သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်း (Venous Stasis Dermatitis) ဆိုသည်မှာ ခြေထောက်မှ သွေးပြန်ကြောများ ကောင်းစွာ အလုပ်မလုပ်နိုင်တော့သည့်အခါ (သွေးပြန်ကြောအဆို့ရှင်များ အားနည်းလာသောအခါ) ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- သွေးပြန်ကြောအတွင်း ဖိအားများခြင်း (Increased Pressure)
ခြေထောက် သွေးပြန်ကြောအတွင်းရှိ အဆို့ရှင်များ (Valves) ကောင်းစွာ အလုပ်မလုပ်နိုင်သောအခါ သွေးများသည် အထက်သို့ မတက်နိုင်ဘဲ အောက်ဘက်ကို ပြန်လျှံကျလာသည်။ ထို့ကြောင့် သွေးကြောများအတွင်းဖိအားကို မြင့်တက်လာစေပြီး သွေးပြန်ကြောများ ထုံးခြင်း (Varicose veins) ဖြစ်ပေါ်ရာမှတစ်ဆင့် အရေပြားရောင်ရမ်းခြင်း ဖြစ်ပေါ်စေသည်။ - အရည်များ စိမ့်ထွက်ခြင်း (Fluid Leakage)
မြင့်တက်လာသော ဖိအားကြောင့် သွေးကြောထဲမှ အရည်များသည် ဘေးပတ်ဝန်းကျင်ရှိ တစ်ရှူးများကြားထဲသို့ စိမ့်ထွက်သွားပြီး ထိုအရည်များကို ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က တုံ့ပြန်ရာမှ အရေပြားရောင်ရမ်းခြင်းများ ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။
ဖြစ်ပွါးနိုင်ခြေများသူများ
အများအားဖြင့် အောက်ပါအချက်များရှိပါက အရေပြားရောင်ရမ်းခြင်း ဖြစ်နိုင်ခြေကို ပိုများစေသည်။
- အမျိုးသမီးများ – အမျိုးသားများထက် ပိုမိုဖြစ်ပွါးလေ့ရှိသည်
- အဝလွန်ခြင်း – ကိုယ်အလေးချိန် အလွန်များခြင်းကြောင် ခြေထောက် သွေးပြန်ကြောများအပေါ် ဖိအားကို ပိုများစေသည်
- အသက်ကြီးလာခြင်း – အသက်ကြီးသူများတွင် လှုပ်ရှားမှု နည်းသွားတတ်ခြင်းကြောင့် သွေးလည်ပတ်မှု နှေးကွေးသွားတတ်သည်
- ကိုယ်ဝန်ဆောင်ခြင်း – ကိုယ်ဝန်ရှိချိန်၌လည်း သွေးပြန်ကြောဖိအား မြင့်တက်နိုင်သည်
- မျိုးဗီဇ – မိသားစုတွင် သွေးပြန်ကြော အားနည်းသောရောဂါ (Venous insufficiency) ရှိသူများ
- လှုပ်ရှားမှုနည်းခြင်း – အချိန်ကြာမြင့်စွာ မလှုပ်မရှားဘဲ နေခြင်းသည် သွေးလည်ပတ်မှုကို ထိခိုက်စေသည်
- ခြေထောက်သွေးပြန်ကြော သွေးခဲပိတ်ခြင်း (Deep Vein Thrombosis) – ခြေထောက်သွေးပြန်ကြောအတွင်း သွေးခဲပိတ်ခြင်း ဖြစ်ဖူးသူများတွင် အဆို့ရှင်များ ပျက်စီးသွားတတ်သည်
ရောဂါလက္ခဏာများ
- အစောပိုင်းလက္ခဏာများ – ခြေထောက်များ ရောင်ရမ်းလာခြင်း၊ နီမြန်းခြင်း၊ ယားယံခြင်းနှင့် ခြေထောက်များ လေးလံထိုင်းမှိုင်းခြင်း
- ထိုအဆင့်တွင် ကုသမှု မရရှိပါက – ခြေဖမိုးအပါအဝင် ခြေထောက်အောက်ပိုင်းရှိ အရေပြားများ ပေါက်ပြဲပြီး အနာများ (Sores) ဖြစ်လာနိုင်ကာ ထိုမှတစ်ဆင့် ပိုးဝင်ခြင်း (Infection) များ ဖြစ်ပွါးနိုင်သည်
- ရေရှည်ဆိုးကျိုးသက်ရောက်မှု – အရေပြား အရောင်ပြောင်းခြင်းနှင့် အသားမာတက်ခြင်းကဲ့သို့သော အမြဲတမ်း ပြောင်းလဲမှုများ ဖြစ်ပေါ်စေနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အရေပြားပြဿနာများနှင့် နောက်ဆက်တွဲ ဝေဒနာများအတွက် မိမိဘာသာ ကုသခြင်းထက် အခြေအနေပေါ် မူတည်၍ သင့်လျော်သော ဆေးကုသမှုကို ခံယူရန် အရေးကြီးသည်။
- မိသားစုဆရာဝန်နှင့် ဦးစွာပြသရန် လိုအပ်သည့် အခြေအနေများ
အောက်ပါ ရိုးရှင်းသော အရေပြားပြဿနာများနှင့် မပြင်းထန်သေးသော လက္ခဏာများအတွက် မိသားစုဆရာဝန်နှင့် အရင်ပြသသင့်သည်။ လိုအပ်ပါက ဆရာဝန်မှ သက်ဆိုင်ရာ အရေပြားအထူးကု သို့မဟုတ် ခွဲစိတ်ဆရာဝန်များထံ လွှဲပြောင်းပေးလိမ့်မည်။- အနာမကျက်ခြင်း – အနာပွင့်ခြင်း၊ အနာစိမ်းများဖြစ်ခြင်း သို့မဟုတ် အနာမှ အရည်ထွက်ပြီး ကျက်ရန် ခက်ခဲနေခြင်း
- ပိုးဝင်သည့် လက္ခဏာရှိခြင်း – အနာတစ်ဝိုက် နီမြန်း၊ ပူနွေးလာခြင်း သို့မဟုတ် နာကျင်မှု ပိုဆိုးလာခြင်း
- ဆရာဝန်လက်မှတ်မပါဘဲ ဝယ်သုံး၍ရသောဆေး (OTC) များဖြင့် မသက်သာခြင်း – မိမိဘာသာ လိမ်းဆေး၊ သောက်ဆေးများ သုံးစွဲသော်လည်း အနီကွက်များ ပျောက်ကွယ်မသွားခြင်း
- အရေပြား အပြောင်းအလဲဖြစ်ခြင်း – အရေပြား သိသိသာသာ ကွဲအက်လာခြင်း သို့မဟုတ် ထူထဲမာကျောလာခြင်း
- ဓာတ်မတည့်ခြင်း – လက်ရှိကုသမှု သို့မဟုတ် ဆေးဝါးများနှင့် ဓာတ်မတည့်သည့် လက္ခဏာများ ခံစားရခြင်း
- အရေးပေါ် ဆေးကုသမှု ချက်ချင်းခံယူရန် (Emergency Care)
အောက်ပါတို့သည် အသက်အန္တရာယ်ရှိနိုင်သော သွေးပြန်ကြောအတွင်း သွေးခဲခြင်း (DVT) သို့မဟုတ် ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများဖြစ်သဖြင့် အချိန်မဆွဲဘဲ အရေးပေါ်ဌာနသို့ သွားရောက်ရမည်။- DVT သံသယရှိခြင်း – ခြေထောက်တစ်ဖက်တည်းတွင် ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် ထိတွေ့လိုက်လျှင် အလွန်ပူနေခြင်း
- အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း (Pulmonary Embolism) – ရုတ်တရက် အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ချောင်းဆိုးရာတွင် သွေးပါခြင်း
- ပြင်းထန်သော ပိုးဝင်ခြင်း – နီမြန်းမှုသည် ခန္ဓာကိုယ်အနှံ့ မြန်ဆန်စွာ ပျံ့နှံ့သွားခြင်းနှင့်အတူ အလွန်အမင်း ချမ်းတုန်ဖျားခြင်း
ရောဂါရှာဖွေခြင်း
သွေးပြန်ကြောပိတ်ဆို့မှုကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်းကို သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ ဖြစ်နိုင်ခြေများသော အခြေအနေများကို ဆန်းစစ်ခြင်း၊ ခြေထောက်အရေပြား ပြောင်းလဲမှုများကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါသတ်မှတ်နိုင်သည်။ အရေပြားရောင်ရမ်းခြင်းအတွက် သွေးဓာတ်ခွဲစစ်ဆေးခြင်းနှင့် ပုံရိပ်ဖော်စစ်ဆေးခြင်းများ သီးသန့်ပြုလုပ်ရန် မလိုအပ်ပါ။
ကုသခြင်း
ဤရောဂါအခြေအနေသည် နာတာရှည်အခြေအနေမျိုး ဖြစ်သောကြောင့် အများအားဖြင့် ရေရှည်ကုသမှု ခံယူရန် လိုအပ်သည်။ အဓိက ကုသမှုပုံစံ (၄) မျိုး ပေါင်းစပ်ပြီး လုပ်ဆောင်ရလေ့ရှိသည်။
- မိမိကိုယ်တိုင် ဂရုစိုက်သည့် နည်းလမ်းများ (Self-help techniques)
အောက်ပါနည်းလမ်းများသည် ကုသမှု၏ အခြေခံအကျဆုံး အုတ်မြစ်ဖြစ်သည်။- ခြေထောက်ကို မြှင့်ထားခြင်း – အနားယူချိန်တွင် ခြေထောက်ကို နှလုံးအထက် မြင့်အောင် မြှင့်ထားပေးခြင်းဖြင့် သွေးပြန်ကြောအတွင်း ဖိအားကို လျှော့ချနိုင်သည်
- ကိုယ်လက်လှုပ်ရှားမှု – ပုံမှန်လမ်းလျှောက်ပေးခြင်းသည် ခြေသလုံးကြွက်သားများကို အလုပ်လုပ်စေပြီး သွေးလည်ပတ်မှုကို အားပေးသည်
- ရှောင်ကြဉ်ရန် – အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း သို့မဟုတ် ထိုင်ခြင်းကို ရှောင်ကြဉ်ရမည်၊ မလွှဲမရှောင်သာပါက ခြေထောက်ကို မကြာခဏ လှုပ်ရှားပေးပါ
- အစိုဓာတ်ထိန်းဆေးများ (Emollients/Moisturisers)
အရေပြား ခြောက်သွေ့ခြင်းနှင့် အကြေးခွံကွာခြင်းကို ကာကွယ်ရန် အဓိကအသုံးပြုသည်။- အကျိုးကျေးဇူး – အရေပြားကို အစိုဓာတ်ဖြည့်ပေး၍ ယားယံမှုကို သက်သာစေသည့်အပြင် အရေပြား ပေါက်ပြဲခြင်းမှတစ်ဆင့် ပိုးဝင်ခြင်းကို ကာကွယ်ပေးသည်
- အသုံးပြုနည်း – ရောဂါလက္ခဏာ မပြသော်လည်း တစ်နေ့လျှင် အနည်းဆုံး (၂) ကြိမ် ပုံမှန်လိမ်းပေးသင့်သည်
- ဆေးလိမ်းရာတွင် လိုက်နာရန် အချက်များ
- ပမာဏများစွာသုံးပါ – ရောဂါဖြစ်နေသော အရေပြားနေရာတင်မကဘဲ ခြေထောက်အောက်ပိုင်း အရေပြားတစ်ခုလုံးကို နှံ့စပ်အောင် လိမ်းပေးပါ
- အရေပြားကို အတင်းမပွတ်ပါနှင့် – ဆေးကို အရေပြားထဲ စိမ့်ဝင်အောင် အတင်းပွတ်မလိမ်းရပါ၊ အမွေးအမှင် ပေါက်ရာလမ်းကြောင်းအတိုင်း ညင်သာစွာ ပွတ်လိမ်းပေးပါ
- မကြာခဏ လိမ်းပေးပါ – အရေပြား အရမ်းခြောက်သွေ့နေပါက (၂)နာရီ သို့မဟုတ် (၃)နာရီခြား တစ်ခါ လိမ်းပေးနိုင်သည်
- ရေချိုးပြီးလျှင် ချက်ချင်းလိမ်းပါ – ရေချိုးပြီးနောက် အရေပြားကို ညင်သာစွာ သုတ်ပါ၊ အရေပြားစိုစွတ်နေစဉ် ဆေးကို ချက်ချင်းလိမ်းပေးခြင်းသည် အစိုဓာတ်ကို ပိုမိုထိန်းညှိပေးနိုင်သည်
- မိမိတစ်ဦးတည်းသာ ဆေးကိုသုံးပါ – မိမိသုံးစွဲနေသော အစိုဓာတ်ထိန်းဆေးကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်း မပြုရပါ
- အထူးသတိပြုရန်
- အရေပြား ရောင်ရမ်းမှု ပိုဆိုးလာချိန်၊ အပြင်းအထန်ဖြစ်ချိန် (Flare-up) တွင် အရေပြားသည် အစိုဓာတ်ကို ပိုမိုလိုအပ်သည်၊ ထို့ကြောင့် ထိုအချိန်မျိုးတွင် ဆေးကို ပိုမိုများပြားစွာ ခပ်စိပ်စိပ်လိမ်းပေးရန် အထူးလိုအပ်သည်
- အစိုဓာတ်ထိန်းဆေးများသည် ပါရာဖင် (Paraffin) အခြေခံဖြစ်ပါက အဝတ်အစား သို့မဟုတ် ပတ်တီးများတွင် ပေကျံသွားလျှင် မီးလောင်လွယ်သောကြောင့် ဆေးလိမ်းထားချိန်၌ မီးနှင့်ဝေးရာတွင် နေရမည်
- စတီးရွိုက် လိမ်းဆေးများ (Topical corticosteroids)
အရေပြားရောင်ရမ်းမှု ပိုဆိုးလာချိန်၊ အပြင်းအထန်ဖြစ်ချိန် (Flare-ups) တွင် စတီးရွိုက် လိမ်းဆေးများကို အသုံးပြုရသည်။- အကျိုးကျေးဇူး – နီမြန်းခြင်း၊ ရောင်ရမ်းခြင်းနှင့် ယားယံခြင်းတို့ကို လျင်မြန်စွာ သက်သာစေသည်
- စတီးရွိုက်လိမ်းဆေး အသုံးပြုနည်း (How to use)
ဆရာဝန် ညွှန်ကြားသည့်အတိုင်းသာ စနစ်တကျ သုံးစွဲရန် လိုအပ်သည်။ ရောဂါဖြစ်နေသော အရေပြားနေရာကိုသာ လိမ်းရန်ဖြစ်ပြီး များသောအားဖြင့် တစ်နေ့ (၁) ကြိမ်သာ လိမ်းရန် လိုအပ်သည်။ - လိုက်နာရမည့် အဆင့်ဆင့်လမ်းညွှန်
- အစိုဓာတ်ထိန်းဆေးကို အရင်လိမ်းပါ
- အစိုဓာတ်ထိန်းဆေး အရင်လိမ်းပြီးနောက် အရေပြားထဲ စိမ့်ဝင်သွားအောင် မိနစ် (၃၀) ခန့် စောင့်ပါ
- အတူရောလိမ်းမိလျှင် စတီးရွိုက်ဆေး၏ အာနိသင်ကို အစိုဓာတ်ထိန်းဆေးမှ လျှော့ချပစ်နိုင်ခြင်းကြောင့်ဖြစ်သည်
- ရောဂါရှိသောနေရာကိုသာ လိမ်းပါ
- ရောင်ရမ်းနေသော အရေပြားနေရာ၌သာ ဆေးကို ပါးပါး လိမ်းပေးပါ
- ဆေးလိမ်းရမည့် ကာလအပိုင်းအခြား
- ဆရာဝန် ညွှန်ကြားသည့်အတိုင်း (များသောအားဖြင့် ၇ ရက်မှ ၁၄ ရက်) အထိ လိမ်းပါ
- ရောဂါလက္ခဏာ ပျောက်ကွယ်သွားပြီးနောက်တွင်လည်း အနည်းဆုံး ၄၈ နာရီ (၂ ရက်) ခန့် ဆက်လိမ်းပေးရန် လိုအပ်သည်
- ရေရှည်သုံးစွဲမှု
- အကယ်၍ ရောဂါအခြေအနေကြောင့် ရေရှည်သုံးစွဲရန်လိုအပ်ပါက ဆရာဝန်နှင့် သေချာတိုင်ပင်၍ လိမ်းရမည့် အကြိမ်ရေကို လျှော့ချရန်လိုသည်
- အစိုဓာတ်ထိန်းဆေးကို အရင်လိမ်းပါ
- ဘေးထွက်ဆိုးကျိုးများ (Side Effects)
- ခေတ္တပူခြင်း၊ စပ်ခြင်း – ဆေးလိမ်းပြီးစတွင် ခဏတဖြုတ် ပူစပ်စပ် ဖြစ်နိုင်သည်
- အရေပြားပါးလွှာခြင်း (Skin Thinning) – ပြင်းအားများသော စတီးရွိုက်ဆေးများကို အချိန်အကြာကြီး သုံးစွဲပါက အရေပြားပါးလာတတ်သည်
- အရေပြား ပြောင်းလဲမှုများ – ဆေးလိမ်းနေစဉ်အတွင်း သို့မဟုတ် ဆေးဖြတ်ပြီးနောက်တွင်လည်း အရေပြားအရောင်ပြောင်းခြင်း၊ နီမြန်းရောင်ရမ်းခြင်းမျိုး ရှိပါက ဆရာဝန်နှင့် ချက်ချင်းပြန်ပြပါ
- ဖိအားပေး ခြေအိတ်များ (Compression stockings)
သွေးလည်ပတ်မှု တိုက်ရိုက်ကောင်းမွန်စေရန်အတွက် အရေးအကြီးဆုံး ကုသမှုတစ်ခုဖြစ်သည်။- အကျိုးကျေးဇူး – ခြေမျက်စိနေရာတွင် ဖိအားအများဆုံးပေးပြီး အပေါ်သို့ တဖြည်းဖြည်း လျော့သွားစေရန် ပြုလုပ်ထားသဖြင့် သွေးများကို နှလုံးဆီသို့ ပြန်တက်အောင် တွန်းပို့ပေးပြီး ရောင်ရမ်းမှုကို ကျဆင်းစေသည်။
ဖိအားပေးခြေအိတ် (Compression Stockings) အသုံးပြုခြင်း
- ရွေးချယ်ရန် အမျိုးအစားများ (Choice of stockings)
- အရွယ်အစားနှင့် ဖိအား
- ခြေအိတ်များတွင် ဖိအားအမျိုးမျိုးရှိသည်
- ပြင်းအားနည်းသော အခြေခံ ခြေအိတ်များကို ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်နိုင်သော်လည်း ပြင်းအားများသည့် ဆေးဘက်ဆိုင်ရာ ခြေအိတ်များကိုမူ ဆရာဝန် ညွှန်ကြားချက်ဖြင့် သေချာစိစစ် ဝယ်ယူရန် လိုအပ်သည်
- အရှည်
- ဒူးအထိ သို့မဟုတ် ပေါင်အထိ အရှည်အမျိုးမျိုးရှိသည်
- ခြေဖျားပုံစံ
- ခြေချောင်းလေးများ ဖော်ထားသည့် အမျိုးအစားနှင့် ခြေဖျားအထိ ဖုံးသောအမျိုးအစားဟူ၍ နှစ်မျိုးရှိသည်
- ဂရုပြုရန်
- ကျွမ်းကျင်သူနှင့် သေချာတိုင်းတာပြီးမှ မိမိနှင့်ကိုက်ညီမည့် အရွယ်အစားကို ဝယ်ယူပါ၊ အကယ်၍ ခြေအိတ်စွပ်ရခက်ပါက ပတ်တီး (Tubular bandage) ကို အစားထိုး သုံးနိုင်သည်
- အရွယ်အစားနှင့် ဖိအား
- ဝတ်ဆင်ပုံနှင့် သတိပြုရန်အချက်များ (Wearing techniques)
- ဝတ်ဆင်ရမည့်အချိန် – မနက်အိပ်ရာထချိန်မှစ၍ ဝတ်ဆင်ထားပြီး ညအိပ်ခါနီးတွင်မှ ချွတ်ရမည်
- စနစ်တကျ ဝတ်ဆင်ပါ – ခြေအိတ်ကို အဆုံးအထိ အပေါ်သို့ သေချာဆွဲတင်ပါ၊ ခြေအိတ်ထိပ်ကို လိပ်မနေပါစေနှင့်၊ လိပ်နေပါက ခြေထောက်ကို တင်းကြပ်စွာ စည်းထားသလို ဖြစ်ပြီး သွေးလည်ပတ်မှုကို ပို၍ ပိတ်ဆို့စေနိုင်သည်
- အရေပြားကို ဂရုစိုက်ပါ – ခြေအိတ်ဝတ်ခြင်း၊ ချွတ်ခြင်း ပြုလုပ်သည့်အခါ နုနယ်သော အရေပြားကို မထိခိုက်အောင် သတိထားပါ၊ အကယ်၍ ခြေထောက်တွင် အနာ (Ulcer) များရှိနေပါက အနာကျက်ပြီးမှသာ ခြေအိတ်ဝတ်သင့်သည်
- ပြုပြင်ထိန်းသိမ်းခြင်း (Caring for stockings)
- လဲလှယ်ချိန် – များသောအားဖြင့် (၃)လ မှ (၆)လတစ်ခါ အသစ်လဲပေးရသည်၊ ခြေအိတ် ပျက်စီးသွားရင် ဖိအားမရှိတော့သောကြောင့်ဖြစ်သည်
- လျှော်ဖွတ်ခြင်း – ရေနွေးနွေးကို သုံး၍ လက်ဖြင့်သာ ဖွဖွလျှော်ပါ၊ နေပူထဲ တိုက်ရိုက်လှန်းခြင်း သို့မဟုတ် အပူပေးစက်နှင့် အခြောက်ခံခြင်း မလုပ်ရပါ
- အရေအတွက် – တစ်ဖက်တည်း ဝတ်ဆင်မည်ဖြစ်စေ၊ နှစ်ဖက်လုံး ဝတ်ဆင်မည်ဖြစ်စေ ခြေအိတ်တစ်စုံ လျှော်ထားချိန်မှာ နောက်တစ်စုံ ဝတ်နိုင်ရန် အပိုတစ်စုံ ထားရှိသင့်သည်
ကာကွယ်ခြင်း
သွေးပြန်ကြောပိတ်ဆို့မှုကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်းကို ကာကွယ်နိုင်ရန် အောက်ပါအချက်များကို သတိပြု၍ လိုက်နာသင့်သည်။
- ခြေထောက်ကို နှလုံးထက် မြင့်အောင် မြှင့်ထားပါ (Elevate your legs)
သွေးလည်ပတ်မှု ကောင်းမွန်စေရန်အတွက်- နေ့ဘက်တွင် (၂) နာရီခြား တစ်ခါ၊ (၁၅) မိနစ်ခန့် ခြေထောက်ကို မြှင့်ထားပါ
- ညအိပ်ချိန်တွင် ခြေထောက်အောက်၌ ခေါင်းအုံးခံပြီး နှလုံးထက် မြင့်အောင် ထား၍အိပ်ပါ
- တစ်နေရာတည်းတွင် ကြာရှည်စွာ ရပ်ခြင်း၊ ထိုင်ခြင်း မပြုလုပ်ပါနှင့်
- အကယ်၍ တစ်နာရီထက်ပိုပြီး ထိုင်နေရလျှင် သို့မဟုတ် မတ်တတ်ရပ်နေရလျှင် ခေတ္တအနားယူပါ
- တစ်နာရီပြည့်တိုင်း (၁၀) မိနစ်ခန့် ခပ်သွက်သွက် လမ်းလျှောက်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကို ပြန်လည်နှိုးဆွပေးပါ
- ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
- လေ့ကျင့်ခန်းလုပ်ခြင်းသည် ခြေသလုံးကြွက်သားများကို သန်မာစေပြီး သွေးလည်ပတ်မှုကို အားကောင်းစေသည်
- လမ်းလျှောက်ခြင်းသည် အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်သည်၊ သို့သော် ပြုလုပ်သင့်သည့် လေ့ကျင့်ခန်း အကြိမ်ရေအတွက်ကို ဆရာဝန်နှင့် တိုင်ပင်ပါ
- ချည်သားပွပွများကိုသာ ဝတ်ဆင်ပါ
- သိုးမွေး (Wool)၊ ပိုလီယက်စတာ (Polyester) နှင့် ရေယွန် (Rayon) ကဲ့သို့သော အသားကြမ်းသည့် အထည်များသည် အရေပြားကို ယားယံစေပြီး ရောဂါကို ပိုဆိုးစေနိုင်သည်
- ချည်သား (Cotton) ကိုသာ အဓိကရွေးချယ်ဝတ်ဆင်ပါ၊ အဝတ်အစားသည် တင်းကျပ်နေပါက (ဥပမာ – ခါးပတ်တင်းလွန်းခြင်း) သွေးလည်ပတ်မှုကို အဟန့်အတား ဖြစ်စေနိုင်သည်
- ဖိအားပေးခြေအိတ်များကို အသုံးပြုပါ (Use compression garments)
- ဆရာဝန်မှ ညွှန်ကြားထားပါက ဖိအားပေးခြေအိတ် (Compression socks/garments) ကို ပုံမှန်ဝတ်ဆင်ပါ
- ၎င်းသည် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အရေပြားတွင် အနာများ (Sores) မဖြစ်အောင် ကာကွယ်ပေးသည်
- အရေပြား ထိခိုက်ဒဏ်ရာရခြင်းမှ ရှောင်ကြဉ်ပါ (Avoid Injury)
အရေပြားရောင်ရမ်းနေသော နေရာများသည် အလွန်နုနယ်သောကြောင့် ထိခိုက်ဒဏ်ရာရချိန်တွင် ပိုးဝင်ခြင်း၊ အနာဖြစ်လွယ်ခြင်းများ ရှိနိုင်သည်။- ယားယံစေမည့်အရာများကို ရှောင်ပါ – တိရစ္ဆာန်အမွေးအမှင်များ၊ မြက်ပင်များ၊ သန့်ရှင်းရေးသုံး ပစ္စည်းများအပြင် ရေမွှေးနှင့် အနံ့ပါသော အရေပြားဆိုင်ရာ အလှအပပစ္စည်းများကို တတ်နိုင်သမျှ ရှောင်ပါ
- ကုတ်ခြင်းကို ရှောင်ပါ – တတ်နိုင်သမျှ ကုတ်ခြစ်ခြင်းကို ရှောင်ပါ၊ ယားယံခြင်း သက်သာစေရန်အတွက်
- ဆရာဝန်ညွှန်ကြားသော လိမ်းဆေးများကို ပုံမှန်လိမ်းပါ
- အေးမြ၍ သန့်ရှင်းသော အဝတ်စဖြင့် (၁၅) မိနစ်ခန့် အုပ်ပေးထားပါ
- အနံ့မပါသော အစိုဓာတ်ထိန်းဆေးများ (ဥပမာ – Petroleum jelly/Vaseline) ကို ထူထူလိမ်းပါ
- ရေချိုးသည့်အခါ ဂရုစိုက်ပါ
- ဆပ်ပြာအပြင်းစားများ အသုံးမပြုပါနှင့် – အနံ့မပါသော ဆပ်ပြာ အပျော့စား (mild cleanser) များကိုသာ သုံးပါ
- အရေပြားကို ညင်သာစွာ အုပ်၍ ရေသုတ်ပါ – ရေချိုးပြီးချိန်တွင် တဘက်နှင့် အတင်းပွတ်သုတ်ခြင်း မပြုဘဲ ဖွဖွလေး အုပ်ပြီး သုတ်ပါ
- အရေပြား စိုစွတ်နေချိန်တွင် ခရင်မ်လိမ်းပါ – ရေချိုးပြီး (၂) မိနစ်အတွင်း အရေပြား စိုစွတ်နေသည့်အချိန် Petroleum jelly သို့မဟုတ် အနံ့မပါသော ခရင်မ်အထူစားကို လိမ်းပေးခြင်းဖြင့် အစိုဓာတ်ကို ထိန်းပေးနိုင်သည်
- ကိုယ်အလေးချိန်နှင့် အစားအသောက်ကို ဂရုစိုက်ပါ
- ကိုယ်အလေးချိန် ထိန်းပါ – ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်းသည် ခြေထောက်ရောင်ရမ်းမှုကို လျော့ကျစေသည်
- ရေဓာတ်ဖြည့်တင်းပါ – မိသားစုဆရာဝန်၏ ညွှန်ကြားချက်အတိုင်း တစ်နေ့လျှင် ရေပမာဏ လုံလောက်အောင် သောက်ပါ
- ဆားကို လျှော့စားပါ – ဆားများခြင်းသည် သွေးလည်ပတ်မှုကို နှေးကွေးစေပြီး ဖောရောင်မှုကို ဖြစ်စေသည်၊ တစ်နေ့လျှင် ဆိုဒီယမ် (၁,၅၀၀) မီလီဂရမ်ထက် မပိုသင့်ပါ
- ဆရာဝန်နှင့် ပုံမှန်ပြသပါ
ဤရောဂါသည် တစ်သက်တာလုံး ဂရုပြုထိန်းသိမ်းသွားရမည့် အရေပြားရောဂါအခြေအနေမျိုး ဖြစ်သောကြောင့် မိသားစုဆရာဝန်၊ အရေပြားဆရာဝန်များနှင့် ပုံမှန်ပြသပြီး မိမိနှင့် အကိုက်ညီဆုံး ကုသမှုကို သိရှိလိုက်နာရန် လိုအပ်သည်။
References:
- American Academy of Dermatology. (n.d.). Stasis dermatitis. Retrieved March 9, 2026, from https://www.aad.org/member/education/residents/bdc/stasis-dermatitis
- Agnihothri, R., & Shinkai, K. (2021). Stasis dermatitis. JAMA Dermatology, 157(12), 1524. https://doi.org/10.1001/jamadermatol.2021.3475
- American Heart Association. (2020). 9 out of 10 Americans eat too much sodium. Retrieved March 9, 2026, from https://www.heart.org
- Flugman, S. L., & Clark, R. A. (2020). Stasis dermatitis. In D. M. Elston (Ed.), Medscape. Retrieved March 9, 2026, from https://emedicine.medscape.com
- National Health Service. (n.d.). Varicose eczema. Retrieved March 9, 2026, from https://www.nhs.uk/conditions/varicose-eczema/
- National Eczema Society. (n.d.). Varicose eczema. Retrieved March 9, 2026, from https://eczema.org/information-and-advice/types-of-eczema/varicose-eczema/
- Reider, N., & Fritsch, P. O. (2018). Other eczematous eruptions. In J. L. Bolognia et al. (Eds.), Dermatology (4th ed., pp. 235–236). Mosby Elsevier.
- Sundaresan, S., Migden, M. R., & Silapunt, S. (2017). Stasis dermatitis: Pathophysiology, evaluation, and management. American Journal of Clinical Dermatology, 18(3), 383–390. https://doi.org/10.1007/s40257-016-0250-0
Published: 24 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.