Placental Insufficiency (အချင်းကောင်းစွာ အလုပ်မလုပ်ခြင်း)

Placental Insufficiency (အချင်းကောင်းစွာ အလုပ်မလုပ်ခြင်း)

အချင်းသည် ကိုယ်ဝန်ဆောင်စဥ်အတွင်း သားအိမ်အတွင်းနံရံ၌ တွယ်ကပ်ပြီး သန္ဓေသားကို ချက်ကြိုး (Umbilical cord) ဖြင့် ဆက်သွယ်ပေးထားသည့် မရှိမဖြစ် အရေးပါသော အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းသည် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် သန္ဓေသားထံသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ ပို့ဆောင်ပေးရုံသာမက သန္ဓေသားထံမှ ထွက်လာသော အညစ်အကြေးများကိုလည်း စနစ်တကျ ဖယ်ရှားပေးသည်။

ထို့ကြောင့် ကိုယ်ဝန်ဆောင်ကာလတွင် အချင်းပုံမှန်ဖွံ့ဖြိုးပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းသည် မိခင်၏ကျန်းမာရေး၊ ကလေးဖွံ့ဖြိုးကြီးထွားမှုနှင့် ဘေးအန္တရာယ်ကင်းစွာ မီးဖွားနိုင်ရန်အတွက် လွန်စွာအရေးကြီးသည်။

အချင်းကောင်းစွာ အလုပ်မလုပ်ခြင်း (Placental Insufficiency) ဆိုသည်မှာ အကြောင်းရင်းအမျိုးမျိုးကြောင့် အချင်း၏ လုပ်ဆောင်ချက်များ ချို့ယွင်းလာပြီး သန္ဓေသားထံသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို လုံလောက်စွာ မပို့ဆောင်ပေးနိုင်တော့သည့် ပုံမှန်မဟုတ်သော အခြေအနေကို ဆိုလိုသည်။

ကိုယ်ဝန်ဆောင်စဥ် အချင်း၏ လုပ်ဆောင်ချက်များ

အချင်း၏အဓိကလုပ်ဆောင်ချက်များမှာ_

  1. သန္ဓေသားထံသို့ အောက်ဆီဂျင် (oxygen) နှင့် အာဟာရများ ပို့ဆောင်‌ပေးခြင်း
    မိခင်၏ သွေးကြောထဲမှ အောက်ဆီဂျင် နှင့် အာဟာရဓာတ်များ (ဥပမာ – ဂလူးကို့စ်၊ ပရိုတင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များ) ကို ချက်ကြိုးမှတစ်ဆင့် သန္ဓေသားထံသို့ ပို့ဆောင်ပေးသည်။ ကလေး၏ အဆုတ်နှင့် အစာခြေစနစ် မဖွံ့ဖြိုးသေးမီ လုပ်ငန်းတာဝန်အချို့ကို ယာယီအစားထိုး လုပ်ဆောင်ပေးသည်။
  2. သန္ဓေသား ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အညစ်အကြေးများကို သယ်ဆောင်ပေးခြင်း
    သန္ဓေသားထံမှ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားအညစ်အကြေးများကို သန္ဓေသား၏သွေးမှတစ်ဆင့် မိခင်သွေးကြောထဲသို့ ပြန်လည်ပို့ဆောင်ပေးပြီး၊ မိခင်၏ ကျောက်ကပ်မှတစ်ဆင့် စွန့်ထုတ်ပေးခြင်းဖြင့် သန္ဓေသား၏ ကျောက်ကပ် လုပ်ငန်းတာဝန်ကို ကူညီလုပ်ဆောင်ပေးသည်။
  3. ဟော်မုန်းများ ထုတ်ပေးခြင်း
    အချင်းသည် ကိုယ်ဝန်မြဲစေရန်နှင့် သန္ဓေသားကြီးထွားမှုအတွက် လိုအပ်သော ‌ဟော်မုန်းများကို ထုတ်လုပ်ပေးသည်။
    • အီစထရိုဂျင် (Estrogen)
      • ကိုယ်ဝန်ဆောင် နောက်ဆုံးလပတ်များတွင် သားအိမ်ကြီးထွားလာစေရန် လှုံ့ဆော်ပေးပြီး မွေးဖွားချိန်တွင် သားအိမ်ညှစ်နိုင်ရန် လုပ်ဆောင်ပေးသည်
      • နို့ရည်ထွက်ရှိရန်အတွက် နို့ရည်ဂလင်းများ ဖွံ့ဖြိုးမှုကိုလည်း လှုံ့ဆော်ပေးသည်
    • ပရိုဂျက်စတီရုန်း (Progesterone)
      • ကိုယ်ဝန်သက် ၇ပတ် မှ ၁၂ပတ်အတွင်း အချင်းမှ အဓိကထုတ်လုပ်ပေးသည်
      • သားအိမ်ကြွက်သားများကို ပြေလျော့စေ၍ သားအိမ်ညှစ်ခြင်းကို လျော့နည်းစေကာ ကိုယ်ဝန်မြဲစေသည်၊ သားအိမ်အတွင်းနံရံကို ထူထဲစေပြီး သွေးကြောများကို ပိုမိုဖွံ့ဖြိုးစေခြင်းဖြင့် သန္ဓေသားကြီးထွားရန်အတွက် သင့်လျော်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်၊ မိခင်၏ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေး၍ သန္ဓေသားကို ထိခိုက်မှုမရှိစေရန် ကူညီပေးသည်
      • ရင်သားနှင့် နို့ရည်ဂလင်းများ ဖွံ့ဖြိုးလာစေပြီး နို့ရည်ထွက်ရန် ပြင်ဆင်ပေးသည်၊ အူလမ်းကြောင်းလှုပ်ရှားမှု နှေးကွေးစေနိုင်သဖြင့် မိခင်တွင် လေပွခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ ဖြစ်နိုင်သည်၊ ခန္ဓာကိုယ်၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ကိုယ်ဝန်ဆောင်မိခင်အား အစားအစာ ပိုမိုစားချင်စိတ် ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးသည်
    • ကိုယ်ဝန်ဆောင်ဟော်မုန်း (human chorionic gonadotropin – hCG)
      • အချင်းမှ ပထမဆုံးစတင်ထုတ်လုပ်ပေးသော ဟော်မုန်းဖြစ်ပြီး၊ ကိုယ်ဝန် ရှိမရှိ စစ်ဆေးရာတွင် အဓိကတိုင်းတာစစ်ဆေးသော ဟော်မုန်းဖြစ်သည်
      • ကိုယ်ဝန်မြဲစေရန်အတွက် လိုအပ်သော ပရိုဂျက်စတီရုန်း ဟော်မုန်း (progesterone)ကို ဆက်လက်ထုတ်လုပ်ပေးနိုင်ရန် သားဥအိမ်ရှိ ကော်ပတ်လူတီယမ် (Corpus luteum) ကို လှုံ့ဆော်ပေးသည်
    • နို့ရည်ဂလင်းများ ကြီးထွားစေသောဟော်မုန်း (human placental lactogen – hPL)
      • နို့ရည်ဂလင်းများ ကြီးထွားမှုကို လှုံ့ဆော်ပေးသည်၊ ကိုယ်ဝန်ဆောင်စဉ်အတွင်း ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် (Metabolism) ကို ထိန်းညှိပေးသည်
    • အချင်းကြီးထွားမှု ဟော်မုန်း (placental growth hormone)
      • သန္ဓေသားကြီးထွားမှုကို ကူညီထောက်ပံပေးသည်
  4. ကလေး၏ခုခံအားစနစ် ထောက်ပံပေးခြင်း
    မိခင်ထံမှ ပဋိပစ္စည်း (Antibodies) အချို့ကို အချင်းမှတစ်ဆင့် ကလေးထံ ပို့ဆောင်ပေးခြင်းဖြင့် မွေးဖွားပြီးစ လအနည်းငယ်အတွင်း ရောဂါပိုးမွှားများကို ခုခံနိုင်စွမ်းရှိစေရန် ကူညီပေးသည်။
  5. ကလေးကို ကာကွယ်ပေးခြင်း
    အချင်းသည် အချို့သော ပိုးမွှားများနှင့် အန္တရာယ်ရှိသော ဓာတ်ပစ္စည်းများကို ကလေးထံ မရောက်ရှိစေရန် တစ်စိတ်တစ်ပိုင်း ကာကွယ်ပေးနိုင်သည်။ သို့သော် အချို့သော ရောဂါပိုးများ၊ ဆေးဝါးများနှင့် အရက်၊ ဆေးလိပ်ကဲ့သို့ အန္တရာယ်ရှိသော ပစ္စည်းများသည် အချင်းကို ဖြတ်ကျော်နိုင်သဖြင့် ကိုယ်ဝန်ဆောင်စဉ် ရှောင်ကြဉ်သင့်သည်။
အချင်းကောင်းစွာ အလုပ်မလုပ်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများ

အချင်း၏ ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းချက်များ သို့မဟုတ် အချင်းပျက်စီးခြင်း၊ မိခင်၏ ကျန်းမာရေးပြဿနာများနှင့် နေထိုင်မှုဘဝပုံစံများကြောင့် အချင်း၏ လုပ်ဆောင်ချက်များ ချို့ယွင်းလာပြီး သန္ဓေသားအတွက် မရှိမဖြစ် လိုအပ်သော အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို လုံလောက်စွာ မပို့ဆောင်ပေးနိုင်တော့သည့် အခြေအနေများ ဖြစ်ပေါ်စေနိုင်သည်။

  1. အချင်းဆိုင်ရာ ပြဿနာများ
    • အချင်းပုံသဏ္ဍာန်မမှန်ခြင်းနှင့် အချင်းအရွယ်အစား သေးငယ်လွန်းခြင်း
    • အချင်းစောကွာခြင်း (Placental abruption) – အချင်းသည် ကလေးမမွေးဖွားမီ သားအိမ်နံရံမှ အလိုအလျောက် ကွာကျသွားခြင်း
    • အချင်းအတွင်း သွေးခဲပိတ်ခြင်း – အချင်းအတွင်းရှိ သွေးကြောများတွင် သွေးခဲပိတ်ခြင်း သို့မဟုတ် အချင်းဆဲလ်များ သေဆုံးခြင်း
    • အချင်းတွယ်ကပ်ပုံ မမှန်ခြင်း
  2. မိခင်၏ကျန်းမာ‌ရေးပြဿနာများ
    အောက်ပါ မိခင်ကျန်းမာရေးအခြေအနေများတွင် အချင်းကို လုံလောက်သော သွေးထောက်ပံ့မှု မရရှိခြင်းနှင့် ဆက်စပ်တွေ့ ရှိရတတ်သည်။
    • အသက် (၃၅) နှစ်နောက်ပိုင်းမှ ကိုယ်ဝန်ဆောင်ခြင်း
    • ကိုယ်အလေးချိန်နည်းလွန်းခြင်း (ပေါင် ၁၀၀အောက်)
    • အာဟာရ ပြည့်ဝစွာ မစားသောက်ခြင်း
    • သွေးတိုးရောဂါ၊ သွေးအားနည်းရောဂါ၊ နှလုံး‌ရောဂါ၊ ဆီးချိုရောဂါရှိခြင်း
    • သွေးခဲစနစ်ဆိုင်ရာရောဂါများ
    • ကိုယ်ခံအား မူမမှန် အလွန်အကျွံတုံ့ပြန်သည့်ရောဂါရှိခြင်း
    • ကျောက်ကပ်ရောဂါရှိခြင်း
    • ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre-eclampsia)
    • ကိုယ်ဝန်သက်အပတ် (၄၀)ထက် ကျော်လွန်နေခြင်း
    • သန္ဓေသားညှက်သောကိုယ်ဝန် ဆောင်ခဲ့ဖူးသည့်ရာဇဝင်ရှိခြင်း
    • အမြွှာကိုယ်ဝန်ဖြစ်ခြင်း
    • အတက်ကျဆေးများ သုံးစွဲနေရခြင်း
    • ဂျိုက်သိုးရောဂါကာလသားရောဂါ၊ စီအင်မ်ဗွီဗိုင်းရပ်စ် (Cytomegalovirus)၊ တောက်ဆိုပလာစမာကပ်ပါးပိုး (Toxoplasmosis) ရောဂါဖြစ်ခြင်း
    • ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသောအရပ်၌ နေထိုင်ခြင်း
  3. သန္ဓေသားနှင့်ဆိုင်သော ရောဂါအခြေအနေများ
    • သန္ဓေသား၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ မွေးရာပါချို့ယွင်းခြင်း
    • မျိုးဗီဇ သို့မဟုတ် ခရိုမိုဆုမ်းဆိုင်ရာရောဂါများ (ဥပမာ – ဒေါင်းဆင်ဒရုန်း)
  4. နေထိုင်မှုဘဝပုံစံ
    • ကိုယ်ဝန်‌ဆောင်စ‌ဥ် ဆေးလိပ်သောက်ခြင်း
    • စိတ်ကြွဆေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း (အထူးသဖြင့် ကိုကိန်း)
    • အရက်သောက်ခြင်းတို့ကြောင့်လည်း အချင်းကို လုံလောက်သော သွေးပံ့ပိုးမှုမရရှိခြင်း ဖြစ်ပေါ်စေနိုင်သည်။
ရောဂါလက္ခဏာများ

အချင်းကောင်းစွာ အလုပ်မလုပ်ခြင်း (Placental Insufficiency) သည် များသောအားဖြင့် မိခင်၌ ထင်ရှားသော ရောဂါလက္ခဏာရပ်များ ပြလေ့မရှိပါ။ သို့သော်လည်း ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူချိန်နှင့် မိမိဘာသာ ဂရုပြုကြည့်ရှုချိန်များတွင် အောက်ပါလက္ခဏာများကို ဆက်စပ်သတိပြုမိနိုင်သည်။

  • ကလေးလှုပ်ရှားမှု နည်းသွားခြင်း – သန္ဓေသား၏ လှုပ်ရှားမှုသည် ပုံမှန်ထက် သိသိသာသာ လျော့နည်းသွားခြင်း
  • ဝမ်းဗိုက်အရွယ်အစား သေးနေခြင်း – မိခင်၏ ဝမ်းဗိုက်အရွယ်အစားမှာ ရှိသင့်သော ကိုယ်ဝန်သက်တမ်းနှင့်အညီ ကြီးထွားလာမှု မရှိခြင်း
  • မိခင်ကိုယ်အလေးချိန် မတိုးလာခြင်း – ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်၏ ကိုယ်အလေးချိန်သည် ရှိသင့်သလောက် တိုးတက်မလာခြင်း
  • မိန်းမကိုယ်မှ သွေးဆင်းခြင်း (Vaginal Bleeding) – ကိုယ်ဝန်အစောပိုင်းတွင် သွေးဆင်းခြင်း သို့မဟုတ် ကိုယ်ဝန်ရင့်ချိန်တွင် ဗိုက်နာပြီး သွေးဆင်းခြင်း
  • ကလေးကြီးထွားမှု နှေးကွေးခြင်းနှင့် ရေမွှာရည်နည်းခြင်း (Oligohydramnios) – အာထရာဆောင်း (USG) ရိုက်ကြည့်သည့်အခါ ကလေးအရွယ်အစား သေးနေခြင်းနှင့် ရေမွှာရည် ပုံမှန်ထက် နည်းနေခြင်း
နောက်ဆက်တွဲပြဿနာများ

အချင်းကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် မိခင်နှင့်သန္ဓေသား နှစ်ဦးလုံးတွင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်ပြီး သန္ဓေသားတွင် ပို၍အသက်အန္တရာယ်ရှိစေသည်။

သန္ဓေသားတွင် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ
  • သန္ဓေသားညှက်ခြင်း (Intrauterine growth restriction – IUGR) – သန္ဓေသားသည် သက်ဆိုင်ရာကိုယ်ဝန်သက်၌ ရှိနေရမည့် ကြီးထွားမှုမျိုးရှိမနေဘဲ ကြီးထွားမှုတန့်နေခြင်း သို့မဟုတ် နှေးနေခြင်း
  • သန္ဓေသား အောက်ဆီဂျင်ပြတ်လတ်ခြင်း (Fetal hypoxia) – ဦးနှောက်သို့ အောက်ဆီဂျင် ရောက်ရှိမှု နည်းပါးခြင်း
  • လမစေ့ဘဲ မွေးဖွားခြင်း (Premature birth) – လမစေ့ဘဲ မွေးဖွားခြင်းကြောင့် ကလေးတွင် ခန္ဓာကိုယ်အပူချိန် လျော့နည်းခြင်းနှင့် မွေးဖွားစဉ် ကိုယ်အလေးချိန် မပြည့်ခြင်းတို့ ဖြစ်ပွားနိုင်သည်။
  • ကလေးအသေမွေးဖွားခြင်း (Stillbirth)
  • မွေးဖွားပြီးနောက် မွေးကင်းစကလေးသည်
    • သွေးတွင်းအောက်ဆီဂျင် ကျနိုင်ခြေများခြင်း (Hypoxia)
    • သွေးတွင်းသကြားဓာတ်ကျနေခြင်း (Hypoglycemia)
    • သွေးနီဥများနေခြင်း (Polycythemia)
    • သွေးအားနည်းခြင်း (Anemia)
    • သွေးတွင်း အဝါဓါတ် များလွန်းခြင်း (Hyperbilirubinemia)
    • အသက်ရှူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများရှိခြင်း
    • ခန္ဓာကိုယ်အပူချိန် ထိန်းညှိရန် ခက်ခဲခြင်း
    • ရောဂါပိုးဝင်ခြင်း
    • မွေးကင်းစအထူးကြပ်မတ်ခန်းတွင် ကြည့်ရှုစောင့်ရှောက်ကုသမှုများ လိုအပ်နိုင်ခြင်း စသည်တို့ရှိနိုင်သည်။
  • သန္ဓေသား ကြီးထွားမှုနှေးခြင်း သို့မဟုတ် တန့်နေခြင်းနှင့် သန္ဓေသား မွေးဖွားလိုက်ရသည့် ကိုယ်ဝန်သက်ပေါ် မူတည်၍ ရေရှည်တွင် ကလေးသည် တက်ကြွမှုလွန်ကဲခြင်း၊ စီပီရောဂါ (Cerebral palsy)၊ စာသင်ကြားလေ့လာနိုင်စွမ်း အားနည်းခြင်းစသော ဖွံ့ဖြိုးမှု၊ အသိဉာဏ်နှင့် အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်နိုင်သည်။ အသက်အရွယ်ရလာသည့်အခါ အဝလွန်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေများသည်။
မိခင်တွင် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ
  • အချင်းစောစီးစွာ ကွာကျခြင်း (Placental abruption) – ကလေးမမွေးဖွားမီ အချင်းကွာကျသဖြင့် ကလေးရော အမေပါ အသက်အန္တရာယ်စိုးရိမ်ရခြင်း
  • ခန့်မှန်းမွေးဖွားရက်မတိုင်မီ စောစီးစွာ မွေးဖွားရခြင်း (Preterm delivery)

စောစီးစွာစစ်ဆေး၍ စနစ်တကျ ကုသမှု ခံယူခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အချင်းကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသသင့်သည်။ စောစီးစွာသိရှိပါက ကိုယ်ဝန်ဆောင်မိခင်များသည် သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် ရက်ချိန်း မပျက်မကွက်ပြသရန် လိုအပ်ပြီး၊ သာမန်ထက်ပို၍ ကိုယ်ဝန်စောင့်ရှောက် စစ်ဆေးကုသမှု စနစ်တကျခံယူရန် လွန်စွာအ‌ရေးကြီးသည်။ သွေးနှင့်ဆီးများ မကြာခဏ စစ်ဆေးရခြင်း၊ မကြာခဏ အာထရာဆောင်း ရိုက်ရခြင်းတို့အပြင် မိခင်နှင့်ကလေး ဘေးအန္တရာယ် နည်းပါးစေရန်၊ နောက်ဆက်တွဲပြဿနာ အနည်းဆုံးဖြစ်စေရန် လိုအပ်လျှင် အခြားသော သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် ချိတ်ဆက်ပြီး ဆွေးနွေးတိုင်ပင်ကုသရမည်ဖြစ်သည်။

‌ရောဂါရှာဖွေခြင်း

အချင်းကောင်းစွာ အလုပ်မလုပ်ခြင်းကို သိရှိနိုင်ရန် ရောဂါရာဇဝင်များ မေးမြန်းခြင်း၊ မိခင်နှင့်သန္ဓေသား၏ အခြေအနေများကို စနစ်တကျ စမ်းသပ်စစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။

မွေးဖွားရန် သတ်မှတ်ထားသောရက် (Estimated Date of Delivery, EDD) ကို အခြေခံ၍ ကိုယ်ဝန်သက်ကို တွက်ချက်သည်။ အကယ်၍ နောက်ဆုံးပေါ်ခဲ့သော ဓမ္မတာစက်ဝန်းကို မမှတ်မိပါက ကိုယ်ဝန်သက် ပထမ (၃) လတွင် ရိုက်ထားသော အာထရာဆောင်း (First trimester ultrasound dating scan) မှတွက်ထားသော မွေးဖွားရက်ကို ယူနိုင်သည်။ သန္ဓေသားကြီးထွားမှုနှုန်းကို ကိုယ်ဝန်သက်နှင့် တူညီမှု ရှိမရှိ စမ်းသပ်စစ်‌ဆေးပြီး သန္ဓေသားကြီးထွားမှု နှောင့်နှေးခြင်းကို အတည်ပြုသည်။

သန္ဓေသားကြီးထွားမှုနှုန်းကို အောက်ပါနည်းလမ်းများဖြင့် စမ်းသပ်စစ်ဆေးနိုင်သည်။

  • သားအိမ်အမြင့်တိုင်းခြင်း (Uterine fundal height)
    • ဆီးခုံရိုးမှ ဝမ်းဗိုက်ပေါ်ရှိ သန္ဓေသားကြီးထွားလာခြင်းကြောင့် ပူထွက်လာသော သားအိမ်အမြင့်ဆုံးနေရာကို ပေကြိုးဖြင့်တိုင်းတာသည်
    • တိုင်းတာရရှိသောအမြင့်ကို စင်တီမီတာဖြင့် မှတ်သားပြီး ကိုယ်ဝန်သက်နှင့် တူမတူ ကြည့်ရသည်
      • ဥပမာ _ ကိုယ်ဝန်သက် (၃၂) ပတ် ရှိသည့်အချိန်တွင် သားအိမ်အမြင့် (၃၂) စင်တီမီတာ ရှိရမည်ဖြစ်သည်
      • အကယ်၍ ကိုယ်ဝန်သက်ထက် (၄) စင်တီမီတာအောက် လျော့နေလျှင် [ဥပမာ _ ကိုယ်ဝန်သက် (၃၂) ပတ်တွင် သားအိမ်အမြင့် (၂၈) စင်တီမီတာသာရှိနေခြင်း] သန္ဓေသားကြီးထွားမှု နှောင့်နှေးခြင်းကို သံသယရှိပြီး၊ အတည်ပြုနိုင်ရန် နောက်ထပ်စစ်ဆေးမှုများ ပြုလုပ်မည်
    • အလားတူ သားဖွားမီးယပ် အထူးကုဆရာဝန်များမှ မိခင်ဝမ်းဗိုက်ပေါ် လက်ဖြင့် စမ်းသပ်၍ ကိုယ်ဝန်သက်နှင့် သန္ဓေသားအရွယ်ကို ခန့်မှန်းနိုင်သည်
  • မိခင်ခန္ဓာကိုယ်အလေးချိန်တိုင်းခြင်း
    • ကိုယ်ဝန်ဆောင်မိခင်၏ ကိုယ်ခန္ဓာအလေးချိန်ကို ကိုယ်ဝန်စောင့်‌ရှောက်မှု လာရောက်သည့်အကြိမ်တိုင်း တိုင်းတာမှတ်သားပြီး အလေးချိန်တိုးတက်မှု ရှိမရှိ ကြည့်ရှုရသည်
    • မိခင်ကိုယ်အလေးချိန် တိုးတက်မှု နည်းလျှင် သန္ဓေသားကြီးထွားမှုလည်း နည်းနေကြောင်း ယေဘုယျအားဖြင့် သတ်မှတ်နိုင်သည်
  • အာထရာဆောင်းဖြင့် စစ်ဆေးခြင်း
    • သန္ဓေသားကြီးထွားမှု နှောင့်နှေးခြင်းနေသည်ဟု သံသယရှိလျှင် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် သန္ဓေသားကြီးထွားမှုကို အာထရာဆောင်း ပုံမှန်ထက်ပိုရိုက်ကာ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း ပြုလုပ်နိုင်သည်
    • အာထရာဆောင်းရိုက်သည့်အခါ သန္ဓေသား၏ ဦးခေါင်းခွံ၊ ပေါင်ရိုး၊ ဝမ်းဗိုက်တို့ကို တိုင်းတာ၍ သန္ဓေသားကြီးထွားမှုနှင့် ကိုယ်အလေးချိန်ကို တွက်ချက်နိုင်သည်
    • ထို့အပြင် အချင်းနှင့် ချက်ကြိုးရှိ သွေးကြောအတွင်း သွေးစီးဆင်းမှု (Doppler flow) ကို စစ်ဆေးပြီး သွေးစီးဆင်းလည်ပတ်မှု မကောင်းလျှင် သန္ဓေသားညှက်ခြင်း ဖြစ်နေနိုင်သည်
  • သန္ဓေသားကျန်းမာမှုကို စောင့်ကြည့်ခြင်း (Fetal monitoring)
    • မိခင်ဝမ်းဗိုက်ရှိ သားအိမ်ပေါ်တွင် သန္ဓေသားနှလုံးခုန်သံကို ဖမ်းယူမည့် ပစ္စည်းကိရိယာကို ထားရှိပြီး စာရွက်ပေါ်တွင် ဖြစ်ပေါ်လာသော သန္ဓေသားနှလုံးခုန်နှုန်းပုံစံကို အနည်းဆုံး မိနစ် (၂၀) ကြာ ကြည့်ရှု၍ သန္ဓေသား ကျန်းမာမှုကို သိရှိနိုင်သည်
    • ထို့အပြင် အာထရာဆောင်းနှင့်တွဲဖက်၍ သန္ဓေသားကလေးငယ်၏ ဇီဝရူပ ဖြစ်ပေါ်ပုံအဆင့်ဆင့် (Biophysical profile) တွင်ပါရှိသော သန္ဓေသား၏ အသက်ရှူမှု၊ ခန္ဓာကိုယ်လှုပ်ရှားမှု၊ ကြွက်သား တောင့်တင်းမှု၊ ရေမြွှာရည်ပမာဏတို့နှင့် ပေါင်းစပ်ပြီး သ‌န္ဓေသားလှုပ်ရှားနေချိန်တွင် ဖြစ်ပေါ်သော ကလေး၏ နှလုံးတုံ့ပြန်မှုများကို တိုင်းတာ၍ သန္ဓေသားကျန်းမာ‌ရေး စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။
    • မိခင်သည် သန္ဓေသားလှုပ်ရှားမှုကို အလေးပေး မှတ်သားထားရန် လိုအပ်ပြီး၊ ပုံမှန်ထက် လှုပ်ရှားမှုနည်းလာလျှင် သန္ဓေသားကျန်းမာရေးကို စစ်ဆေးရန် အရေးကြီးသည်။
ကုသခြင်း

အချင်းကောင်းစွာ အလုပ်မလုပ်သော အခြေအနေတွင် ပျက်စီးသွားသော သို့မဟုတ် ပုံမှန်မဟုတ်သော အချင်းကို ပြန်လည်ကောင်းမွန်လာစေရန် တိုက်ရိုက်ကုသနိုင်သည့် နည်းလမ်း သို့မဟုတ် ဆေးဝါး မရှိပါ။ ကုသခြင်း၏ ရည်ရွယ်ချက်မှာ သန္ဓေသားအတွက် သားအိမ်အတွင်း ပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး ကြာရှည်အောင် ထိန်းသိမ်းပေးပြီး၊ အခြေအနေ ပိုမိုဆိုးရွားလာသည့် လက္ခဏာများ ပေါ်ပေါက်လာပါက အချိန်မီ မီးဖွားရန်ဖြစ်သည်။

  • အနီးကပ် စောင့်ကြည့်ခြင်း
    သန္ဓေသား၏ ကျန်းမာရေးကို အပတ်စဉ် သို့မဟုတ် မကြာခဏ စစ်ဆေးခြင်းများ ပြုလုပ်ရန် လိုအပ်သည်။
  • မိခင်၏ အခြေအနေကို ထိန်းချုပ်ခြင်း (Maternal Condition Optimization)
    အချင်းကိုပိုမိုထိခိုက်စေသည့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ကဲ့သို့သော ‌ရောဂါများကို ဆေးဝါးများဖြင့် စနစ်တကျ ထိန်းချုပ်ကုသရမည်။
  • အက်စပရင် ပမာဏအနည်းငယ် ပေးခြင်း (Low-dose Aspirin)
    ကိုယ်ဝန်ဆိပ်တက်ခြင်း အန္တရာယ်ရှိပါက သွေးစီးဆင်းမှု ကောင်းမွန်စေရန် ကိုယ်ဝန်အစောပိုင်း (၁၂ပတ်) မှစတင်၍ ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရတတ်သည်။
  • သန္ဓေသား မ‌မွေးဖွားမီ စတီးရွိုက်ဆေးထိုးခြင်း (Antenatal corticosteroids)
    လမစေ့ဘဲ မွေးဖွားရန် လိုအပ်ပါက ကလေး၏ အဆုတ်၊ အစာခြေစနစ်၊ ဦးနှောက်ဖွံ့ဖြိုးခြင်းများကို အထောက်အကူဖြစ်စေသော စတီးရွိုက်ဆေးကို မိခင်အား ကြိုတင်ထိုးပေးရန် လိုအပ်သည်။
  • မီးဖွားချိန်နှင့် နည်းလမ်း ဆုံးဖြတ်ခြင်း (Timing and mode of Delivery)
    • သန္ဓေသားကျန်းမာရေး စောင့်ကြည့်မှုရလဒ်များအရ အန္တရာယ်ရှိလာသည့်အခါ သို့မဟုတ် သန္ဓေသားဖွံ့ဖြိုးမှုတန့်နေလျှင် ကိုယ်ဝန်သက် (၃၇) ပတ်မတိုင်မီ [(၃၄)ပတ် နှင့် (၃၇) ပတ်ကြား] စောမွေးရသည်
    • ရောဂါလက္ခဏာများ မပြင်းထန်သေးပါက ကိုယ်ဝန်လစေ့သည်အထိ ဆက်လက်စောင့်ကြည့်နိုင်သည်
    • အချင်းလုပ်ဆောင်ချက်များ ပို၍ချို့ယွင်းလာပါက သို့မဟုတ် သန္ဓေသားညှက်ခြင်း အလွန်ပြင်းထန်ပါက မိခင်သည် ဆေးရုံတက်ရောက်၍ အနီးကပ်စောင့်ရှောက်မှု ခံယူရသည်၊ ထိုသို့စောင့်ကြည့်နေစဥ် သန္ဓေသားအသက်အန္တရာယ်ရှိလာပါက အရေးပေါ်ချက်ချင်း မွေးဖွားရသည်
    • မွေးဖွားရာတွင် သားအိမ်ပွင့်အောင် လှုံ့ဆော်၍ ကလေးမွေးဖွားမှု စတင်စေခြင်း (induction of labour) သို့မဟုတ် လိုအပ်လျှင် ခွဲစိတ်၍ မွေးဖွားရနိုင်သည်
ကာကွယ်ခြင်း

ယခင်ကိုယ်ဝန်တွင် ဤပြဿနာကြုံဖူးပါက နောက်ထပ်ကိုယ်ဝန်မယူမီနှင့် ယူပြီးစအချိန်တွင် အောက်ပါအတိုင်း စနစ်တကျ ပြင်ဆင်ရမည်။

  1. ကိုယ်ဝန်မယူမီ ကြိုတင်ပြင်ဆင်ခြင်း
    • ရောဂါအခံများကို ထိန်းချုပ်ခြင်း
      • သွေးတိုးနှင့် ဆီးချိုရောဂါရှိပါက ကိုယ်ဝန်မဆောင်မီ ပုံမှန်အခြေအနေရောက်အောင် ဆေးဝါးများဖြင့် အရင်ထိန်းညှိရမည်
    • ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
      • ကိုယ်အလေးချိန် များလွန်းခြင်းကို ကြိုတင်လျှော့ချထားရမည်
    • ဖောလစ်အက်ဆစ် (Folic Acid) သောက်ခြင်း
      • ကိုယ်ဝန်မယူမီ ၃ လကြိုတင်၍ ဖောလစ်အက်ဆစ်များ စတင်သောက်သုံးရမည်
  2. ကိုယ်ဝန်ရရှိပြီးစတွင် ပြုလုပ်ရမည့်အချက်များ
    • စောစီးစွာ ကိုယ်ဝန်အပ်ခြင်း
      • ကိုယ်ဝန်ပတ်သက်တမ်း အလွန်နုစဉ်ကတည်းက သားဖွားမီးယပ်အထူးကုနှင့် ပြသရန်လိုအပ်သည်
    • အက်စပရင် သောက်သုံးခြင်း
      • ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် လိုအပ်ပါက ကိုယ်ဝန်အစောပိုင်းကာလမှစ၍ အက်စပရင်ဆေး ပမာဏအနည်းငယ်ကို နေ့စဉ်သောက်သုံးခြင်းဖြင့် အချင်းသွေးစီးဆင်းမှုကို ကောင်းစေပြီး သွေးခဲပိတ်ခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်းတို့ကို ကာကွယ်နိုင်သည်
    • ကိုယ်ဝန်ပတ် ၁၁ပတ် မှ ၁၄ပတ်အတွင်း သားအိမ်သွေးလွှတ်ကြော (Uterine Artery Doppler) ကို အာထရာဆောင်းဖြင့် စစ်ဆေး၍ အချင်းအခြေအနေကို ကြိုတင်ခန့်မှန်းနိုင်သည်

ပုံမှန်ကိုယ်ဝန်ဆောင်စစ်ဆေးမှုများ ခံယူခြင်း၊ မိခင်ရောဂါအခံများကို ထိန်းချုပ်ကုသခြင်း၊ ကလေး၏လှုပ်ရှားမှုကို ဂရုပြုစောင့်ကြည့်ခြင်းနှင့် အချင်း၏လုပ်ဆောင်ချက်များကို စောင့်ကြည့်စစ်ဆေးပြီး လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်းဖြင့် မိခင်နှင့်ကလေး၏ နောက်ဆက်တွဲ ပြဿနာများ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Placenta. Retrieved June 13, 2026, from https://my.clevelandclinic.org/health/body/22337-placenta
  2. Cleveland Clinic. (n.d.). Placental insufficiency. Retrieved June 13, 2026, from https://my.clevelandclinic.org/health/diseases/25130-placental-insufficiency
  3. Mayo Clinic. (n.d.). Placenta: How it works, what’s normal. Retrieved June 13, 2026, from https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/placenta/art-20044425
  4. WebMD. (n.d.). What is placental insufficiency? Retrieved June 13, 2026, from https://www.webmd.com/baby/what-is-placental-insufficiency

Published: 23 June 2026

Share

23 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.