သည်းခြေရည်စီးဆင်းမှု ချို့ယွင်းခြင်း (Cholestasis of pregnancy) သည် ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးသုံးလပတ်တွင် ဖြစ်ပွါးလေ့ရှိသည်။ သည်းခြေရည် (Bile) သည် အစာခြေရည်တစ်မျိုးဖြစ်ပြီး အသည်းမှထုတ်လုပ်၍ အူလမ်းကြောင်းထဲသို့ ရောက်ရှိလာသော အဆီများကို ချေဖျက်ပေးသည်။ သည်းခြေရည်များ ပုံမှန်အတိုင်း အူလမ်းကြောင်းထဲသို့ မစီးဆင်းနိုင်တော့သည့်အခါ သည်းခြေရည်များသည် ထုတ်လုပ်သောအသည်းမှတစ်ဆင့် သွေးကြောထဲသို့ ရောက်ရှိလာပြီး သည်းခြေအက်ဆစ်ဓာတ်များ (Bile acids) စုလာခြင်းဖြစ်သည်။ သွေးထဲတွင် သည်းခြေအက်ဆစ်ဓာတ်ပမာဏ သတ်မှတ်ထားသည်ထက် မြင့်တက်လာသည့်အခါ အရေပြားယားယံမှု ဖြစ်ပေါ်လာသည်။ ခံစားရသောလက္ခဏာများသည် အများအားဖြင့် ကလေးမွေးဖွားပြီးနောက် ပျောက်ကွယ်သွားတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကိုယ်ဝန်ဆောင်စဥ် သည်းခြေရည်စီးဆင်းမှု ချို့ယွင်းခြင်းဖြစ်ရခြင်းကို တိကျစွာမသိရသေးသော်လည်း အောက်ပါအချက်များကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။
- ဟော်မုန်းပြောင်းလဲမှု – ကိုယ်ဝန်ဆောင်ဟော်မုန်းများကြောင့် သည်းခြေရည်စီးဆင်းမှုကို နှေးကွေးစေခြင်း
- မျိုးဗီဇ – မိသားစုထဲတွင် ဖြစ်ဖူးသူရှိပါက ပိုမိုဖြစ်ပွါးနိုင်ခြေရှိခြင်း
- ပတ်ဝန်းကျင်ဆိုင်ရာအချက်များ – အစားအသောက်နှင့် နေထိုင်မှုပုံစံများလည်း ပါဝင်နိုင်သည်
ဖြစ်နိုင်ခြေများသောသူများ
- မိမိကိုယ်တိုင် ယခင်ကိုယ်ဝန်များတွင် သည်းခြေရည်စီးဆင်းမှုချို့ယွင်းခြင်း ဖြစ်ခဲ့ဖူးခြင်း သို့မဟုတ် မိသားစုတွင် ဖြစ်ခဲ့ဖူးသောရာဇဝင်ရှိခြင်း
- ယခင်ကိုယ်ဝန်တွင် သည်းခြေရည်စီးဆင်းမှု ချို့ယွင်းခြင်း ဖြစ်ခဲ့ဖူးလျှင် ယခုကိုယ်ဝန်၌ ပြန်၍ ဖြစ်နိုင်ခြေ (၆၀) မှ (၇၀) ရာခိုင်နှုန်းထိရှိပြီး၊ ပြင်းထန်စွာဖြစ်ခဲ့ဖူးလျှင် ပြန်၍ဖြစ်နိုင်ခြေ (၉၀) ရာခိုင်နှုန်းရှိသည်။
- အသည်းနှင့် သည်းခြေဆိုင်ရာ ရောဂါများဖြစ်သော အသည်းရောင် အသားဝါ စီ (Hepatitis C) ပိုးရှိခြင်း၊ သည်းခြေကျောက်တည်ဖူးခြင်း သို့မဟုတ် အသည်းထိခိုက်ဖူးခြင်း
- အမြွှာကိုယ်ဝန်ဆောင်ထားရခြင်း
- မိခင်အသက် (၃၅) နှစ်နှင့်အထက် ကိုယ်ဝန်ဆောင်ခြင်း
အထက်ပါအချက်များမှ တစ်ခုခုရှိ၍ ကိုယ်ဝန်ဆောင်ကာလအတွင်း အရေပြားယားယံခြင်းကို ခံစားရပါက ပို၍ဂရုစိုက်စောင့်ကြည့်သင့်သည်။
ရောဂါလက္ခဏာများ
- ယားယံခြင်း (Itching)
- ယားယံခြင်းသည်အဓိကျသောလက္ခဏာဖြစ်ပြီး အများအားဖြင့် အရေပြားတွင် အဖုအပိမ့်များ မရှိဘဲ ယားယံတတ်သည်
- အထူးသဖြင့် လက်ဖဝါး၊ ခြေဖဝါးများတွင် ယားလေ့ရှိပြီး ညဘက်တွင် ပို၍ယားတတ်သည်
- ကိုယ်ဝန်သက်နောက်ဆုံး (၃) လပတ်တွင် ယားယံခြင်းအဖြစ်များဆုံးဖြစ်ပြီး တစ်ခါတစ်ရံ စောစီးစွာခံစားရနိုင်သည်
- မွေးဖွားခါနီးလေ ခံစားရသော လက္ခဏာများပို၍ ဆိုးတတ်သော်လည်း ကလေးမွေးဖွားပြီး ရက်အနည်းငယ်အတွင်း ယားယံမှု ပျောက်သွားတတ်သည်
- အသားဝါခြင်း (Jaundice) – မျက်သားနှင့် အရေပြားများ ဝါလာသည်
- ပျို့ခြင်း (Nausea)
- အစားအသောက်ပျက်ခြင်း (Loss of appetite)
- ဆီးအရောင်ရင့်ခြင်း – သည်းခြေရည်များ ဆီးထဲပါလာသဖြင့် ဆီးအရောင် ရင့်လာသည်
- ဆီဝေ့၍ အနံ့ဆိုးသောဝမ်းများသွားခြင်း (Oily and foul-smelling stool)
- ဝမ်းအရောင်ဖျော့ခြင်း – သည်းခြေရည် အူထဲသို့မရောက်တော့သဖြင့် ဝမ်းအရောင် ဖျော့လာသည်
- နုံးခွေခြင်း
အများအားဖြင့် မိခင်အတွက် ရေရှည်အသည်းပြဿနာ မဖြစ်တတ်ပါ။ သို့သော် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ချိန်တွင်လည်း ပြန်၍ဖြစ်နိုင်ခြေများသည်။
နောက်ဆက်တွဲပြဿနာများ
မိခင်တွင်ဖြစ်နိုင်သော အန္တရာယ်များ
- ယားယံမှုကြောင့် အိပ်မပျော်ခြင်း
- မောပန်းခြင်း
- တစ်ခါတစ်ရံ ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre-eclampsia) သို့မဟုတ် ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ (Gestational diabetes) ဖြစ်နိုင်ခြေများသည်
- ခန္ဓာကိုယ်မှ အဆီမစုပ်ယူနိုင်ခြင်းကြောင့် အဆီတွင်ပျော်ဝင်သော ဗီတာမင် ကေ (Vitamin K) ပမာဏကျဆင်းတတ်သည်၊ အလွန်ဖြစ်ခဲသော ဗီတာမင် ကေ ချို့တဲ့၍ သွေးခဲမှုစနစ် ထိခိုက်ခြင်းများ ဖြစ်နိုင်သည်
ကလေးတွင် ဖြစ်နိုင်သော အန္တရာယ်များ
ကလေးတွင်ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ ပြင်းထန်တတ်သည်။
- ခန့်မှန်းမွေးဖွားရက်မတိုင်မီ စောစီးစွာ မွေးဖွားရခြင်း (Preterm birth)
- မိခင်သည်းခြေရည်စီးဆင်းမှု ချို့ယွင်းလျှင် ကလေးအူလမ်းကြောင်းမှ ထွက်လာသော အစိမ်းရောင် စေးကပ်သည့် ငယ်ချေး (meconium) များကို ကလေးမှ ရှူမိ၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိခြင်း
- ကလေးအသေမွေးဖွားခြင်း (stillbirth)
ကလေးအသေ မွေးဖွားနိုင်ခြေ ပုံမှန်ထက် အနည်းငယ်ပိုများသည်၊ ကလေးတွင် နောက်ဆက်တွဲဖြစ်ပွါးသော ပြဿနာများသည် အလွန်အသက်အန္တရာယ်များသောကြောင့် ကိုယ်ဝန်စောင့်ရှောက်ပေးသော သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်မှ ဆွေးနွေးပြီး မွေးဖွားရက်မတိုင်မီ သားအိမ်ပွင့်အောင်လှုံ့ဆော်၍ မွေးဖွားမှု စတင်စေနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
ကိုယ်ဝန်ဆောင်နေစဉ်
- လက်ဖဝါး သို့မဟုတ် ခြေဖဝါးတွင် ယားယံမှု ပြင်းထန်လာခြင်း
- ညအချိန်တွင် အိပ်မပျော်လောက်အောင် ယားခြင်း
- အသားဝါလာခြင်း နှင့် မျက်သားဝါလာခြင်း တို့ဖြစ်ပေါ်လာပါက
နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနသို့ သွားရောက်စစ်ဆေးမှု ပြုလုပ်ပြီး လိုအပ်သောကုသမှုများ အချိန်မီခံယူရန် အရေးကြီးသည်။
ရောဂါရှာဖွေခြင်း
ကိုယ်ဝန်ဆောင်စဥ် သည်းခြေရည်စီးဆင်းမှုချို့ယွင်းခြင်းလက္ခဏာများ ခံစားရလျှင် သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်မှ ခံစားရသောလက္ခဏာများနှင့် ရောဂါရာဇဝင်များမေးမြန်းပြီး စမ်းသပ်စစ်ဆေးခြင်းနှင့် သွေးစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်းများ ပြုလုပ်မည်။
- အသည်းလုပ်ဆောင်ရည် စစ်ဆေးခြင်း
- သွေးထဲရှိ သည်းခြေအက်စစ်ဓာတ် (bile acid) ပမာဏ စစ်ဆေးခြင်း
- လိုအပ်ပါက သွေးခဲဓာတ်များ စစ်ဆေးခြင်း (Prothrombin time)
- အသည်းနှင့် သည်းခြေလမ်းကြောင်းများကို အာထရာဆောင်းရိုက်၍ စစ်ဆေးခြင်း
တစ်ခါတစ်ရံ အရေပြားယားယံမှု ရှိသော်လည်း ပထမအကြိမ် စမ်းသပ်စစ်ဆေးသည့်အခါ ရောဂါမတွေ့ရှိဘဲဖြစ်နိုင်သောကြောင့် စမ်းသပ်စစ်ဆေးမှုများ ပြန်လည်လုပ်ရန် လိုအပ်နိုင်သည်။
ကုသခြင်း
ကိုယ်ဝန်ဆောင်စဉ် သည်းခြေရည်စီးဆင်းမှုချို့ယွင်းခြင်း ကုသရာတွင် ယားယံခြင်းပျောက်ကင်းစေရန်နှင့် သန္ဓေသားနောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်ဖြစ်သည်။
- ယားယံခြင်းကို သက်သာစေရန်
- သွေးထဲရှိ သည်းခြေအက်စစ်ပမာဏကို လျော့နည်းစေသော Ursodeoxycholic acid ဆေးများ အသုံးပြုခြင်း
- ယားယံမှု သက်သာစေရန် ဆေးများ (Anti-histamines) အသုံးပြုခြင်း
- ယားယံသောနေရာများကို အေးမြသောရေ သို့မဟုတ် ရေကြက်သီးနွေးဖြင့် စိမ်ပေးခြင်း
- လေဝင်လေထွက်ကောင်း၍ အေးမြသော အဝတ်အစားများကို ဝတ်ဆင်ခြင်းများ ပြုလုပ်ပေးနိုင်သည်
- သန္ဓေသားကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုရန်
- သန္ဓေသား၏ နှလုံးခုန်နှုန်းနှင့် လှုပ်ရှားမှုကို ပုံမှန်စောင့်ကြပ်ကြည့်ရှုခြင်း (Non-stress test)
- သန္ဓေသားကလေးငယ်၏ ဇီဝရူပ ဖြစ်ပေါ်ပုံအဆင့်ဆင့် (Biophysical profile) _ ကလေး၏ အသက်ရှူမှု၊ ခန္ဓာကိုယ်လှုပ်ရှားမှု၊ ကြွက်သားတောင့်တင်းမှု၊ ရေမြွှာရည် ပမာဏ၊ သန္ဓေသားကလေးငယ် လှုပ်ရှားနေချိန်တွင် ဖြစ်ပေါ် သောကလေး၏ နှလုံးတုံ့ပြန်မှုများကို တိုင်းတာခြင်းဖြင့် သန္ဓေသားကျန်းမာရေးကောင်းမွန်မှုကို စောင့်ကြည့်နိုင်သည်
- အထက်ပါစမ်းသပ်မှုများသည် သန္ဓေသားကျန်းမာရေးကောင်းမွန်မှုအတွက်သာ စိတ်သက်သာမှုရရှိစေပြီး အခြားသောနောက်ဆက်တွဲပြဿနာများကို သိရှိရန် မဖြစ်နိုင်ပါ
- စောစီးစွာမွေးဖွားခြင်း (Early Delivery)
- ကိုယ်ဝန်သက် (၃၇) ပတ်ဝန်းကျင်တွင် မွေးဖွားခြင်းဖြင့် ကလေးအသေမွေးဖွားခြင်းကို လျှော့ချပေးသည်ဖြစ်၍ ခွဲစိတ်မွေးဖွားရန်လိုအပ်သော အကြောင်းခြင်းရာမရှိလျှင် သားအိမ်ပွင့်အောင်လှုံ့ဆော်ပေးခြင်းဖြင့် ကလေးမွေးဖွားမှု စတင်အောင်ပြုလုပ်သည်
- သွေးစစ်ခြင်းများ မကြာခဏပြုလုပ်ခြင်း
- ကိုယ်ဝန်စောင့်ရှောက်မှုပေးသောဆေးခန်းများသို့ ပုံမှန်သွားခြင်းဖြင့် လိုအပ်လျှင် အသည်းနှင့် သွေးစစ်ဆေးမှုများ ပြုလုပ်ပေးသည်
- မွေးပြီးနောက် (Postnatal) အချိန်တွင်လည်း ယားယံမှု မပျောက်ကင်းသေးခြင်းနှင့် သွေးစစ်ဆေးမှုများတွင် သည်းခြေအက်စစ် (bile acid) ပမာဏ ပုံမှန်သို့ပြန်ကျမသွားပဲ ဆက်လက်မြင့်တက်နေပါက အသည်းအထူးကုဆရာဝန်နှင့် ဆက်လက်ကုသရန် လိုအပ်သည်
- လူနေမှုပုံစံနှင့် မိမိအိမ်၌ သက်သာရာရစေသော နည်းလမ်းများ
ကိုယ်ဝန်ဆောင်စဉ် သည်းခြေရည်စီးဆင်းမှုချို့ယွင်းခြင်းကြောင့် ယားယံခြင်းကို သက်သာစေရန်- အေးမြသောရေဖြင့် ရေစိမ်ရေချိုးခြင်း
- အုတ်ဂျုံဖြင့်ရေချိုးခြင်း၊ Cream လိမ်းခြင်း
- ယားယံသောအရေပြားနေရာများကို ရေခဲကပ်ခြင်း
ကာကွယ်ခြင်း
ကိုယ်ဝန်ဆောင်စဉ် သည်းခြေရည်စီးဆင်းမှုချို့ယွင်းခြင်းကို ကာကွယ်နိုင်သော နည်းလမ်း မရှိသေးပါ။ သို့သော် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် အန္တရာယ်ကို လျော့နည်းစေနိုင်ပြီး ရောဂါဖြစ်ပါက စောစီးစွာ သိရှိနိုင်သည်။
- ကိုယ်ဝန်စောင့်ရှောက်မှု ပုံမှန်ပြုလုပ်ခြင်း
- ကိုယ်ဝန်ဆောင်စဉ် သည်းခြေရည်စီးဆင်းမှု ချို့ယွင်းခြင်းလက္ခဏာများကို စောစီးစွာ သတိပြုခြင်း
- ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက် စားသုံးခြင်း
- အာဟာရပြည့်ဝသော အစားအစာများ စားသုံးပါ
- အဆီများသော အစားအစာများ အလွန်အကျွံ မစားပါနှင့်
- အသီးအရွက်နှင့် သစ်သီးများ ပိုမိုစားသုံးပါ
- ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်သုံးခြင်း
- နောက်ထပ်ကိုယ်ဝန်တွင် ထပ်ဖြစ်နိုင်ခြေ ရှိသောကြောင့် ယခင်ကိုယ်ဝန်တွင် ဖြစ်ခဲ့ဖူးပါက ဆရာဝန်ကို အသိပေးပြောကြားခြင်း
ကိုယ်ဝန်ဆောင်စဉ် သည်းခြေရည်စီးဆင်းမှုချို့ယွင်းခြင်းကို စောစီးစွာ သိရှိခြင်းနှင့် စောင့်ကြည့်၍ ကုသမှု ပြုလုပ်ခြင်းသည် မိခင်နှင့်ကလေး၏ ကျန်းမာရေးအတွက် အလွန်အရေးကြီးသည်။
မွေးဖွားပြီးနောက် သန္ဓေသားဆေးအသုံးပြုခြင်း
ကိုယ်ဝန်ဆောင်စဉ် သည်းခြေရည်စီးဆင်းမှုချို့ယွင်းခြင်းခံစားဖူးသူများတွင် အီစတိုဂျင်ပါသော သန္ဓေတားဆေးများကို အသုံးပြုပါက လက္ခဏာများ ပြန်လည်ခံစားရနိုင်ခြေ များသောကြောင့် ပရိုဂျက်စထိုဂျင် တစ်မျိုးတည်းပါရှိသော သန္ဓေတားဆေး၊ သားအိမ်ထဲထည့်သည့် သန္ဓေတားပစ္စည်းနှင့် ကွန်ဒုံးကဲ့သို့သော အကာအကွယ်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် သန္ဓေတားရန် အကြံပြုသည်။
References:
- Royal College of Obstetricians and Gynaecologists. (2022). Intrahepatic cholestasis of pregnancy. BJOG: An International Journal of Obstetrics & Gynaecology. Retrieved April 6, 2026, from https://obgyn.onlinelibrary.wiley.com/doi/epdf/10.1111/1471-0528.17206
- Mayo Clinic. (2025). Cholestasis of pregnancy: Symptoms and causes. Retrieved April 6, 2026, from https://www.mayoclinic.org/diseases-conditions/cholestasis-of-pregnancy/symptoms-causes/syc-20363257
- Cleveland Clinic. (2026). Cholestasis of pregnancy. Retrieved April 6, 2026, from https://my.clevelandclinic.org/health/diseases/17901-cholestasis-of-pregnancy
Published: 24 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.