Atrial fibrillation (AF) (နှလုံးသွေးဝင်ခန်း စည်းချက်မမှန်စွာ ခုန်ခြင်း)

Atrial fibrillation (AF) (နှလုံးသွေးဝင်ခန်း စည်းချက်မမှန်စွာ ခုန်ခြင်း)

နှလုံးသွေးဝင်ခန်း စည်းချက်မမှန်စွာ ခုန်ခြင်း (Atrial fibrillation – AF) ဆိုသည်မှာ နှလုံးသွေးဝင်ခန်းများတွင် စည်းချက်မမှန်သည့်အပြင် ခုန်နှုန်းမြန်နေသည့် နှလုံးခုန်စည်းချက်ဆိုင်ရာရောဂါတစ်ခု (Arrhythmia) ဖြစ်သည်။ နှလုံးခုန်မမှန်ခြင်းကြောင့် နှလုံးထဲ၌ သွေးခဲများ ဖြစ်ပေါ်နိုင်ပြီး လေဖြတ်ခြင်း၊ နှလုံးညှစ်အားကျခြင်း (Heart failure) စသော နောက်ဆက်တွဲပြဿနာများ ဖြစ်စေနိုင်သည်။ အချို့သူများတွင် မည်သည့်လက္ခဏာမျှ မပြဘဲ ကျန်းမာ‌ရေးစစ်ဆေးမှု ခံယူချိန်တွင်မှ တွေ့ရသကဲ့သို့ အချို့တွင် ရင်တုန်ခြင်း၊ အသက်ရှူမဝခြင်း၊ ခေါင်းမူးခြင်းတို့ကို ခံစားရနိုင်သည်။ ပင်ကိုယ်ရောဂါအားဖြင့် AF ရောဂါသည် အသက်အန္တရာယ်ကို ချက်ချင်းစိုးရိမ်ရလေ့ မရှိသော်လည်း နောက်ဆက်တွဲ ဖြစ်ပေါ်တတ်သော လေဖြတ်ခြင်းကို ကာကွယ်နိုင်ရန်အတွက် စနစ်တကျ ကုသမှုများ ခံယူရမည့် အရေးကြီးရောဂါတစ်ခုဖြစ်သည်။ AF ကုသမှုတွင် ဆေးဝါးများပေးခြင်း၊ နှလုံးခုန်စည်းချက် ပုံမှန်ပြန်ဖြစ်ရန် လျှပ်စီးကြောင်းဖြင့် ကုသခြင်း (Shock therapy) နှင့် နှလုံးလျှပ်စီးလမ်းကြောင်းပိုများကို ဖြတ်တောက်သည့်လုပ်ငန်းစဉ်များ (Procedures) ပါဝင်နိုင်သည်။

နှလုံး၏ ပုံမှန်လျှပ်စီးကြောင်း ဖြတ်သန်းစီးဆင်းပုံ

နှလုံးတစ်ခါခုန်ရန်အတွက် နှလုံးအတွင်းတစ်လျှောက် လျှပ်စီးကြောင်းအချက်ပြမှုများသည် နှလုံးတွင်းရှိ အထူးဆဲလ်များမှ အဆင့်ဆင့် ဖြတ်သန်းစီးဆင်းရန် လိုအပ်သည်။

  • နှလုံး၏ ဘယ်ဘက်သွေးဝင်ခန်း (Right atrium) အထက်နားတွင် ရှိသော သဘာဝနှလုံးနှိုးစက်ဟု ခေါ်သည့် sinoatrial (SA node) မှ ပထမဦးစွာ လျှပ်စီးအချက်ပြမှုကို ထုတ်လုပ်ပေးသည်
  • ထိုအချက်ပြမှုများသည် နှလုံးဘယ်ညာ သွေးဝင်ခန်းများ (Atria) သို့ ရောက်ရှိပြီး သွေးဝင်ခန်း ကြွက်သားများညှစ်ရန် လှုံ့ဆော်သည်
  • တစ်ပြိုင်တည်းတွင် အချက်ပြမှုများသည် နှလုံးအလယ်နားရှိ Atrioventricular (AV) node သို့ ရောက်ရှိပြီး ထိုနေရာသည် သွေးဝင်ခန်းများ သွေးညှစ်ပြီးချိန်အထိ သွေးလွှတ်ခန်းများဆီသို့ အချက်ပြမှုများ ဆက်လက်စီးဆင်းခြင်းကို ခေတ္တဟန့်တားသည်
  • ထို့နောက် AV node မှ နှလုံးဘယ်ညာ သွေးလွှတ်ခန်းများ (Ventricles) သို့ အချက်ပြမှုများ ဆက်လက်ပို့ပေးပြီး သွေးလွှတ်ခန်းများကို သွေးညှစ်ထုတ်ရန် လှုံ့ဆော်သည်
  • ကျန်းမာသောနှလုံးတွင် ထိုကဲ့သို့ လျှပ်စီးအချက်ပြလှိုင်း စီးဆင်းမှုလုပ်ငန်းစဉ်သည် ပုံမှန်ချောမွေ့စွာ လည်ပတ်နေတတ်သည်၊ နားနေချိန်တွင် ပုံမှန်နှလုံးခုန်နှုန်းမှာ တစ်မိနစ်လျှင် ၆၀ မှ ၁၀၀ ကြိမ်အထိ ရှိတတ်သည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

Atrial fibrillation ရောဂါတွင် နှလုံးသွေးဝင်ခန်းများ (အထူးသဖြင့် ဘယ်ဘက်သွေးဝင်ခန်း) မှ ပုံမှန်မဟုတ်သော အချက်ပြလှိုင်းများကို ကစဉ့်ကလျား ထုတ်ပေးနေသဖြင့် နှလုံးသွေးဝင်ခန်းများ စည်းချက်မမှန်ဘဲ လျင်မြန်စွာခုန်သကဲ့သို့ AV node ထံသို့လည်း အချက်ပြလှိုင်းများကို ပုံမှန်ထက် ပိုမိုပို့ပေးသည်။ ထို့ကြောင့် သွေးလွှတ်ခန်းများသည်လည်း ပုံမှန်နှုန်းထက် ပို၍ ခုန်ရသည်။ လူနာများတွင် နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၁၀၀ မှ ၁၇၅ ကြိမ်အထိ ရှိနေနိုင်သည်။

အများဆုံး ဖြစ်စေသည့်အကြောင်းရင်းများမှာ နှလုံးတည်ဆောက်ပုံဆိုင်ရာ ပြောင်းလဲမှုများကြောင့်ဖြစ်ပြီး ‌အောက်ပါရောဂါအခြေအနေများ ပါဝင်သည်။

  • မွေးရာပါ နှလုံးရောဂါများ (Congenital heart disease)
  • နှလုံး၏ သဘာဝနှလုံးနှိုးစက် (SA node) ဆိုင်ရာ ရောဂါများ (Sick sinus syndrome)
  • အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သောရောဂါ (Obstructive sleep apnea)
  • ရုတ်တရက် နှလုံးအမောဖောက်ခြင်း (Heart attack)
  • နှလုံးအဆို့ရှင်ရောဂါ (Heart valve disease)
  • သွေးတိုးရောဂါ (Hypertension)
  • အဆုတ်ရောင်ရောဂါအပါအဝင် အဆုတ်ရောဂါများ
  • နှလုံးသွေးကြောကျဉ်းခြင်း သို့မဟုတ် ပိတ်ခြင်း (Coronary artery disease)
  • သိုင်းရွိုက်ဟော်မုန်းများခြင်း
  • ဗိုင်းရပ်စ်ပိုးဝင်ခြင်း
  • နှလုံးခွဲစိတ်ကုသမှု ခံယူခြင်း သို့မဟုတ် ခွဲစိတ်မှုနှင့် ဖျားနာမှုများကြောင့် ခန္ဓာကိုယ် ဖိအားများ

သို့ရာတွင် အချို့လူနာများတွင်မူ သိသာထင်ရှားသော နှလုံးရောဂါများကို မတွေ့ရှိရပါ။

ဖြစ်နိုင်ခြေများစေသော အချက်များ

ရောဂါဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သော အချက်များတွင် အောက်ပါတို့ ပါဝင်သည်။

  • အသက်အရွယ် – အသက်အရွယ် ကြီးလာသည်နှင့်အမျှ AF ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာသည်
  • ကဖိန်း၊ နီကိုတင်း သို့မဟုတ် မူးယစ်ဆေးဝါးများ သုံးစွဲခြင်း – ကဖိန်းပါသော အရည်များနှင့် နီကိုတင်းပါသော ဆေးလိပ်၊ ဆေးရွက်ကြီးများ အလွန်သုံးစွဲခြင်း၊ Amphetamines နှင့် ကိုကိန်း (Cocaine) ကဲ့သို့ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းသည် နှလုံးခုန်နှုန်းကို ပိုမိုမြန်ဆန်စွာ ခုန်စေပြီး ကြာရှည်သုံးစွဲပါက နှလုံးစည်းချက်မမှန်ခြင်းအထိ ဖြစ်စေသည်
  • အရက် အလွန်အကျွံ သောက်သုံးခြင်း – နှလုံးအတွင်းရှိ လျှပ်စစ်အချက်ပြလှိုင်းများကို ထိခိုက်စေနိုင်ပြီး နှလုံးစည်းချက်ကို မမှန်မကန် ဖြစ်စေနိုင်သည်
  • ခန္ဓာကိုယ်တွင်း သတ္တုဓာတ်ပမာဏ ပြောင်းလဲခြင်း – သွေးထဲရှိ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ် နှင့် မဂ္ဂနီစီယမ်ဓာတ် ပမာဏ များလွန်းခြင်း၊ နည်းလွန်းခြင်း
  • မျိုးရိုးရှိခြင်း
  • နှလုံးရောဂါအခံရှိခြင်း သို့မဟုတ် နှလုံးခွဲစိတ်မှု ခံယူဖူးခြင်း
  • သွေးတိုးရောဂါရှိခြင်း
  • အဝလွန်ခြင်း
  • ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ အဆုတ်ရောဂါအခံများ ရှိခြင်း
  • အချို့ အအေးမိပျောက်ဆေးနှင့် ချောင်းဆိုးပျောက်ဆေးများ
  • သိုင်းရွိုက်‌ဟော်မုန်း ထုတ်လုပ်မှုများခြင်း
ရောဂါလက္ခဏာများ
  • နှလုံးခုန်မြန်ခြင်းကြောင့် ရင်တုန်ခြင်း (Palpitations)
  • ရင်ဘတ်အောင့်ခြင်း
  • ခေါင်းမူးခြင်း
  • နုံးခွေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
  • မိုက်ခနဲဖြစ်ခြင်း၊ မူးဝေခြင်း (Lightheadedness)
  • ကိုယ်လက်လှုပ်ရှားမှု လုပ်နိုင်စွမ်း ကျဆင်းလာခြင်း
  • အသက်ရှူမဝခြင်း၊ မောခြင်း
  • ခန္ဓာကိုယ်အားနည်းခြင်း
  • တစ်ခါတစ်ရံတွင်မူ မည်သည့်ရောဂါလက္ခဏာမျှ ထင်ရှားစွာ မတွေ့ရတတ်ပါ
အမျိုးအစားများ

Atrial fibrillation ရောဂါအမျိုးအစားကို အောက်ပါအတိုင်း သတ်မှတ်နိုင်သည်။

  • ရံဖန်ရံခါဖြစ်သော အမျိုးအစား (Occasional သို့မဟုတ် Paroxysmal atrial fibrillation)
    လက္ခဏာများသည် မိနစ်ပိုင်းမှ နာရီပိုင်းခန့်သာ ဖြစ်လိုက်ပျောက်လိုက်ဖြစ်ပြီး၊ အလိုအလျောက် ပုံမှန်အတိုင်း ပြန်ဖြစ်လေ့ရှိသည်။ ထိုအမျိုးအစားရှိသူ အချို့တွင် ကုသမှု လိုအပ်နိုင်သည်။
  • ဆက်တိုက်ဖြစ်သော အမျိုးအစား (Persistent)
    နှလုံးစည်းချက်မမှန်ခြင်းသည် အမြဲတမ်းဖြစ်နေပြီး အလိုအလျောက် ပုံမှန်ပြန်မဖြစ်နိုင်ပါ။ ရောဂါလက္ခဏာများ ပြလာပါက နှလုံးစည်းချက် ပုံမှန်ဖြစ်စေရန် ဆေးဝါးများ လိုအပ်သည်။
  • ရေရှည်ဆက်တိုက်ဖြစ်သော အမျိုးအစား (Long-standing persistent)
    တစ်နှစ်ထက်ပို၍ ကြာမြင့်စွာ ဖြစ်တတ်သော အမျိုးအစားဖြစ်သည်။ ကုသမှုအတွက် ဆေးဝါးများ သို့မဟုတ် ကုသမှုလုပ်ငန်းစဉ်များ ခံယူရန် လိုအပ်သည်။
  • အမြဲတမ်းဖြစ်သွားသော အမျိုးအစား (Permanent)
    ကုသမှုများဖြင့် နှလုံးစည်းချက်ကို ပုံမှန်ဖြစ်အောင် မပြုလုပ်နိုင်တော့ပါ။ နှလုံးခုန်နှုန်းကို ထိန်းချုပ်ရန်နှင့် သွေးခဲခြင်းကို ကာကွယ်ရန် ဆေးဝါးများကို မဖြစ်မနေ သောက်သုံးရန် လိုအပ်သည်။
နောက်ဆက်တွဲပြဿနာများ
  • နှလုံးခုန်မမှန်ခြင်းကြောင့် နှလုံးတွင်း သွေးလှည့်ပတ်မှုများတွင် သွေးခဲများ ဖြစ်ပေါ်ခြင်း
  • ထိုသွေးခဲခြင်းများ ပြုတ်ထွက်၍ ဦးနှောက်သွေးကြောများထံ ရောက်ရှိပိတ်ဆို့ခြင်းကြောင့် လေဖြတ်ခြင်း
  • ရေရှည် နှလုံးခုန်မြန်ခြင်းကြောင့် နှလုံးညှစ်အားကျခြင်း (Heart failure)
  • နှလုံးအမောဖောက်ခြင်း
  • လေဖြတ်ကာကွယ်ရန် အသုံးပြုသော သွေးကျဲဆေးများကြောင့် ခန္ဓာကိုယ်တွင် သွေးထွက်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

Atrial fibrillation ရောဂါလက္ခဏာများ ဖြစ်သော ရင်တုန်ခြင်း၊ မူးဝေခြင်း၊ မိုက်ခနဲဖြစ်ခြင်း၊ အသက်ရှူမဝခြင်းတို့ကို ခံစားရပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပါ။ လိုအပ်ပါက နှလုံးအထူးကုဆရာဝန် (Cardiologist) ထံသို့ ညွှန်းနိုင်သည်။ ရင်တုန်ခြင်းအပြင် ရင်ဘတ်အောင့်ခြင်းကို တစ်ပြိုင်နက် ခံစားရပါက အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်ပြသရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

နှလုံးခုန်မမှန်ခြင်းကို အခြားကျန်းမာရေးအခြေအနေတစ်ခုအတွက် စစ်ဆေးမှု ခံယူရင်း အမှတ်မထင် တွေ့ရှိတတ်သည်။ ထိုသို့နှလုံးခုန်မမှန်ခြင်းသည် Atrial fibrillation ဖြစ်ကြောင်း စစ်ဆေးရန်အတွက် ဆရာဝန်များသည် ခံစားရသော လက္ခဏာများ၊ ရောဂါရာဇဝင်များကို မေးမြန်းခြင်း၊ နှလုံး စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်ပေးမည်ဖြစ်သည်။ ထို့နောက် ဖြစ်စေသောအကြောင်းရင်းများကို ရှာဖွေရန် အောက်ပါစစ်ဆေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

စစ်ဆေးမှုများ
  • သွေးစစ်ခြင်း (Blood tests) – နှလုံးခုန်နှုန်းကို ထိခိုက်စေသော သိုင်းရွိုက်ဟော်မုန်းနှင့် ကိုယ်တွင်းသတ္တုဓာတ်များ စစ်ဆေးခြင်း
  • နှလုံးအီးစီဂျီဆွဲခြင်း (ECG) – နှလုံးခုန်နှုန်းနှင့် စည်းချက်ကို စစ်ဆေးရန်
  • နှလုံးစည်းချက်စောင့်ကြည့်ရန် ဟိုလ်တာစက်တပ်ခြင်း (Holter monitor) – အိတ်ဆောင် အီးစီဂျီစက်တစ်မျိုးဖြစ်ပြီး၊ (၂၄)နာရီ မှ (၄၈)နာရီအတွင်း နှလုံးခုန်နှုန်းစည်းချက်များကို ဆက်တိုက် မှတ်တမ်းတင်ထားပြီး ပြန်လည်စစ်ဆေးနိုင်ခြင်း
  • ဖြစ်စဉ်မှတ်တမ်းတင်ကိရိယာ (Event recorder) – (၁) လအတွင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်ချိန်တွင် အလိုအလျောက် မှတ်တမ်းတင်ခြင်း သို့မဟုတ် လူနာကိုယ်တိုင် ခလုတ်နှိပ်၍ စက်တွင် မှတ်တမ်းတင်နိုင်သော ကိရိယာတပ်ဆင်ခြင်း
  • အရေပြားအောက်ထည့်သွင်းရသော နှလုံးခုန်နှုန်းမှတ်တမ်းတင်ကိရိယာ (Implantable loop recorder) – (၃) နှစ်အထိ အဆက်မပြတ် မှတ်တမ်းတင်ပေးနိုင်သည်
  • အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စမ်းသပ်ခြင်း (Echocardiogram) – နှလုံးရောဂါအခံများ၊ အဆို့ရှင်ရောဂါများကို စစ်ဆေးနိုင်ပြီး နှလုံးတွင်း သွေးလှည့်ပတ်စီးဆင်းမှုနှင့် သွေးခဲများရှိခြင်းကို စစ်ဆေးနိုင်သည်
  • ကာယလေ့ကျင့်ခန်းဖြင့် နှလုံးစွမ်းရည်စစ်ဆေးခြင်း (Exercise stress tests) – လမ်းလျှောက်စက်ပေါ်တွင် လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးနင်းခြင်းတို့ ပြုလုပ်နေစဉ် နှလုံးစစ်ဆေးခြင်းဖြစ်သည်၊ နှလုံး၏ လေ့ကျင့်ခန်းအပေါ် တုံ့ပြန်မှုကို စစ်ဆေးခြင်းဖြစ်ပြီး လေ့ကျင့်ခန်းပြုလုပ်စဥ် နှလုံးခုန်စည်းချက်မမှန်ခြင်း ဖြစ်ပေါ်မှုကိုလည်း စစ်ဆေးနိုင်သည်
  • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X-ray) – အဆုတ်နှင့် နှလုံး၏ အခြေအနေများကို စစ်ဆေးရန်
ကုသခြင်း

Atrial fibrillation ကို ကုသရာတွင် အောက်ပါရည်ရွယ်ချက်များနှင့် ကုသသည်။

  • နှလုံးခုန်နှုန်းကို ပုံမှန်စည်းချက်အတိုင်း ပြန်ဖြစ်စေရန်နှင့် ပုံမှန်စည်းချက်ကို ဆက်လက်ထိန်းထားရန်
  • သွေးခဲဖြစ်ခြင်းနှင့် လေဖြတ်ခြင်းမှ ကာကွယ်ရန်

ကုသမှုနည်းလမ်းများကို ‌ရွေးချယ်ရာတွင်_

  • AF ရောဂါဖြစ်ပွားနေသည့် ကြာမြင့်ချိန်ကာလ
  • ခံစားနေရသော ရောဂါလက္ခဏာများ ပြင်းထန်မှု
  • နှလုံးစည်းချက်မမှန်ရခြင်း၏ အခြေခံအကြောင်းရင်းတို့အပေါ် မူတည်၍ ဆရာဝန်များက အသေးစိတ် အချက်အလက်များဖြင့် လူနာကို ဆွေးနွေးတိုင်ပင်ကာ ဆုံးဖြတ်ပေးမည်ဖြစ်သည်။
ကုသမှုနည်းလမ်းများ
  1. ဆေးဝါးများဖြင့် ကုသခြင်း
    ဆေးဝါးများဖြင့် ကုသရာတွင် နှလုံးခုန်နှုန်း မြန်နေခြင်းကို နှေးစေရန်၊ နှလုံးခုန်စည်းချက်ကို ပုံမှန်ပြန်ဖြစ်စေရန်၊ နောက်ဆက်တွဲ သွေးခဲခြင်းနှင့် လေဖြတ်ခြင်းကို ကာကွယ်ရန် ရည်ရွယ်သည်။
    • နှလုံးခုန်နှုန်း မြန်နေခြင်းကို နှေးစေသော ဆေးဝါးများ (Rate limiting medications)_ Beta blockers (Atenolol, Metoprolol), Calcium channel blockers (Verapamil, Diltiazem), Digoxin, Lanoxin စသည်တို့ ပါဝင်သည်
    • နှလုံးခုန်နှုန်းစည်းချက်ကို ပုံမှန်ပြန်ဖြစ်စေသော ဆေးဝါးများ (Anti-arrhythmics)
    • သွေးခဲများဖြစ်‌ပေါ်ခြင်းနှင့် လေဖြတ်ခြင်းကို ကာကွယ်ရန် သွေးကျဲဆေးများ (Blood thinners) – Warfarin, Apixaban, Dabigatran, Edoxaban, Rivaroxaban ဆေးများကို အသုံးပြုသည်၊ Warfarin သွေးကျဲဆေးကို သုံးပါက သွေးကျဲဓာတ် (INR) ကို ပုံမှန်စစ်ဆေးရန် လိုအပ်သည်
  2. နှလုံးစည်းချက် ပြန်လည်မှန်ကန်စေရန် ကုသခြင်း (Cardioversion therapy)
    • Atrial fibrillation လက္ခဏာများသည် နေ့စဥ်လှုပ်ရှားသွားလာမှုများကို ထိခိုက်စေခြင်း သို့မဟုတ် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်း ဖြစ်ပါက နှလုံးစည်းချက်ကို ပုံမှန်ပြန်ဖြစ်စေရန် “Cardioversion” ဟုခေါ်သော ကုသမှုကို ပြုလုပ်နိုင်သည်
    • Cardioversion ကို နည်းလမ်း (၂) မျိုးဖြင့် ပြုလုပ်နိုင်သည်
      • နှလုံးနှိုးဆွစက်ဖြင့် ကုသခြင်း (Electrical cardioversion)
        နှလုံးနှိုးဆွစက်ကို အသုံးပြု၍ ရင်ဘတ်ပေါ်တွင် တပ်ဆင်ထားသော သတ္တုပြားများ (Paddles) သို့မဟုတ် ကပ်ခွာများ (Patches) မှတစ်ဆင့် နှလုံးထံသို့ လျှပ်စီးကြောင်း အချက်ပြမှုများ ပို့လွှတ်ကာ နှလုံးခုန်စည်းချက် ပုံမှန်ပြန်ဖြစ်စေသည်။
      • ဆေးဝါးများဖြင့် ကုသခြင်း (Medical cardioversion)
        နှလုံးစည်းချက်ကို ပုံမှန်ပြန်ဖြစ်စေရန် သွေးပြန်ကြောမှတစ်ဆင့် ဆေးဝါးများသွင်းခြင်း သို့မဟုတ် သောက်ဆေးများပေးခြင်းဖြစ်သည်။
    • Cardioversion ကုသမှုကို ဆေးရုံတွင် ကြိုတင်ရက်ချိန်းယူ၍ ကုသနိုင်သကဲ့သို့ အရေးပေါ်အခြေအနေများတွင်လည်း ပြုလုပ်နိုင်သည်၊ ကြိုတင်ရက်ချိန်းဖြင့် ပြုလုပ်မည်ဆိုပါက ကုသမှုမစတင်မီ ရက်သတ္တပတ် အနည်းငယ်အလိုတွင် Warfarin ကဲ့သို့ သွေးကျဲဆေးသောက်ရန် ညွှန်ကြားမည်ဖြစ်သည်၊ တစ်ခါတစ်ရံ နှလုံးနှိုးဆွစက်သုံး၍ ကုသမှုခံယူပြီးနောက် နောက်တစ်ကြိမ် ပြန်မဖြစ်စေရန်အတွက် နှလုံးစည်းချက်ထိန်းဆေးများကို တစ်သက်လုံး သောက်သုံးရန် လိုအပ်နိုင်သည်
  3. ခွဲစိတ်မှု သို့မဟုတ် ပိုက်ထည့်ကုသသည့် လုပ်ငန်းစဉ်များ (Surgery or catheter procedures)
    အထက်ပါ ကုသမှုများနှင့် မသက်သာသော လူနာများတွင် ခွဲစိတ်မှု သို့မဟုတ် ပိုက်ထည့်ကုသသည့် လုပ်ငန်းစဥ်များ ပြုလုပ်ရန် ရွေးချယ်နိုင်သကဲ့သို့ အချို့အခြေအနေများတွင် ဤကုသမှုကို ပထမဦးဆုံးကုသမှုအဖြစ် ပြုလုပ်ရန် ရွေးချယ်နိုင်သည်။ တစ်ခါတစ်ရံ ကုသမှု (၂) မျိုးကို ပေါင်းစပ်ကုသခြင်းလည်းရှိသည်။
    ပိုက်ငယ် (Catheter) ထည့်၍ ပိုက်ထိပ်ရှိ Sensors များမှ အပူဓာတ်၊ အအေးဓာတ်များ ထုတ်လွှတ်၍ ကုသခြင်းနည်းလမ်းများတွင် အောက်ပါတို့ပါဝင်သည်။
    • Atrioventricular (AV) node ablation
      • နှလုံးအခန်းများကို ဆက်သွယ်ထားသော AV node ကို အပူစွမ်းအင်ဖြင့် ဖျက်ဆီးပစ်ပြီး လျှပ်စီးအချက်ပြမှုများကို ပြတ်တောက်စေသည်
      • ထို့နောက် နှလုံးခုန်ထိန်းစက် (Pacemaker) ကို တစ်သက်လုံး တပ်ဆင်ရန် လိုအပ်သည်
    • Maze procedure
      • နှလုံးသွေးဝင်ခန်းများတွင် အပူ သို့မဟုတ် အအေးစွမ်းအင်ဖြင့် အမာရွတ်တစ်ရှူး ဖြစ်အောင်ဖန်တီး၍ အပိုလျှပ်စီးအချက်ပြမှုများကို ဖြတ်တောက်သည်
      • တစ်ခါတစ်ရံ ခွဲစိတ်ဓားသုံး၍ ပြုလုပ်ခြင်းလည်းရှိသည်
    • ပေါင်းစပ်ကုသခြင်း (Hybrid atrial fibrillation ablation)
      • ပိုက်ထည့်ကုသမှုနှင့် ခွဲစိတ်မှုကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး၊ ရေရှည်ဆက်တိုက်ဖြစ်သော AF (Long-standing persistent AFib) ကို ကုသရန် အသုံးပြုသည်
    • လျှပ်စီးစက်ကွင်းဖြင့် ကုသခြင်း (Pulsed field ablation)
      • စွမ်းအင်မြင့် လျှပ်စီးစက်ကွင်းများ (Electric pulses) ကို အသုံးပြု၍ ကုသခြင်းဖြစ်သည်
    • Left atrial appendage closure
      • နှလုံးဘယ်ဘက်သွေးဝင်ခန်းရှိ သွေးခဲများ ဖြစ်ပေါ်တတ်သည့်နေရာများကို ပိတ်ခြင်း
ကာကွယ်ခြင်း

ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံကို ရွေးချယ်ခြင်းသည် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်၍ Atrial fibrillation ကိုလည်း ကာကွယ်ပေးနိုင်သည်။

  • သွေးတိုးရောဂါ၊ ကိုလက်စထရော မြင့်မားခြင်းနှင့် ဆီးချိုရောဂါတို့ကို ကောင်းစွာထိန်းချုပ်ပါ
  • ဆေးလိပ် သို့မဟုတ် ဆေးရွက်ကြီးကို ရှောင်ကြဥ်ပါ
  • အရက် အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဥ်ပါ
  • ဆားနှင့် ပြည့်ဝဆီ ပါဝင်မှုနည်းပြီး အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပါ
  • အနည်းဆုံး တစ်နေ့ နာရီဝက်ခန့် လေ့ကျင့်ခန်း ပြုလုပ်ပါ
  • ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
  • နေ့စဥ် (၇) နာရီခန့် အိပ်ချိန်ပြည့်ဝစွာ အိပ်စက်ပါ
  • စိတ်ဖိစီးမှုများကို စနစ်တကျ စီမံခန့်ခွဲပါ
  • ကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ

References:

  1. American Heart Association. (n.d.). What is atrial fibrillation (AFib or AF)? Retrieved June 23, 2026, from https://www.heart.org/en/health-topics/atrial-fibrillation/what-is-atrial-fibrillation-afib-or-af
  2. British Heart Foundation. (n.d.). Atrial fibrillation. Retrieved June 23, 2026, from https://www.bhf.org.uk/informationsupport/conditions/atrial-fibrillation
  3. Cleveland Clinic. (n.d.). Atrial fibrillation (AFib). Retrieved June 23, 2026, from https://my.clevelandclinic.org/health/diseases/16765-atrial-fibrillation-afib
  4. Mayo Clinic. (n.d.). Atrial fibrillation: Diagnosis and treatment. Retrieved June 23, 2026, from https://www.mayoclinic.org/diseases-conditions/atrial-fibrillation/diagnosis-treatment/drc-20350630
  5. Mayo Clinic. (n.d.). Atrial fibrillation: Symptoms and causes. Retrieved June 23, 2026, from https://www.mayoclinic.org/diseases-conditions/atrial-fibrillation/symptoms-causes/syc-20350624
  6. National Health Service. (n.d.). Atrial fibrillation. Retrieved June 23, 2026, from https://www.nhs.uk/conditions/atrial-fibrillation/

Published: 8 July 2026

Share

8 July 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.