မျက်ခွံအဆီကျိတ် (Chalazion) သည် မျက်လုံးကို ချောမွေ့စေသော အဆီထုတ်လုပ်သည့် အဆီဂလင်းများ ပိတ်ဆို့ရောင်ရမ်းခြင်းကြောင့် ဖြည်းဖြည်းချင်း ကြီးထွားလာသည့် အဆီကျိတ်တစ်မျိုးဖြစ်သည်။ ပိုးဝင်၍ ရောင်ရမ်းခြင်း မဟုတ်ပါ။ ဖြစ်ခါစတွင်သာ နာကျင်မှု အနည်းငယ်ခံစားရနိုင်သည်။ အပေါ်မျက်ခွံ၏ အတွင်းပိုင်းတွင် အဓိကဖြစ်လေ့ရှိပြီး တစ်ခါတစ်ရံ အောက်မျက်ခွံတွင်လည်း ဖြစ်နိုင်သည်။ အသက် (၃၀) မှ (၅၀) ကြားတွင် အဖြစ်များသည်။ ကလေးငယ်များတွင် ဖြစ်ပွါးနိုင်သော်လည်း ရှားပါးသည်။ မျက်ခွံအဆီကျိတ်များသည် အများအားဖြင့် အန္တရာယ်မရှိဘဲ သူ့အလိုလို ပျောက်ကင်းနိုင်သည်။ သို့သော်အရွယ်ကြီးပါက သို့မဟုတ် ကြာရှည်စွာရှိနေပါက ကုသမှု လိုအပ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မျက်ခွံအဆီကျိတ်သည် မျက်ခွံအတွင်းရှိ Meibomian glands ဟုခေါ်သော အဆီဂလင်းများ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာသည်။ ဤဂလင်းများမှ ထွက်သောအဆီသည် မျက်စိကို စိုစွတ်စေရန် ကူညီပေးသည်။ အဆီများ မှန်မှန်မစီးဆင်းနိုင်ပါက စုပုံလာပြီး ရောင်ရမ်းကာ မျက်ခွံပေါ်တွင် နာကျင်မှုမရှိသော အဖုအကျိတ် ဖြစ်လာသည်။
မျက်ခွံအဆီကျိတ် ဖြစ်နိုင်ခြေများသော အခြေအနေများမှာ_
- ယခင်က မျက်ခွံအဆီကျိတ်ဖြစ်ဖူးခြင်း
- နာတာရှည် မျက်ခွံရောင်ရမ်းခြင်း (Blepharitis) _ ဂလင်းပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်သည်
- အရေပြားခြောက်သွေ့ခြင်း _ အစိုဓာတ်ချို့တဲ့ခြင်းသည် အဆီဂလင်းများ ပိတ်ဆို့စေနိုင်သည်
- အရေပြားရောဂါများ – Seborrheic dermatitis နှင့် Acne rosacea ကဲ့သို့သော အခြေအနေများ
- နာတာရှည်ရောဂါများ (ဥပမာ _ ဆီးချိုရောဂါ)
- တီဘီရောဂါ
- ဟော်မုန်းပြောင်းလဲမှုများ _ ဟော်မုန်းအပြောင်းအလဲများသည် အဆီဂလင်းများ၏လုပ်ဆောင်မှုကို ထိခိုက်စေနိုင်သည်
- မျက်တောင်အလှဆင်ခြင်းနှင့် အလှပြင်ပစ္စည်းများ (Cosmetics and Eyelash Extensions)
- မျက်တောင်အတု တပ်ဆင်ခြင်း သို့မဟုတ် မျက်လုံးတွင်သုံးသော မိတ်ကပ်များကို သေချာစွာ မဖျက်ခြင်းကြောင့် အဆီဂလင်းပေါက်များ ပိတ်ဆို့ပြီး အဆီကျိတ်ဖြစ်နိုင်ခြေ မြင့်တက်လာကြောင်း တွေ့ရှိရသည်
- ဖုန်းနှင့်ကွန်ပြူတာ အသုံးပြုမှုများခြင်း (Digital Eye Strain)
- ဖုန်းကြည့်ချိန်တွင် မျက်တောင်ခတ်နှုန်း လျော့နည်းသွားခြင်းကြောင့် အဆီဂလင်းများမှ အဆီထွက်ရှိမှု ပုံမှန်မဟုတ်ဘဲ ပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်သည်
ရောဂါလက္ခဏာများ
မျက်ခွံအဆီကျိတ်၏ အဓိကရောဂါလက္ခဏာမှာ မျက်ခွံပေါ်တွင် နာကျင်မှုမရှိသောအဖုအကျိတ် ပေါ်လာခြင်းဖြစ်သည်။ အခြားလက္ခဏာများမှာ_
- ယားယံခြင်းနှင့် မျက်ရည်ကျခြင်း
- မျက်ခွံတစ်ခုလုံး ရောင်ရမ်းခြင်း
- ဖြစ်ခါစတွင် အနည်းငယ်နာကျင်ခြင်း သို့မဟုတ် လုံးဝမနာကျင်ခြင်းတို့ဖြစ်သည်။
မျက်ခွံအဆီကျိတ်သည် မျက်စိစွန်ခြင်း (Stye) နှင့် တွဲ၍တွေ့နိုင်သလို မကြာခဏလည်း မှားတတ်သည်။ မျက်စိစွန်ခြင်းသည် မျက်တောင်မွေးအိတ် သို့မဟုတ် အဆီဂလင်းတွင် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်ပေါ်သော ပြည်တည်နာဖြစ်သည်။ နာကျင်၍ နီရဲရောင်ရမ်းနေတတ်သည်။ မျက်ခွံအဆီကျိတ်မှာမူ ပိုးဝင်ခြင်းမဟုတ်ဘဲ မာကျောပြီး နာကျင်မှုမရှိပါ။ မျက်ခွံအဆီကျိတ်ကို မျက်ခွံ၏အတွင်းပိုင်းတွင် ပိုမိုတွေ့ရပြီး မျက်စိစွန်ခြင်းကို မျက်ခွံအစွန်းနားတွင် ပိုတွေ့ရသည်။ မျက်စိစွန်လျှင် ရက်ပိုင်းအတွင်း သက်သာနိုင်ပြီး မျက်ခွံအဆီကျိတ်မှာ ပိုကြာနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
အကျိတ်ကြီးမားလာခြင်းကြောင့် မျက်ကြည်လွှာကို ဖိမိပြီး အမြင်အာရုံ ဝေဝါးခြင်း၊ နှစ်ထပ်မြင်ရခြင်းနှင့် အမြင်အာရုံကျဆင်းခြင်းစသည့် နောက်ဆက်တွဲပြဿနာများကို တွေ့ရသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများတွေ့ရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပြီး လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ မျက်စိအထူးကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းတို့ကို ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် စက်ဖြင့် မျက်စိအား အသေးစိတ် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ဖြင့် ရောဂါရှာဖွေ ကုသနိုင်သည်။
- Meibography (အဆီဂလင်း ပုံရိပ်ဖော်ခြင်း)
အနီအောက်ရောင်ခြည် (Infrared) နည်းပညာကို အသုံးပြု၍ မျက်ခွံအတွင်းရှိ အဆီဂလင်းများ၏ အခြေအနေကို ပုံရိပ်ဖော်ကြည့်ရှုခြင်းဖြင့် ဂလင်းများ မည်မျှပျက်စီးနေသည်ကို တိကျစွာ သိရှိနိုင်လာသည်။ - မျက်ခွံအဆီကျိတ်သည် ခဏခဏ ပြန်ဖြစ်နေပါက သို့မဟုတ် တစ်နေရာတည်းတွင် အချိန်ကြာရှည်စွာ မပြောင်းလဲဘဲ ရှိနေပါက (အထူးသဖြင့် အသက်ကြီးပိုင်းများတွင်) အသားစယူ စစ်ဆေးခြင်း (Biopsy) ပြုလုပ်ရန် လိုအပ်နိုင်သည်၊ အကြောင်းမှာ အဆီဂလင်းကင်ဆာ (Sebaceous Cell Carcinoma) နှင့် မှားယွင်းနိုင်သောကြောင့်ဖြစ်သည်
ကုသခြင်း
မျက်ခွံအဆီကျိတ်ကို အိမ်တွင် ကုသနိုင်သကဲ့သို့ မျက်စိအထူးကုဆရာဝန်နှင့် ပြသတိုင်ပင်ကာ လိမ်းဆေး၊ ထိုးဆေး သို့မဟုတ် ခွဲစိတ်ကုသမှုများဖြင့်လည်း ကုသနိုင်သည်။
အိမ်တွင်ကုသခြင်း
- နွေးသောအဝတ် ကပ်ပေးခြင်း _ သန့်ရှင်းသော အဝတ်နွေးနွေးကို အသုံးပြု၍ တစ်ကြိမ်လျှင် (၁၅) မိနစ်ခန့်နှင့် တစ်နေ့ (၃) ကြိမ် ကပ်ပေးခြင်းဖြင့် ပိတ်နေသော အဆီဂလင်းများကို ပြန်ပွင့်စေနိုင်သည်
- ညင်သာစွာ ပွတ်သပ်ဖိနှိပ်ပေးခြင်း _ နွေးသောအဝတ်ကပ်ပြီးနောက် ညင်သာစွာ ပွတ်သပ်ဖိနှိပ်ပေးခြင်းဖြင့် အဆီဂလင်းများကို ပွင့်စေနိုင်သည်
- မျက်လုံးကို မကြာခဏကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ရန် _ မျက်လုံးကို လက်ဖြင့်မကိုင်ပါနှင့်၊ အဆီဖုကို ညှစ်ခြင်း၊ ဖောက်ခြင်းများ မပြုလုပ်ရပါ
- မျက်ကပ်မှန်တပ်ဆင်ခြင်းကို ရှောင်ကြဉ်ရန် _ မျက်ကပ်မှန်တပ်ဆင်ခြင်းကို ယာယီရှောင်ကြဉ်ပါ
ဆရာဝန်နှင့် ကုသခြင်း
အိမ်တွင် ကုသမှုများဖြင့် မသက်သာပါက မျက်စိအထူးကုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။
- စတီးရွိုက်လိမ်းဆေးများ _ ရောင်ရမ်းမှုကို သက်သာစေသည်
- စတီးရွိုက်ထိုးဆေးများ _ လိုအပ်ပါက ရောင်ရမ်းမှုကို လျှော့ချရန် ထိုးဆေးများ ထိုးပေးနိုင်သည်
- ခွဲစိတ်ကုသခြင်း _ အထက်ပါကုသမှုများဖြင့် မသက်သာပါက ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်
- ခွဲစိတ်နည်း _ ထုံဆေးဖြင့် မိနစ် (၃၀) ခန့် ခွဲစိတ်ကုသမှု ပြုလုပ်သည်၊ အကျိတ်ပေါ်တွင် သေးငယ်သောအပေါက်ဖောက်၍ အတွင်းရှိအဆီများကို ခြစ်ထုတ်ပြီး ကျန်ရှိသော အဆီဂလင်းများကို ပြန်ပွင့်စေသည်
- ခွဲစိတ်ပြီးနောက် ဒဏ်ရာကို ပြန်ချုပ်ရန် မလိုအပ်ပါ
- အရေပြားနှင့် အလှအပဆိုင်ရာ ခေတ်မှီနည်းပညာများကို အသုံးပြု၍ ကုသနည်းများ
- Intense Pulsed Light (IPL) Therapy
အဆီကျိတ် မကြာခဏ ပြန်ဖြစ်တတ်သော လူနာများ သို့မဟုတ် မျက်ခွံရောင်ရမ်းခြင်း (Blepharitis) ရှိသူများအတွက် စွမ်းအင်မြင့်အလင်းတန်းများကို အသုံးပြု၍ အဆီဂလင်းများ ပြန်လည်ပွင့်လာအောင် ပြုလုပ်သော ကုထုံးဖြစ်သည်။ - Thermal Pulsation System
မျက်ခွံကို အပူပေးပြီး ညင်သာစွာ နှိပ်နယ်ပေးသည့် စက်ကိရိယာများကို အသုံးပြု၍ ပိတ်ဆို့နေသော အဆီခဲများကို ဖယ်ရှားပေးသည့် နည်းလမ်းဖြစ်သည်။
- Intense Pulsed Light (IPL) Therapy
- ပိုးသတ်ဆေးပါသော မျက်စိလိမ်းဆေးများ (Topical Antibiotics)
အဆီကျိတ်သည် ပိုးဝင်ခြင်းကြောင့် မဟုတ်သော်လည်း နာတာရှည် မျက်ခွံရောင်ရမ်းခြင်းနှင့် တွဲနေပါက ဆရာဝန်မှ ပိုးသတ်ဆေးလူးဆေး (Ointment) များ သို့မဟုတ် သောက်ဆေးအချို့ကို ညွှန်းဆိုနိုင်သည်။
သတိပြုရန်မှာ မျက်ခွံအဆီကျိတ်သည် ပြန်ဖြစ်နိုင်သော အဆီကျိတ်ဖြစ်သည်။ ထို့ကြောင့် မျက်လုံးသန့်ရှင်းရေးကို ဂရုစိုက်ပြီး လိုအပ်ပါက ဆရာဝန်နှင့် ပုံမှန်ပြသသင့်သည်။
ကာကွယ်ခြင်း
အောက်တွင်ဖော်ပြထားသော တစ်ကိုယ်ရေသန့်ရှင်းရေး နည်းလမ်းများဖြင့် မျက်ခွံအဆီကျိတ်ဖြစ်ပေါ်ခြင်းကို လျော့နည်းစေသည်။
- မျက်စိကို မထိမကိုင်မီ လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရန်
- မျက်နှာကို နေ့စဥ်သေချာစွာ သန့်စင်ရန်
- မျက်ကပ်မှန် မတပ်ဆင်မီ လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရန်
References:
- American Academy of Ophthalmology. (n.d.). Chalazion and styes. Retrieved February 11, 2026, from https://www.aao.org/eye-health/diseases/what-are-chalazia-styes#chalazion
- American Academy of Ophthalmology. (n.d.). Chalazion management: Evidence and questions. Retrieved February 11, 2026, from https://www.aao.org/eyenet/article/chalazion-management-evidence-questions
- American Optometric Association. (n.d.). Chalazion. Retrieved February 11, 2026, from https://www.aoa.org/healthy-eyes/eye-and-vision-conditions/chalazion?sso=y
- Cleveland Clinic. (n.d.). Chalazion. Retrieved February 11, 2026, from https://my.clevelandclinic.org/health/diseases/17657-chalazion
- International Medical Optics (IMO). (n.d.). Thermal pulsation LipiFlow™ treatment. Retrieved February 11, 2026, from https://www.imo.es/en/treatments/thermal-pulsation-lipiflow/
- Ophthalmology Times. (n.d.). Treating chalazion: IPL therapy. Retrieved February 11, 2026, from https://www.ophthalmologytimes.com/view/treating-chalazion-ipl-therapy
- WebMD. (n.d.). Chalazion: What is it? Retrieved February 11, 2026, from https://www.webmd.com/eye-health/chalazion-what-is
Published: 28 February 2025
Last updated: 11 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.