ခံတွင်းခြောက်ခြင်း (Xerostomia) ဆိုသည်မှာ ခံတွင်းဂလင်းများမှ တံတွေးကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိသည့်အတွက် ခံတွင်းအတွင်း စေးကပ်ခြောက်သွေ့နေသည်ဟု ခံစားရသော အခြေအနေတစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် ခံတွင်းရှိ တံတွေးဂလင်း (Salivary glands) များသည် ခံတွင်းကို စိုစွတ်နေစေရန်၊ အစာခြေဖျက်မှုကို အထောက်အကူပြုရန်နှင့် ခံတွင်းသန့်ရှင်းနေစေရန် တံတွေးများကို အဆက်မပြတ် ထုတ်လုပ်ပေးသည်။ ခံတွင်းခြောက်ခြင်းသည် အချို့သောအခြေအနေများ (ဥပမာ _ ရေဓာတ် ခန်းခြောက်ခြင်း၊ အလွန်အမင်း စိုးရိမ်ပူပန်ခြင်း သို့မဟုတ် စိတ်ဖိစီးခြင်း) တွင် ခေတ္တခဏ ဖြစ်ပေါ်တတ်ပြီး ၎င်းမှာ သဘာဝပင်ဖြစ်သည်။ သို့သော် နာတာရှည် ခံတွင်းခြောက်ခြင်း (Chronic dry mouth) ရှိနေပါက ခန္ဓာကိုယ်တွင် နောက်ခံကျန်းမာရေး ပြဿနာတစ်ခုခု သို့မဟုတ် ရောဂါဝေဒနာတစ်ခုခု၏ လက္ခဏာ ဖြစ်နိုင်သည်။
ခံတွင်းခြောက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများတွင် မိမိသောက်သုံးနေသော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဖြစ်ပွါးသည်ကို အများဆုံးတွေ့ရတတ်သည်။ အသက်ကြီးလာသည်နှင့်အမျှ ကျန်းမာရေးအခြေအနေအမျိုးမျိုးနှင့် ဆေးဝါးသုံးစွဲမှုများပြားလာခြင်းကြောင့် ခံတွင်းခြောက်ခြင်း ဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာပြီး လူ (၅) ဦးတွင် (၁) ဦးခန့်မှာ ဤဝေဒနာကို ခံစားရလေ့ရှိသည်။ အကယ်၍ ခံတွင်းခြောက်ခြင်းကို သေချာစွာ မကုသဘဲ ထားပါက သွားပိုးစားခြင်း၊ သွားဖုံးရောင်ခြင်းနှင့် ခံတွင်းမှိုစွဲခြင်းကဲ့သို့သော သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများကို ပိုမိုဆိုးရွားစွာ ဖြစ်ပွါးစေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
တံတွေးဂလင်းများသည် ခံတွင်းကို စိုစွတ်နေစေရန် လုံလောက်သော တံတွေးပမာဏကို မထုတ်လုပ်နိုင်သောအခါ ခံတွင်းခြောက်ခြင်း ဖြစ်ပေါ်လာရသည်။ အောက်ပါအကြောင်းရင်းများကြောင့် အဆိုပါဂလင်းများသည် ပုံမှန်အလုပ်မလုပ်နိုင်ခြင်းဖြစ်သည်။ ၎င်းတို့မှာ_
- ခံတွင်းခြောက်စေသော ဆေးဝါးများ သုံးစွဲခြင်း
ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးရသောဆေးများ သို့မဟုတ် မိမိဘာသာ ဝယ်သောက်နိုင်သော ဆေးဝါးများစွာတို့သည် ခန္ဓာကိုယ်၏ တံတွေးထုတ်လုပ်မှုကို လျော့နည်းစေသည်။ ခံတွင်းခြောက်ခြင်း ဖြစ်စေနိုင်သည့် ဆေးဝါးအချို့မှာ_- စိတ်ငြိမ်ဆေးများနှင့် စိတ်ကျရောဂါကုသဆေးများ
- အလိုအလျောက် ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်သော Anticholinergics ဆေးများ (ဆီးမထိန်းနိုင်ခြင်း၊ ဆီးအိမ်အလွန်အကျွံ အလုပ်လုပ်ခြင်းနှင့် နာတာရှည် လေပြွန်ကျဥ်း အဆုတ်ပွရောဂါများတွင် အသုံးပြုသောဆေးများ)
- ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (Anti-histamines)၊ နှာပွင့်ဆေးများနှင့် အချို့သော အကိုက်အခဲပျောက်ဆေးများ
- အချို့သော သွေးတိုးကျဆေးများ
- ပါကင်ဆန်ရောဂါ (Parkinson’s disease) တွင် သုံးသောဆေးများစသည်တို့ ပါဝင်သည်။
- နောက်ခံကျန်းမာရေးအခြေအနေများ ရှိခြင်း
အချို့သော ရှိရင်းစွဲရောဂါများသည် ပါးစပ်ခြောက်ခြင်းကို ပိုမိုဖြစ်စေနိုင်သည်။ ၎င်းတို့မှာ_- တံတွေးဂလင်းတွင် ကျောက်တည်ခြင်း (Sialolithiasis)
- တံတွေးဂလင်း ရောင်ရမ်းခြင်း (Sialadenitis)
- ဆီးချိုရောဂါ (Diabetes)
- အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease)
- လေဖြတ်ခြင်း (Stroke)
- ရှိုးဂရန်းရောဂါစု (Sjogren’s syndrome)
- အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် (HIV/AIDS)
- ခံတွင်းမှက္ခရုဖြစ်ခြင်း (Oral thrush)
- ရေဓာတ်ခန်းခြောက်ခြင်း
- ကင်ဆာကုထုံးများဖြင့် ကုသခြင်း
ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) ကြောင့် တံတွေးဂလင်း သဘာဝနှင့် ထွက်သောပမာဏကို ပြောင်းလဲစေနိုင်သည်။ သို့သော် ကင်ဆာဆေးသွင်းကုသမှုပြီးဆုံးပါက ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ့ရှိသည်။ ထို့ပြင် ဦးခေါင်းနှင့်လည်ပင်း ကင်ဆာရောဂါများကို ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy) သည်လည်း တံတွေးဂလင်းများကို ပျက်စီးစေပြီး တံတွေးထွက်နှုန်းကို များစွာလျော့ကျစေနိုင်သည်။ ဓာတ်ရောင်ခြည်ပမာဏနှင့် ကုသသည့်နေရာအပေါ် မူတည်၍ အဆိုပါအခြေအနေများမှာ ယာယီသာ ဖြစ်နိုင်သကဲ့သို့ ရေရှည်ဖြစ်သွားသည်များလည်း ရှိနိုင်သည်။ - အသက်အရွယ်ကြီးခြင်း
လူကြီးအများစုသည် အသက်ကြီးလာသည်နှင့်အမျှ ခံတွင်းခြောက်ခြင်း လက္ခဏာများကို ခံစားရတတ်သည်။ အသက်အရွယ်ကြီးသူများတွင် ကိုယ်ခန္ဓာ၏ ဆေးဝါးများကို တုံ့ပြန်မှုပုံစံ ပြောင်းလဲခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် နာတာရှည်ကျန်းမာရေးပြဿနာများကြောင့် ခံတွင်းခြောက်ခြင်းကို ပို၍ဖြစ်နိုင်သည်။ - အာရုံကြောပျက်စီးခြင်း
ဦးခေါင်းနှင့် လည်ပင်းတစ်ဝိုက်ရှိ အာရုံကြောများကို ထိခိုက်မိခြင်း သို့မဟုတ် ခွဲစိတ်မှုပြုလုပ်ရာမှ အာရုံကြောထိခိုက်သွားခြင်းကြောင့်လည်း ခံတွင်းခြောက်နိုင်သည်။ - ဟောက်ခြင်းနှင့် ပါးစပ်ဖြင့် အသက်ရှူခြင်း
အိပ်နေစဉ် ဟောက်ခြင်းနှင့် ပါးစပ်ကို ဟ၍ အသက်ရှူခြင်းများသည် ခံတွင်းခြောက်ခြင်းကို ဖြစ်စေနိုင်သည်။ - ဆေးလိပ်နှင့် အရက်သောက်ခြင်း
အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးရွက်ကြီး ငုံခြင်း၊ ဝါးခြင်းတို့သည် ခံတွင်းခြောက်ခြင်း လက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သည်။ - မူးယစ်ဆေးဝါးများ အသုံးပြုခြင်း
မူးယစ်ဆေးဝါးများ [ဥပမာ – Methamphetamine နှင့် ဆေးခြောက် (Marijuana)] အသုံးပြုခြင်းသည် ခံတွင်းခြောက်ခြင်းကို ပြင်းပြင်းထန်ထန် ဖြစ်စေသည့်အပြင် သွားများကိုပါ ပျက်စီးစေနိုင်သည်။
ရောဂါလက္ခဏာများ
ခံတွင်းခြောက်သွေ့ခြင်း၏ ထင်ရှားသော လက္ခဏာမှာ တံတွေးမလုံလောက်မှုကြောင့် ခံတွင်းအတွင်း စေးကပ်ကပ်ဖြစ်နေခြင်းဖြစ်ပြီး စကားပြောသည့်အခါတွင်လည်း လျှာသည် အာခေါင်၌ ကပ်နေသကဲ့သို့ ခံစားရနိုင်သည်။ ထို့ပြင် ခံတွင်းခြောက်ခြင်းကြောင့် ခံစားရနိုင်သော အခြားလက္ခဏာများမှာ_
- ခံတွင်းနံ့ဆိုးခြင်း (Bad breath)
- အမြဲတစေ လည်ချောင်းနာနေခြင်း
- အစာစားခြင်း၊ စကားပြောခြင်းနှင့် အစာမျိုချခြင်းတို့တွင် ခက်ခဲခြင်း
- နှာခေါင်းအတွင်း ခြောက်သွေ့နေခြင်း
- အသံဝင်ခြင်း (Hoarseness)
- ပို၍ရေငတ်ခြင်း
- နှုတ်ခမ်း၊ လျှာနှင့် ခံတွင်းအတွင်း အနာများဖြစ်ခြင်း သို့မဟုတ် ထိုအနာများကြောင့် နာကျင်ခြင်း
- အရသာခံစားမှု ပုံမှန်မဟုတ်ခြင်း (Taste disorders)
- အံကပ် (Dentures) တပ်ဆင်ရာတွင် အဆင်မပြေဖြစ်ခြင်းစသည်တို့ ပါဝင်သည်။
အခြားရှိရင်းစွဲရောဂါများ၏ ရောဂါလက္ခဏာများကိုပါ တွေ့ရနိုင်သည်။ ၎င်းတို့မှာ _
- မျက်စိနှင့် အရေပြား ခြောက်သွေ့ခြင်း
- အရေပြားပေါ်တွင် အနီစက်များ သို့မဟုတ် အကွက်များထခြင်း (Skin rash)
- အဆစ်အမြစ်များ နာကျင်ခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
ခံတွင်းခြောက်ခြင်းသည် ရေရှည်ဖြစ်ပေါ် ပါက အောက်ပါဝေဒနာများ ဖြစ်ပွါးနိုင်ခြေ ပိုများသည်။
- သွားပိုးစားခြင်း
တံတွေးသည် သွားများကို ကာကွယ်ပေးပြီး ဘက်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်သောကြောင့် တံတွေးနည်းပါက သွားပိုးစားရန် ပိုမိုလွယ်ကူပြီး သွားပိုးစားခြင်း ပို၍ဖြစ်နိုင်သည်။ - သွားဖုံးရောဂါဖြစ်ခြင်း
တံတွေးလုံလောက်စွာ မထွက်ခြင်းကြောင့် ခံတွင်းအတွင်း ပိုးမွှားများ ပွါးများလာပြီး သွားဖုံးများ ရောင်ရမ်းခြင်း၊ သွေးထွက်ခြင်းတို့ ဖြစ်နိုင်သည်။ - ခံတွင်းအနာများဖြစ်ခြင်း
ခံတွင်းအတွင်းသားများ ခြောက်သွေ့ပြီး ပွတ်တိုက်မှုများဖြစ်သောကြောင့် ခံတွင်းတွင်အနာများ ဖြစ်လွယ်သည်။ - နှုတ်ခမ်းကွဲခြင်း
အစိုဓာတ်မရှိသောကြောင့် နှုတ်ခမ်းသားများ ခြောက်သွေ့အက်ကွဲတတ်သည်။ - မှက္ခရုဖြစ်ခြင်း
ခံတွင်းခြောက်ခြင်းကြောင့် ခံတွင်းအတွင်း မှိုပိုး (Fungal infection) များ ပွါးများလာပြီး လျှာနှင့် ခံတွင်းတွင် အဖြူကွက်များ ဖြစ်ပေါ်လာတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်၊ သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် ပြသတိုင်ပင်ရန်လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာ ဆရာဝန် သို့မဟုတ် သွားဘက်ဆိုင်ရာ ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ ဆေးမှတ်တမ်း (Medical history) ကို ပြန်လည်စစ်ဆေးပြီး လက်ရှိ သောက်သုံးနေသော ဆေးဝါးများအကြောင်းကိုလည်း မေးမြန်းခြင်း၊ လျှာနှင့် ပါးစောင်အတွင်းသားများ ချောမွေ့ပြောင်လက်မှုနှင့် စိုစွတ်မှု ရှိမရှိ စသည်တို့ကို စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။ ထို့ပြင် ခံတွင်းခြောက်ခြင်းကြောင့် ဖြစ်ပွါးတတ်သည့် သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါ လက္ခဏာများကိုလည်း ရှာဖွေစစ်ဆေးမည်။ လိုအပ်ပါက သွေးစစ်ဆေးခြင်း သို့မဟုတ် တံတွေးထွက်နှုန်း တိုင်းတာသည့် စစ်ဆေးမှုများကို ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
ခံတွင်းခြောက်ခြင်းကို ကုသရာတွင် ဖြစ်ပွါးရသည့် အကြောင်းရင်းပေါ် မူတည်၍ ကုသမှုနည်းလမ်းများ ကွဲပြားနိုင်သည်။
- ဖြစ်ပွါးရသည့်အကြောင်းရင်းကို ကုသခြင်း
ကုသမှု၏ ပထမခြေလှမ်းမှာ ခံတွင်းခြောက်ရသည့် အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်။- ဆေးဝါးများကို ချိန်ညှိခြင်း
အကယ်၍ ဆေးဝါးကြောင့် ခံတွင်းခြောက်ခြင်းဖြစ်သည်ဟု သံသယရှိပါက သောက်လက်စ ဆေးပမာဏကို ချိန်ညှိပေးခြင်း သို့မဟုတ် အခြားဆေးတစ်မျိုးဖြင့် ပြောင်းလဲပေးခြင်းတို့ ပြုလုပ်နိုင်သည်။ သို့သော် မိမိသဘောဖြင့် ဆေးပမာဏ လျှော့ခြင်း၊ ဖြတ်ခြင်းကို လုံးဝမပြုလုပ်ရပါ။ - ရှိရင်းစွဲရောဂါများကို ကုသခြင်း
ရှိုးဂရန်းရောဂါစု၊ အယ်လ်ဇိုင်းမားရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့သော ရောဂါများကြောင့်ဖြစ်ပါက အဆိုပါရောဂါများကို စနစ်တကျကုသခြင်းဖြင့် ခံတွင်းခြောက်ခြင်း လက္ခဏာများကို သက်သာစေနိုင်သည်။ ထို့ပြင် တစ်ခါတစ်ရံတွင် တံတွေးထွက်နှုန်း လှုံ့ဆော်ပေးသောဆေးများ (ဥပမာ _ Pilocarpine (Salagen) နှင့် Cevimeline (Evoxac) ဆေးများ အသုံးပြု၍ ကုသနိုင်သည်။
- ဆေးဝါးများကို ချိန်ညှိခြင်း
- ခံတွင်းစိုစွတ်စေသော ဆေးဝါးထုတ်ကုန်များ အသုံးပြုခြင်း
ခံတွင်းကို ချောမွေ့စိုစွတ်စေရန် အောက်ဖော်ပြပါ ဆေးညွှန်းပါရှိသော ဆေးဝါးများ၊ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သော ဆေးဝါးထုတ်ကုန်များကို အသုံးပြုနိုင်သည်။ ၎င်းတို့မှာ_- Sorbitol ပါဝင်သော ငုံဆေးများ
- တံတွေးတု (Artificial saliva) ပါဝင်သော ဖျန်းဆေး၊ ဂျယ်လ်နှင့် ပလုတ်ကျင်းဆေးရည်များ
- ခံတွင်းအစိုဓာတ်ထိန်းဆေးများ
- အရက်ပြန်မပါသော ပလုတ်ကျင်းဆေးများ အထူးသဖြင့် ခံတွင်းခြောက်ခြင်းအတွက် သီးသန့်ထုတ်လုပ်ထားသော Xylitol ပါဝင်သော ခံတွင်းစိုစွတ်စေသည့် ဆေးများ (ဥပမာ – Biotene Dry Mouth Oral Rinse သို့မဟုတ် Act Dry Mouth Mouthwash) စသည်တို့ကို အသုံးပြုနိုင်သည်။
- နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ခံတွင်းကို စိုစွတ်နေစေရန် အောက်ပါ နေထိုင်မှုပုံစံများနှင့် အိမ်တွင်းကုထုံးများ လုပ်ဆောင်နိုင်သည်။- ရေကို တစ်ငုံချင်းစီ မကြာခဏ သောက်ပေးခြင်း
ခံတွင်းစိုစွတ်နေစေရန် မကြာခဏရေသောက်ပေးခြင်း သို့မဟုတ် ရေခဲတုံးလေးများကို ငုံပေးခြင်းတို့ကို တစ်နေ့တာလုံး မကြာခဏ ပြုလုပ်ပေးပါ၊ အစာစားစဉ်အချိန်တွင်လည်း အစာဝါးရ၊ မျိုချရ လွယ်ကူစေရန် ရေနှင့် တွဲဖက်သောက်ပေးခြင်း ပြုလုပ်ပေးပါ၊ အချိုရည်များကိုမူ ရှောင်ကြဉ်ရန် လိုအပ်သည်။ - သကြားမပါသော ပီကေ သို့မဟုတ် ငုံဆေးများကို အသုံးပြုခြင်း
Xylitol ပါဝင်သော ထုတ်ကုန်ပစွည်းများကို စားသုံးခြင်းဖြင့် သွားပိုးစားခြင်းကို ကာကွယ်ပေးနိုင်သည်၊ သို့သော် Xylitol ကို ပမာဏအများအပြား စားသုံးမိပါက အချို့သူများတွင် လေပွခြင်း သို့မဟုတ် ဝမ်းလျှောခြင်း ဖြစ်နိုင်သည်ကို သတိပြုရန်လိုသည်။ - တံတွေးအစားထိုး ပစ္စည်းများကို စမ်းသုံးကြည့်ခြင်း
ဆရာဝန်ညွှန်ကြားချက်မလိုအပ်ဘဲ ဆေးဆိုင်တွင်ဝယ်ယူနိုင်သော Xylitol ပါဝင်သည့် ဖျန်းဆေးများ (ဥပမာ – Mouth Kote သို့မဟုတ် Oasis) သို့မဟုတ် Carboxymethylcellulose နှင့် Hydroxyethyl cellulose ပါဝင်သည့် ဂျယ်လ်များ (ဥပမာ – Biotene Dry Mouth Oral Balance Gel) ကို အသုံးပြုနိုင်သည်။ - နှာခေါင်းဖြင့် အဓိကအသက်ရှူခြင်း
တတ်နိုင်သမျှ ပါးစပ်ဖြင့် အသက်မရှူပါနှင့်၊ အကယ်၍ ညဘက်အိပ်ချိန်တွင် ဟောက်ခြင်းကြောင့် ပါးစပ်ဖြင့် အသက်ရှူနေရပါက ထိုသို့ဖြစ်ခြင်းအတွက် ကုသမှုခံယူရန် လိုအပ်သည်။ - ပတ်ဝန်းကျင် လေထုအစိုင်းဓာတ်ကို ထိန်းခြင်း
အိပ်ခန်းအတွင်း အစိုဓာတ်ထိန်းစက် (Humidifier) အသုံးပြုပါ။ - နှုတ်ခမ်းအစိုဓာတ်ထိန်းခြင်း
နှုတ်ခမ်းအဆီ (Lip balm) လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းခြောက်သွေ့အက်ကွဲခြင်းကို သက်သာစေသည်။ - ရေများများသောက်ပါ
ခန္ဓာကိုယ်ထဲတွင် ရေဓာတ်ပြည့်ဝနေစေရန် ရေများများသောက်ပါ။
- ရေကို တစ်ငုံချင်းစီ မကြာခဏ သောက်ပေးခြင်း
ကာကွယ်ခြင်း
ခံတွင်းခြောက်ခြင်းကို တစ်ခါတည်းနှင့် အမြစ်ပြတ်ပျောက်ကင်းစေမည့် ကုသနည်းဟူ၍ မရှိသော်လည်း ဖြစ်ပွားနိုင်ခြေနှင့် ဝေဒနာကို လျော့ကျစေမည့် နည်းလမ်းများစွာရှိသည်။ အရေးကြီးဆုံးမှာ စနစ်တကျ ခံတွင်းသန့်ရှင်းရေးလုပ်ခြင်း နှင့် သွားဘက်ဆိုင်ရာဆရာဝန်ထံ ပုံမှန်ပြသခြင်းတို့ဖြစ်သည်။
သွားနှင့်ခံတွင်း ကျန်းမာရေးကို ကာကွယ်ခြင်း
တံတွေးသည် ခံတွင်းကျန်းမာရေးအတွက် အလွန်အရေးကြီးသောကြောင့် သွားနှင့် ခံတွင်းကို ဂရုစိုက်ခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို ဖြစ်ပွါးခြင်းကို လျော့ချနိုင်သည်။
- ဖလိုရိုက်ပါသော သွားတိုက်ဆေးဖြင့် တစ်နေ့ (၂) ကြိမ် စနစ်တကျသွားတိုက်ပါ
- တစ်နေ့ တစ်ကြိမ် သွားကြားပွတ်ကြိုး သုံး၍ သွားသန့်ရှင်းရေး ပြုလုပ်ပါ
- သွားပိုးစားခြင်းမှ ကာကွယ်ရန် ညအိပ်ချိန်တွင် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဖလိုရိုက်ပါသော သွားစွပ် (Fluoride trays) ကို သွားတွင် တပ်ဆင်ခြင်း သို့မဟုတ် အိပ်ရာမဝင်မီ ဖလိုရိုက်ဂျယ်လ်လိမ်းခြင်းကို ပြုလုပ်နိုင်သည်
- တစ်ပတ်လျှင် တစ်ကြိမ် Chlorhexidine ပါသော ပလုတ်ကျင်းဆေးရည် သုံးနိုင်သည်
- တစ်နှစ်လျှင် အနည်းဆုံး (၂) ကြိမ် သွားဘက်ဆိုင်ရာဆရာဝန်နှင့် သွားစစ်ဆေးခြင်းနှင့် သွားကျောက်များ ဖယ်ရှားခြင်းတို့ ပြုလုပ်ပါ။
ရှောင်ကြဉ်သင့်သည့်အချက်များ
ခံတွင်းခြောက်ခြင်း လက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သော အောက်ပါအချက်တို့ကို ရှောင်ကြဉ်ရန် လိုအပ်သည်။
- ကဖိန်းနှင့် အရက်
ကဖိန်းဓာတ်များသော အစားအစာများစားခြင်းနှင့် အရက်သောက်ခြင်းသည် ခံတွင်းကို ပိုမိုခြောက်သွေ့စေပြီး စပ်ဖျဉ်းဖျဉ်း ခံစားမှုကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် အရက်ပါဝင်သော အာလုပ်ကျင်းဆေးများကို ရှောင်ကြဥ်ရန် လိုအပ်သည်။ - ဆေးရွက်ကြီးနှင့် ဆေးလိပ်
ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးရွက်ကြီးငုံခြင်း၊ ဝါးခြင်းကို ရှောင်ကြဥ်ရန်လိုသည်။ ထို့သို့ပြုလုပ်ခြင်းသည် ခံတွင်းကို ခြောက်သွေ့စေရုံသာမက ခံတွင်း၏ ပါးစောင်နံရံများကိုပါ ထိခိုက်စေနိုင်သည်။ - ဆေးဝါးများ သုံးစွဲခြင်း
ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူရရှိနိုင်သော နှာပိတ်ခြင်းနှင့် ဓာတ်မတည့်ခြင်းများကို ကုသရာတွင်သုံးသည့် ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (Antihistamines) များသည် ခံတွင်းခြောက်ခြင်းကို ပိုဆိုးစေနိုင်သည်။ ထို့ကြောင့် ထိုဆေးများကို ညဘက်တွင်မသောက်ဘဲ မနက်ပိုင်းတွင် သောက်ရန်လိုသည်။ ညဘက်တွင် ခံတွင်းခြောက်ခြင်းဖြစ်ပါက သွားပိုးစားခြင်းနှင့် အခြားသွားကျန်းမာရေးပြဿနာများ ပိုမိုဖြစ်လွယ်သောကြောင့်ဖြစ်သည်။ - အစားအသောက်များ
သကြားဓာတ်နှင့် အချဉ်ဓာတ်များသော အစားအစာများ၊ ဂတ်စ်ပါသော အချိုရည်များနှင့် အရက်ပါဝင်သော သောက်စရာများ သွားပိုးစားနိုင်ခြေကို မြင့်တက်စေသည်။ အစပ်နှင့် အငန်ဓာတ်များသော အစားအစာများသည် ခံတွင်းကို စပ်ဖျဥ်းဖျဥ်း ခံစားမှုကို ဖြစ်စေနိုင်သည်။ ထို့ပြင် အစားအစာခြောက်များ (ပေါင်မုန့်ခြောက်၊ အသားခြောက်၊ အသီးခြောက်) များသည်လည်း ခံတွင်းခြောက်ခြင်းကို ဖြစ်စေသောကြောင့် ရှောင်ကြဥ်ရမည်ဖြစ်သည်။
References:
- Mayo Clinic. (2023). Dry mouth: Diagnosis and treatment. Retrieved April 2, 2026, from https://www.mayoclinic.org/diseases-conditions/dry-mouth/diagnosis-treatment/drc-20356052
- National Health Service. (n.d.). Dry mouth. Retrieved April 2, 2026, from https://www.nhs.uk/symptoms/dry-mouth/
- Cleveland Clinic. (2023). Dry mouth (xerostomia). Retrieved April 2, 2026, from https://my.clevelandclinic.org/health/diseases/10902-dry-mouth-xerostomia
- National Institute of Dental and Craniofacial Research. (n.d.). Dry mouth. Retrieved April 2, 2026, from https://www.nidcr.nih.gov/health-info/dry-mouth
- WebMD. (2024). Dry mouth: Causes, symptoms, and treatment. Retrieved April 2, 2026, from https://www.webmd.com/oral-health/dental-health-dry-mouth
Published: 23 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.