ ဖြစ်နိုင်သောကြောင့် နေရာလွှဲ၍ထည့်ရမည်။
ရင်ခေါင်းပိုက်ထည့်ခြင်း၏ အကျိုးကျေးဇူးများ

ရင်ခေါင်းပိုက်ထည့်ခြင်းသည် အဆုတ်ကို ဖိထားသော လေ၊ သွေး၊ ပြည် သို့မဟုတ် အရည်များကို ထုတ်ပေးနိုင်သဖြင့် ကျုံ့သွားသော အဆုတ်ကို ပြန်လည်ပွင့်ကားစေသည်။ လူနာ၏ အသက်ရှူရခက်ခဲမှုကို လျင်မြန်စွာ သက်သာစေပြီး ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်ရရှိမှုကို တိုးတက်ကောင်းမွန်စေသည်။ အထူးသဖြင့် အရေးပေါ်အခြေအနေများတွင် အသက်အန္တရာယ်ကို လျှော့ချနိုင်သော အရေးကြီးသည့် ကုသမှုနည်းလမ်းတစ်ခုဖြစ်သည်။

အခြားသော အကျိုးကျေးဇူးများနှင့် အားသာချက်များ
  • ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ဖြစ်စေခြင်း (Minimally Invasive Procedure) – ကြီးမားသော ခွဲစိတ်မှု မလိုအပ်ဘဲ သေးငယ်သော ခွဲကြောင်းမှတစ်ဆင့် လုပ်ဆောင်ရသဖြင့် နာကျင်မှုကို လျှော့ချပေးနိုင်ပြီး ဒဏ်ရာကျက်မြန်စေကာ ပြန်လည်နာလန်ထချိန်ကို တိုတောင်းစေသည်အထွေထွေမေ့ဆေး ပေးရန် မလိုအပ်ခြင်း – အခြေအနေအများစုတွင် ထုံဆေး (Local Anesthesia) ဖြင့်သာ လုပ်ဆောင်နိုင်သဖြင့် မေ့ဆေးနှင့်ဆက်စပ်သော အန္တရာယ်များကို လျှော့ချနိုင်သည်
  • အရေးပေါ်အခြေအနေနှင့် နာတာရှည်ရောဂါများတွင် အသုံးဝင်ခြင်း – အဆုတ်ပိပြားခြင်း၊ ရင်ခေါင်းအတွင်း သွေးစုခြင်း သို့မဟုတ် ပြည်တည်ခြင်းကဲ့သို့သော အရေးပေါ်အခြေအနေများတွင် အသက်ကယ်ကုသမှုအဖြစ် အသုံးပြုနိုင်သကဲ့သို့ နာတာရှည်ရောဂါများကြောင့် ဖြစ်ပွားသော အဆုတ်မြှေးပါးအတွင်း အရည်စုခြင်းကိုလည်း ထိရောက်စွာ ကုသနိုင်သည်
  • လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ပေးနိုင်ခြင်း – အဆုတ်မြှေးပါးအတွင်း အရည်များ အကြိမ်ကြိမ် ပြန်လည်စုတတ်သော နာတာရှည်ရောဂါ ဝေဒနာရှင်များတွင် အသက်ရှူရခက်ခဲမှုနှင့် ရင်ဘတ်အတွင်း မအီမသာဖြစ်မှုတို့ကို လျှော့ချပေးနိုင်သဖြင့် နေ့စဉ်လှုပ်ရှားမှုများကို ပိုမိုသက်တောင့်သက်သာ ဆောင်ရွက်နိုင်စေသည်
  • ရောဂါအခြေအနေကို စောင့်ကြည့်ကုသရာတွင် အထောက်အကူပြုခြင်း – ထုတ်ယူရရှိသော အရည်၊ သွေး သို့မဟုတ် ပြည်များကို ဓာတ်ခွဲစစ်ဆေးနိုင်သဖြင့် ရောဂါအကြောင်းရင်းကို အတည်ပြုရာနှင့် နောက်ဆက်တွဲကုသမှု စီမံရာတွင် အထောက်အကူပြုသည်။
ကြိုတင်သိထားရမည့် အရေးကြီးအချက်များ
  • ပိုးသတ်သန့်စင်မှု – ခွဲစိတ်ခန်း သို့မဟုတ် အရေးပေါ်ဌာနတွင် ဆရာဝန်များက ပြင်ပမှ ရောဂါပိုးဝင်ရောက်မှု မရှိစေရန် သတိထား၍ ပြုလုပ်ကြသည်
  • ပိုက်ထည့်ထားပြီးနောက် ကြာမြင့်ချိန် – အချို့သော ရင်ဘတ်ပိုက်များကို အရည်၊ လေ အားလုံး စုပ်ထုတ်ပြီးသည်အထိသာ ထည့်ထားလေ့ရှိပြီး၊ ပုံမှန်အားဖြင့် ရက်အနည်းငယ်သာ ကြာတတ်သည်၊ သို့သော် နာတာရှည်ရောဂါကြောင့် အရည်များ ခဏခဏပြန်စုနေပါက ပိုက်ကို အချိန်အတော်ကြာ ထည့်ထားရနိုင်သည်
ကြိုတင်သိရှိပြင်ဆင်ရန် (Pre-procedural notes)
  • အရေးပေါ်အခြေအနေ မဟုတ်ပါက သွေးကျဲဆေး၊ သွေးမခဲစေသောဆေးများ သို့မဟုတ် အခြားသောက်သုံးနေသော ဆေးဝါးများရှိပါက ဆရာဝန်အား ကြိုတင်အသိပေးရမည်၊ ဓာတ်မတည့်မှုရာဇဝင်၊ သွေးထွက်လွယ်သော ရောဂါများနှင့် ယခင်ရင်ဘတ်ခွဲစိတ်မှု ရာဇဝင်များကိုလည်း ထည့်သွင်းပြောကြားသင့်သည်
  • ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging Assessment) – အဆုတ်ဓာတ်မှန် (X-ray)၊ အာထရာဆောင်း (Ultrasound) သို့မဟုတ် လိုအပ်ပါက ကွန်ပျူတာဓာတ်မှန် (CT Scan) ဖြင့် စစ်ဆေးပြီး လေ၊ သွေး၊ ပြည် သို့မဟုတ် အရည်စုနေသည့် တည်နေရာနှင့် ပမာဏကို သတ်မှတ်ကာ ပိုက်ထည့်မည့် အကောင်းဆုံးနေရာကို ရွေးချယ်မည်
  • သွေးစစ်ဆေးခြင်း – အရေးပေါ်မဟုတ်သော အခြေအနေများတွင် သွေးခဲစနစ် ပုံမှန် ရှိမရှိနှင့် အခြားလိုအပ်သော သွေးစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်
  • အရေးပေါ်အခြေအနေ ကြိုတင်စီမံခြင်း – အသက်အန္တရာယ်စိုးရိမ်ရသည့် Tension Pneumothorax (အဆုတ်ထဲသို့ လေဝင်ပြီး ပြန်မထွက်နိုင်ဘဲ အဆုတ်ကို ပြင်းထန်စွာ ဖိမိနေသည့် အခြေအနေ) ဖြစ်ပါက အဆုတ်အမြှေးပါး ကြားနေရာအတွင်း ပိုက် (Chest Tube) မထည့်သွင်းမီ ဖိအားကို အမြန်ဆုံး လျှော့ချပေးရန် Needle Thoracostomy (အပ်ဖြင့် ရင်ဘတ်ဖောက်ခြင်း) ကို ဦးစွာ လုပ်ဆောင်ရနိုင်သည်။
ကုသမှုအဆင့်ဆင့်
  • အဆင့် (၁) လူနာအနေအထားနှင့် ထုံဆေးပေးခြင်း
    • လူနာကို ကုတင်ပေါ်တွင် ကောင်းစွာ လဲလျောင်းစေပြီး လက်ကို ခေါင်းပေါ်မြှောက်ထားစေသည်၊ ပိုက်ထည့်မည့်နေရာ (များသောအားဖြင့် နံရိုးအမှတ် ၄ နှင့် ၅ ကြား ဂျိုင်းအောက်လိုင်း) ကို ထုံဆေး ထိုးပေးသည်
  • အဆင့် (၂) ဓားရာအနည်းငယ် ပေးခြင်း (Incision)
    • ထုံသွားပါက ဆရာဝန်သည် အရေပြားကို ၂ စင်တီမီတာခန့် ဓားရာ အနည်းငယ် ပေးသည်
    • ထို့နောက် အထူးပြုလုပ်ထားသော ကိရိယာဖြင့် နံရိုးအပေါ်ဘက်တစ်လျှောက် ရင်ခေါင်းတွင်းဆီသို့ လမ်းကြောင်းဖောက်သည်
  • အဆင့် (၃) လမ်းကြောင်းရှာဖွေခြင်းနှင့် ပိုက်ထည့်ခြင်း
    • ပိုးသန့်စင်ပြီးသား အဆုတ်အမြှေးပါး ကြားနေရာအတွင်း ထည့်သောပိုက် (Chest tube) ကို ဖောက်ထားသော လမ်းကြောင်းမှတစ်ဆင့် ညင်သာစွာ တွန်းထည့်သည်
    • ပိုက်ထဲသို့ လေ သို့မဟုတ် အရည်များ ချက်ချင်း ထွက်လာသည်ကို တွေ့ရမည်ဖြစ်သည်
  • အဆင့် (၄) ပိုက်ကို ချုပ်ရိုးဖြင့် ထိန်းခြင်းနှင့် စုပ်ထုတ်ခြင်းစနစ်တပ်ဆင်ခြင်း
    • ပိုက်ကျွတ်မထွက်စေရန် အရေပြားနှင့် ပိုက်ကို ခွဲစိတ်ချုပ်ကြိုးဖြင့် တွဲချုပ်ပြီး ချည်နှောင်သည်
    • ပိုက်အဝင်ဝကို ပိုးသတ်ထားသော ပတ်တီး (Sterile Dressing) ဖြင့် လေလုံအောင် အုပ်ပေးသည်
    • ပိုက်၏ အခြားအစွန်းတစ်ဖက်ကို ရေထည့်ထားသောဗူး (Water-seal Drainage System) ၏ ရေမျက်နှာပြင်အောက်တွင် မြှုပ်ကာ လေ သို့မဟုတ် အရည်များကို ထုတ်စေသည်၊ ပြီးလျှင် ပိုက်နေရာ မှန်မမှန်ကို ရင်ဘတ်ဓာတ်မှန် (X-ray) ရိုက်၍ ပြန်လည်စစ်ဆေးသည်။
နောက်ဆက်တွဲပြဿနာများ

အဆုတ်အမြှေးပါး ကြားနေရာအတွင်း ပိုက်ထည့်၍ကုသခြင်းသည် ဘေးကင်းသော နည်းလမ်းဖြစ်သော်လည်း တစ်ခါတစ်ရံ အောက်ပါနောက်ဆက်တွဲပြဿနာများ ကြုံတွေ့ရတတ်သည်။

  • နာကျင်မှု (Pain) – နံရိုးနှင့် အာရုံကြောများအပေါ် ပိုက်က ဖိမိနေခြင်းကြောင့် အသက်ပြင်းပြင်း ရှူရှိုက်ချိန် သို့မဟုတ် ခန္ဓာကိုယ် လှုပ်ရှားချိန်များတွင် နာကျင်မှု ခံစားရခြင်း
  • သွေးထွက်ခြင်း (Bleeding) – ပိုက်ထည့်သွင်းစဉ် လမ်းကြောင်းတစ်လျှောက်ရှိ သွေးကြောများကို ထိခိုက်မိပါက ရင်ခေါင်းအတွင်း သွေးယိုခြင်း
  • ပိုးဝင်ခြင်း (Infection) – ပိုက်ထည့်ထားသော လမ်းကြောင်းမှတစ်ဆင့် ရင်ဘတ်အမြှေးပါးကြားသို့ ပြင်ပမှ ရောဂါပိုးမွှားများ ပြန့်နှံ့ဝင်ရောက်ခြင်း
  • အင်္ဂါအစိတ်အပိုင်းများ ထိခိုက်ခြင်း – ပိုက်ထည့်သည့် အချိန်တွင် အဆုတ်၊ နှလုံး သို့မဟုတ် ကန့်လန့်ကာကြွက်သား (Diaphragm) တို့ကို မှားယွင်းစွာ ထိုးမိခြင်း
  • ပိုက်ပိတ်ခြင်း သို့မဟုတ် နေရာလွဲခြင်း – သွေးခဲများကြောင့် ပိုက်လမ်းကြောင်း ပိတ်သွားခြင်း သို့မဟုတ် ပိုက်သည် မူလနေရာမှ နေရာရွေ့သွားသဖြင့် ပိုက်မှ လေ၊ သွေး၊ ပြည် သို့မဟုတ် အရည်များ မထွက်တော့ခြင်း
  • အရေပြားအောက် လေခိုခြင်း (Subcutaneous Emphysema) – ရင်ခေါင်းထဲရှိ လေများသည် ပိုက်အတွင်းသို့ မဝင်ဘဲ အရေပြားအောက်လွှာထဲသို့ စိမ့်ဝင်သွားသဖြင့် ရင်ဘတ်နှင့် လည်ပင်းတဝိုက် ဖောင်းကြွလာခြင်း
လိုက်နာဆောင်ရွက်ရမည့်အချက်များ

အဆုတ်အမြှေးပါး ကြားနေရာအတွင်း ပိုက်ထည့်ထားသော လူနာ သို့မဟုတ် လူနာရှင်များအနေဖြင့် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာရမည်။

  • အရည်/ လေထုတ်သောဗူးကို အမြဲအောက်တွင်ထားပါ – အရည် သို့မဟုတ် လေများ ရင်ဘတ်ထဲသို့ နောက်ပြန်စီးမဝင်စေရန် ဗူးကို မိမိရင်ဘတ်ထက် နိမ့်သောနေရာ (ကြမ်းပြင်ပေါ်) တွင်သာ အမြဲထားရှိရမည်
  • ပိုက်လိုင်းကို မခေါက်ပါစေနှင့် – ပိုက်သည် ကွေးနေခြင်း၊ ခေါက်နေခြင်း သို့မဟုတ် မိမိခန္ဓာကိုယ်အောက်တွင် ဖိမိနေခြင်းမျိုး မရှိစေရပါ
  • အသက်ပြင်းပြင်းရှူပေးပါ – အဆုတ်ပြန်ပွလာစေရန် ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးခြင်း၊ ချောင်းဆိုးပေးခြင်းတို့ကို (နာကျင်မှုသက်သာသည့် အနေအထားဖြင့်) ပြုလုပ်ပေးရမည်
  • အကူအညီတောင်းပါ – အိပ်ရာမှထခြင်း၊ လမ်းလျှောက်ခြင်း ပြုလုပ်လိုပါက ပိုက်များ ဆွဲမိပြီး ကျွတ်မထွက်စေရန် သူနာပြု (Nurse) သို့မဟုတ် လူနာစောင့်၏ အကူအညီကို အမြဲရယူပါ
  • ရင်ဘတ်ပိုက်ကို ဖယ်ရှားပြီးနောက် ခွဲကြောင်းဒဏ်ရာ လုံးဝကျက်သွားရန် ၃ပတ် မှ ၄ပတ်ခန့်အထိ ကြာနိုင်သည်
  • အရေးပေါ် အခြေအနေ – အကယ်၍ အသက်ရှူရ ပိုမိုမွန်းကြပ်လာခြင်း၊ ရင်ဘတ် ချက်ချင်းပြင်းထန်စွာအောင့်လာခြင်း၊ ပိုက်ကျွတ်ထွက်သွားခြင်း သို့မဟုတ် ပိုက်ထည့်ထားသည့်နေရာမှ သွေးများအလွန်အမင်း ထွက်လာခြင်းများ ကြုံတွေ့ရပါက ဆရာဝန် သို့မဟုတ် သူနာပြုကို ချက်ချင်း အကြောင်းကြားရမည်။

References:

  1. Cleveland Clinic. (2023). Thoracostomy (chest tube insertion). Retrieved June 14, 2026, from https://my.clevelandclinic.org/health/treatments/25035-thoracostomy
  2. American Lung Association. (2023). Chest tube procedure. Retrieved June 14, 2026, from https://www.lung.org/lung-health-diseases/lung-procedures-and-tests/chest-tube-procedure
  3. American Thoracic Society. (2012). Why do I need a chest tube? Retrieved June 14, 2026, from https://www.thoracic.org/patients/patient-resources/resources/chest-tube-thoracostomy.pdf

Published: 27 June 2026

Share

27 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.