Stye or Hordeolum (မျက်စိစွန်ခြင်း)

Stye or Hordeolum (မျက်စိစွန်ခြင်း)

မျက်စိစွန်ခြင်းသည် မျက်ခွံအောက်ခြေတွင် ဝက်ခြံကဲ့သို့ နီရဲရောင်ရမ်းနေသော အဖု၊ အလုံးများ ဖြစ်ပေါ်ခြင်းဖြစ်သည်။ မျက်စိစွန်သည့်နေရာသည် အလွန်နာကျင်ပြီး အဖုများ မှ တစ်ခါတစ်ရံ ပြည်တည်နာအဆင့်ထိ ဖြစ်နိုင်သည်။ အများအားဖြင့် မျက်ခွံတစ်နေရာတည်းတွင်သာ ဖြစ်တတ်သော်လည်း တစ်ခါတစ်ရံ အပေါ် အောက် မျက်ခွံများတွင် တစ်ပြိုင်နက်ဖြစ်ခြင်း သို့မဟုတ် မျက်စိနှစ်ဖက်စလုံးတွင် ဖြစ်ပွါးခြင်းများ တွေ့ရှိရသည်။ မျက်စိစွန်ခြင်းသည် ရက်သတ္တပတ် (၁)ပတ် မှ (၂)ပတ်အတွင်း အလိုအလျောက် သက်သာပျောက်ကင်းနိုင်သည်။ သို့သော် (၂) ပတ်ကျော်သည်အထိ မသက်သာပါက သို့မဟုတ် မကြာခဏ ပြန်ဖြစ်နေပါက မျက်စိအထူးကုဆရာဝန်များနှင့် တိုင်ပင်ပြသ၍ ကုသမှုခံယူသင့်သည်။

Stye or hordeolum image 1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မျက်ခွံအောက်ခြေတွင်ရှိသော အမွေးအိတ်ငယ် (Hair follicle) မှ အဆီဂလင်းများ (Oil glands) နေရာ၌ ဘက်တီးရီးယားပိုး ဝင်ရောက်ရာမှ ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်းဖြစ်သည်။ Staphylococcal ဘက်တီးရီးယားကြောင့် အဖြစ်အများဆုံးဖြစ်ပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ခြေနည်းသည်။ အဓိကအားဖြင့် အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။

  1. အပြင်ပိုင်းမျက်စိစွန်ခြင်း (External Stye)
    ပို၍အဖြစ်များသော အမျိုးအစားဖြစ်ပြီး မျက်ခွံအပြင်ဘက်တွင် ဖောင်းနေသော ဝက်ခြံကဲ့သို့ အနီအဖု၊ အလုံးကို တွေ့ရတတ်သည်။ မျက်ခွံအစပ်တစ်လျှောက်၊ မျက်တောင်များ၏ အခြေ (Base) တွင် ဖြစ်လေ့ရှိသည်။
  2. အတွင်းပိုင်းမျက်စိစွန်ခြင်း (Internal Stye)
    မျက်လုံးနှင့်ထိစပ်နေသော မျက်ခွံအတွင်းပိုင်းတွင် ဖြစ်တတ်ပြီး အဖြူ‌ရောင် သို့မဟုတ် အဝါရောင် သေးငယ်သည့်အလုံးအနေဖြင့် မြင်ရသည်။ External stye ထက် ပို၍နာကျင်လေ့ရှိပြီး ဖြစ်ပွါးသည့်ရက် ပိုကြာတတ်သည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ

အောက်ပါအခြေအနေများတွင် မျက်စိစွန်ခြင်းဖြစ်နိုင်ခြေ ပိုများသည်။

  • လက်ကို သေချာစွာ ဆေးကြောခြင်းမပြုဘဲ မျက်စိကို မကြာခဏကိုင်သူများ
  • မျက်ကပ်မှန်တပ်ဆင်သူများ၊ မျက်ကပ်မှန်များကို ပိုးသတ်ဆေးရည်ဖြင့် စနစ်တကျပိုးသတ်ခြင်းမရှိဘဲ အသုံးပြုသူများ
  • မျက်စိတစ်ဝိုက်လိမ်းထားသော မိတ်ကပ်များကို မဖျက်မိဘဲ ညလုံးပေါက်ထားမိသူများ
  • သက်တမ်းကုန်နေသော မိတ်ကပ်နှင့် အလှပြင်ပစ္စည်းများ သုံးစွဲသူများ
  • ယခင် မျက်စိစွန်ဘူးသူများ
  • နာတာရှည် မျက်ခွံရောင်ရမ်းခြင်းဖြစ်ဖူးသူများ (Blepharitis)
  • အရေပြားခြောက်၍ ယားယံတတ်သော အခြေအနေရှိသူများ (ဥပမာ – Seborrheic dermatitis, rosacea)
  • သွေးတွင်း ကိုလက်စထရောဓာတ် များသူများ
  • ဆီးချို၊ သွေးချိုရောဂါရှိသူများ
  • ‌ဟော်မုန်းပြောင်းလဲမှုများ ခံစားနေရသူများ
ရောဂါလက္ခဏာများ
  1. မျက်ခွံအစပ်တစ်လျှောက်၊ မျက်တောင်များ၏ အခြေ (base) တွင် ဝက်ခြံကဲ့သို့ နီရဲရောင်ရမ်းနေသော၊ အလွန်နာသော အဖု၊ အလုံး (အောက်မျက်ခွံများတွင် ပိုဖြစ်လေ့ရှိသည်)
  2. မျက်ခွံတစ်ခုလုံး ရောင်၍ ဖောင်းနေခြင်း
  3. အလုံး၏အလယ်မှ ပြည်ထွက်တတ်ခြင်း
  4. မျက်စိယားယံခြင်း၊ ခိုးလို့ခုလုဖြစ်ခြင်း
  5. မျက်ဝတ်ထွက်ခြင်း
  6. မျက်ရည်ပူကျခြင်း စသည်တို့ဖြစ်သည်။

မျက်စိစွန်ခြင်းသည် မျက်ခွံအဆီကျိတ် (Chalazion) များနှင့် တွဲ၍တွေ့နိုင်သကဲ့သို့ မကြာခဏလည်း အဆိုပါအခြေအနေနှစ်ခုကို မှားယွင်းတတ်သည်။ မျက်ခွံအဆီကျိတ်မှာ မျက်လုံးကို ချောမွေ့စေသော အဆီထုတ်လုပ်သည့် အဆီဂလင်းများ ပိတ်ဆို့ရောင်ရမ်းခြင်းကြောင့် ဖြည်းဖြည်းချင်း ကြီးထွားလာသည့် အဆီကျိတ်တစ်မျိုးဖြစ်သည်။ ပိုးဝင်ခြင်းမဟုတ်ဘဲ မာကျောပြီး နာကျင်မှုမရှိပါ။ မျက်ခွံအဆီကျိတ်ကို မျက်ခွံ၏အတွင်းပိုင်းတွင် ပိုမိုတွေ့ရပြီး မျက်စိစွန်ခြင်းကို မျက်ခွံအစပ်နားတွင် ပိုတွေ့ရသည်။ မျက်စိစွန်လျှင် ရက်ပိုင်းအတွင်း သက်သာနိုင်ပြီး မျက်ခွံအဆီကျိတ်မှာ ပိုကြာနိုင်သည်။

နောက်ဆက်တွဲပြဿနာများ
  • အလှအပရေးရာထိခိုက်ခြင်း _ မျက်စိစွန်ခြင်း အရွယ်အစားကြီးမားပါက သိသာထင်ရှားစေသည်
  • မြင်ကွင်းပိတ်ဆို့ခြင်း _ မျက်လုံး၏ အမြင်အာရုံကို တစ်စိတ်တစ်ပိုင်း ပိတ်ဆို့စေနိုင်သည်
  • အမြင်အာရုံ ဝေဝါးခြင်း _ မျက်လုံးရောင်ရမ်းမှုကြောင့် ဖိအားများလာပြီး အမြင်အာရုံ ဝါးလာနိုင်သည်

အလွန်ရှားပါးသော အခြေအနေများတွင် ဘက်တီးရီးယားပိုးဝင်မှုသည် မျက်လုံးအိမ်အရိုးများ သို့မဟုတ် မျက်နှာအစိတ်အပိုင်းများထိ ပျံ့နှံ့နိုင်ပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

မျက်စိစွန်ခြင်းသည် အများအားဖြင့် အလိုအလျောက် သက်သာပျောက်ကင်းသွားနိုင်သဖြင့် ခေတ္တစောင့်ကြည့်နိုင်သည်။ သို့ရာတွင် (၄၈) နာရီကျော်သည်အထိ ရောင်ရမ်းနာကျင်ခြင်း မပျောက်လျှင်၊ ပိုဆိုးလာလျှင်၊ မျက်ခွံတစ်ခုလုံးသာမက မျက်စိအတွင်းပိုင်း၊ ပါး စသည့်နေရာများအထိ နာကျင်ရောင်ရမ်းမှု ပျံ့နှံ့လာပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ မျက်စိအထူးကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းတို့ကို ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်တို့မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ မျက်စိ အသေးစိတ်စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်၍ ရောဂါရှာဖွေကုသပေးနိုင်သည်။

ကုသခြင်း

ပိုးသတ်ဆေးပါဝင်သော မျက်စဥ်းဆေးများ၊ လိမ်းဆေးများပေး၍ ကုသပေးနိုင်သကဲ့သို့ ပြင်းထန်ပါက ပိုးသတ်ဆေးသောက်ဆေး သို့မဟုတ် ထိုးဆေးအထိ ပေးရန် လိုအပ်နိုင်သည်။ ထိုကုသမှုများဖြင့် မသက်သာပါက ပြည်များကို ဖောက်ထုတ်ရန် ခွဲစိတ်ကုသမှု လိုအပ်သည်။ ထုံဆေးကိုသာ အသုံးပြုခြင်းဖြစ်၍ ခွဲစိတ်မှုသည် မိနစ်အနည်းငယ်သာ ကြာတတ်သည်။ မျက်စိဆေးခန်းတွင် နေ့ချင်းပြန် ခွဲစိတ်ကုသနိုင်သည်။

အိမ်တွင်းကုသမှုနှင့် လမ်းညွှန်ချက်များ
  • နွေးသော အဝတ်ကပ်ခြင်း (Warm Compress)
    • အဝတ်အသန့်ကို ရေနွေးနွေး (အပူချိန် ၄၀ ဒီဂရီစဲလ်စီးယပ်စ် ဝန်းကျင်) ဖြင့် စိမ်ကာ မျက်ခွံပေါ်တွင် တစ်ကြိမ်လျှင် (၁၀-၁၅) မိနစ်ခန့်၊ တစ်နေ့ (၃-၄) ကြိမ် ကပ်ပေးရမည်
    • ၎င်းသည် ပိတ်ဆို့နေသော အဆီများကို အရည်ပျော်စေပြီး သွေးလှည့်ပတ်မှု ကောင်းစေကာ ပြည်ဖုများ ပေါက်ထွက်စေရန် ကူညီပေးသည်
  • မျက်ခွံသန့်စင်ခြင်း
    • မျက်ဝတ်များထွက်ပါက ပိုးသတ်ထားသော ဂွမ်းအသန့် သို့မဟုတ် ကလေးသုံးခေါင်းလျှော်ရည် (Baby Shampoo) ကို ရေကျဲကျဲဖျော်၍ အသာအယာ သန့်စင်ပေးနိုင်သည်
  • သတိပြုရန်
    • မျက်စိကို မကြာခဏကိုင်တွယ်ခြင်း၊ အလုံးအား လက်ဖြင့်ညှစ်ခြင်း၊ ဖောက်ခြင်းများကို လုံးဝရှောင်ကြဉ်ရမည်
    • ၎င်းသည် ပိုးဝင်မှုကို ပိုမိုပြန့်နှံ့စေပြီး အမာရွတ်ထင်စေနိုင်သည်
    • ရောင်ရမ်းနေစဉ်အတွင်း မျက်ကပ်မှန်တပ်ခြင်းနှင့် မျက်လုံးမိတ်ကပ်လိမ်းခြင်းကို ခေတ္တရပ်နားထားရမည်
ကာကွယ်ခြင်း
  • လက်သန့်ရှင်းရေး
    • လက်မဆေးဘဲ မျက်လုံးကို မကိုင်ပါနှင့်၊ လက်မှ ဘက်တီးရီးယားများသည် မျက်ခွံပေါ်သို့ လွယ်ကူစွာ ကူးစက်နိုင်သည်
    • လက်ကို မကြာခဏ ဆပ်ပြာနှင့်ရေဖြင့် ဆေးကြောပါ၊ အထူးသဖြင့် မျက်နှာနှင့် မျက်လုံးကို ကိုင်တွယ်မည့်အခါတွင် လက်ကို သန့်စင်အောင် ဆေးကြောပါ
  • မျက်လုံးသန့်ရှင်းရေး
    • မျက်နှာသန့်ရှင်းရေးအတွက် နေ့စဥ် မနက် တစ်ကြိမ်၊ ညအိပ်ရာမဝင်မီ တစ်ကြိမ် သေချာစွာ ဆေးကြောသန့်စင်ပါ
    • မျက်စိစွန်ခြင်း မကြာခဏ ဖြစ်တတ်ပါက မျက်ခွံသန့်စင်ဆေးရည် (Eyelid wipes) ကို အသုံးပြုပါ
  • မျက်ကပ်မှန်နှင့် မိတ်ကပ်သုံးစွဲခြင်း
    • မျက်ကပ်မှန်ကို သန့်စင်စွာ ထားပါ၊ မျက်ကပ်မှန် တပ်ဆင်မည့်အခါတိုင်း လက်ကို ဆပ်ပြာနှင့်ရေဖြင့် သေချာစွာ ဆေးကြောပါ
    • မိတ်ကပ်ပစ္စည်းများကို (၃) လ တစ်ကြိမ် အသစ်လဲပါ၊ မိတ်ကပ်အဟောင်းများတွင် ဘက်တီးရီးယားများ ပေါက်ပွါးနိုင်သည်
    • မိတ်ကပ်ပစ္စည်းများကို အခြားသူများနှင့် မျှဝေမသုံးပါနှင့်
  • အာဟာရနှင့် ကိုယ်ခံအားစနစ်
    • ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသော အစားအစာများ စားသုံးပါ
    • ငါးကြီးဆီ (Omega-3 fatty acids)၊ ငါးမျိုးစုံနှင့် အစေ့အဆန်များ စားသုံးခြင်းသည် မျက်ခွံရှိ အဆီဂလင်းများ၏ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး မျက်စိစွန်ခြင်းမှ ကာကွယ်ပေးနိုင်သည်
    • အိပ်ရေးဝအောင် အိပ်ပါ၊ အိပ်ရေးပျက်ခြင်းသည် ကိုယ်ခံအားစနစ်ကို အားနည်းစေသည်
    • စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ၊ ယောဂ၊ တရားထိုင်ခြင်းကဲ့သို့သော နည်းလမ်းများဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ
  • မျက်လုံးကို ထိခိုက်စေသော အရာများကို ရှောင်ပါ
    • ဖုန်၊ မီးခိုးနှင့် ညစ်ညမ်းမှုများနှင့် ထိတွေ့မည့်အခါ မျက်လုံးအကာအကွယ်များ ဝတ်ဆင်ပါ
    • မျက်လုံးကို မပွတ်ပါနှင့်၊ မျက်လုံးပွတ်ခြင်းသည် ဘက်တီးရီးယားများကို ပိုမိုဝင်ရောက်စေနိုင်သည်

ဆက်လက်ဖတ်ရှုရန်

References:

  1. Cleveland Clinic. (2026). Stye (sty): What it is, causes, symptoms & treatment. Retrieved March 21, 2026, from https://my.clevelandclinic.org/health/diseases/17658-stye
  2. Mayo Clinic. (2025). Stye (sty): Symptoms and causes. Retrieved March 21, 2026, from https://www.mayoclinic.org/diseases-conditions/sty/symptoms-causes/syc-20378017
  3. Mayo Clinic. (2025). Stye (sty): Diagnosis and treatment. Retrieved March 21, 2026, from https://www.mayoclinic.org/diseases-conditions/sty/diagnosis-treatment/drc-20378022
  4. WebMD. (2024). Styes: Causes, symptoms, treatment, prevention. Retrieved March 21, 2026, from https://www.webmd.com/eye-health/styes-causes-symptoms-treatment-prevention
  5. American Academy of Ophthalmology. (n.d.). Chalazion and stye. Retrieved March 21, 2026, from https://www.aao.org/eye-health/diseases/what-are-chalazia-styes
  6. StatPearls Publishing. (2023). Hordeolum (stye). In StatPearls. Retrieved March 21, 2026, from https://www.ncbi.nlm.nih.gov/books/NBK557372/
  7. Macsai, M. S. (2008). The role of omega-3 dietary supplementation in blepharitis and meibomian gland dysfunction (an AOS thesis). Transactions of the American Ophthalmological Society, 106, 336–356.
  8. Giannaccare, G., Pellegrini, M., Sebastiani, S., Bernabei, F., Roda, M., Taroni, L., et al. (2019). Efficacy of omega-3 fatty acid supplementation for treatment of dry eye disease: A meta-analysis of randomized clinical trials. Cornea, 38(5), 565–573.
  9. Thode, A. R., & Latadila, A. I. (2018). Dietary omega-3 fatty acids for the treatment of dry eye syndrome and meibomian gland dysfunction. Mental Health Clinician, 8(2), 88–91.

Published: 28 March 2025

Last updated: 19 April 2026

Share

26 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.