Red eye (မျက်လုံးနီရဲခြင်း)

Red eye (မျက်လုံးနီရဲခြင်း)

မျက်လုံးနီရဲခြင်း (Red Eye) အခြေအနေသည် မျက်သားဖြူ (Sclera) နီရဲနေခြင်း သို့မဟုတ် မျက်လုံးမျက်နှာပြင်ပေါ်ရှိ သွေးကြောများစွာ ထင်ရှားနေခြင်းကို ဆိုလိုသည်။ မျက်လုံးနီရဲခြင်းသည် ပတ်ဝန်းကျင်ဆိုင်ရာ သို့မဟုတ် နေထိုင်မှုပုံစံနှင့် သက်ဆိုင်သော အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သကဲ့သို့ များစွာသော မျက်လုံးရောဂါပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။ ၎င်းအခြေအနေများတွင် အန္တရာယ်မရှိသော အကြောင်းရင်းများ ရှိနိုင်သကဲ့သို့ အရေးပေါ်ကုသမှု လိုအပ်သော အခြေအနေများလည်း ပါဝင်သည်။ မျက်သားဖြူအပြင် အခြားသော မျက်လုံးအစိတ်အပိုင်းများဖြစ်သည့် မျက်မြှေး (Conjunctiva)၊ မျက်သားဖြူအကာ (Episclera) နှင့် မျက်နက်ဝန်း (Iris) တို့သည်လည်း နီရဲလာနိုင်သည်။

မျက်လုံးနီခြင်းသည် ပုံစံအမျိုးမျိုး ဖြစ်နိုင်သည်။ မျက်သားဖြူပေါ်တွင် ပန်းရောင် သို့မဟုတ် အနီရောင်အစင်းများ ပေါ်နေခြင်း၊ သို့မဟုတ် မျက်သားဖြူတစ်ခုလုံး ပန်းရောင် သို့မဟုတ် အနီရောင် ဖြစ်နေခြင်းမျိုး တွေ့ရတတ်သည်။ အချို့အခြေအနေများ (ဥပမာ – မျက်လုံးသွေးကြောပေါက်ခြင်း) တွင် မျက်လုံးပေါ်တွင် အနီစက် သို့မဟုတ် အနီကွက်များအနေဖြင့်လည်း တွေ့နိုင်သည်။

မျက်လုံးနီခြင်းသည် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်သကဲ့သို့ ရုတ်တရက်လည်း ဖြစ်ပေါ်လာနိုင်သည်။ မျက်လုံးတစ်ဖက်တည်း၌ ဖြစ်နိုင်သကဲ့သို့ နှစ်ဖက်စလုံးတွင်လည်း ဖြစ်ပွါးနိုင်သည်။ အများစုသည် များသောအားဖြင့် ယာယီအခြေအနေသာဖြစ်ပြီး၊ ဖြစ်ပွါးရသည့် အကြောင်းရင်း ပျောက်ကင်းသွားပါက သက်သာသွားလေ့ရှိသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မျက်လုံးနီရဲခြင်းဖြစ်စဉ်မှာ အကြောင်းရင်းတစ်ခုခုကြောင့် မျက်လုံး၏ မျက်နှာပြင်ပေါ်ရှိ သွေးကြောငယ်လေးများ ရောင်ရမ်းခြင်း သို့မဟုတ် သွေးကြောများ ဖောင်းလာခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် မျက်လုံးတွင် ထိခိုက်ဒဏ်ရာရပါက အနာအမြန်ကျက်စေရန် ၎င်းနေရာရှိ သွေးကြောများသည် ဖောင်းလာပြီး သွေးစီးဆင်းမှု ပိုမိုများလာစေသည်။ ထို့ကြောင့် မျက်လုံးတွင် အနီရောင် သို့မဟုတ် ပန်းရောင်၊ တစ်ခါတစ်ရံ သွေးများစုနေသကဲ့သို့ ဖြစ်လာစေသည်။

မျက်လုံးနီရဲခြင်း အဓိကဖြစ်ပွါးရသော အကြောင်းရင်းများကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

အဖြစ်များသော မျက်လုံးပြဿနာများ
  • မျက်လုံးခြောက်ခြင်း (Dry eye) – မျက်ရည်လုံလောက်စွာ မထွက်ခြင်း သို့မဟုတ် မျက်ရည်အရည်အသွေး မကောင်းခြင်းကြောင့်ဖြစ်သည်
  • ဓာတ်မတည့်ခြင်း (Allergies) – ဖုန်မှုန့်၊ ဝတ်မှုန် သို့မဟုတ် တိရစ္ဆာန်အမွေးများနှင့် ထိတွေ့မိခြင်းကြောင့်ဖြစ်သည်
  • မျက်လုံးနာခြင်း (Conjunctivitis/Pink eye) – ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွါးသည်
  • မျက်လုံးသွေးကြောပေါက်ခြင်း (Subconjunctival hemorrhage) – မျက်လုံးအတွင်းရှိ သွေးကြောငယ်လေးများ ပေါက်ထွက်ခြင်းကြောင့်ဖြစ်သည်
  • မျက်လုံးစွန်ခြင်း (Stye) နှင့် မျက်ခွံအဆီကျိတ် (Chalazion)
  • မျက်ခွံရောင်ရမ်းခြင်း (Blepharitis) စသည်တို့ဖြစ်သည်။
ပြင်းထန်သော မျက်လုံးရောဂါများ
  • မျက်လုံးပိုးဝင်ခြင်း (Cellulitis/Endophthalmitis)
  • မျက်လုံးအတွင်းသားရောင်ခြင်း (Uveitis)
  • ရုတ်တရက် ရေတိမ်ဖြစ်ခြင်း (Acute Glaucoma) – မျက်လုံးအတွင်း ဖိအား ရုတ်တရက် မြင့်တက်လာခြင်းဖြစ်သည်
  • မျက်ကြည်လွှာအနာဖြစ်ခြင်း (Corneal ulcer)
  • မျက်သားဖြူ ရောင်ရမ်းခြင်း (Scleritis)
  • ရေယုန်ဗိုင်းရပ်စ်ပိုးကြောင့် မျက်ကြည်လွှာရောင်ခြင်း (Herpetic keratitis) စသည်တို့ဖြစ်သည်။
လူနေမှုပုံစံနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ
  • ဓာတ်မတည့်ခြင်း
    မျက်လုံးနီရဲခြင်းသည် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သည့် လက္ခဏာတစ်ခုလည်းဖြစ်သည်။ ဓာတ်မတည့်ခြင်း ဖြစ်စေသောအရာများသည် အိမ်တွင်းနှင့် ပြင်ပပတ်ဝန်းကျင် နှစ်ခုစလုံးတွင် တွေ့နိုင်သည်။ လေထဲတွင် ပျံ့နှံ့နေသည့် အရာများ (ဥပမာ – ဖုန်မှုန့်၊ ဝတ်မှုန်၊ အိမ်မွေးတိရစ္ဆာန်အမွေးများ) သည် မျက်လုံးနှင့် ထိတွေ့မိသည့်အခါ ဟစ်စ်တမင်း (Histamine) ဟုခေါ်သော ဓာတ်တစ်မျိုးထွက်လာပြီး မျက်လုံးမျက်နှာပြင်အောက်ရှိ သွေးကြောများကို ကျယ်လာစေကာ နီရဲရောင်ရမ်းခြင်းကို ဖြစ်စေသည်။
  • မျက်ကပ်မှန်ကြောင့် ယားယံခြင်း
    မျက်ကပ်မှန်ကို အချိန်ကြာမြင့်စွာ တပ်ဆင်ခြင်းသည် မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပြီး မျက်လုံးနီလာခြင်းနှင့် ယားယံခြင်းတို့ကို ဖြစ်စေသည်။ ထို့ပြင် မျက်ကပ်မှန်တပ်လျက် အိပ်စက်ခြင်းနှင့် သေချာစွာ သန့်ရှင်းရေးမပြုလုပ်ခြင်းကြောင့် မျက်လုံးပိုးဝင်ခြင်း ဖြစ်စေနိုင်ပြီး၊ မျက်လုံးနီရဲခြင်းအပြင် အခြားသော ပြင်းထန်သည့် ပြဿနာများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ ၎င်းသည် မျက်ကပ်မှန် အံဝင်ခွင်ကျမဖြစ်ခြင်း၊ သက်တမ်းလွန်နေခြင်း သို့မဟုတ် မှန်ကန်စွာ အသုံးမပြုခြင်းတို့ကြောင့်ဖြစ်သည်။
  • မျက်လုံးထိခိုက်ဒဏ်ရာရခြင်း
    မျက်လုံးထိခိုက်မိခြင်းသည် သေးငယ်သောအခြေအနေမှသည် ပြင်းထန်သော အခြေအနေအထိ ဖြစ်နိုင်ပြီး မျက်လုံးနီရဲခြင်းကို ဖြစ်စေသည်။ မျက်လုံးထိခိုက်ဒဏ်ရာရခြင်းတွင် မျက်လုံးကို အရာဝတ္ထုတစ်ခုခုဖြင့် ရိုက်မိခြင်း၊ မျက်ကြည်လွှာ ပွန်းပဲ့ခြင်း၊ ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်း စသည်တို့ ပါဝင်သည်။
  • အိပ်ရေးပျက်ခြင်း
    အိပ်ရေးမဝခြင်းသည်လည်း မျက်လုံးကို ထိခိုက်စေနိုင်သည်။ ၎င်းသည် မျက်ခွံရောင်ရမ်းခြင်းနှင့် မျက်လုံးခြောက်ခြင်းများကို ဖြစ်စေပြီး မျက်လုံးနီရဲခြင်းကို ဖြစ်ပေါ်စေသည်။
  • နေရောင်ခြည်ကြောင့် မျက်လုံးထိခိုက်ခြင်း
    မျက်လုံးကို နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မိခြင်း၊ အထူးသဖြင့် ခရမ်းလွန်ရောင်ခြည် (UV) ကို ကာကွယ်ပေးနိုင်သော နေကာမျက်မှန် မတပ်ဆင်ဘဲနေခြင်းသည် Photokeratitis ဟုခေါ်သော အခြေအနေကို ဖြစ်စေနိုင်သည်။ အရေပြားတွင် နေလောင်ခြင်းကဲ့သို့ပင် ဤအခြေအနေ ဖြစ်ပွါးသောအခါ မျက်သားဖြူများသည် နီရဲလာတတ်သည်။
  • ဒစ်ဂျစ်တယ်စက်ပစ္စည်းများ အသုံးပြုမှုများခြင်း
    တီဗွီ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် ဒစ်ဂျစ်တယ်စက်ပစ္စည်းများကို အချိန်ကြာရှည်စွာ အာရုံစူးစိုက်ကြည့်ရှုခြင်းကြောင့် ဖြစ်ပေါ်သည်။ ထိုအခြေအနေကို ဒစ်ဂျစ်တယ်စက်ပစ္စည်းများကြောင့် မျက်လုံးညောင်းခြင်း (Digital eye strain) ဟုခေါ်ပြီး အဖြစ်များသော အကြောင်းရင်းတစ်ခုဖြစ်သည်။ မျက်လုံးညောင်းခြင်းသည် မျက်လုံးနီရဲခြင်းနှင့် အခြားသော မျက်လုံးကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်သည်။
  • အမှိုက် သို့မဟုတ် အမှုန်အမွှားများဝင်ခြင်း
    မျက်လုံးထဲသို့ အမှုန်အမွှား သို့မဟုတ် ပြင်ပမှပစ္စည်းတစ်ခုခု ဝင်ရောက်ခြင်းသည် မျက်လုံးနီရဲခြင်း၏ အဖြစ်များသော အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ ဖုန်မှုန့်၊ သဲ၊ အညစ်အကြေး၊ မိတ်ကပ်နှင့် သတ္တုစအမှုန်များစသည်တို့ကြောင့် မျက်လုံးနီရဲခြင်းကို ဖြစ်ပေါ်စေသည်။
  • မျက်လုံးယားယံစေသော အရာများ
    လေထုညစ်ညမ်းခြင်း၊ မီးခိုးငွေ့များ၊ လေထုထဲတွင် ပျံ့နေသော အငွေ့များ (ဥပမာ – ရေမွှေး)၊ ဓာတုပစ္စည်းများ (ဥပမာ – ကလိုရင်း)၊ ခြောက်သွေ့သော လေထုစသည့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများသည် မျက်လုံးကို ယားယံစေပြီး နီရဲခြင်းကို ဖြစ်စေသည်။
  • ဆေးဝါးများ အလွန်အကျွံသုံးစွဲခြင်း
    မျက်လုံးနီခြင်းအတွက် အသုံးပြုသည့် ဆေးဝါးများ (ဥပမာ – Naphazoline သို့မဟုတ် Tetrahydrozoline ပါဝင်သော မျက်စဉ်းများ) ကို အလွန်အကျွံ သုံးစွဲခြင်းသည် ဆေးအာနိသင် ကုန်သွားချိန်တွင် မျက်လုံးသွေးကြောများ ပိုမိုကျယ်လာပြီး ပို၍နီရဲလာတတ်သည့် Rebound hyperemia အခြေအနေကို ဖြစ်စေနိုင်သည်။ ထို့ပြင် မျက်စဉ်းဆေးအချို့၌ ပါဝင်သော တာရှည်ခံဆေးများ (ဥပမာ – Benzalkonium chloride) ကြောင့်လည်း မျက်လုံးနီရဲခြင်း ဖြစ်ပွါးနိုင်သည်။
ရောဂါလက္ခဏာများ

မျက်လုံးနီရဲခြင်းသည် မျက်လုံးတစ်ဖက်တည်းတွင်ဖြစ်စေ၊ နှစ်ဖက်စလုံးတွင်ဖြစ်စေ ဖြစ်ပေါ်နိုင်သည်။ ၎င်းသည် ဖြစ်ပွါးရသည့် အကြောင်းရင်းပေါ် မူတည်၍ အောက်ပါလက္ခဏာများနှင့် တွဲဖက်တွေ့ရှိရတတ်သည်။

  • မျက်လုံးခိုးလို့ခုလုဖြစ်ခြင်း
  • မျက်လုံးပူခြင်း
  • နာကျင်ခြင်း
  • ယားယံခြင်း
  • မျက်ဝတ်ထွက်ခြင်း
  • မျက်လုံးအမြင်ဝေဝါးခြင်း
  • မျက်ရည်ကျခြင်း
  • အလင်းရောင်ကို ခံနိုင်ရည်မရှိခြင်း
  • မျက်လုံးထဲတွင် အရာဝတ္ထုတစ်ခု ရှိနေသကဲ့သို့ ခံစားရခြင်း စသည်တို့ဖြစ်သည်။

မျက်လုံးနီရဲခြင်းနှင့်အတူ အမြင်အာရုံ ရုတ်တရက် ကျဆင်းသွားခြင်း သို့မဟုတ် ပြင်းထန်စွာ နာကျင်ခြင်းတို့ တွဲဖက်ဖြစ်ပေါ်လာပါက ပိုမိုစိုးရိမ်ရသော အခြေအနေဖြစ်နိုင်သဖြင့် အထူးဂရုပြုရန် လိုအပ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

မျက်လုံးနီရဲခြင်းသည် များသောအားဖြင့် မပြင်းထန်သော်လည်း အချို့သောလက္ခဏာများ ရှိပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုအပ်သည်။

  • မျက်လုံးမှ ပြည်များ သို့မဟုတ် မျက်ဝတ်များ အလွန်အမင်းထွက်ပြီး မျက်ခွံများ စေးကပ်နေခြင်း
  • အမြင်အာရုံဝေဝါးခြင်း သို့မဟုတ် အမြင်အာရုံ ထိခိုက်ခြင်း
  • အလင်းရောင်ကြည့်သောအခါ မျက်လုံးအလွန် ကျိန်းစပ်နာကျင်ခြင်း
  • အဖျားကြီးခြင်း သို့မဟုတ် အခြားသောရောဂါလက္ခဏာများ တွဲဖက်ဖြစ်ပွါးခြင်း

အထက်ပါအခြေအနေများရှိပါက မိမိ၏ မိသားစုဆရာဝန်နှင့် အမြန်ဆုံးပြသပြီး အကြံဉာဏ်ရယူသင့်သည်။ ဆရာဝန်မှ ရောဂါ၏ ပြင်းထန်မှုနှင့် အကြောင်းရင်းကို စစ်ဆေး၍ လိုအပ်ပါက သက်ဆိုင်ရာ မျက်လုံးအထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မျက်လုံးအထူးကုဆရာဝန်သည် မျက်လုံးနီရဲခြင်း ဖြစ်ပေါ်စေသည့် အကြောင်းရင်းကို ရှာဖွေနိုင်ရန် မျက်လုံးကို သေချာစွာ စမ်းသပ်စစ်ဆေးပြီး လိုအပ်လျှင် အောက်ဖော်ပြပါ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်သည်။

  • အလင်းတန်းကျဉ်းမှန်ပြောင်းဖြင့် စမ်းသပ်စစ်ဆေးခြင်း (Slit-lamp examination) – မျက်လုံး၏ အစိတ်အပိုင်းအားလုံးကို တောက်ပသော အလင်းရောင်အသုံးပြု၍ ကြည့်ရှုစစ်ဆေးခြင်း
  • မျက်လုံးသူငယ်အိမ် ကျယ်စေသော မျက်စဉ်းဆေးများ (Dilating drops) အသုံးပြု၍ မျက်လုံးအတွင်းပိုင်းသို့ အသေးစိတ် ကြည့်ရှုစစ်ဆေးခြင်း
  • မျက်လုံးတွင်း ဖိအားတိုင်းတာသော ကိရိယာ (Tonometer) ကို အသုံးပြု၍ စစ်ဆေးခြင်း
ကုသခြင်း

မျက်လုံးနီရဲခြင်းအများစုသည် ပြင်းထန်သော ပြဿနာမဟုတ်သော်လည်း မျက်လုံး ရုတ်တရက်နီလာခြင်း သို့မဟုတ် ၂၄နာရီ မှ ၄၈နာရီထက် ပို၍ ကြာမြင့်ပါက ဖြစ်စေသည့် အကြောင်းရင်းကို ရှာဖွေပြီး သင့်လျော်သည့်ကုသမှုများ ရယူရန် လိုအပ်သည်။

အိမ်တွင်းကုသနည်းများ
  • ရေအေးဝတ်ကပ်ခြင်း – သန့်ရှင်းသော အဝတ်စကို ရေအေးဖြင့် စွတ်ပြီး မျက်လုံးပေါ်တွင် တစ်နေ့လျှင် အကြိမ်ရေ အနည်းငယ်မျှ ကပ်ပေးခြင်း
  • မျက်လုံးကို အနားပေးခြင်း – အိပ်ရေးဝအောင် အိပ်စက်ခြင်း၊ ဒစ်ဂျစ်တယ်မျက်နှာပြင် ကြည့်ရှုချိန် လျှော့ချခြင်းနှင့် မျက်ခွံကို ညင်သာစွာ နှိပ်ပေးခြင်း သို့မဟုတ် ညင်သာစွာ ဆေးကြောပေးခြင်း
  • ဓာတ်မတည့်သည့် ပစ္စည်းများ ရှောင်ကြဉ်ခြင်း – ဖုန်မှုန့်၊ ဝတ်မှုန်၊ အိမ်မွေးတိရစ္ဆာန်အမွေးနှင့် မီးခိုးငွေ့များကဲ့သို့ ယားယံစေသော အရာများနှင့် ထိတွေ့မှုကို လျှော့ချခြင်း
  • မျက်လုံးကို ဆေးကြောခြင်း – မျက်စဉ်းဆေးရည် သို့မဟုတ် ရေဖြင့် ဆေးကြောခြင်းဖြင့် ဖုန်မှုန့်နှင့် အမှိုက်များကို ဖယ်ရှားခြင်း
  • မကြာခဏ မျက်တောင်ခတ်ပေးခြင်း – မျက်တောင်ခတ်ခြင်းဖြင့် မျက်ရည်ကို ထိန်းထားပေးပြီး မျက်လုံးကို အစိုဓာတ် ရရှိစေခြင်း
ဆေးကုသမှုများ

မျက်လုံးနီရဲခြင်းအတွက် ကုသမှုသည် ဖြစ်ပေါ်စေသည့် အကြောင်းရင်းပေါ် မူတည်၍ ကွာခြားမှုရှိသည်။ ပေးနိုင်သည့် ကုသမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • မျက်ရည်တုခပ်ခြင်း (Artificial Tears) – မျက်လုံးခြောက်ခြင်းကြောင့် နီရဲခြင်းအတွက် တစ်နေ့လျှင် (၄) ကြိမ်ခန့် အသုံးပြုနိုင်သည်
  • သွေးကြောကျဉ်း မျက်စဉ်းဆေးများ (Decongestants) – Tetrahydrozoline နှင့် Naphazoline ပါဝင်သော ဆေးများသည် မျက်လုံးမျက်နှာပြင်ရှိ သွေးကြောများကို ကျဉ်းစေပြီး၊ နီခြင်းကို ယာယီ သက်သာစေသော်လည်း (၃) ရက်ထက် ပိုသုံးပါက ဆေးအာနိသင် ကုန်သည့်အခါ မျက်လုံး ပို၍ပြန်နီလာတတ်သည့် ဘေးထွက်ဆိုးကျိုး (Rebound Redness) ရှိနိုင်သည်
  • Brimonidine မျက်စဉ်းဆေး – Brimonidine Tartrate 0.025% ပါဝင်သော ဆေးများသည် မျက်လုံးနီခြင်းကို သက်သာစေပြီး အခြားသော သွေးကြောကျဉ်းဆေးများထက် ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေ ပိုမိုနည်းပါးသည်
  • ဓာတ်မတည့်မှုဆန့်ကျင်ဆေးများ (Antihistamines) – ဓာတ်မတည့်မှုကြောင့် ယားယံပြီး မျက်လုံးနီရဲခြင်းအတွက် အသုံးပြုနိုင်သည်
  • ပိုးသတ်ဆေးနှင့် စတီးရွိုက်မျက်စဉ်းများ – ဘက်တီးရီးယား ပိုးဝင်ခြင်း သို့မဟုတ် ပြင်းထန်စွာ ရောင်ရမ်းခြင်းများအတွက် ဆရာဝန် ညွှန်ကြားချက်အတိုင်းသာ အသုံးပြုရမည် (စတီးရွိုက် မျက်စဉ်းဆေးများကို ဆရာဝန် ညွှန်ကြားချက်မပါဘဲ မိမိသဘောဖြင့် အသုံးမပြုရန် အထူးအရေးကြီးသည်)
ကာကွယ်ခြင်း

မျက်လုံးနီရဲခြင်း ဖြစ်စေသည့် အခြေအနေအားလုံးကို မကာကွယ်နိုင်သော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ဖြစ်ပွါးနိုင်ခြေကို လျော့နည်းစေနိုင်သည်။

  • မျက်လုံးကို ပွတ်သပ်ခြင်းမှ ရှောင်ကြဉ်ခြင်း – လက်ချောင်းများနှင့် လက်ဖဝါးတွင် ကပ်နေသော ဖုန်မှုန့်များနှင့် ပိုးမွှားများသည် မျက်လုံးကို ပိုမိုနီရဲလာစေပြီး ယားယံမှုကို ဖြစ်စေနိုင်ခြင်း
  • မျက်ကပ်မှန်များကို သန့်ရှင်းစွာ ထားရှိခြင်း – သတ်မှတ်ထားသည့် အချိန်ထက် ပို၍ တပ်ဆင်ခြင်းကို ရှောင်ကြဉ်ခြင်းနှင့် မျက်ကပ်မှန် တပ်ဆင်လျက် အိပ်စက်ခြင်းကို လုံးဝရှောင်ကြဉ်ခြင်း
  • မျက်လုံးအနီးရှိ မိတ်ကပ်များကို သေချာစွာ ဖျက်ခြင်းနှင့် မျက်လုံးကို အမြဲသန့်ရှင်းအောင် ထားရှိခြင်း
  • မျက်လုံးကို စနစ်တကျ အနားပေးခြင်း – ကွန်ပျူတာနှင့် ဖုန်းမျက်နှာပြင်များကို အချိန်ကြာရှည်စွာ ကြည့်ခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် ၂၀-၂၀-၂၀ စည်းမျဉ်း (မိနစ် ၂၀ ကြည့်ပြီးတိုင်း ပေ ၂၀ အကွာသို့ စက္ကန့် ၂၀ ကြာ ကြည့်ပေးခြင်း) ကို ကျင့်သုံးခြင်း
  • ဓာတ်မတည့်မှု ဖြစ်စေသည့် အရာများ ရှောင်ကြဉ်ခြင်း – ဝတ်မှုန်၊ အိမ်မွေးတိရစ္ဆာန်အမွေးနှင့် ဖုန်မှုန့်များကဲ့သို့ ယားယံစေသော အရာများနှင့် ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချခြင်း
  • လေထုသန့်စင်စက် သို့မဟုတ် ရေငွေ့ထိန်းစက် အသုံးပြုခြင်း – အိမ်အတွင်း စိုစွတ်မှု၊ မှိုများနှင့် ဖုန်မှုန့်များ ပေါက်ပွါးခြင်းမှ ကာကွယ်ရန် လုပ်ဆောင်ခြင်း
  • လက်ကို စနစ်တကျ ဆေးကြောခြင်း – ရောဂါပိုး ကူးစက်မှုများကို ကာကွယ်ရန် လက်ဆေးသည့် အလေ့အကျင့်ကို ပုံမှန်လုပ်ဆောင်ခြင်း

မျက်လုံးကျန်းမာရေးကို ဂရုစိုက်ခြင်းနှင့် အထက်ပါ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းဖြင့် မျက်လုံးနီရဲခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများကို ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။

References:

  1. WebMD. (n.d.). Why are my eyes red? Retrieved April 24, 2026, from https://www.webmd.com/eye-health/why-eyes-red
  2. All About Vision. (n.d.). Red eyes (bloodshot eyes). Retrieved April 24, 2026, from https://www.allaboutvision.com/conditions/symptoms/red-eyes/overview-or-bloodshot-eyes/
  3. NHS. (n.d.). Red eye. Retrieved April 24, 2026, from https://www.nhs.uk/symptoms/red-eye/
  4. Cleveland Clinic. (n.d.). Red eye. Retrieved April 24, 2026, from https://my.clevelandclinic.org/health/symptoms/17690-red-eye

Published: 21 May 2026

Share

21 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.