အစားအသောက်မှတစ်ဆင့် ကူးစက်သောရောဂါများ (Foodborne illnesses) ဆိုသည်မှာ ပိုးမွှားများ၊ ၎င်းတို့ထုတ်လုပ်သော အဆိပ်များ သို့မဟုတ် အခြားဘေးအန္တရာယ်ဖြစ်စေသော အရာများ ပါဝင်နေသော မသန့်ရှင်းသည့် အစားအစာ သို့မဟုတ် သောက်ရေကို စားသုံးမိခြင်းကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါများနှင့် အစာအဆိပ်သင့်ခြင်းတို့ကို ဆိုလိုသည်။ ရောဂါလက္ခဏာများတွင် အများအားဖြင့် ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ပျို့ခြင်းနှင့် အန်ခြင်းတို့ ပါဝင်ပြီး၊ အစားအစာကို စားသုံးပြီးနောက် နာရီပိုင်း မှ ရက်ပိုင်းအတွင်း စတင်ဖြစ်ပေါ်လေ့ရှိသည်။ လူအများစုတွင် ရောဂါလက္ခဏာများ ပြင်းထန်ခြင်းမရှိဘဲ၊ ရက်အနည်းငယ်အတွင်း ဆေးကုသမှုမလိုအပ်ဘဲ ပြန်လည်သက်သာနိုင်သော်လည်း အချို့သူများတွင် ပြင်းထန်သော ရောဂါလက္ခဏာများနှင့် အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အစားအသောက်မှတစ်ဆင့် ကူးစက်သောရောဂါများသည် လူကို ရောဂါဖြစ်စေနိုင်သော ပိုးမွှားများ၊ ၎င်းတို့မှထုတ်လုပ်သော အဆိပ်အတောက်များ၊ အန္တရာယ်ရှိသော ဓာတုပစ္စည်းများ သို့မဟုတ် မြေကြီး၊ သစ်သားစ၊ ဆံပင်စသည့် ပြင်ပအရာဝတ္ထုများဖြင့် ညစ်ညမ်းနေသော အစားအသောက် (Contaminated food) သို့မဟုတ် သောက်ရေတို့ကို စားသောက်မိခြင်းကြောင့် ဖြစ်ပွားသည်။ ထိုသို့ရောဂါဖြစ်စေနိုင်သော ပိုးမွှားများနှင့် ဘေးဥပါဒ်ဖြစ်စေသောအရာများကို Contaminants ဟု ခေါ်ဆိုသည်။
လူကိုရောဂါဖြစ်စေသော Contaminants များတွင် အောက်ပါတို့ ပါဝင်သည်။
- ဘက်တီးရီးယားများ (Bacteria) — Bacillus cereus, Campylobacter, Clostridium မျိုးစိတ်များ, Escherichia coli, Listeria, Salmonella, Shigella, Staphylococcus နှင့် Vibrio
- ဗိုင်းရပ်စ်ပိုးများ (Viruses) — အသည်းရောင်အေဗိုင်းရပ်စ် (Hepatitis A virus), Norovirus နှင့် Rotavirus
- ကပ်ပါးပိုးများ (Parasites) — Giardia lamblia
- အဆိပ်အတောက်များ (Toxins)
- ပိုးမွှားများမှ ထုတ်လုပ်သော အဆိပ်အတောက်များ (Microbial toxins) — Clostridium botulinum toxin နှင့် Shellfish toxins
- အဆိပ်အတောက် ဖြစ်စေသော မှိုများ (Toxigenic molds)
- ဓာတုပစ္စည်းများ (ဥပမာ – ပိုးသတ်ဆေး၊ ဆပ်ပြာရည်)
- ပြင်ပအရာဝတ္ထုများ (ဥပမာ – မြေကြီး၊ သစ်သားစ၊ ဆံပင်)
အဆိုပါ Contaminants များသည် အစားအစာများနှင့် တိုက်ရိုက်ထိတွေ့မိပြီး ကူးစက်နိုင်သကဲ့သို့ ၎င်းတို့ပါဝင်နေသော ရေကန်များ၊ ရေအိုင်များ၊ မြစ်ချောင်းများနှင့် ပင်လယ်ရေတို့နှင့် ထိတွေ့ထားသော သို့မဟုတ် ရောဂါပိုးရှိသော တိရစ္ဆာန်များကို ကိုင်တွယ်ထားသော လက်များဖြင့် အစားအစာများပြင်ဆင်ခြင်းမှတစ်ဆင့် သွယ်ဝိုက်၍လည်း ရောဂါကူးစက်နိုင်သည်။
အသေးစိတ်အဓိပ္ပာယ်ဖွင့်ဆိုချက်များ
လူအများစုသည် အစားအသောက်မှတစ်ဆင့် ဖြစ်ပွားသော ရောဂါအားလုံးကို “အစာအဆိပ်သင့်ခြင်း” ဟု စုပေါင်းခေါ်ဆိုလေ့ရှိကြသော်လည်း ဆေးပညာအရမူ အောက်ပါအတိုင်း ခွဲခြားသုံးနှုန်းကြသည်။
- အစားအသောက်မှတစ်ဆင့် ကူးစက်သောရောဂါ (Foodborne illness)
မသန့်ရှင်းသော သို့မဟုတ် ညစ်ညမ်းနေသော အစားအသောက်ကြောင့် ဖြစ်ပွားသော ရောဂါအားလုံးကို ဆိုလိုသည်။ ရောဂါပိုးများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပွားများပြီးနောက် ရောဂါလက္ခဏာများ ပေါ်လာသောကြောင့် အစားအသောက်များကို စားသုံးမိပြီးနောက် လက္ခဏာများသည် နာရီပိုင်းမှ ရက်ပိုင်းအထိ ကြာနိုင်သည်။ - အစာအဆိပ်သင့်ခြင်း (Food poisoning)
အစားအသောက်အတွင်း ပါဝင်နေသော အဆိပ်အတောက်များ သို့မဟုတ် ဘက်တီးရီးယားများမှ ထုတ်လုပ်ထားသော အဆိပ်အတောက်များကြောင့် ဖြစ်ပွားသောရောဂါဖြစ်သည်။ အစာအဆိပ်သင့်ခြင်းသည် Foodborne illness အမျိုးအစားတစ်ခုဖြစ်ပြီး၊ အဆိပ်အတောက်များက တိုက်ရိုက်အာနိသင်ပြသောကြောင့် အစားအသောက်စားပြီး နာရီပိုင်းအတွင်း ရောဂါလက္ခဏာများ ပေါ်လာတတ်သည်။
အစားအသောက်ညစ်ညမ်းမှု (Food contamination)
အစားအသောက်များသည် စိုက်ပျိုးမွေးမြူရေးခြံမှ စတင်၍ စားသုံးနိုင်သည့်အဆင့် ရောက်သည်အထိ မည်သည့်အဆင့်တွင်မဆို ညစ်ညမ်းနိုင်သည်။ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ မွေးမြူခြင်း၊ သားသတ်ခြင်း၊ နို့ညှစ်ခြင်း၊ အစားအသောက် ပြုပြင်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ချက်ပြုတ်ခြင်းနှင့် တည်ခင်းကျွေးမွေးခြင်း စသည့်အဆင့်တိုင်းတွင် ညစ်ညမ်းမှု ဖြစ်ပွားနိုင်သည်။ ထို့အပြင် အစားအသောက်ကို ကိုင်တွယ်ပြင်ဆင်သူ မည်သူမဆိုမှလည်း ရောဂါပိုးများ ကူးစက်စေနိုင်သည်။
အစားအသောက် ညစ်ညမ်းစေသော အဖြစ်များသည့် အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- လက်ကို သေချာမဆေးကြောခြင်း
အိမ်သာအသုံးပြုပြီးနောက် လက်ကို စနစ်တကျ မဆေးကြောပါက လက်တွင်ကျန်ရှိသော ရောဂါပိုးများသည် အစားအသောက်ကို ကိုင်တွယ်ပြင်ဆင်ရာမှတစ်ဆင့် ကူးစက်နိုင်သည်။ - မီးဖိုချောင်နှင့် ချက်ပြုတ်ပစ္စည်းများ မသန့်ရှင်းခြင်း
အသားစိမ်း၊ ငါးစိမ်းများကို လှီးဖြတ်ထားသော ဓား၊ စဉ်းတီတုံးနှင့် အခြားမီးဖိုချောင်သုံးပစ္စည်းများကို သေချာမဆေးကြောပါက ရောဂါပိုးများသည် အခြားအစားအသောက်များသို့ ကူးစက်နိုင်သည် (Cross-contamination)။ - စနစ်တကျ သိုလှောင်မှုမရှိခြင်း
အစားအသောက်များကို အခန်းအပူချိန်တွင် အချိန်ကြာမြင့်စွာထားခြင်း၊ အေးခဲခန်း သို့မဟုတ် ရေခဲသေတ္တာ၏ အပူချိန်မသင့်တော်ခြင်း၊ သိုလှောင်ချိန် ကြာမြင့်လွန်းခြင်းတို့သည် ရောဂါပိုးများ ပွားများစေပြီး အစားအသောက်ကို ညစ်ညမ်းစေနိုင်သည်။
ရောဂါဖြစ်နိုင်ခြေများသူများ
အစားအသောက်မှတစ်ဆင့် ကူးစက်သောရောဂါများသည် မည်သူမဆို၌ ဖြစ်ပွားနိုင်သော်လည်း အောက်ပါအချက်များရှိပါက ရောဂါလက္ခဏာများ ပိုမိုပြင်းထန်နိုင်ပြီး နောက်ဆက်တွဲပြဿနာများ ခံစားရရန် အလားအလာ ပိုမိုများပြားသည်။
- နို့စို့အရွယ်များနှင့် (၅) နှစ်အောက် ကလေးသူငယ်များ
- ကိုယ်ဝန်ဆောင်မိခင်များနှင့် သန္ဓေသားများ
- အသက် (၆၅) နှစ်အထက် အသက်အရွယ်ရှိသူများ
- အခြားရောဂါတစ်ခုခုကြောင့် သို့မဟုတ် ဆေးဝါးကုသမှုများကြောင့် ကိုယ်ခံအားစနစ် အားနည်းနေသူများ
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် ရောဂါဖြစ်ပွားစေသည့် အကြောင်းရင်းပေါ်မူတည်၍ ကွဲပြားခြားနားနိုင်သကဲ့သို့ စတင်ဖြစ်ပေါ်ချိန်များသည်လည်း နာရီပိုင်းအတွင်း သို့မဟုတ် သီတင်းပတ်အနည်းငယ်အတွင်းစသဖြင့် ကွာခြားနိုင်သည်။
အတွေ့ရများသော လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း
- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
- အန်ခြင်း
- ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း (အချို့အခြေအနေများတွင် သွေးဝမ်းသွားခြင်း)
- ဗိုက်ရစ်နာခြင်း
- ဖျားခြင်း
ရှားပါးအခြေအနေများတွင် အစာအဆိပ်သင့်ခြင်းသည် အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပြီး အောက်ပါ လက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည်။
- အမြင်အာရုံဝေဝါးခြင်း သို့မဟုတ် အရာဝတ္ထုများကို နှစ်ထပ်မြင်ရခြင်း
- ခေါင်းကိုက်ခြင်း
- လေဖြတ်သကဲ့သို့ လက်မောင်းနှင့် ခြေထောက်များ လှုပ်ရှား၍မရတော့ခြင်း (ကြွက်သားများကို ထိန်းချုပ်သော အာရုံကြောများ ရောင်ရမ်းပျက်စီးခြင်းကြောင့်)
- အရေပြားတွင် မီးစထိုးသကဲ့သို့ စူး၍နာကျင်ခြင်း သို့မဟုတ် ထုံကျင်ခြင်း
- အားအင်ကုန်ခမ်း၍ နုံးချည့်ခြင်း
နောက်ဆက်တွဲပြဿနာများ
ကျန်းမာနေသော လူအများစုတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်လေ့ဖြစ်ထမရှိပါ။ သို့ရာတွင် တစ်ခါတစ်ရံ၌ အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- ရေဓာတ်ခန်းခြောက်ခြင်း (Dehydration)
အတွေ့ရဆုံး နောက်ဆက်တွဲပြဿနာဖြစ်ပြီး အန်ခြင်းနှင့် ဝမ်းလျှောခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်သတ္တုဓာတ်များ ပြင်းထန်စွာဆုံးရှုံးခြင်းကြောင့် ဖြစ်စေနိုင်သည်။ အများအားဖြင့် ကျန်းမာသောလူကြီးများသည် ဝမ်းလျှောပြီးနောက် အရည်ကို လုံလောက်စွာ သောက်သုံးနိုင်ကြသဖြင့် ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်နိုင်ခြေ နည်းပါးသည်။ သို့ရာတွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားစနစ် အားနည်းသူများ သို့မဟုတ် အခြားရောဂါအခံရှိသူများသည် အရည်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းရန် အားနည်းသောကြောင့် ရေဓာတ်ခန်းခြောက်မှု ဖြစ်ပွားရန် အလားအလာ ပိုများသည်။ ရေဓာတ်ပြင်းထန်စွာ ခန်းခြောက်သူများသည် ဆေးရုံတွင် သွေးကြောထဲသို့ ဆေးရည် (အကြောဆေးရည်) တိုက်ရိုက်သွင်းရန် လိုအပ်နိုင်သည်။ အချိန်မီကုသမှု မရရှိပါက ပြင်းထန်သော ရေဓာတ်ခန်းခြောက်မှုကြောင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း၊ အခြားပြင်းထန်သော ဖျားနာမှုများ ဖြစ်ပွားခြင်းနှင့် အသက်ဆုံးရှုံးခြင်းတို့အထိ ဖြစ်နိုင်သည်။ - တစ်ကိုယ်လုံးပျံ့နှံ့ခြင်းကြောင့် ဖြစ်ပွားသော နောက်ဆက်တွဲပြဿနာများ (Complications of systemic disease)
အစားအသောက်မှတစ်ဆင့် ကူးစက်သော ရောဂါပိုးအချို့သည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျံ့နှံ့သော Systemic infection ကို ဖြစ်စေနိုင်သည်။ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားစနစ် အားနည်းသူများ သို့မဟုတ် ပြင်းထန်သော ရောဂါအခံရှိသူများတွင် ပိုမိုအတွေ့ရများသည်။ ခန္ဓာကိုယ်တစ်ခုလုံး ကူးစက်ပိုးဝင်ပါက အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်သည်။- ကျောက်ကပ်ပျက်စီးခြင်း
E.coli ဘက်တီးရီးယားကြောင့် တစ်ကိုယ်လုံးရှိ သွေးကြောများတွင် သွေးခဲငယ်များ ဖြစ်ပေါ်ကာ ကျောက်ကပ်ကိုလည်း ရောင်ရမ်းထိခိုက်စေသည်။ ရလဒ်အနေဖြင့် ကျောက်ကပ်လုပ်ငန်းတစ်ခုဖြစ်သော သွေးထဲရှိ စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားနိုင်စွမ်း ရုတ်တရက် ပျက်စီးသွားသည်။ ထိုအခြေအနေကို Hemolytic uremic syndrome ဟုခေါ်၍ အခြားသော ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်များကြောင့်လည်း ရှားရှားပါးပါး ဖြစ်ပွားနိုင်သည်။ - သွေးထဲ၌ ဘက်တီးရီးယားပိုးများ ပျံ့နှံ့ခြင်း (Bacteremia)
သွေးထဲတွင် ဘက်တီးရီးယားပိုးများ ပျံ့နှံ့နိုင်သကဲ့သို့ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့လည်း ရောဂါပျံ့နှံ့သွားစေနိုင်သည်။ - ဦးနှောက်အမြှေးရောင်ခြင်း (Meningitis)
သွေးထဲမှတစ်ဆင့် ဦးနှောက်တွင်းသို့ ရောဂါပိုးများ ပျံ့နှံ့ကာ ဦးနှောက်အမြှေးရောင်ခြင်းကို ဖြစ်စေသည်။ - သွေးဆိပ်တက်ခြင်း (Sepsis)
သွေးဆိပ်တက်ခြင်းကြောင့် ကိုယ်ခံအားစနစ်သည် ပြင်းထန်စွာ တုံ့ပြန်ပြီး ခန္ဓာကိုယ်အနှံ့ရှိ တစ်ရှူးများကို ပြန်လည်ထိခိုက်ပျက်စီးစေသည်။
- ကျောက်ကပ်ပျက်စီးခြင်း
- ကိုယ်ဝန်ဆောင်စဉ် နောက်ဆက်တွဲပြဿနာများ (Pregnancy complications)
ကိုယ်ဝန်ဆောင်စဉ်အတွင်း Listeria ဘက်တီးရီးယားပိုး ကူးစက်ခံရပါက အောက်ပါတို့ ဖြစ်ပွားနိုင်သည်။- ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကလေးအသေမွေးခြင်း
- မွေးကင်းစကလေးတွင် သွေးဆိပ်တက်ခြင်း
- မွေးကင်းစကလေးတွင် ဦးနှောက်အမြှေးရောင်ခြင်း
- ရှားပါးသော နောက်ဆက်တွဲပြဿနာများ (Rare complications)
ရံဖန်ရံခါ အခြေအနေတွင် အစာအဆိပ်သင့်ပြီးနောက် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်စေနိုင်သည်။- အဆစ်အမြစ်ရောင်ရောဂါ (Arthritis) – အဆစ်များ ရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်း
- အူမကြီးလှုပ်ရှားမှု မမှန်သောရောဂါ (Irritable bowel syndrome) – နာတာရှည် ဗိုက်နာခြင်း၊ ဗိုက်ရစ်နာခြင်းနှင့် ဝမ်းပုံမှန်မသွားခြင်း
- ကိုယ်ခံအား မူမမှန်တုံ့ပြန်မှုကြောင့် ရုတ်တရက် လမ်းမလျှောက်နိုင်ခြင်း (Guillain-Barre syndrome) – ပူ၍ နာကျင်ခြင်း၊ ထုံကျင်ခြင်းနှင့် ကြွက်သားများ မလှုပ်ရှားနိုင်ခြင်း
- အသက်ရှူရခက်ခဲခြင်း – အလွန်ရှားပါးသော အခြေအနေတွင် Botulism အဆိပ်သင့်မှုကြောင့် အသက်ရှူခြင်းနှင့် သက်ဆိုင်သော ကြွက်သားများကို ထိန်းချုပ်သည့် အာရုံကြောများကို ပျက်စီးစေနိုင်သဖြင့် အသက်ရှူရခက်ခဲခြင်း၊ အောက်ဆီဂျင်ကျဆင်းခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
နို့စို့ကလေးငယ်များနှင့် ကလေးသူငယ်များတွင် အန်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်ခြင်းကို လျင်မြန်စွာ ဖြစ်ပေါ်စေနိုင်သဖြင့် ပြင်းထန်ဝမ်းလျှောရောဂါကို ဖြစ်စေနိုင်သည်။ ကလေးငယ်များတွင် အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းတို့အပြင် အောက်ပါလက္ခဏာများ အနက် တစ်ခုခုရှိပါက ဆရာဝန်နှင့် ချက်ချင်းပြသရန် လိုအပ်သည်။
- ကလေး၏ အပြုအမူများ ပြောင်းလာခြင်း၊ အလွန် ဂျီကျလာခြင်း
- အလွန်အမင်း ရေငတ်ခြင်း
- ဆီးအလွန်နည်းခြင်း သို့မဟုတ် ဆီးမထွက်ခြင်း
- နုံးချိခြင်း သို့မဟုတ် ခေါင်းမူးဝေခြင်း
- တစ်ရက်ထက်ကျော်၍ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
- မကြာခဏ အန်ခြင်း
- ဝမ်းထဲတွင် သွေး သို့မဟုတ် ပြည် ပါဝင်ခြင်း
- ဗိုက်ထဲ၌ သို့မဟုတ် ဝမ်းသွားစဥ် ပြင်းထန်စွာ နာကျင်ခြင်း၊ ဝမ်းကိုက်ခြင်း
- အသက် ၂ နှစ်အောက် ကလေးငယ်များတွင် ဖျားခြင်း (မည်သည့် အပူချိန်မဆို)
- ကလေးကြီးများတွင် ကိုယ်အပူချိန် ၁၀၂ ဒီဂရီ ဖာရင်ဟိုက် (၃၈.၉ ဒီဂရီ စင်တီဂရိတ်) သို့မဟုတ် ထို့ထက်ပို၍ ဖျားခြင်း
- အခြားရောဂါအခံများရှိခြင်း
လူကြီးများတွင်လည်း အောက်ပါလက္ခဏာများ ရှိပါက ဆရာဝန်နှင့် ပြသပါ သို့မဟုတ် အရေးပေါ်ကုသမှုကို ခံယူပါ။
- အမြင်အာရုံဝေဝါးခြင်း၊ ကြွက်သားများ အားနည်းခြင်းနှင့် အရေပြားတွင် ပူ၍နာကျင်ခြင်း၊ ထုံကျဥ်ခြင်း ကဲ့သို့ အာရုံကြောစနစ်ဆိုင်ရာ လက္ခဏာများ ရှိခြင်း
- စိတ်အာရုံထွေပြားခြင်း၊ အပြုအမူများ ပြောင်းလဲလာခြင်း
- ကိုယ်အပူချိန် ၁၀၃ ဒီဂရီ ဖာရင်ဟိုက် (၃၉.၄ ဒီဂရီ စင်တီဂရိတ်) သို့မဟုတ် ထို့ထက်ပို၍ ဖျားခြင်း
- မကြာခဏ အန်ခြင်း
- သုံးရက်ထက်ကျော်လွန်၍ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေခြင်း
- အလွန်အမင်း ရေငတ်ခြင်း၊ ခံတွင်းခြောက်ခြင်း၊ ဆီးနည်းခြင်း သို့မဟုတ် ဆီးမထွက်ခြင်း၊ အားနည်းခြင်း၊ မူးဝေခြင်း သို့မဟုတ် မူးနောက်နောက်ဖြစ်ခြင်းစသည့် ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများရှိခြင်း
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန်အတွက် ဖြစ်ပေါ်သော လက္ခဏာများကို ရာဇဝင်မေးမြန်းခြင်း၊ ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ ရှိမရှိ ကိုယ်ခန္ဓာကို စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားစေနိုင်သည့် အကြောင်းရင်းကို ရှာဖွေပေးမည်ဖြစ်သည်။ ရောဂါရာဇဝင်များ မေးမြန်းရာတွင်_
- လက်ရှိ ဖြစ်ပေါ်နေသော ရောဂါလက္ခဏာများ
- မကြာသေးမီက စားသောက်ခဲ့သော အစားအစာ သို့မဟုတ် သောက်စရာများ
- အတူတကွစားသောက်ခဲ့သူများတွင် လက္ခဏာတူများ ပြသခြင်း ရှိမရှိ
- သောက်သုံးလက်စ ဆေးဝါးများတွင် မကြာသေးမီက ပြောင်းလဲမှုများ ရှိမရှိ
- မကြာသေးမီက ခရီးသွားထားခြင်း ရှိမရှိ စသည့်အချက်များကို မေးမြန်းမည်ဖြစ်သည်။
လူအများအပြား တစ်ပြိုင်နက်တည်း ရောဂါကူးစက်ပျံ့နှံ့၍ အစာအဆိပ်သင့်ခြင်း (Outbreak) ဖြစ်ပွားပါက ပြည်သူ့ကျန်းမာရေးဌာနမှ ရောဂါဖြစ်စေနိုင်သည့် အစားအသောက်များကို စစ်ဆေးဖော်ထုတ်ပေးသည်။ သို့ရာတွင် တစ်ခါတစ်ရံ ဖြစ်စေသည့် အစားအသောက်ကို အတိအကျသိရှိရန် ခဲယဥ်းနိုင်သည်။ အကြောင်းမှာ ရောဂါလက္ခဏာပြရန် နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအထိ ကြာမြင့်နိုင်သလို ထိုအချိန်အတွင်း အခြားသော အစားအစာများကို စားသောက်ခဲ့ပြီးဖြစ်သောကြောင့်ဖြစ်သည်။
ရောဂါလက္ခဏာများကို စမ်းသပ်စစ်ဆေးပြီးနောက် ဖြစ်စေသည့်အကြောင်းရင်းကို ရှာဖွေရန် လိုအပ်သော စစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်သည်။
- ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးကောင် သို့မဟုတ် အဆိပ်အတောက်များကို ရှာဖွေရန် ဝမ်းနမူနာ စစ်ဆေးခြင်း
- ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းကို ရှာဖွေရန်၊ အခြားသော ရောဂါအခြေအနေများကို ဖယ်ထုတ်ရန် သို့မဟုတ် နောက်ဆက်တွဲပြဿနာများကို ရှာဖွေရန် သွေးစစ်ဆေးခြင်း
ကုသခြင်း
ကုသမှုသည် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် ဖြစ်ပွားရသည့် အကြောင်းရင်းပေါ်တွင် မူတည်သည်။ လူနာအများစုတွင် လက္ခဏာများသည် အိမ်တွင်ပင် ကုသမှုခံယူနိုင်ပြီး ၄၈ နာရီအတွင်း ပြန်လည်သက်သာလာလေ့ရှိသည်။ ကုသမှုတွင် အောက်ပါတို့ပါဝင်နိုင်သည်။
- အရည်ဓာတ် ပြန်လည်ဖြည့်တင်းခြင်း
ဝမ်းအကြိမ်ရေ များများသွားခြင်း၊ ဝမ်းအရည်များ သွားခြင်းနှင့် အန်ခြင်းတို့ကြောင့် ရေဓာတ်ခန်းခြောက်ပါက ရေနှင့်သတ္တုဓာတ်များကို ပြန်လည်ဖြည့်တင်းရန် ဓာတ်ဆားရည်သောက်ခြင်း သို့မဟုတ် ပြင်းထန်ရေဓာတ်ခန်းခြောက်ခြင်းနှင့် အန်၍ အရည်မသောက်နိုင်သူများတွင် သွေးကြောထဲသို့ အကြောဆေးရည်များသွင်းခြင်းတို့ဖြင့် ကုသရန်လိုသည်။ - ပဋိဇီဝပိုးသတ်ဆေးများ (Antibiotics)
လူနာအများစုတွင် သောက်သုံးရန် မလိုအပ်သော်လည်း လက္ခဏာပြင်းထန်သူများ၊ နောက်ဆက်တွဲပြဿနာခံစားရနိုင်ခြေ ပိုများသူများ သို့မဟုတ် ဘက်တီးရီးယားကြောင့် ဖြစ်ပွားသော အချို့အခြေအနေများအတွက်သာ အသုံးပြုလေ့ရှိသည်။ - ကပ်ပါးကောင်တိုက်ဖျက်ဆေးများ (Antiparasitics)
ကပ်ပါးကောင် ကူးစက်၍ ဖြစ်ပွားသော အခြေအနေများတွင် ကပ်ပါးပိုးတိုက်ဖျက်ဆေးများဖြင့် ကုသနိုင်သည်။ - ပရိုဘိုင်အိုတစ်များ (Probiotics)
အူလမ်းကြောင်းအတွင်းရှိ အကျိုးပြုဘက်တီးရီးယားများကို ပြန်လည်ဖြည့်တင်းပေးရန် ပေးလေ့ရှိသည်။ - ရောဂါလက္ခဏာ သက်သာစေသောဆေးများ
လူကြီးများ၌ ဖျားနာခြင်းနှင့် ဝမ်းကိုက်ခြင်းမရှိဘဲ ဝမ်းပျက်ဝမ်းလျှောခြင်းသာရှိသော အခြေအနေများတွင် ဝမ်းလျှောသက်သာစေရန် Loperamide ဆေးကို တစ်ခါတစ်ရံ သောက်သုံးနိုင်သည်။ ထို့အပြင် ဗိုက်အောင့်ခြင်း သို့မဟုတ် ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းကို သက်သာစေရန် Bismuth subsalicylate ကဲ့သို့ ဆေးများကိုလည်း သုံးစွဲနိုင်သည်။ ထိုဆေးများသည် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူ ဝယ်ယူရရှိနိုင်သော ဆေးဝါးများ ဖြစ်ကြသည်။ သို့ရာတွင် ထိုဆေးဝါးများကို ကလေးသူငယ်များတွင် အသုံးမပြုသင့်ပါ။ - နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ
ဆုံးရှုံးသွားသော အရည်များကို ပြန်လည်ဖြည့်တင်းပေးရန် ရေနှင့် ဓာတ်ဆားရည်အပြင် အိမ်တွင်ပြုလုပ်သော သန့်ရှင်းသည့် စွပ်ပြုတ်ရည်များကိုလည်း သောက်သုံးနိုင်သည်။ အစားအစာအနေဖြင့်လည်း အဆီဓာတ်နည်းသော အုတ်ဂျုံ၊ အစာကြေလွယ်သော ဆန်ပြုတ်၊ ဟင်းသီးဟင်းရွက်ပြုတ်များ၊ အသားစွပ်ပြုတ်များ၊ ငှက်ပျောသီးကဲ့သို့ သီးနှံများကို အနည်းငယ်စီ စားသုံးနိုင်သည်။
ကာကွယ်ခြင်း
အစားအသောက်မှတစ်ဆင့် ကူးစက်သောရောဂါများနှင့် အစာအဆိပ်သင့်ခြင်းကို ကာကွယ်ရန် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး (Food Safety) သည် အရေးအကြီးဆုံးအချက်ဖြစ်ပြီး အောက်ပါအချက်များကို ပြုလုပ်နိုင်သည်။
သန့်ရှင်းရေးကို ဂရုပြုခြင်း
- လက်ကို သေချာစွာ ဆေးကြောပါ
- အိမ်သာတက်ပြီးနောက်၊ အစားမစားမီ၊ အစားအစာများကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးနောက်တွင် လက်ကို ဆပ်ပြာနှင့်ရေဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ
- သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ဆေးကြောပါ
- သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို အခွံမခွာမီနှင့် မစားသုံးမီ သို့မဟုတ် မချက်ပြုတ်မီ ရေဘုံဘိုင်အောက်တွင် စင်ကြယ်အောင် ဆေးကြောပါ
- မီးဖိုချောင်သုံးပစ္စည်းများကို သေချာစွာ ဆေးကြောပါ
- အသားစိမ်း၊ ငါးစိမ်းများကို တင်၍ လှီးဖြတ်ထားသည့် စဉ်းတီတုံးများ၊ ဓားများနှင့် မီးဖိုချောင်သုံး အခြားအသုံးအဆောင်ပစ္စည်းများကို ရေနွေး၊ ဆပ်ပြာတို့ဖြင့် စင်ကြယ်အောင် ဆေးကြောပါ
- ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်ပါ
- ရေခဲသေတ္တာ၏ အတွင်းပိုင်းနှင့် တံခါးလက်ကိုင်များကို တစ်လတစ်ကြိမ်ခန့် သန့်ရှင်းရေးလုပ်ပေးပါ
အစားအသောက် ပြင်ဆင်ခြင်း၊ စားသုံးခြင်းနှင့် သိုလှောင်ခြင်း
- အသားစိမ်း၊ ငါးစိမ်းများကို အခြားအစားအစာများနှင့် သီးခြားထားပါ
- ကြက်သား၊ ဝက်သား၊ ဘဲသားကဲ့သို့ အသားစိမ်းများနှင့် ပင်လယ်စာနှင့် ဥအမျိုးမျိုး ကဲ့သို့သော အစားအစာအစိမ်းများကို ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် အခြားအစားအစာများနှင့် ရောနှော၍ မထားရပါ
- ရေခဲသေတ္တာအတွင်း၌လည်း မတူညီသော နေရာများတွင် ခွဲခြားသိမ်းဆည်းပါ၊ လှီးဖြတ်သော စဉ်းတီတုံးများကိုလည်း သီးခြားစီ အသုံးပြုပါ
- ခဲနေသော အစားအစာများကို အရည်ပျော်စေခြင်း၊ ချက်ပြုတ်ခြင်းနှင့် သိုလှောင်ခြင်းတို့ကို ဘေးကင်းစွာ ပြုလုပ်ပါ
- အေးခဲထားသော အစားအစာများကို မိုက်ခရိုဝေ့ဖ် (Microwave) ကို အသုံးပြုခြင်း သို့မဟုတ် ရေခဲသေတ္တာ၏ သာမန်အအေးခန်းထဲသို့ ပြောင်းရွှေ့ပြီး တစ်ညတာ ထားခြင်း သို့မဟုတ် အေးခဲထားသော အစားအစာကို ရေမဝင်နိုင်သော ဗူး၊ အိတ်များထဲ ထည့်ပြီး စားပွဲခုံပေါ် ရှိ ရေအေးထဲတွင် နှစ်ထားခြင်းတို့ဖြင့် ဘေးကင်းစွာ အရည်ပျော်စေနိုင်သည်
- အစိမ်းလိုက် သို့မဟုတ် ကျက်အောင်မချက်ထားသော အသား သို့မဟုတ် ငါးများကို မစားသုံးရန်
- အစားအသောက် အကြွင်းအကျန်များကို ရေခဲသေတ္တာထဲ ထည့်ပါ သို့မဟုတ် အေးခဲထားပါ
- အစားအသောက်များ၏ သန့်ရှင်းမှုကို မသေချာပါက လွှင့်ပစ်ပါ
- မှိုတက်နေသော အစားအစာများနှင့် ရက်လွန်အစားအသောက်များကို လွှင့်ပစ်ပါ
အန္တရာယ်ရှိနိုင်ခြေ မြင့်မားသူများအတွက် အစားအစာဘေးကင်းလုံခြုံရေး
ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားစနစ် အားနည်းသူများအတွက် အစာအဆိပ်သင့်ခြင်းသည် အသက်အန္တရာယ်ထိခိုက်နိုင်သည်အထိ ပြင်းထန်နိုင်သည်။ ထိုသူများသည် အောက်ပါ အစားအစာများကို သတိပြု၍ စားသောက်သင့်သည်။
- ကောင်းစွာကျက်အောင် မချက်ထားသော အသား၊ ကြက်/ဘဲသား၊ ငါးနှင့် ခရု၊ ကမာ၊ ပုစွန် ကဲ့သို့သော အခွံရှိပင်လယ်စာများ
- ပဲပင်ပေါက်၊ မုန်လာဥပင်ပေါက် ကဲ့သို့သော အပင်ပေါက်အစိမ်းများ (Raw sprouts)
- ပိုးသတ်ထားခြင်း (Pasteurized) မရှိသော သစ်သီးဖျော်ရည်များနှင့် ပန်းသီးရှာလကာရည်များ နို့နှင့် နို့ထွက်ပစ္စည်းများ (ဒိန်ခဲများ)
- ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားသော ဟင်းအနှစ်များ (Pates) နှင့် အသားဆော့စ်များ (Meat spreads)
- ချက်ပြုတ်ထားခြင်းမရှိသော ဟော့ဒေါ့ (Hot dogs) များ၊ ရယ်ဒီမိတ် အသားပြားများ
References:
- Centers for Disease Control and Prevention. (n.d.). Symptoms of food poisoning. Retrieved July 13, 2026, from https://www.cdc.gov/food-safety/signs-symptoms/index.html
- Cleveland Clinic. (n.d.). Food poisoning. Retrieved July 13, 2026, from https://my.clevelandclinic.org/health/diseases/21167-food-poisoning
- Healthdirect Australia. (n.d.). Food poisoning. Retrieved July 13, 2026, from https://www.healthdirect.gov.au/food-poisoning
- Mayo Clinic. (n.d.). Food poisoning: Symptoms and causes. Retrieved July 13, 2026, from https://www.mayoclinic.org/diseases-conditions/food-poisoning/symptoms-causes/syc-20356230
- NHS. (n.d.). Food poisoning. Retrieved July 13, 2026, from https://www.nhs.uk/conditions/food-poisoning/
Published: 27 August 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.