ပါးချိတ်ဂလင်းသည် နားအရှေ့နှင့် အောက်ဘက်နှစ်ဖက်တွင် တည်ရှိသော ခန္ဓာကိုယ်၏ အကြီးဆုံး တံတွေးဂလင်းဖြစ်ပြီး၊ တံတွေးထုတ်လုပ်ပေးခြင်းဖြင့် အစာချေဖျက်မှုနှင့် ခံတွင်းကျန်းမာရေးကို အထောက်အကူပြုသော အရေးကြီးသည့် အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သည်။
ပါးချိတ်ဂလင်းကြီးခြင်း (Parotid gland enlargement) ဆိုသည်မှာ ပါးချိတ်ဂလင်းတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး ပုံမှန်ထက် ကြီးလာခြင်းကို ဆိုလိုပြီး ပါးချိတ်ရောင်ရမ်းခြင်း (Parotitis) ကြောင့် ဖြစ်နိုင်သကဲ့သို့ အခြားရောဂါအခြေအနေများစွာ၏ လက္ခဏာတစ်ရပ်အဖြစ်လည်း တွေ့ရနိုင်သည်။
လူအများက ပါးချိတ်ဂလင်းကြီးခြင်းကို ပါးချိတ်ရောင်ရောဂါ (Mumps) နှင့် မကြာခဏ ဆက်စပ် တွေ့ရလေ့ရှိကြသည်။ Mumps သည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ပါးချိတ်ဂလင်းရောင်ရမ်းခြင်း (Viral parotitis) တစ်မျိုးဖြစ်ပြီး၊ ကလေးများတွင် အတွေ့ရများသော အခြေအနေတစ်ခုဖြစ်သည်။ Mumps ကြောင့်ဖြစ်သော ပါးချိတ်ရောင်ခြင်းသည် ပုံမှန်အားဖြင့် (၇)ရက် မှ (၁၀)ရက်ခန့်အတွင်း အလိုအလျောက် သက်သာသွားနိုင်သည်။
သို့သော် ပါးချိတ်ဂလင်းကြီးခြင်းသည် Mumps တစ်မျိုးတည်းကြောင့်သာ ဖြစ်ပွားသည်မဟုတ်ဘဲ တံတွေးဂလင်းတွင် ကျောက်တည်ခြင်း (Salivary gland stones)၊ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးဝင်ခြင်းများ၊ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများ၊ ကိုယ်ခံအားမူမမှန်တုံ့ပြန်သောရောဂါများ (Autoimmune diseases) နှင့် အခြားနာတာရှည်ရောဂါ အခြေအနေများကြောင့်လည်း ဖြစ်ပွားနိုင်သည်။ အကြောင်းရင်းပေါ်မူတည်၍ အချို့လူနာများတွင် အလိုအလျောက် သက်သာနိုင်သော်လည်း အချို့လူနာများတွင် ရောဂါလက္ခဏာများကို သက်သာစေရန်နှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် ကုသမှုများ လိုအပ်နိုင်သည်။
ပါးချိတ်ဂလင်း၏ ခန္ဓာဗေဒ
ပါးချိတ်သည် ခန္ဓာကိုယ်တွင်ရှိသော တံတွေးဂလင်းများထဲတွင် အဓိက တံတွေးဂလင်း ဖြစ်ပြီး လူတစ်ဦးတွင် ပါးချိတ်နှစ်ခုရှိသည်။ ၎င်းတို့သည် နားရွက်တစ်ခုစီ၏ အောက်ဘက်နှင့် အရှေ့ဘက် (ပါးဘေးတစ်ဖက်တစ်ချက်) တွင် တည်ရှိသည်။ ပါးချိတ်ဂလင်း တစ်ခုစီသည် ခံတွင်းထဲရှိ စုစုပေါင်း တံထွေးပမာဏ၏ (၁၀) ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးပြီး အစားအစာ စားသည့်အခါများတွင် ပိုမိုထုတ်လုပ်ပေးတတ်သည်။ ပါးချိတ်ဂလင်းသည် တံထွေးများကို ခံတွင်းထဲသို့ ပို့ဆောင်ပေးရန်အတွက် စတန်ဆန် ပြွန် (Stensen’s duct) ဟုခေါ်သော ပြွန်တစ်ခုနှင့် ချိတ်ဆက်ထားပြီး အပေါ်အံသွားများအနီးသို့ တံထွေးများကို ထုတ်လွှတ်ပေးသည်။
ပါးချိတ်ဂလင်း၏ ပုံသဏ္ဍာန်သည် အပေါ်ပိုင်းတွင် ပိုမိုကျယ်ပြန့်ပြီး အောက်ဘက်မေးရိုးတစ်လျှောက်သို့ ရောက်သောအခါ တဖြည်းဖြည်းကျဉ်းသွားသောကြောင့် ပြောင်းပြန်လှန်ထားသော ပိရမစ်နှင့်တူသည်။ ပါချိတ်ဂလင်း၏ အပြင်ဘက်မျက်နှာပြင်ကို ပြန်ရည်ကျိတ် (Lymph nodes) များဖြင့် ဖုံးအုပ်ထားပြီး အတွင်းဘက် မျက်နှာပြင်သည် မြောင်းကဲ့သို့ ခွက်ဝင်နေလျက် မေးရိုးနှင့် ကြိတ်ဝါးကြွက်သား (Masseter muscle) ပေါ်တွင် တည်ရှိသည်။ ကြိတ်ဝါးကြွက်သားသည် အောက်မေးရိုးကို ပါးရိုးနှင့် ချိတ်ဆက်ပေးထားသည်။ မျက်နှာအာရုံကြော (Facial nerve) သည် ပါချိတ်ဂလင်းကို အပေါ်ယံပိုင်း (Superficial lobe) နှင့် အတွင်းပိုင်း (Deep lobe) ဟူ၍ အစိတ်အပိုင်း နှစ်ခုအဖြစ် ပိုင်းခြားထားသည်။
ပါးချိတ်ဂလင်း၏ လုပ်ဆောင်ချက်
ပါးချိတ်ဂလင်း (Parotid glands) များသည် ကျဲပြီး ရေကဲ့သို့ အရည်မျိုးဖြစ်သော တံထွေးတစ်မျိုးကို သီးသန့်ထုတ်လုပ်ပေးသည်။ ထို့အပြင် ထိုအရည်များသည် ကစီဓာတ် (Starch) ကို စတင်ချေဖျက်ပေးသည့် အမိုင်လေ့စ် (Amylase) ဟုခေါ်သော ပရိုတင်းအင်ဇိုင်းတစ်မျိုးကိုလည်း ထုတ်လုပ်ပေးသည်။ တံထွေးသည် ခံတွင်းကျန်းမာရေးနှင့် ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်သောကြောင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။
- ခံတွင်းကို အစိုဓာတ်ထိန်းပေးခြင်း (Lubrication)
- အစာခြေစနစ်ကို ကူညီပေးခြင်း (Digestion)
- ခံတွင်းအတွင်း အန္တရာယ်ရှိသော ဘက်တီးရီးယားများကို လျှော့ချပေးခြင်း
- သွားပိုးစားခြင်းမှ ကာကွယ်ပေးခြင်း
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပါးချိတ်ကြီးရသည့် အကြောင်းရင်းများစွာ ရှိသော်လည်း ဖြစ်ပွားစေနိုင်သည့် တိကျသော အကြောင်းရင်းကို မသိရှိနိုင်ပါ။ ထို့ကြောင့် ပါးချိတ်ကြီးခြင်းသည် အောက်ပါအခြေအနေများနှင့် ဆက်စပ်မှု ရှိနိုင်သည်။
ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယား ပိုးဝင်ခြင်းများ
- ပါးချိတ်ရောင်ရောဂါ (Mumps)
- ရေယုန်ရောဂါ (Herpes)
- Epstein-Barr ဗိုင်းရပ်စ်
- တုပ်ကွေးရောဂါ (Influenza)
- ကိုဗစ် ၁၉ ရောဂါ (COVID-19)
- Staph ဘက်တီးရီးယားပိုးဝင်ခြင်း (Staph infections)
- Candida မိုပိုး သို့မဟုတ် အခြားသော မှိုပိုးဝင်ခြင်းများ (Candida or other fungal infections)
- တီဘီရောဂါ (Tuberculosis)
- အိတ်ချ်အိုင်ဗွီ (HIV)
တံထွေးဂလင်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများ
- တံတွေးဂလင်း ရောင်ရမ်းခြင်း (Sialadenitis)
- တံတွေးဂလင်း၌ ကျောက်တည်ခြင်း (Sialolithiasis)
- တံတွေးဂလင်း အကျိတ်များ (Salivary gland tumors)
- ခံတွင်းသန့်ရှင်းမှု အားနည်းခြင်း
- ခံတွင်း သို့မဟုတ် မေးရိုး ထိခိုက်ဒဏ်ရာရခြင်း
- သွားကြိတ်ခြင်း (Bruxism)
- အပေါ်အောက် သွားမညီခြင်း (Dental malocclusion)
ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများနှင့် ရောဂါအခံများ
- ဆီးချိုရောဂါ (Diabetes)
- ရှိုးဂရန်း ရောဂါစု (Sjogren’s syndrome)
- ဆာကွိုက်ဒိုးဆစ် (Sarcoidosis) – ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို (အထူးသဖြင့် အဆုတ်နှင့် ပြန်ရည်ကျိတ်များတွင်) ရောင်ရမ်းမှု ဖြစ်စေသောရောဂါ
- မွေးရာပါ အချွဲထွက်များသောရောဂါ (Cystic fibrosis)
စားသောက်မှုပုံစံ မမှန်ခြင်းနှင့် နေထိုင်မှုအလေ့အကျင့်များ
- ခန္ဓာကိုယ်တွင် ရေဓာတ်ခန်းခြောက်ခြင်း
- မိမိကိုယ်ကို ဝနေသည်ဟု ထင်မြင်၍ အစာ လုံးဝမစားဘဲနေသည့် စိတ်ပိုင်းဆိုင်ရာရောဂါအခြေအနေ (Anorexia)
- အစားအလွန်အကျွံစားပြီး ပြန်အန်ထုတ်သည့် စိတ်ပိုင်းဆိုင်ရာရောဂါအခြေအနေ (Bulimia)
- အရက်အလွန်အကျွံ သောက်သုံးခြင်း
- ဆေးလိပ် သို့မဟုတ် ဆေးရွက်ကြီး သုံးစွဲခြင်း
ဆေးဝါးများကြောင့် ဖြစ်ခြင်း
- အချို့သော ဆေးဝါးများ စွဲသောက်ခြင်း – ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (Antihistamines)၊ စိတ်ကျရောဂါကုသဆေးများ (Antidepressants) နှင့် စိတ်ဖောက်ပြန်ရောဂါ ကုသဆေးများ (Antipsychotics)
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် ဖြစ်ပွားရသည့် အရင်းခံအကြောင်းရင်းပေါ် မူတည်၍ ကွဲပြားသည်။ အဖြစ်အများဆုံး ပါးချိတ်ကြီးခြင်း၏ လက္ခဏာအချို့မှာ_
- ပါးချိတ်ကြီးနေသည့်နေရာ၌ နာကျင်ခြင်း
- ဖျားခြင်း
- ချမ်းတုန်ခြင်း
- ခေါင်းကိုက်ခြင်း
- လည်ချောင်းနာခြင်း
- မအီမသာဖြစ်ခြင်း သို့မဟုတ် နုံးခွေခြင်း
- အစားအသောက်ပျက်ခြင်း
- ခံတွင်းခြောက်ခြင်း သို့မဟုတ် မျက်စိခြောက်ခြင်း (၎င်းလက္ခဏာများသည် များသောအားဖြင့် ရှိုးဂရန်းရောဂါစု – Sjogren’s syndrome နှင့် တွဲဖက်တွေ့ရတတ်သည်)
ရုတ်တရက် ပါးချိတ်ဂလင်းရောင်ခြင်း (Acute parotitis) ခံစားရသူအများစုတွင် ပါးချိတ်သည် အလွန်အမင်း ထိခိုက်လွယ်သောကြောင့် ကိုင်တွယ်လျှင်ပင် အလွန်နာကျင်တတ်သည်။ နာတာရှည် ပါးချိတ်ဂလင်းရောင်ခြင်း (Chronic parotitis) ဖြစ်ပွားသူများတွင်မူ များသောအားဖြင့် ပြင်းထန်သော နာကျင်မှုမရှိသလောက် နည်းပါးသော်လည်း မသက်မသာဖြစ်မှုမျိုး မရှိတတ်ကြပါ။
နောက်ဆက်တွဲပြဿနာများ
ပါးချိတ်ရောင်ခြင်း၏ နောက်ဆက်တွဲပြဿနာများသည် ရောဂါကုသမှုကြောင့်သော်လည်းကောင်း၊ ရှိရင်းစွဲရောဂါတစ်ခုခုကြောင့်သော်လည်းကောင်း၊ ပိုးဝင်ရောက်ပျံ့နှံ့ခြင်း သို့မဟုတ် တံတွေးဂလင်း ရောင်ရမ်းခြင်း ဝေဒနာကိုယ်တိုင်ကြောင့် သော်လည်းကောင်း ဖြစ်ပွားနိုင်သည်။ အောက်ပါအခြေအနေများသည် ပါးချိတ်ရောင်ခြင်းနှင့် ဆက်စပ်၍ ဖြစ်ပွားနိုင်သော နောက်ဆက်တွဲပြဿနာများဖြစ်သည်။
- နာတာရှည် ဘက်တီးရီးယားပိုးဝင်၍ ပါးချိတ်ရောင်ခြင်း (Chronic bacterial parotitis)
- ကိုယ်ခံအား မူမှန်တုံ့ပြန်သည့်ရောဂါများကြောင့်ဖြစ်သော ပါးချိတ်ရောင်ခြင်းမှတစ်ဆင့် ပြန်ရည်ကျိတ်ကင်ဆာရောဂါဖြစ်ခြင်း
- မျက်နှာကြွက်သား အားနည်းခြင်း (Facial paralysis)
- အာဟာရချို့တဲ့ခြင်း (Malnutrition)
- ပိုးဝင်ခြင်းကြောင့် သွေးပြန်ကြောအတွင်း သွေးခဲခြင်း
- တံတွေးထွက်ချိန်တွင် ချွေးအလွန်အကျွံထွက်ခြင်းနှင့် ထုံကျင်ခြင်း (Frey syndrome)
- Styloid process သာမန်ထက်ရှည်နေသော လူနာများတွင် လည်ချောင်းထဲ၌ တစ်ခုခုတစ်ဆို့နေသကဲ့သို့ ခံစားရခြင်းနှင့် လည်ပင်း၊ မျက်နှာပိုင်း နာကျင်ခြင်း (Eagle syndrome)
- ပါးချိတ်ရောင်ရောဂါ (Mumps) ကြောင့်ဖြစ်နိုင်သော နောက်ဆက်တွဲလက္ခဏာများ
- ဦးနှောက်နှင့် ဦးနှောက်မြှေးရောင်ခြင်း (Meningoencephalitis)၊ ဝှေးစေ့ရောင်ခြင်း (Orchitis)၊ မျိုးဥအိမ်ရောင်ခြင်း (Oophoritis)၊ ပန်ကရိယရောင်ခြင်း (Pancreatitis) နှင့် အကြားအာရုံချို့တဲ့ခြင်း (Hearing loss)
- ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း ဖြစ်ပေါ်ခြင်း (Fistula)
- အရိုးပိုးဝင်ရောင်ရမ်းခြင်း (Osteomyelitis)
- အသက်သေဆုံးခြင်း
- ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis)
- ပြည်တည်နာဖြစ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
ပါးချိတ်ရောင်ခြင်းသည် ပိုမိုပြင်းထန်ပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်း သို့မဟုတ် အခြားပိုးဝင်သည့် လက္ခဏာများပါ တွဲဖက်ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ချက်ချင်းဆွေးနွေးတိုင်ပင်သင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ပါးချိတ်ရောင်ခြင်းသည် ကင်ဆာနှင့် ရောဂါလက္ခဏာချင်း ဆင်တူနိုင်သောကြောင့် မှန်ကန်သော ရောဂါရှာဖွေမှုနှင့် ကုသမှုကို အချိန်မဆွဲဘဲ ချက်ချင်းကုသမှုခံယူရန် အလွန်အရေးကြီးသည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာ ဆရာဝန်မှတိကျသောရောဂါရှာဖွေရန် ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်သည်။ ထို့ကြောင့် ပါးချိတ်ဂလင်းတွင် ပြဿနာတစ်ခုခုရှိနေသည်ဟု သံသယရှိပါက အောက်ပါစစ်ဆေးမှုများကို ထပ်မံပြုလုပ်ရန် လိုအပ်နိုင်သည်။
- အပ်ဖြင့် အသားစယူခြင်း (Needle biopsy)
ဤလုပ်ငန်းစဉ်အတွင်း ပါးချိတ်ဂလင်းမှ အရည်များကို သေးငယ်သောအပ်ကို အသုံးပြု၍ စုပ်ယူပြီးနောက် ထိုအရည်ကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးမည်ဖြစ်သည်။ - ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging tests)
- ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် ဂတ်ဒိုလင်းနီယမ် သုံး၍ သံလိုက်ဓာတ်မှန် (MRI with gadolinium enhancement) ရိုက်ခြင်း
အဆိုပါစစ်ဆေးမှုကို ပါးချိတ်ဂလင်းအတွင်း ဖြစ်ပေါ်နေသော အလုံးအကျိတ်များ၏ အရွယ်အစား၊ ပုံသဏ္ဌန်နှင့် ၎င်းတို့၏ ထူးခြားကွဲပြားသော ဝိသေသလက္ခဏာများကို တိကျစွာ သိရှိနိုင်ရန် အသုံးပြုသည်။ - တံတွေးပြွန် ဓာတ်မှန်ရိုက်ခြင်း (Sialography)
တံတွေးပြွန်များ (Ducts) နှင့် တံတွေးထုတ်ဆဲလ်အစုအဝေးများ (Acini) တွင် ထိခိုက်ပျက်စီးမှု ရှိမရှိ စစ်ဆေးသည်။ - ဂလင်းလုပ်ဆောင်ချက် ပုံရိပ်ဖမ်းခြင်း (Scintigraphy)
ရေဒီယိုသတ္တိကြွဆေးပစ္စည်း အနည်းငယ်ကို အသုံးပြု၍ တံတွေးဂလင်း၏ လုပ်ဆောင်ချက်စွမ်းရည်နှင့် တံတွေးစီးဆင်းမှု အခြေအနေကို တိုင်းတာစစ်ဆေးခြင်းဖြစ်သည်။ - အာထရာဆောင်း (USG)
ဤစစ်ဆေးမှုသည် တံတွေးဂလင်းအတွင်း အခဲအကျိတ်များ (Solid masses) ရှိနေခြင်း သို့မဟုတ် အရည်အိတ်များ စုနေခြင်း (Fluid collections) ကို သိရှိနိုင်သည်။
- ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် ဂတ်ဒိုလင်းနီယမ် သုံး၍ သံလိုက်ဓာတ်မှန် (MRI with gadolinium enhancement) ရိုက်ခြင်း
- အခြားနည်းလမ်းများ (Procedures)
- မှန်ပြောင်းဖြင့် တံတွေးပြွန်အတွင်း ကြည့်ရှုကုသခြင်း (Interventional sialendoscopy)
အဆိုပါစစ်ဆေးမှုသည် ပါးချိတ်ဂလင်းတွင် ဖြစ်ပွားတတ်သော ရောင်ရမ်းမှု ရောဂါဝေဒနာအမျိုးမျိုးကို တိကျစွာ ရှာဖွေဖော်ထုတ်နိုင်ခြင်းနှင့်အတူ ကုသမှုကိုပါ တစ်ပြိုင်နက်ပေးနိုင်သောကြောင့် အလွန်အသုံးဝင်သော နည်းလမ်းဖြစ်သည်။ - ခွဲစိတ်၍ အသားစယူ စစ်ဆေးခြင်း (Incisional biopsy)
ရောဂါရှာဖွေရန်အတွက် ရောင်ရမ်းနေသော သို့မဟုတ် သံသယရှိသော အလုံးအကျိတ်နေရာမှ အသားစအနည်းငယ်ကို ဓားဖြင့် ခွဲစိတ်ဖြတ်ယူကာ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခြင်းဖြစ်သည်။
- မှန်ပြောင်းဖြင့် တံတွေးပြွန်အတွင်း ကြည့်ရှုကုသခြင်း (Interventional sialendoscopy)
ကုသခြင်း
ပါးချိတ်ဂလင်းကြီးခြင်း၏ ကုသမှုနည်းလမ်းများသည် ဖြစ်ပွားစေသော အရင်းခံအကြောင်းရင်းပေါ်တွင် များစွာမူတည်သည်။ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး သို့မဟုတ် မှိုပိုးဝင်ခြင်းကြောင့် ဖြစ်ပွားပါက သက်ဆိုင်ရာ ရောဂါအခြေအနေနှင့် ကိုက်ညီသော ကုသမှုများကို ခံယူရန် လိုအပ်သည်။ ဗိုင်းရပ်စ်ပိုးဝင်ခြင်းများတွင် အနားယူခြင်း၊ ရေဓာတ်လုံလောက်စွာ သောက်သုံးခြင်းနှင့် လက္ခဏာသက်သာစေရန် ကုသခြင်းများသာ လိုအပ်သော်လည်း ဘက်တီးရီးယားပိုးဝင်ခြင်းနှင့် မှိုပိုးဝင်ခြင်းများတွင် ပိုးသတ်ဆေး သို့မဟုတ် မှိုသတ်ဆေးများဖြင့် ကုသရန် လိုအပ်နိုင်သည်။
နာကျင်ခြင်းနှင့် မသက်မသာဖြစ်ခြင်းများကို သက်သာစေရန် ပါရာစီတမော (Paracetamol) နှင့် အိုင်ဗျူပရိုဖဲင် (Ibuprofen) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို အသုံးပြုနိုင်သည်။ ထို့ပြင် အချို့သောအခြေအနေများတွင် ရေနွေးဝတ်ကပ်ပေးခြင်းနှင့် လုံလောက်စွာ အနားယူခြင်းတို့သည်လည်း ရောဂါလက္ခဏာများကို သက်သာစေရန် အထောက်အကူပြုနိုင်သည်။
ဗိုင်းရပ်စ်ပိုး သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်ပွားသော ပါးချိတ်ဂလင်းရောင်ရမ်းခြင်းများသည် တံတွေးအမှုန်အမွှားများမှတစ်ဆင့် အခြားသူများထံသို့ ကူးစက်ပျံ့နှံ့နိုင်သောကြောင့် မျက်နှာသုတ်ပုဝါ၊ ဇွန်း၊ ခက်ရင်းနှင့် ရေခွက်ကဲ့သို့သော တစ်ကိုယ်ရေသုံးပစ္စည်းများကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်း မပြုလုပ်သင့်ပေ။
ပါးချိတ်ဂလင်းကြီးခြင်းသည် ကိုယ်ခံအားမူမမှန်တုံ့ပြန်သော ရောဂါများ (Autoimmune diseases) နှင့် ဆက်စပ်နေပါက စတီးရွိုက် (Steroids) သို့မဟုတ် အခြားကိုယ်ခံအားထိန်းညှိပေးသော ဆေးဝါးများဖြင့် ကုသရန် လိုအပ်နိုင်သည်။
တံတွေးဂလင်း၌ ကျောက်တည်ခြင်း (Salivary gland stones) ကြောင့် ဖြစ်ပွားပါက ရေများများသောက်ခြင်း၊ ပါးချိတ်ဂလင်းကို ညင်သာစွာ နှိပ်နယ်ပေးခြင်းနှင့် အချဉ်ဓာတ်ရှိသော အစားအစာများ (ဥပမာ _ ချဥ်သော အရသာရှိသည့် သကြားလုံး) ကို စားသုံးခြင်းဖြင့် တံတွေးစီးဆင်းမှုကို တိုးလာစေပြီး ကျောက်ငယ်များ ထွက်လာစေရန် အထောက်အကူပြုနိုင်သည်။ သို့သော် ထိုနည်းလမ်းများဖြင့် မသက်သာပါက ကျောက်ကို ဖယ်ရှားရန် လုပ်ထုံးလုပ်နည်းများ သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သည်။
ပါးချိတ်ဂလင်းတွင် ဖြစ်ပေါ်သော အကျိတ်များအတွက် များသောအားဖြင့် ပါးချိတ်ဂလင်းခွဲစိတ်ဖယ်ရှားခြင်း (Parotidectomy) ကို ပြုလုပ်ရန် လိုအပ်ပြီး၊ အကျိတ်၏ အမျိုးအစားနှင့် တည်နေရာပေါ်မူတည်၍ ပါးချိတ်ဂလင်း၏ အစိတ်အပိုင်းတစ်ခု သို့မဟုတ် တစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားရနိုင်သည်။
ပါးချိတ်ဂလင်းကင်ဆာ (Parotid gland cancer) ခံစားနေရသူများတွင်လည်း ခွဲစိတ်ဖယ်ရှားကုသခြင်းသည် အဓိကကုသမှုဖြစ်ပြီး လိုအပ်ပါက ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) နှင့် ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း (Radiation therapy) တို့ကို ပေါင်းစပ်၍ ကုသရန် လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
ရုတ်တရက်ဖြစ်ပွားတတ်သော ပါးချိတ်ရောင်ခြင်း (Acute parotitis) ကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ Mump-Measles-Rubella (MMR) Vaccine (ဝက်သက်-ပါးချိတ်ရောင်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး) ကို ထိုးနှံထားခြင်းဖြစ်သည်။
အခြားသော ပါးချိတ်ရောင်ခြင်း အမျိုးအစားများ ဖြစ်ပွားနိုင်ခြေကို လျှော့ချရန်အတွက် အောက်ပါအချက်များကို လိုက်နာနိုင်ရန် လိုအပ်သည်။
- ခန္ဓာကိုယ်တွင် ရေဓာတ်ခန်းခြောက်မှုမရှိစေရန် ရေကို အလုံအလောက် အမြဲသောက်ပေးခြင်းဖြင့် ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါ
- လက်မှတစ်ဆင့် ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးမွှားများ ကူးစက်ခြင်းမှ ကာကွယ်ရန် လက်ကို စနစ်တကျဖြင့် မကြာခဏ ဆေးကြောပါ
- ကိုယ်ခံအားစနစ် ကောင်းမွန်စေရန်အတွက် ဗီတာမင်နှင့် သတ္တုဓာတ်များ မျှတစွာပါဝင်သော အစားအစာများကို ပုံမှန်စားသုံးခြင်းဖြင့် လုံလောက်သော အာဟာရ ရရှိအောင် လုပ်ဆောင်ပါ
- တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ် သွားတိုက်ခြင်းနှင့် ခံတွင်းသန့်ရှင်းရေး ဂရုစိုက်ခြင်းသည် ဘက်တီးရီးယားများ စုပုံလာပြီး တံတွေးပြွန်အတွင်း ပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်သောကြောင့် သွားနှင့်ခံတွင်း သန့်ရှင်းရေးကို စနစ်တကျ လုပ်ဆောင်ပါ
- ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ
- အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ရပါ
- လိင်မှတစ်ဆင့် ကူးစက်တတ်သည့် အချို့ဗိုင်းရပ်စ်ပိုးများကြောင့် ပါးချိတ်ရောင်ခြင်းမှ ကာကွယ်နိုင်ရန် ကွန်ဒုံးကို စနစ်တကျ အသုံးပြုခြင်းဖြင့် အန္တရာယ်ကင်းသော လိင်ဆက်ဆံမှုပုံစံကို ကျင့်သုံးပါ။
References:
- Cleveland Clinic. (n.d.). Parotid gland. Retrieved June 11, 2026, from https://my.clevelandclinic.org/health/body/23232-parotid-gland
- Cleveland Clinic. (n.d.). Parotitis (parotid gland swelling): Symptoms, causes & treatment. Retrieved June 11, 2026, from https://my.clevelandclinic.org/health/diseases/23577-parotitis-parotid-gland-swelling
- Dunphy, L., & Winland-Brown, J. (2024). Parotitis. In StatPearls. StatPearls Publishing. Retrieved June 11, 2026, from https://www.ncbi.nlm.nih.gov/books/NBK560735/
- Khalid, A., & Nisa, L. (n.d.). Parotitis. MD Searchlight. Retrieved June 11, 2026, from https://mdsearchlight.com/oral-health/parotitis/
- Medscape. (n.d.). Parotitis: Overview. Retrieved June 11, 2026, from https://emedicine.medscape.com/article/882461-overview
Published: 24 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.