Lung abscess (အဆုတ်ပြည်တည်နာ)

Lung abscess (အဆုတ်ပြည်တည်နာ)

အဆုတ်ပြည်တည်နာ (Lung abscess) ဆိုသည်မှာ အဆုတ်တစ်ရှူးများ ပိုးဝင်ရောင်ရမ်းပြီး ပုပ်ဆွေးပျက်စီးလာခြင်းကြောင့် အဆုတ်အတွင်း အခေါင်းပေါက်တစ်ခု ဖြစ်ပေါ်ကာ ၎င်းအခေါင်းပေါက်အတွင်း အဆုတ်တစ်ရှူးအသေများ၊ သွေးဖြူဥများနှင့် ဘက်တီးရီးယားပိုးများ စုပုံ၍ ပြည်တည်လာသည့် ရောဂါအခြေအနေတစ်ခုဖြစ်သည်။ အဆုတ်ပြည်တည်နာအများစုသည် အစာ၊ အရည် သို့မဟုတ် အန်ဖတ်များ အသက်ရှူလမ်းကြောင်းအတွင်းသို့ မှားယွင်းဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ (Aspiration pneumonia) ၏ နောက်ဆက်တွဲအဖြစ် ဖြစ်ပေါ်တတ်သည်။ ထိုကဲ့သို့ဝင်ရောက်လာသောအရာများနှင့်အတူ ပါးစပ်နှင့်လည်ချောင်းအတွင်းရှိ ဘက်တီးရီးယားပိုးများသည် အသက်ရှူလမ်းကြောင်း အောက်ပိုင်းသို့ ရောက်ရှိကာ အဆုတ်တစ်ရှူးများကို ရောင်ရမ်းပျက်စီးစေပြီး ပြည်တည်နာ ဖြစ်ပေါ်စေနိုင်သည်။ ကုသရာတွင် ပဋိဇီဝပိုးသတ်ဆေးများကို အဓိကအသုံးပြုသော်လည်း ပြည်တည်နာအရွယ်အစား ကြီးခြင်း၊ ဆေးဖြင့် မသက်သာခြင်း သို့မဟုတ် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခြင်းတို့တွင် ပြည်စုပ်ထုတ်ခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်း လိုအပ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပုံမှန်အခြေအနေတွင် အစာ၊ အရည် သို့မဟုတ် ပြင်ပအမှုန်အမွှားများ အသက်ရှူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာပါက လေပြွန်ဝပိတ်ခြင်း၊ ချောင်းဆိုး၍ ပြန်ထုတ်ခြင်းနှင့် အသက်ရှူလမ်းကြောင်းနံရံရှိ အမျှင်ငယ်များ (Cilia) က အညစ်အကြေးများကို အပေါ်ဘက်သို့ တွန်းပို့ရှင်းလင်းခြင်းတို့ဖြင့် အဆုတ်အတွင်းသို့ မရောက်ရှိစေရန် ခန္ဓာကိုယ်မှ ကာကွယ်ပေးသည်။ ၎င်းသဘာဝကာကွယ်မှုစနစ်များ ချို့ယွင်းလာပါက ဘက်တီးရီးယားပိုးများ အဆုတ်အတွင်း ဝင်ရောက်ပွားများနိုင်ပြီး အဆုတ်တစ်ရှူးများ ပျက်စီးကာ ပြည်တည်နာ ဖြစ်ပေါ်နိုင်သည်။

အဆုတ်ပြည်တည်နာ ဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းမှာ ခံတွင်းနှင့် လည်ချောင်းအတွင်းရှိ ဘက်တီးရီးယားပိုးများ ပါဝင်သော အစာ၊ အရည် သို့မဟုတ် အန်ဖတ်များ အသက်ရှူလမ်းကြောင်းအတွင်းသို့ မှားယွင်းဝင်ရောက်ခြင်းဖြစ်သည်။ ယင်းသို့ ဖြစ်ပွားနိုင်ခြေများစေသော အခြေအနေများတွင် အောက်ပါတို့ပါဝင်သည်။

  • သတိအာရုံနှင့် မျိုချနိုင်စွမ်း လျော့နည်းခြင်း – အရက်အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ မေ့ဆေး သို့မဟုတ် စိတ်ငြိမ်ဆေးပေးထားခြင်း၊ အတက်ရောဂါနှင့် လေဖြတ်ခြင်းတို့ကြောင့် ချောင်းဆိုးတုံ့ပြန်မှုနှင့် မျိုချနိုင်စွမ်းတို့ လျော့နည်းနိုင်သည်။
  • အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း သို့မဟုတ် ပုံမမှန်ခြင်း – ကင်ဆာအကျိတ်များ၊ ပြန်ရည်ကျိတ်ကြီးခြင်း၊ ပြင်ပအရာဝတ္ထုပိတ်ဆို့ခြင်းနှင့် မွေးရာပါ အသက်ရှူလမ်းကြောင်း ပုံမမှန်ခြင်းတို့ကြောင့် အညစ်အကြေးများကို ရှင်းလင်းနိုင်စွမ်း လျော့နည်းကာ ပိုးများ ပွားများနိုင်သည်။

ထို့အပြင် အဆုတ်ပြည်တည်နာသည် အောက်ပါလမ်းကြောင်းများမှတစ်ဆင့်လည်း ဖြစ်ပေါ်နိုင်သည်။

  • သွေးမှတစ်ဆင့် ပိုးပျံ့နှံ့ခြင်း (Haematogenous spread) – အခြားကိုယ်တွင်းအင်္ဂါများရှိ ပိုးဝင်ရောဂါမှ ဘက်တီးရီးယားပိုးများ သွေးလမ်းကြောင်းမှတစ်ဆင့် အဆုတ်သို့ ရောက်ရှိလာခြင်းဖြစ်သည်
  • ပိုးကပ်နေသော သွေးခဲများ အဆုတ်သို့ မျောပါလာခြင်း (Septic embolism) – အထူးသဖြင့် နှလုံးအတွင်းနံရံ သို့မဟုတ် အဆို့ရှင်ပိုးဝင်ရောင်ရမ်းခြင်းကဲ့သို့သော အခြေအနေများတွင် ဖြစ်နိုင်သည်
  • အနီးအနားရှိ ကိုယ်တွင်းအင်္ဂါများမှ တိုက်ရိုက်ပျံ့နှံ့ခြင်း (Contiguous spread) – ဥပမာအားဖြင့် အသည်းပြည်တည်နာ သို့မဟုတ် ရင်ဘတ်အတွင်းရှိ အခြားပိုးဝင်နေရာများမှ အဆုတ်သို့ ပျံ့နှံ့လာခြင်းဖြစ်သည်

အဆုတ်ပြည်တည်နာကို ဖြစ်စေသော ပိုးအများစုမှာ ဘက်တီးရီးယားများဖြစ်ပြီး တစ်ခါတစ်ရံ မှိုပိုးများ၊ တီဘီပိုးနှင့် ကပ်ပါးပိုးများကြောင့်လည်း ဖြစ်ပွားနိုင်သည်။ အဖြစ်များသော ပိုးများတွင် အောက်ပါတို့ပါဝင်သည်။

  • Peptostreptococcus
  • Fusobacterium
  • Prevotella
  • Bacteroides
  • Streptococcus မျိုးစိတ်များ
  • Staphylococcus မျိုးစိတ်များ
  • Pseudomonas aeruginosa
  • Klebsiella pneumoniae
  • Haemophilus influenzae
  • Mycobacterium tuberculosis
  • Entamoeba histolytica
ရောဂါဖြစ်နိုင်ခြေများစေသော အချက်များ
  • ဘက်တီးရီးယားပိုးများကို ကောင်းစွာ မတိုက်ထုတ်နိုင်သော ကိုယ်ခံစွမ်းအားနည်းသည့် အခြေအနေများ (ဥပမာ – ဆီးချိုရောဂါကို ကောင်းစွာမထိန်းနိုင်ခြင်း၊ စတီးရွိုက်ဆေးဝါးများနှင့် ကင်ဆာဆေးများကဲ့သို့ ကိုယ်ခံအားစနစ်ကို ကျဆင်းစေသော ဆေးဝါးများသောက်နေရခြင်း၊ HIV ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် ကိုယ်ခံအား ကျဆင်းခြင်း)
  • ခံတွင်း မသန့်ရှင်းခြင်း၊ ပြင်းထန်သော သွားဖုံးရောင်ရောဂါများကြောင့် ခံတွင်းဘက်တီးရီးယားပိုးများ အလွန်ပေါက်ပွားနေခြင်း
  • စားချဥ်ပြန်ရောဂါ (GERD) ကြောင့် အစာခြေရည်များ အသက်ရှူလမ်းကြောင်းတွင်းသို့ မကြာခဏ ဝင်ရောက်နိုင်ခြေများခြင်း၊ အရက် သို့မဟုတ် မူးယစ်ဆေးဝါးများ အလွန်အကျွံ သုံးစွဲခြင်းကြောင့် သတိလစ်ခြင်း
အမျိုးအစား

အဆုတ်ပြည်တည်နာကို ဖြစ်ပွားချိန်ကြာမြင့်မှုနှင့် ဖြစ်ပွားရသည့်အကြောင်းရင်းပေါ် မူတည်၍ အမျိုးအစား ခွဲခြားနိုင်သည်။

ဖြစ်ပွားချိန် ကြာမြင့်မှုပေါ် မူတည်၍

  • လတ်တလော အဆုတ်ပြည်တည်နာ (Acute lung abscess)
    • ရောဂါဖြစ်ပွားချိန် (၆) ပတ်အောက် ကြာမြင့်သော အခြေအနေကို ဆိုလိုသည်
    • အချိန်မီ ပဋိဇီဝပိုးသတ်ဆေးဖြင့် ကုသပါက လူနာအများစုတွင် ပြန်လည်ကောင်းမွန်နိုင်သည်
  • နာတာရှည် အဆုတ်ပြည်တည်နာ (Chronic lung abscess)
    • ရောဂါသည် ၆ ပတ်နှင့်အထက် ဆက်လက်တည်ရှိနေသော အခြေအနေဖြစ်သည်
    • နောက်ခံရောဂါတစ်ခုခု၊ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု သို့မဟုတ် ကုသမှုမလုံလောက်ခြင်းတို့နှင့် ဆက်စပ်နေတတ်ပြီး ကုသမှုကာလ ပိုမိုကြာမြင့်နိုင်သည်

ဖြစ်ပွားရသည့် အကြောင်းရင်းပေါ် မူတည်၍

  • နဂိုမူလ အဆုတ်ပြည်တည်နာ (Primary lung abscess)
    • အများဆုံးတွေ့ရသော အမျိုးအစားဖြစ်ပြီး အဆုတ်တွင် ယခင်က ရောဂါအခံ သို့မဟုတ် ပိတ်ဆို့မှုမရှိဘဲ အစာ၊ အရည် သို့မဟုတ် ခံတွင်းရှိ ဘက်တီးရီးယားများ အသက်ရှူလမ်းကြောင်းအတွင်းသို့ သီးဝင်ရာမှ ပိုးဝင်၍ ဖြစ်ပွားခြင်းဖြစ်သည်
  • တစ်ဆင့်ခံ အဆုတ်ပြည်တည်နာ (Secondary lung abscess)
    • အခြားရောဂါတစ်ခုခု၏ နောက်ဆက်တွဲအဖြစ် ဖြစ်ပွားခြင်းဖြစ်သည်
    • ဥပမာအားဖြင့် အဆုတ်ကင်ဆာ၊ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု၊ နာတာရှည်အဆုတ်ရောဂါများ၊ ကိုယ်ခံအားကျဆင်းသည့် အခြေအနေများ သို့မဟုတ် ခန္ဓာကိုယ်၏ အခြားနေရာမှ ပိုးများ သွေးလမ်းကြောင်းမှတစ်ဆင့် ပျံ့နှံ့လာခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည်
ရောဂါလက္ခဏာများ
  • ချောင်းဆိုးသလိပ်ပါခြင်း
    ထင်ရှားသော အဓိကလက္ခဏာတစ်ခုဖြစ်သည်။ သလိပ်သည် ပမာဏများ၍ အနံ့ဆိုးရွားသည်။ ပြည်အောင်းနေသော အဆုတ်အခေါင်းနှင့် လေပြွန်တို့ တဆက်တည်းဖြစ်သွားလျှင် ဤသို့ဖြစ်လာသည်။
  • ချောင်းဆိုးသွေးပါခြင်း
    အနာလှိုက်စားရာမှ သွေးကြောထိသွားလျှင် ချောင်းဆိုးသည့်အခါ သလိပ်တွင် သွေးမျှင်များ ပါလာနိုင်သည်။
  • အခြားလက္ခဏာများ (Constitutional symptoms)
    အသက်ရှူမဝခြင်း၊ အဖျားငွေ့ငွေ့ ဆက်တိုက်ဖျားခြင်း သို့မဟုတ် အဖျားရုတ်တရက်ကြီးခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ညပိုင်းတွင် အလွန်အမင်း ချွေးထွက်ခြင်း၊ နုံးချည့်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အစာစားချင်စိတ် လျော့နည်းခြင်းစသည့် အထွေထွေလက္ခဏာများလည်း ဖြစ်နိုင်သည်။
  • အဆုတ်အမြှေးပါးရောင်၍ ရင်ဘတ်စူးအောင့်ခြင်း
    အသက်ရှူစဥ် သို့မဟုတ် ချောင်းဆိုးလျှင် ရင်ဘတ်တွင် ဆူးစူးသကဲ့သို့ နာကျင်ခြင်း (Pleuritic pain) ဖြစ်တတ်သည်။ တစ်ခါတစ်ရံ ပခုံး သို့မဟုတ် လည်ပင်းတွင် နာတတ်သည်။
နောက်ဆက်တွဲပြဿနာများ
  • အဆုတ်အမြှေးပါးအတွင်း ပြည်တည်ခြင်း (Empyema)
    အဆုတ်အခေါင်းအတွင်းရှိ ပြည်များ အဆုတ်၏အပြင်ဘက်သို့ ပေါက်ထွက်သွားလျှင် အဆုတ်ကို ဖုံးထားသော အမြှေးပါးအတွင်းသို့ ပြည်များ ရောက်လာနိုင်သကဲ့သို့ အဆုတ်အမြှေးပါးကိုယ်တိုင် ပိုးကူးစက်ရောင်ရမ်းကာ ပြည်များ တည်လာနိုင်သည်။
  • အဆုတ်အမြှေးပါး အနာရွတ်ဖြစ်ခြင်း (Pleural fibrosis) နှင့် အဆုတ်လှုပ်ရှားမှု ထိခိုက်ခြင်း (Trapped lung)
    • ပုံမှန်အားဖြင့် အဆုတ်အမြှေးပါးသည် အသက်ရှူသွင်းရာတွင် အဆုတ်ဖောင်းလာခြင်းကို လွယ်ကူစေသည်
    • အဆုတ်အမြှေးပါး ကြာရှည်ရောင်ရမ်းလာသောအခါ အမာရွတ်များ ဖြစ်ပေါ်လာပြီး မာကျော တောင့်တင်းလာသည်
    • အကျိုးဆက်အားဖြင့် အဆုတ်သည် အသက်ရှူသွင်းလိုက်သောအခါတွင် တောင့်နေသော အဆုတ်အမြှေးပါးကြောင့် ကောင်းစွာဖောင်းနိုင်ခြင်း မရှိတော့ဘဲ ချုပ်နှောင်ထားသကဲ့သို့ဖြစ်သွားပြီး အသက်ရှူလုပ်ငန်းကို ထိခိုက်စေသည်
  • အသက်ရှူခြင်းလုပ်ငန်း ပျက်စီးခြင်း (Respiratory failure)
    • အဆုတ်တစ်ရှူးများ ပျက်စီးမှုများသောအခါ အဆုတ်၏လုပ်ငန်းဆောင်တာ ပျက်စီးလာသည်
    • ပြည်ကြောင့် လေပြွန်ပိတ်ခြင်း၊ အသက်ကို ပြင်းစွာရှူရသောကြောင့် အသက်ရှူရာတွင်ပါဝင်သည့် ကြွက်သားများ မောပန်းခြင်း၊ အဆုတ်အမြှေးပါးအမာရွတ်ကြောင့် အဆုတ်၏ ဖောင်းနိုင်စွမ်းကို ကန့်သတ်ခြင်း၊ သွေးဆိပ်တက်ခြင်းစသော အကြောင်းအမျိုးမျိုးကြောင့်လည်း အသက်ရှူခြင်းလုပ်ငန်း ပျက်ဆီးနိုင်သည်
  • ပုံမမှန်လမ်းကြောင်းများ ဖြစ်ပေါ်လာခြင်း (Fistula formation)
    • နာတာရှည် ရောင်ရမ်းမှုနှင့် ပိုးဝင်မှုများမှတစ်ဆင့် တစ်ရှူးများ လှိုက်စားခံရခြင်းကြောင့် ပုံမမှန်လမ်းကြောင်းများ ပေါ်လာနိုင်သည်
    • လေပြွန်မှ အဆုတ်အမြှေးပါးဘက်သို့လည်းကောင်း (Bronchopleural fistula)၊ အဆုတ်အမြှေးပါးမှ ရင်ဘတ်ရှိအရေပြားသို့လည်းကောင်း (Pleurocutaneous fistula) ပုံမမှန်လမ်းကြောင်းများ ဖြစ်ပေါ်လာနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင် ဖော်ပြခဲ့သော ရောဂါလက္ခဏာများအပြင် အောက်ဖော်ပြပါ အန္တရာယ်များသော လက္ခဏာများ ဖြစ်လာလျှင် ဆေးရုံ၊ ဆေးခန်း အမြန်ပြရန်လိုသည်။

  1. အဖျားကြီးခြင်း – ၁၀၃ ဒီဂရီ ဖာရင်ဟိုက်နှင့် အထက် ကိုယ်ပူခြင်း
  2. အသက်ရှူကျပ်လာခြင်း သို့မဟုတ် ငြိမ်သက်နေစဥ်ပင် မောလာခြင်း
  3. ကယောင်ကတမ်းဖြစ်ခြင်း၊ မှိန်းခြင်း
  4. ရင်ဘတ်အောင့်ဝေဒနာ ပိုဆိုးလာခြင်း သို့မဟုတ် ရင်ဘတ်အောင့်သည့်ပုံစံ ပြောင်းသွားခြင်း
ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေစစ်ဆေးရာတွင် အဆုတ်ပြည်တည်နာကို အတည်ပြုရန်အပြင် အဆုတ်တွင် အနာခေါင်းပေါက်ဖြစ်စေသော ရောဂါအခံများ (ဥပမာ – တီဘီ၊ အဆုတ်ကင်ဆာ အစရှိသည်) ကိုလည်း သေချာစွာ စစ်ဆေးရန် လိုအပ်သည်။ ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးပြီးနောက် အောက်ပါစစ်ဆေးမှုများကို လိုအပ်သလို ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

  • ရင်ဘတ်ဓာတ်မှန် (Chest X Ray) ရိုက်ခြင်း
    • ကနဦး အများဆုံးအသုံးပြုသည့် စစ်ဆေးမှုဖြစ်သည်
    • ဓာတ်မှန်ပေါ်တွင် ပြည်အောင်းနေသည့် အနာပေါက်ကို အဆုတ်တွင် အရည်တစ်လွှာ၊ လေတစ်လွှာပုံစံဖြင့် တွေ့နိုင်သည်
  • ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
    • Contrast ဆေးရည်ကိုသုံး၍ ကွန်ပျူတာဓာတ်မှန်ရိုက်ပြီး ရောဂါအခြေအနေကို ပိုမိုတိကျစွာ သိနိုင်သကဲ့သို့ အခြားရောဂါများနှင့်ပါ ခွဲခြားနိုင်သည်
  • ဖြစ်စေနိုင်သောပိုးမွှားများ စစ်ဆေးခြင်း
    • သလိပ်ပိုးမွေးခြင်း – သလိပ်ကို အဏုကြည့်မှန်ဘီလူးဖြင့် စစ်ဆေးခြင်း၊ ဘက်တီးရီးယား ပိုးမွေးခြင်းတို့ ပြုလုပ်နိုင်သည်၊ အားနည်းချက်မှာ အသက်ရှူလမ်းကြောင်းအတွင်း ပုံမှန်ရှိနေသော ဘက်တီးရီးယားအုပ်စု (flora) လည်း ပါလာနိုင်သည်
    • သွေးပိုးမွေးခြင်း – အဖျားကြီးသော လူနာများတွင် သွေးနမူနာယူ၍ ဘက်တီးရီးယားပိုး မွေးနိုင်သည်
    • အဆုတ်အမြှေးပါးအရည် (Pleural fluid) စစ်ဆေးခြင်း – အဆုတ်အမြှေးပါးအတွင်း ပြည်တည်ခြင်း သို့မဟုတ် အရည်စုခြင်း ရှိလျှင် ထိုအရည်တို့ကို အပ်နှင့်စုပ်ယူပြီး အဏုကြည့်မှန်ဘီလူးဖြင့် စစ်ဆေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်း၊ ဘက်တီးရီးယား ပိုးမွေးခြင်းတို့ ပြုလုပ်နိုင်သည်
    • လေပြွန်နှင့် အဆုတ်တွင်းသို့ ‌ဆေးရည်ဖြင့် ဆေးကြော၍ အရည်နမူနာယူခြင်း (Bronchoalveolar lavage) – ဤစစ်ဆေးမှုသည် သလိပ်စစ်ခြင်းနှင့်ယှဥ်လျှင် ပိုးမွှားစစ်ဆေးရာတွင် ပိုမိုတိကျသည်၊ သို့ရာတွင် စစ်ဆေးစဥ် အနာအခေါင်းအတွင်းရှိ ပြည်များထွက်လာနိုင်ခြေလည်း ရှိသည်။
  • အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Bronchoscopy)
    • လေပြွန်ပိတ်နေနိုင်သည့် အခြေအနေများတွင် ပြုလုပ်သည်
    • အချို့အဆုတ်ကင်ဆာအကျိတ်များ သို့မဟုတ် ပြင်ပအရာဝတ္တု (Foreign body) များသည် လေပြွန်ကို ပိတ်စေနိုင်ပြီး အဆုတ်ပြည်တည်နာနှင့်တွဲ၍ ဖြစ်နေနိုင်သည်
    • မှန်ပြောင်းကြည့်ရှုစစ်ဆေးနေစဥ် အကျိတ်မှ အသားစယူခြင်း (Biopsy) ကိုပါ တစ်ပြိုင်တည်း ပြုလုပ်နိုင်သည်
  • သွေးစစ်ဆေးခြင်း – CRP, ESR စသည် ခန္ဓာကိုယ်ရောင်ရမ်းဓာတ်များကို စစ်ဆေးခြင်း
ကုသခြင်း
  1. ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်း
    အများအားဖြင့် ရောဂါပိုးအများစု နှိမ်နင်းနိုင်သော ပဋိဇီဝပိုးသတ်ဆေးများ (Broad spectrum antibiotics) ကို သွေးကြောမှတစ်ဆင့် ဆေးသွင်းကုသနိုင်သည်။ သလိပ် သို့မဟုတ် သွေးပိုးမွေးသည့် အဖြေထွက်လာလျှင် အဖြေအရ ပဋိဇီဝပိုးသတ်ဆေး ပြောင်းလဲရန် တစ်ခါတစ်ရံ လိုအပ်နိုင်သည်။ လူနာအခြေအနေ တိုးတက်ကောင်းမွန်လာလျှင် ထိုးဆေးမှ သောက်ဆေးအနေဖြင့် ပြောင်းလဲပေးနိုင်သည်။
  2. ခွဲစိတ်ကုသခြင်း
    အရွယ်အစားကြီးသော (အထူးသဖြင့် ၆စင်တီမီတာထက် ကြီးသော) ပြည်တည်နာဖြစ်နေလျှင် သို့မဟုတ် ပဋိဇီဝပိုးသတ်ဆေးဖြင့် မသက်သာ၊ မတိုးတက်သော အခြေအနေများတွင် ခွဲစိတ်ကုသသည်။ တစ်ခါတစ်ရံ အဆုတ်၏ တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ရသည်ထိ ရှိနိုင်သည်။

ကုသရာတွင် အဆုတ်ပြည်တည်နာတစ်ခုတည်း မဟုတ်ဘဲ ၎င်းကိုဖြစ်စေသည့် အကြောင်းအရာများရှိလျှင် ထိုအကြောင်းအရာများကိုပါ ကုသရသည်။ ဥပမာအားဖြင့် အဆုတ်ကင်ဆာအတွက် ကုသမှုပေးခြင်း၊ နှလုံးအတွင်းနံရံနှင့် အဆို့ရှင်များ ပိုးဝင်ရောင်ရမ်းခြင်း (Infective endocarditis) ကို ကုသခြင်း၊ အခြားနေရာမှ ပိုးများပျံ့လာရာမှ အဆုတ်ပြည်တည်နာဖြစ်လျှင် မူလပထမနေရာရှိ ရောဂါပိုးများအတွက်ပါ တပါတည်းဆေးကုသခြင်း စသည်တို့ဖြစ်သည်။

ကာကွယ်ခြင်း

အဆုတ်ပြည်တည်နာကို ရာနှုန်းပြည့် ကာကွယ်နိုင်ခြင်း မရှိသော်လည်း ဖြစ်နိုင်ခြေများစေသော အကြောင်းရင်းများ လျှော့ချခြင်းဖြင့် ရောဂါဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချနိုင်သည်။

  1. အစာနှင့်အရည်များ အသက်ရှူလမ်းကြောင်းအတွင်းသို့ မဝင်ရောက်အောင် ကာကွယ်ခြင်း
    အဆုတ်ပြည်တည်နာအများစုသည် အစာ သို့မဟုတ် အရည်များ သီးဝင်ရာမှ ဖြစ်ပွားသောကြောင့် သီးဝင်နိုင်ခြေရှိသူများတွင် အထူးသတိထားရန် လိုအပ်သည်။ လေဖြတ်ထားသူများ၊ မျိုချရခက်ခဲသူများ၊ စားချဉ်ပြန်ရောဂါ (GERD) ရှိသူများ၊ မေ့ဆေး သို့မဟုတ် စိတ်ငြိမ်ဆေး အရှိန်မပြယ်သေးသူများတွင် ကုတင်ခေါင်းရင်းကို (၃၀–၄၅) ဒီဂရီခန့် မြှင့်ထားခြင်း သို့မဟုတ် ဘေးတစ်စောင်းအနေအထားဖြင့် ထားပေးခြင်းသည် အစာနှင့်အရည်များ သီးဝင်နိုင်ခြေကို လျှော့ချပေးနိုင်သည်။
  2. သွားနှင့်ခံတွင်းကျန်းမာရေးကို ဂရုစိုက်ခြင်း
    ခံတွင်းအတွင်း ဘက်တီးရီးယားပိုးများ များပြားနေခြင်းသည် အဆုတ်ပြည်တည်နာဖြစ်နိုင်ခြေကို တိုးစေနိုင်သောကြောင့် နေ့စဉ်သွားတိုက်ခြင်း၊ သွားနှင့်ခံတွင်းကို သန့်ရှင်းစွာ ထိန်းသိမ်းခြင်းနှင့် သွားဖုံးရောဂါများကို အချိန်မီကုသခြင်းတို့ ပြုလုပ်သင့်သည်။ သက်ကြီးရွယ်အိုများတွင် သွားတု (Denture) ကို အံဝင်ခွင်ကျ အသုံးပြုရန်နှင့် သွားတုသန့်ရှင်းရေး ပုံမှန်ပြုလုပ်ရန်လည်း အရေးကြီးသည်။
  3. ကိုယ်ခံအားကောင်းမွန်အောင် ထိန်းသိမ်းခြင်း
    ကျန်းမာသော နေထိုင်စားသောက်မှုပုံစံကို လိုက်နာခြင်း၊ အရက် အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဆီးချိုရောဂါကဲ့သို့ နာတာရှည်ရောဂါများကို ကောင်းစွာထိန်းချုပ်ကုသခြင်းနှင့် ကိုယ်ခံအားကျဆင်းစေသော အကြောင်းရင်းများကို လျှော့ချခြင်းတို့သည် ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။ ထို့အပြင် တုပ်ကွေးရောဂါကာကွယ်ဆေးနှင့် အဆုတ်ရောင်ရောဂါကာကွယ်ဆေး (Pneumococcal vaccine) ကဲ့သို့ သက်ဆိုင်ရာကာကွယ်ဆေးများကို အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေအလိုက် အချိန်မီထိုးနှံထားသင့်သည်။

References:

  1. Cleveland Clinic. (n.d.). Lung abscess. Retrieved July 31, 2026, from https://my.clevelandclinic.org/health/diseases/lung-abscess
  2. MSD Manuals Professional Edition. (n.d.). Lung abscess. Retrieved July 31, 2026, from https://www.msdmanuals.com/professional/pulmonary-disorders/lung-abscess/lung-abscess
  3. Sabbula, B. R., Rammohan, G., Sharma, S., et al. (2024). Lung abscess. In StatPearls. StatPearls Publishing. Retrieved July 31, 2026, from https://www.ncbi.nlm.nih.gov/books/NBK555920/
  4. Shah, R. (n.d.). Lung abscess. Medscape. Retrieved July 31, 2026, from https://emedicine.medscape.com/article/299425-overview

Published: 27 August 2026

Share

27 August 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.