Varicose Veins of Lower Limb (ခြေထောက်သွေးပြန်ကြောထုံးခြင်း)

Varicose Veins of Lower Limb (ခြေထောက်သွေးပြန်ကြောထုံးခြင်း)

သွေးပြန်ကြောထုံးခြင်း (Varicose veins) သည် ခြေထောက်တွင် အများဆုံးဖြစ်ပွားတတ်ပြီး ခန္ဓာကိုယ်၏ အခြား‌‌နေရာရှိ သွေးပြန်ကြောများတွင်လည်း ဖြစ်တတ်သည်။ ခြေထောက်သွေးပြန်ကြောထုံးခြင်းကို ပေါင်၊ ခြေသလုံးနှင့် ခြေချင်းဝတ်ရှိ အပေါ်ယံသွေးပြန်ကြောနေရာများတွင် တွေ့နိုင်သည်။

varicose vein image 1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခြေထောက်သွေးပြန်ကြောထုံးခြင်း ဖြစ်ပေါ်ရသည့် အဓိကအကြောင်းရင်းမှာ သွေးပြန်ကြောနံရံများ အားနည်းခြင်းနှင့် သွေးပြန်ကြောများအတွင်းရှိ အဆို့ရှင်များ (Valves) ကောင်းစွာ အလုပ်မလုပ်တော့ခြင်းကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့် သွေးကို နှလုံးဆီသို့ တစ်ဖက်တည်း ဦးတည်စီးဆင်းစေရန်နှင့် နောက်ပြန်စီးဆင်းမှု မဖြစ်စေရန် အဆို့ရှင်များမှ ကူညီပေးသည်။ သို့သော် အဆို့ရှင်များ အားနည်းသောအခါ သွေးသည် နောက်ပြန်စီးဆင်းပြီး ခန္ဓာကိုယ်အောက်ပိုင်းရှိ သွေးပြန်ကြောများအတွင်း စုပုံလာကာ သွေးပြန်ကြောဖိအားမြင့် (Increase venous pressure) တက်ခြင်းကြောင့် သွေးပြန်ကြောများကို ဖောင်းကားကြီးထွားလာစေသည်။

ခြေထောက်သွေးပြန်ကြောထုံးခြင်း အဖြစ်များသော ရောဂါအခြေအနေများမှာ_

  • အသက်အရွယ်
    • အသက်ကြီးလာသည်နှင့်အမျှ သွေးပြန်ကြောများနှင့် အဆို့ရှင်များသည် အားနည်းလာတတ်သည်
  • အမျိုးသမီးဖြစ်ခြင်း
    • ဟော်မုန်းပြောင်းလဲမှုများ (ဥပမာ_ကိုယ်ဝန်ဆောင်စဉ်၊ ဟော်မုန်းဆေးဝါးများ သုံးစွဲစဉ်)
    • ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော်မုန်းပြောင်းလဲခြင်း၊ သွေးပမာဏ တိုးလာခြင်းနှင့် သားအိမ်ကြီးထွားလာခြင်းတို့ကြောင့် ခြေထောက်ရှိ သွေးပြန်ကြောများအပေါ် ဖိအားသက်ရောက်စေနိုင်သည်
  • မျိုးရိုးလိုက်ခြင်း
    • မိသားစုတွင် သွေးပြန်ကြောထုံးခြင်း ရာဇဝင်ရှိသူများ
  • အဝလွန်ခြင်း
    • ကိုယ်အလေးချိန်များခြင်းသည် ခြေထောက်ရှိ သွေးပြန်ကြောများအပေါ် ဖိအား ပိုမိုသက်ရောက်စေသည်
  • အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်း သို့မဟုတ် ထိုင်ခြင်း
    • သွေးစီးဆင်းမှုနှေးကာ သွေးကို ခြေထောက်တွင် စုပုံစေနိုင်သည်
  • လေးလံသောပစ္စည်းများကို မခြင်း
    • ခြေထောက်ရှိ သွေးပြန်ကြောများအပေါ် ဖိအားကို တိုးစေနိုင်သည်
  • ခြေထောက်အတွင်းဘက်ရှိ သွေးပြန်ကြောတစ်လျှောက်တွင် သွေးခဲပိတ်ခြင်း (Deep vein thrombosis)
    • ဝမ်းဗိုက်အောက် တင်ပါးဆုံအရိုးကွင်းအတွင်းတွင် ဖြစ်ပေါ်သော အလုံး၊ အကျိတ်များမှ ခြေထောက်သွေးပြန်ကြော စီးဝင်ရာလမ်းကြောင်းကို ဖိထားသဖြင့် ခြေထောက်ရှိ သွေးပြန်ကြောများအပေါ် ဖိအားသက်ရောက်စေနိုင်သည်
ရောဂါလက္ခဏာများ

သွေးပြန်ကြောထုံးခြင်း၏ အစောပိုင်းလက္ခဏာများမှာ ခြေချင်းဝတ်၊ ခြေသလုံးနှင့် ပေါင်တွင် သေးငယ်သော ပင့်ကူအိမ်ပုံသဏ္ဌာန် အနီရောင်၊ အပြာရောင် သို့မဟုတ် ခရမ်းရောင် သွေးကြောမျှင်များ (Spider veins) ပေါ်လာခြင်းဖြစ်သည်။ ဤအဆင့်တွင် နာကျင်မှုနှင့် အခြားလက္ခဏာများ မရှိသော်လည်း အထူးသဖြင့် အမျိုးသမီးများတွင် အလှအပဆိုင်ရာ စိုးရိမ်ပူပန်မှုဖြစ်စေသည်။

သွေးပြန်ကြောထုံးခြင်း၏ အဓိကလက္ခဏာမှာ ထင်ရှားသော၊ တွန့်လိမ်ဖောင်းကားနေသည့် အပြာရောင် သို့မဟုတ် ခရမ်းရောင် သွေးကြောများ ပေါ်လာခြင်းဖြစ်သည်။ သွေးပြန်ကြောထုံးခြင်း၏ အခြားသော ရောဂါလက္ခဏာများမှာ_

  • ခြေထောက်လေးလံခြင်း သို့မဟုတ် ကိုက်ခဲခြင်း
  • ခြေထောက်ရောင်ရမ်းခြင်း
  • ခြေသလုံးကြွက်သားနာကျင်ခြင်း သို့မဟုတ် ကြွက်တက်ခြင်း
  • ကြာကြာမတ်တတ်ရပ်ပြီးချိန် သို့မဟုတ် ထိုင်ပြီးချိန်နောက်ပိုင်းတွင် နာကျင်မှုပိုဆိုးလာခြင်း
  • သွေးကြောထုံးသည့်နေရာတွင် ယားယံခြင်း
  • ခြေမျက်စိ၊ ခြေချင်းဝတ်အနီးတွင် အနာဖြစ်ခြင်း တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

လူနာအများစုတွင် သွေးပြန်ကြောထုံးခြင်းသည် ပြင်းထန်သော အခြေအနေမဟုတ်သော်လည်း အချို့သောသူများတွင် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  • အပေါ်ယံသွေးပြန်ကြောများ ရောင်ရမ်းခြင်း (Superficial phlebitis)
    • နာကျင်ခြင်း၊ အရေပြားနီရဲခြင်းနှင့် ပူခြင်း
  • အပေါ်ယံသွေးပြန်ကြောများ သွေးခဲခြင်း (Superficial thrombophlebitis)
    • သွေးခဲများ ဖြစ်ပေါ်ခြင်းသည် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပြီး အကယ်၍ သွေးခဲသည် ပြုတ်ထွက်ပြီး နှလုံးမှတစ်ဆင့် အဆုတ်သို့ ရောက်ရှိသွားပါက အသက်အန္တရာယ်ရှိနိုင်သည်
    • သွေးပြန်ကြောထုံးရောဂါရှိသူများ၏ (၁-၂) ရာခိုင်နှုန်းတွင်သာ ဖြစ်နိုင်သည့်အခြေအနေဖြစ်သည်
  • အရေပြားအရောင် ပြောင်းလဲခြင်း (Lipodermatosclerosis)
    • သွေးပြန်ကြောထုံးသည့်နေရာအနီးရှိ အရေပြားသည် အရောင်ပြောင်းလဲခြင်း၊ ထူထဲလာခြင်း သို့မဟုတ် အနာဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်သည်
  • သွေးထွက်ခြင်း
    • သွေးပြန်ကြောထုံးများကို ထိခိုက်မိပါက သွေးထွက်လွယ်သည်
  • ခြေထောက်သွေးပြန်ကြောသွေးခဲခြင်း (Deep vein thrombosis)
    • သွေးပြန်ကြောထုံးများရှိခြင်းသည် ခြေထောက်အတွင်းဘက်ရှိ အဓိကသွေးပြန်ကြောများတွင် သွေးခဲခြင်း၊ ပိတ်ဆို့ခြင်းကို ပိုမိုဖြစ်စေနိုင်ကာ ‌ခြေထောက်ရောင်ရမ်းခြင်း၊ ဖောင်းကားခြင်းကို ဖြစ်စေသည်
    • အကယ်၍ အဆိုပါသွေးခဲများပြုတ်ထွက်လျှင် နှလုံးမှတစ်ဆင့် အဆုတ်သွေးကြောများတွင် ပိတ်ဆို့ကာ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိသည်
    • ကုသမှုခံယူထားခြင်းမရှိသူများ၏ (၅၀) ရာခိုင်နှုန်းတွင် သွေးခဲပြုတ်ထွက်ခြင်းအန္တရာယ် ရှိနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ပါလက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် ဦးစွာပြသရန် အရေးကြီးသည်။ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီးလျှင် သက်ဆိုင်ရာ အထူးကုဆရာဝန်၊ ခွဲစိတ်ကုဆရာဝန်များနှင့် ဆက်လက်ကုသနိုင်ရန် ညွှန်ကြားလိမ့်မည်။

  • သွေးပြန်ကြောထုံးခြင်းကြောင့် ပြင်းထန်စွာ နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း
  • ခြေထောက်ရုတ်တရက် ရောင်ရမ်းခြင်း သို့မဟုတ် နီရဲခြင်း
  • သွေးပြန်ကြောထုံးသည့်နေရာတွင် အပူရှိန်ခံစားရခြင်း
  • ခြေမျက်စိအနီးတွင် အနာဖြစ်ခြင်း သို့မဟုတ် အရေပြားအ‌ရောင်ပြောင်းလဲခြင်း
  • သွေးပြန်ကြောထုံးများမှ သွေးထွက်ခြင်း
ရောဂါရှာဖွေခြင်း
  • ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် စမ်းသပ်ခြင်း
    • ခြေထောက်ကို စမ်းသပ်ခြင်းဖြင့် သွေးပြန်ကြောထုံးခြင်းကို သိရှိနိုင်ပြီး သွေးပြန်ကြောအဆို့ရှင်များ မလုံသောနေရာများကို ခန့်မှန်းနိုင်သည်
  • ဂျူးပလက်စ်အာထရာဆောင်း (Duplex Ultrasound Scan)
    • အပေါ်ယံသွေးပြန်ကြောများ (Superficial veins) နှင့် ခြေထောက်အတွင်းဘက်ရှိ သွေးပြန်ကြောမကြီး (Deep vein of the leg) တို့၏ လုပ်ဆောင်မှု၊ သွေးခဲရှိခြင်းနှင့် သွေးပြန်ကြောအဆို့ရှင်များ မလုံသောနေရာများကို အတိအကျသိရှိခြင်းဖြင့် ကုသမှုကို အထောက်အကူပြုသည်
ကုသခြင်း

သွေးပြန်ကြောထုံးခြင်းအတွက် ကုသနည်းလမ်းများမှာ_

  • မိမိကိုယ်တိုင် ဂရုစိုက်ခြင်း (Self-care measures)
    • မလှုပ်မယှက် အချိန်ကြာကြာရပ်ခြင်း၊ ထိုင်ခြင်းကို ရှောင်ရှားပြီး ခြေထောက်ကို မကြာခဏ လှုပ်ရှားပေးခြင်း (ဥပမာ _ ခြေချင်းဝတ်ကို လှည့်ခြင်း၊ ခြေဖျားထောက်ရပ်ခြင်း)
    • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးခြင်း (ဥပမာ _ လမ်းလျှောက်ခြင်း၊ ခြေသလုံးကြွက်သား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း)
    • ခန္ဓာကိုယ်အလေးချိန် ‌လျှော့ချခြင်း
    • လဲလျောင်းနေစဉ် ခြေထောက်ကို ခန္ဓာကိုယ်အထက်သို့ မြှောက်ထားခြင်း (တစ်ရက်လျှင် ၃ကြိမ် – ၄ကြိမ်ခန့်နှင့် တစ်ကြိမ်လျှင် ၁၅ မိနစ် – ၂၀ မိနစ်ခန့်)
    • တင်းကျပ်သော အဝတ်အစားများနှင့် ဒေါက်မြင့်ဖိနပ်များ ဝတ်ဆင်ခြင်းကို ရှောင်ရှားခြင်း
    • ကြာရှည်စွာမတ်တတ်ရပ်ရမည်ဆိုပါကဖိအားရှိသည့် ခြေအိတ်ရှည် (compression stockings) များ ဝတ်ဆင်ခြင်း
  • ဆေးဝါးကုသခြင်း
    • သွေးကြောနံရံများကို သန်မာစေရန်နှင့် ရောင်ရမ်းမှုကို လျှော့ချရန် အောက်ပါ ဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးနိုင်သည်
      • ပဋိဇီဝပိုးသတ်ဆေးများ
      • သွေးပြန်ကြော အားတိုးဆေး (Phlebotonics)
      • နာကျင်ရောင်ရမ်းမှု သက်သာစေသောဆေးများ (NSAIDs, Paracetamol)
    • ရေနွေးအိတ်ကပ်ခြင်းနှင့် ခြေထောက်ကို အမြင့်တွင် ထားခြင်းဖြင့်လည်း နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို သက်သာစေသည်
  • သွေးပြန်ကြောထုံးထဲသို့ ဆေးထိုးကုသခြင်း (Sclerotherapy)
    • ဤကုသနည်းတွင် သွေးပြန်ကြောထုံးများထဲသို့ ဆေးရည်တစ်မျိုး ထိုးသွင်းခြင်းဖြင့် သွေးပြန်ကြောထုံးများကို ကျုံ့သွားစေပြီး အရွယ်အစားသေးငယ် ပျောက်ကွယ်သွားစေသည်
    • ကုသရန် သင့်တော်သောအခြေအနေ _ အရွယ်အစားမကြီးသော သွေးပြန်ကြောထုံးများ၊ ‌သေးငယ်သော Spider veins များ
    • အကျိုးကျေးဇူးများ
      • ခွဲစိတ်ရန် မလိုသဖြင့် နာကျင်မှုနည်းသော ကုသမှုဖြစ်ခြင်း
      • ခွဲစိတ်ဒဏ်ရာမရှိခြင်း
      • သေးငယ်၍ အလွန်အမင်းတွန့်လိမ်နေသော သွေးကြောများတွင် အသုံးပြုနိုင်ခြင်း
      • နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်မှုမရှိခြင်း
      • ကုန်ကျစရိတ်သက်သာခြင်း
    • အားနည်းချက်များ
      • နောက်ဆက်တွဲ ထပ်မံကုသမှုလိုနိုင်ခြင်း
      • အသုံးပြုသောဆေးနှင့် ဓာတ်မတည့်ခြင်း
  • Laser therapy နှင့် Radiofrequency ablation
    • ဤကုသနည်းတွင် သွေးပြန်ကြောထုံးအတွင်းသို့ လေဆာ (Laser) သို့မဟုတ် Radiofrequency ပေးနိုင်သော ကိရိယာ (Probe) ကို ထည့်သွင်း၍ အပူစွမ်းအင်ကို အသုံးပြုပြီး သွေးပြန်ကြောနံရံများကို ပိတ်စေခြင်းဖြင့် သွေးပြန်ကြောထုံးများ အရွယ်အစားသေးငယ်ပျောက်ကွယ်သွားစေသည်
    • ကုသရန်သင့်တော်သောအခြေအနေ – (၂ – ၃) မီလီမီတာထက်ကြီးသော သွေးပြန်ကြောထုံးများ
    • အကျိုးကျေးဇူးများ
      • ခွဲစိတ်ရန် မလိုသဖြင့် နာကျင်မှုနည်းသော ကုသမှုဖြစ်ခြင်း
      • ခွဲစိတ်ဒဏ်ရာမရှိခြင်း
      • နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်မှုနည်းခြင်း
  • Saphenofemoral junction ligation
    ပေါင်ရင်းရှိ အပေါ်ယံသွေးပြန်ကြောနှင့် သွေးပြန်ကြောမကြီး ဆက်သောနေရာတွင် မလုံသော အဆို့ရှင်နေရာအား ခွဲစိတ်ချည်နှောင်ခြင်းဖြစ်သည်။
  • Vein stripping and Multiple stab avulsion
    ဤခွဲစိတ်နည်းလမ်းသည် အရေပြားတွင် သေးငယ်သော အပေါက်ငယ်များဖောက်ပြီး ဖောင်းကားတွန့်လိမ်နေသော အပေါ်ယံသွေးပြန်ကြောထုံးများကို Mayo Vein Stripper (သွေးပြန်ကြောဆွဲထုတ်သော ကိရိယာ) ဖြင့် ဖယ်ရှားခြင်းဖြစ်သည်။
  • Endoscopic subfascial ligation
    ဤခွဲစိတ်နည်းလမ်းသည် ခြေသလုံးရှိ အပေါ်ယံသွေးပြန်ကြောနှင့် အတွင်းရှိသွေးပြန်ကြောမကြီးတို့ကို ချိတ်ဆက်ထားသည့် သွေးပြန်ကြောများကို သေးငယ်သော အပေါက်များဖောက်၍ မှန်ပြောင်းခွဲစိတ်ကိရိယာများဖြင့် ခွဲစိတ်ချည်နှောင်ခြင်းဖြစ်သည်။
ကာကွယ်ခြင်း

သွေးကြောထုံးခြင်းကို ကာကွယ်နိုင်ရန် မလွယ်ကူသော်လည်း ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သော နည်းလမ်းများမှာ_

  • ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း (ဥပမာ _ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း)
  • ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
  • ကြာရှည်စွာ မတ်တတ်ရပ်ခြင်း သို့မဟုတ် ထိုင်ခြင်းကို ရှောင်ရှားခြင်း
  • ထိုင်နေစဉ် သို့မဟုတ် လှဲလျောင်းနေစဉ် ခြေထောက်ကို မြှင့်တင်ထားခြင်း
  • တင်းကျပ်သော အဝတ်အစားများနှင့် ဒေါက်မြင့်ဖိနပ်များ ဝတ်ဆင်ခြင်းကို ရှောင်ရှားခြင်း
  • ခြေထောက်ကို မကြာခဏ လှုပ်ရှားပေးခြင်း (ဥပမာ _ ခြေချင်းဝတ်ကို လှည့်ခြင်း)

သွေးကြောထုံးခြင်းသည် သင့်အား စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သော်လည်း မှန်ကန်သောကုသမှုနှင့် ဂရုစိုက်မှုဖြင့် ရောဂါလက္ခဏာများကို သက်သာစေပြီး နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်သည်။ သင့်တွင် သွေးကြောထုံးခြင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အရေးကြီးသည်။

References:

  1. Cleveland Clinic. (n.d.). Varicose veins. Retrieved June 12, 2026, from https://my.clevelandclinic.org/health/diseases/4722-varicose-veins
  2. Cronenwett, J. L., & Johnston, K. W. (Eds.). (2014). Rutherford’s vascular surgery (8th ed.). Elsevier.
  3. Mayo Clinic. (n.d.). Varicose veins: Symptoms and causes. Retrieved June 12, 2026, from https://www.mayoclinic.org/diseases-conditions/varicose-veins/symptoms-causes/syc-20350643

Published: 25 June 2025

Last updated: 20 July 2026

Share

26 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.