ကျောက်ဂွမ်းကြောင့်ဖြစ်သော အဆုတ်ရောဂါ (Asbestosis) ဆိုသည်မှာ ကျောက်ဂွမ်းအမျှင်များ၊ အမှုန်များ (Asbestos) ကို ကြာရှည်စွာ ရှူရှိုက်မိခြင်းကြောင့် အဆုတ်အမာရွတ်များ ဖြစ်ပေါ်ကာ နာတာရှည် အဆုတ်ရောဂါဖြစ်ခြင်းကို ခေါ်သည်။ နှစ်ပေါင်းများစွာ ကျောက်ဂွမ်းမှုန်များကို ရှူရှိုက်မိခြင်းကြောင့် အဆုတ်တွင် ရောင်ရမ်းအမာရွတ်ဖြစ်ခြင်း (Pulmonary fibrosis) ဖြစ်ပေါ်စေပြီး ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်းကို ဖြစ်ပေါ်စေသည်။ လုပ်ငန်းခွင်ကြောင့် ဖြစ်ပွါးသောရောဂါ (Occupational disease) တစ်ခုဖြစ်ပြီး ကျောက်ဂွမ်းပါဝင်မှုများသော ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ရသောလုပ်ငန်းတွင် ကြာရှည်လုပ်ကိုင်ရပါက အဆိုပါရောဂါဖြစ်နိုင်သည်။ ကျောက်ဂွမ်းကြောင့် ဖြစ်ပွါးသော အဆုတ်ရောဂါ၏ လက္ခဏာများသည် ရိုးရိုးသာမာန်အဆင့်မှ ပြင်းထန်အဆင့်အထိ ဖြစ်ပေါ်နိုင်သည်။
ကျောက်ဂွမ်း (Asbestos)
ကျောက်ဂွမ်း (Asbestos) ဆိုသည်မှာ ပြင်ပပတ်ဝန်းကျင်တွင် သဘာဝအလျောက် တွေ့ရသော အမျှင်ပုံစံရှိ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး၊ ရေတွင် ပျော်ဝင်ခြင်းမရှိဘဲ အပူချိန်၊ လေ၊ ရေတိုက်စားမှုဒဏ်သာမက ဓာတုပစ္စည်းများဖြင့် ဖျက်ဆီးမှုဒဏ်ကိုလည်း ခံနိုင်သော ဂုဏ်သတ္တိရှိသည်။ ထို့ကြောင့် ရှေးခေတ်မှစ၍ မီးခံကျောက်ပြားများ၊ အင်္ဂတေများ၊ နံရံကြမ်းခင်းများ၊ ကြွေပြားများ ပြုလုပ်ရာတွင် အသုံးပြုပြီး အိမ်၊ သင်္ဘောဘွိုင်လာ၊ ကားဘရိတ်စသဖြင့် ဆောက်လုပ်ရေးလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းများ၌ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ကျောက်ဂွမ်းအမျိုးအစားတွင် ကျောက်ဂွမ်းအဖြူ (White asbestos or chrysotile) နှင့် ကျောက်ဂွမ်းအပြာ (Blue asbestos or crocidolite) ဟူ၍ (၂) မျိုးရှိပြီး၊ ယခင်ခေတ်က ပိုမိုအသုံးများခဲ့သော ကျောက်ဂွမ်းပြာသည် ကျန်းမာရေးထိခိုက်နိုင်သည့် အန္တရာယ်ပိုများသည်။
ကျောက်ဂွမ်းသည် လေထဲသို့ အမှုန်အဖြစ် မပျံ့နှံ့သရွေ့ အန္တရာယ်မရှိပါ။ ကြွေပြား၊ ကျောက်ပြားများတွင် ပါဝင်သော ကျောက်ဂွမ်းသည် ယေဘုယျအားဖြင့် အန္တရာယ်မရှိပါ။ သို့သော် ထိုပစ္စည်းများကို ဖြတ်တောက် ခြင်း၊ ဖြိုချခြင်းစသည့် လုပ်ငန်းများတွင် ကျောက်ဂွမ်းများသည် အမှုန်အနေဖြင့် လေထဲသို့ ပျံ့နှံ့လာပါက အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်လာပြီး ရောဂါဖြစ်စေသည်။ ထိုသို့ကျန်းမာရေးအန္တရာယ်များကို မသိရှိသေးချိန် (၁၉၇၀) ခုနှစ် မတိုင်မှီအချိန်က ကျောက်ဂွမ်းမျှင်များနှင့် ထိတွေ့မှုများသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လုပ်ကိုင်ကြသူများသည် နှစ်ပေါင်းများစွာ ကြာပြီးနောက် အဆုတ်ရောဂါများ ဖြစ်ပွါးကြသည်ကို တွေ့ရသည်။ လက်ရှိအချိန်တွင်မူ ကျောက်ဂွမ်းအသုံးပြုမှုကို တင်းကြပ်စွာဖြင့် စောင့်ကြည့်ထိန်းသိမ်းနေကြပြီး လုပ်ငန်းခွင်တွင် ကျောက်ဂွမ်းထိတွေ့မှု မရှိစေရန် လုံခြုံရေး အစီအစဥ်များကိုလည်း တိကျစွာ ချမှတ်ထားသည်။ ထို့အပြင် ကျောက်ဂွမ်းပါဝင်သောပစ္စည်းများကို ကိုင်တွယ်အသုံးပြုရာတွင်လည်း ကျွမ်းကျင်ပညာရှင်များ၏ စီမံခန့်ခွဲမှုများဖြင့် ဆောင်ရွက်နေကြပြီဖြစ်သည်။
အောက်ပါပစ္စည်းများနှင့် ထုတ်ကုန်များတွင် ကျောက်ဂွမ်းပါဝင်မှုရှိသည်။
- မော်တော်ကားကလပ်ပြားများနှင့် ဘရိတ်အကာများ (Car clutch pads and brake linings) နှင့် ဂတ်စ်ကတ် (Gaskets) များ
- ဆောက်လုပ်ရေးသုံး ဘိလပ်မြေ၊ ပတ်တီး (Putties) နှင့် ပလာစတာများ
- အပူကာပစ္စည်းများ (Insulation)
- ရေပိုက်အပေါ်ယံအကာများ (Pipe wrapping)
- နံရံကပ်ကြွေပြားများနှင့် အမိုးအကာများ
- ဗီနိုင်း ကြမ်းခင်းကြွေပြားများ (Vinyl floor tiles)
- လျှပ်စစ်ဝိုင်ယာကြိုး အစွပ်များ
- အပူခံကတ်ထူပြားများ (Millboard)
- နံရံဖာထေးသည့်ပစ္စည်းနှင့် ဆက်ကြောင်းဖြည့်ပစ္စည်းများ (Patching and joint compound)
- ကြမ်းခင်းကြွေပြားများနှင့် ကပ်ခွာများ
- အသံလုံစေသော ပစ္စည်းများ (ဥပမာ_ အသံလုံမျက်နှာကြက် ကြွေပြားများ၊ ကပ်ခွာများ)
- ဂတ်စ်သုံးမီးလင်းဖိုများတွင် အသုံးပြုသည့် ပြာတုနှင့် မီးခဲတုများ
- မီးခံလက်အိတ်များ၊ မီးဖိုပေါ်တင်အောက်ခံပြားများ၊ စားပွဲတင်အောက်ခံပြားများနှင့် မီးခံထည်များ (စောင်နှင့် လိုက်ကာများ အပါအဝင်)
- ပလတ်စတစ်၊ ဆေးသုတ်ဆေး၊ အလွှာလိုက်သုတ်ဆေးများနှင့် ကပ်ခွာများ
- Vermiculite ပါဝင်သော အပူကာပစ္စည်းများနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အဓိကဖြစ်စေသော အကြောင်းရင်းမှာ ကျောက်ဂွမ်းမှုန် ပမာဏများစွာကို အချိန်ကြာမြင့်စွာ ရှူရှိုက်မိခြင်းကြောင့်ဖြစ်သည်။ ကျောက်ဂွမ်းနှင့် ထိတွေ့မှုများသော လုပ်ငန်းခွင်များ (ဥပမာ_ မိုင်းတွင်းများ၊ စက်ရုံများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ) တွင် ကြာရှည်လုပ်ကိုင်ကြသူများတွင် အဖြစ်များသည်။ ပတ်ဝန်းကျင်ရှိ ကျောက်ဂွမ်းမှုန်များကို ရေရှည်ရှူရှိုက်မိသောအခါ ထိုအမှုန်များသည် အဆုတ်တွင်းရှိ လေအိတ်ငယ်များ (Alveoli) များတွင် တွယ်ကပ်သွားသည်။ ထိုအမှုန်များသည် ကိုယ်ခံအားစနစ်၏ ဖျက်ဆီးမှုဒဏ်ကို ခံနိုင်ပြီး အဆုတ်ထဲတွင် တဖြည်းဖြည်းစုပုံလာသည်။ ထိုအမှုန်အစုအဝေးသည် လေအိတ်ငယ်များကို ပိတ်ဆို့စေပြီး အဆုတ်တစ်ရှူးများကို ရောင်ရမ်းစေသည်။ လေအိတ်ငယ်များ ပိတ်ဆို့ခြင်းကြောင့် အောက်စီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် လဲလှယ်မှု ကောင်းစွာ မပြုလုပ်နိုင်သဖြင့် အသက်ရှူလုပ်ငန်း ထိခိုက်စေသည်။ ထို့ပြင် နာတာရှည်ရောင်ရမ်းမှုကြောင့် အဆုတ်တစ်ရှူးများတွင် အမာရွတ်များ ဖြစ်ပေါ်လာပြီး အသက်ရှူရခက်ခဲခြင်းကိုလည်း ဖြစ်စေသည်။ ဆေးလိပ်သောက်ခြင်းသည် အဆုတ်လေအိတ်ငယ်များထဲတွင် ကျောက်ဂွမ်းမှုန့်များ ပိတ်ဆို့ခြင်းကို ပိုမိုအားပေးပြီး ရောဂါကို လျင်မြန်စွာ ဆိုးဝါးစေနိုင်သည်။
ရောဂါဖြစ်နိုင်ခြေများစေသောအချက်များ
ကျောက်ဂွမ်းကြောင့်ဖြစ်သော အဆုတ်ရောဂါဖြစ်နိုင်ခြေသည် အောက်ပါအချက်များပေါ် မူတည်သည်။
- ကျောက်ဂွမ်းပါဝင်မှု ပမာဏနှင့် သိပ်သည်းဆ
- ကျောက်ဂွမ်းမျှင် အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် အမျိုးအစား (ကျောက်ဂွမ်းအဖြူ၊ အပြာ စသည်)
- ကျောက်ဂွမ်းမှုန်များနှင့် ထိတွေ့မှု ကြာမြင့်ချိန် (လပေါင်း၊ နှစ်ပေါင်းများစွာ စသည်)
- အဆုတ်ရောဂါအခံရှိခြင်း (ဥပမာ_ လေပြွန်ရောင်ခြင်း၊ ရင်ကျပ်ခြင်း)
- ဆေးလိပ်သောက်သုံးခြင်း
- ရောဂါဖြစ်နိုင်ခြေများစေသော မျိုးဗီဇ DNA ပြောင်းလဲမှုများ၊ ချို့ယွင်းမှုများရှိခြင်း
(၁၉၇၀) ခုနှစ်မတိုင်မီ ကျောက်တွင်းများ၊ မိုင်းတွင်းများကို တူးဖော်ခြင်း၊ ကြိတ်ခွဲခြင်း၊ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်း၊ ဖယ်ရှားခြင်းစသည်တို့တွင် အလုပ်လုပ်ကိုင်သူများသည် ရောဂါဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။
- ကျောက်ဂွမ်းတွင်းလုပ်သားများ
- လေယာဉ်နှင့် စက်ပြင်သမားများ
- ဘွိုင်လာအလုပ်သမားများ
- အဆောက်အဦး ဆောက်လုပ်ရေး အလုပ်သမားများ
- လျှပ်စစ်ဆိုင်ရာ အလုပ်သမားများ
- မီးရထား အလုပ်သမားများ
- ရေနံချက်စက်ရုံ အလုပ်သမားများ
- သင်္ဘောကျင်း အလုပ်သမားများသည် ရောဂါဖြစ်နိုင်ခြေ ပိုများသည်။
ထိုလုပ်ငန်းများတွင် တိုက်ရိုက်လုပ်ကိုင်နေသူများသာမက ၎င်းတို့၏ အတူနေမိသားစုဝင်များသည်လည်း အဝတ်အစားများ၊ အသုံးအဆောင်များတွင် ကပ်ပါလာသော ကျောက်ဂွမ်းကို သွယ်ဝိုက်ထိတွေ့သဖြင့် ရောဂါဖြစ်နိုင်ခြေ များနိုင်သည်။ အလားတူပင် ကျောက်တွင်း၊ မိုင်းတွင်းအနီးတွင် နေထိုင်သူများသည်လည်း လေထဲသို့ လွင့်လာသော ကျောက်ဂွမ်းမျှင်များကို ရှူရှိုက်မိနိုင်ခြေများသည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် ယေဘုယျအားဖြင့် ကျောက်ဂွမ်းမှုန်များကို ရှူရှိုက်မိပြီး သို့မဟုတ် ထိတွေ့မိပြီးနောက် (၁၀)နှစ် မှ (၄၀)နှစ်ကြာပြီးမှ ဖြစ်ပေါ်လာတတ်သည်။ အဆုတ်ထိခိုက်မှု အနည်းအများပေါ် မူတည်၍ လက္ခဏာများ ကွဲပြားနိုင်သည်။ အဓိကတွေ့ရသော လက္ခဏာမှာ အသက်ရှူမဝခြင်း၊ မောခြင်းဖြစ်သည်။ အခြားတွေ့နိုင်သော ရောဂါလက္ခဏာများမှာ_
- နာတာရှည် ချောင်းခြောက်ဆိုးခြင်း
- ရင်ကျပ်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- အဆုတ်တွင် အမာရွတ်ဖြစ်ခြင်းကြောင့် အသက်ရှူသွင်းချိန်တွင် အဆုတ်တွင်း လေရှူသံ ခပ်ပြင်းပြင်းကြားရခြင်း (Crackling sound when inhaling)
- လက်သည်းခုံးခြင်း (Clubbing)
- အလွန် အားအင်ကုန်ခန်းခြင်း၊ အစားအသောက်ပျက်ခြင်း
- အမောမခံနိုင်ခြင်း၊ အနည်းငယ်လှုပ်ရှားရုံဖြင့် အလွန်မောပန်းခြင်း
- အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
ကျောက်ဂွမ်းကြောင့်ဖြစ်သော အဆုတ်ရောဂါ၏ နောက်ဆက်တွဲပြဿနာများမှာ အဆုတ်တွင် အမာရွတ်များ ဖြစ်ပေါ်ခြင်းကြောင့်ဖြစ်သည်။
- အဆုတ်အမာရွတ်များ (Pulmonary fibrosis) ကြောင့် အဆုတ်၏ ပုံမှန် ကျုံ့ခြင်း၊ ပွခြင်းကို ကောင်းစွာမလုပ်နိုင်တော့ဘဲ အသက်ရှူလုပ်ငန်းထိခိုက်ခြင်း၊ အောက်ဆီဂျင်ကျဆင်းခြင်း
- အဆုတ်သွေးလွှတ်ကြော ဖိအားတက်ခြင်း (Pulmonary hypertension)
- ကျောက်ဂွမ်းကြောင့်ဖြစ်သော အဆုတ်ရောဂါသည် ကင်ဆာရောဂါမဟုတ်သော်လည်း ကျောက်ဂွမ်းမှုန်များနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ခြင်းကြောင့် အဆုတ်ကင်ဆာ (Lung cancer) နှင့် အဆုတ်အမြှေးဖုံးကင်ဆာ (Mesothelioma) စသည့်ကင်ဆာများ ဖြစ်နိုင်ခြေများသည်။ ဆေးလိပ်သောက်သုံးသူများတွင် ထိုကင်ဆာများ ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အကယ်၍ ကျောက်ဂွမ်းနှင့် ထိတွေ့မှုများသော လုပ်ငန်းခွင်တွင် အချိန်ကြာမြင့်စွာ လုပ်ကိုင်ခဲ့ဖူးခြင်း၊ ကျောက်ဂွမ်းမှုန်များကို ရေရှည်ရှူရှိုက်မိသော ရာဇဝင်ရှိခြင်း စသည့်အချက်များရှိပြီး အသက်ရှူမဝခြင်း၊ နာတာရှည်ချောင်းခြောက်ဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းစသော အသက်ရှူဆိုင်ရာလက္ခဏာများကို ခံစားရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းတို့ဖြင့် ရောဂါရှာဖွေကုသပေးမည်။ လိုအပ်ပါက သက်ဆိုင်ရာ အဆုတ်အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်ဖြစ်သည်။
ရောဂါရှာဖွေခြင်း
ကျောက်ဂွမ်းကြောင့်ဖြစ်သော အဆုတ်ရောဂါကို အတိအကျ ဖော်ထုတ်နိုင်သော စစ်ဆေးမှုမရှိပါ။ ရောဂါလက္ခဏာများ၊ အဆုတ်ထိခိုက်မှုပုံစံနှင့် ပုံရိပ်ဖော်စစ်ဆေးခြင်းမှ တွေ့ရှိချက်များကို ကျောက်ဂွမ်းနှင့် ကြာရှည်စွာထိတွေ့ခြင်း ရှိမရှိ အချက်များနှင့် ချိန်ဆ၍ ရောဂါဖြစ်နိုင်ခြေကို ဖော်ထုတ်ခြင်းဖြစ်သည်။
ရောဂါရှာဖွေရန် လူနာ၏ ရောဂါရာဇဝင်ကိုမေးမြန်းခြင်း (အသက်ရှူခြင်းဆိုင်ရာ လက္ခဏာများ၊ ဖြစ်ပေါ်သော အချိန်ကာလစသည်)ကို ပြုလုပ်မည်ဖြစ်သည်။ ကျောက်ဂွမ်းကြောင့်ဖြစ်သော အဆုတ်ရောဂါသည် အခြားအဆုတ်ရောဂါများနှင့် လက္ခဏာဆင်တူသောကြောင့် ရောဂါသံသယရှိပါက ယခင်လုပ်ကိုင်ဖူးသော လုပ်ငန်းများနှင့် လုပ်ငန်းခွင်များအကြောင်း၊ ကျောက်ဂွမ်းမှုန်များ ရှူရှိုက်မိသည့် ရာဇဝင်ရှိမရှိ စသည်တို့ကို အသေးစိတ်မေးမြန်းရန် လိုအပ်သည်။ ရောဂါရာဇဝင် မေးမြန်းပြီးနောက် ကိုယ်ခန္ဓာကို စမ်းသပ်ခြင်း (အသက်ရှူလမ်းကြောင်း စစ်ဆေးခြင်း၊ အသက်ရှူသံပြောင်းလဲမှုများကို နားထောင်ခြင်း) ကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ရောဂါပြင်းထန်မှုနှင့် အဆုတ်ထိခိုက်မှုများကို သိရှိနိုင်ရန် ပုံရိပ်ဖော်စစ်ဆေးခြင်းနှင့် အခြားစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X-ray) – ပြင်းထန်အဆင့်တွင် အဆုတ်တွင် အဖြူရောင် အရိပ်များကို တွေ့နိုင်သည်။ အဆုတ်တစ်ရှူးများ ပျက်စီးပြီး ပျားအုံကွက်ပုံစံ (Honeycomb) များကိုလည်း တွေ့နိုင်သည်
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan) – အဆုတ်ထိခိုက်မှုများကို ပိုမိုတိကျစွာ သိရှိနိုင်ပြီး ရောဂါဖြစ်ခါစအဆင့်ကိုပင် ရှာဖွေပေးနိုင်သည်
- အဆုတ်လုပ်ဆောင်ချက် စစ်ဆေးခြင်း (Spirometry) – အဆုတ်၏ လေရှူသွင်း၊ ရှူထုတ်နိုင်စွမ်းကို စစ်ဆေးနိုင်သည်။
- အဆုတ်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Bronchoscopy) – အဆုတ်အတွင်းရှိ ထိခိုက်မှုများကို စစ်ဆေးနိုင်သလို အသားစယူခြင်းကိုလည်း တစ်ပြိုင်နက် စစ်ဆေးနိုင်သည်
- အဆုတ်အမြှေးပါးအတွင်းရှိ အရည်ကို စစ်ဆေးခြင်း (Thoracentesis) – အဆုတ်အမြှေးပါးရှိ အရည်ကို အာထရာဆောင်းအကူအညီသုံးကာ အပ်ဖြင့်စုပ်ယူ၍ စစ်ဆေးခြင်းဖြစ်သည်
- အဆုတ်အသားစယူခြင်း (Lung biopsy) – အဆုတ်ထိခိုက်မှုကို စစ်ဆေးသည်။ အများအားဖြင့် ပြုလုပ်လေ့မရှိဘဲ အခြား အဆုတ်ရောဂါများနှင့် ခွဲခြားနိုင်ရန် သို့မဟုတ် အဆုတ်ကင်ဆာ၊ အဆုတ်အမြှေးဖုံးကင်ဆာများကို ရှာဖွေရန် ပြုလုပ်နိုင်သည်။
ရောဂါပြင်းထန်မှု အဆင့်သတ်မှတ်ချက်
ရောဂါပြင်းထန်မှုကို အဆုတ်ထိခိုက်ပျက်စီးမှုပေါ် မူတည်၍ အောက်ပါအတိုင်း သတ်မှတ်ထားသည်။
- Grade 0 – လေပြွန်များတွင် အမာရွတ်ဖြစ်ခြင်း မရှိပါ
- Grade 1 – လေပြွန်များနှင့် လေအိတ်ငယ်များတွင် ရောင်ရမ်းခြင်းနှင့် အမာရွတ် အနည်းငယ် ဖြစ်ပေါ်ခြင်း
- Grade 2 – လေပြွန်များနှင့် လေအိတ်ငယ်များ ထိခိုက်ရောင်ရမ်းမှု ပိုများလာပြီး အမာရွတ်များလည်း ပို၍ ဖြစ်ပေါ်လာခြင်း
- Grade 3 – လေအိတ်ငယ်များ လုံးဝပိတ်ဆို့သွားပြီး အဆုတ်၏ အပိုင်းအများစုတွင် ရောင်ရမ်းခြင်း၊ အမာရွတ်များ ဖြစ်ပေါ်ခြင်း
- Grade 4 – လေအိတ်ငယ်များ ပျက်စီးပြီး နံရံများ ထူလာသောကြောင့် အဆုတ်တွင် ပျားအုံကွက်ပုံစံ တွေ့မြင်ရခြင်း
ကုသခြင်း
ကျောက်ဂွမ်းကြောင့်ဖြစ်သော အဆုတ်ရောဂါကို ပျောက်ကင်းအောင် ကုသ၍မရပါ။ ကုသမှု၏ ရည်ရွယ်ချက်များမှာ ရောဂါလက္ခဏာများကို သက်သာအောင် ပြုလုပ်ခြင်း၊ ရောဂါအခြေအနေ ပိုဆိုးမလာအောင် ထိန်းထားခြင်း၊ နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ခြင်းနှင့် ဘဝနေထိုင်မှု အရည်အသွေးကို ကောင်းမွန်စေရန် စသည်တို့ဖြစ်သည်။ ရောဂါပြင်းထန်မှုပေါ် မူတည်၍ ဓာတ်မှန်နှင့် ကွန်ပျူတာဓာတ်မှန်များ ရိုက်ခြင်း၊ အဆုတ်လုပ်ဆောင်ချက် စစ်ဆေးခြင်းတို့ကို ပုံမှန်ပြုလုပ်ရန် (ဥပမာ_ ၆ လ တစ်ခါ) လိုအပ်သည်။ ကုသမှုနည်းလမ်းများတွင် အောက်ပါတို့ ပါဝင်သည်။
- အောက်ဆီဂျင် ပေးခြင်း (Supplemental Oxygen therapy)
အဆုတ်အားနည်း၍ အသက်ရှူရခက်ခဲသော လူနာများအတွက် အမောသက်သာစေရန် ဖြည့်စွက်အောက်ဆီဂျင်ကုထုံးကို ပေးနိုင်သည်။ - အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း (Pulmonary rehabilitation)
လေ့ကျင့်ခန်းကုထုံး ပညာရှင်များက အသက်ရှူသွင်း၊ ရှူထုတ်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းများ၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကို လမ်းညွှန်ပေးမည်ဖြစ်ပြီး အမောသက်သာစေရန်၊ ပုံမှန်သွားလာလှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် ကူညီပေးသည်။ - ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း (Physical therapy)
- ဆေးလိပ်ကို လုံးဝဖြတ်ခြင်း (Smoking cessation) – အရေးအကြီးဆုံးအချက်ဖြစ်ပြီး အဆုတ်အနေအထား ပိုဆိုးမလာအောင် ကာကွယ်ပေးနိုင်သော အချက်တစ်ခုဖြစ်သည်
- ဆေးဝါးများဖြင့် ကုသခြင်း – အဆုတ်တစ်ရှူးများ အမာရွတ်ဖြစ်ခြင်းမှ သက်သာစေသည့် ဆေးများပေးခြင်း (Anti-fibrotics)၊ ချွဲသလိပ်ပျော်ဆေးများ (Mucolytics) ပေးခြင်းဖြင့် သလိပ်ထွက်စေပြီး ချောင်းဆိုးနှင့် ရင်ဘတ်အောင့်ခြင်းကို သက်သာစေခြင်း၊ အဆုတ်ပိုးဝင်ခြင်းကို ပိုးသတ်ဆေးများဖြင့် ထိရောက်စွာ ကုသခြင်း စသည်တို့ပါဝင်သည်။
- အဆုတ်အစားထိုးခွဲစိတ်ကုသခြင်း (Lung transplant surgery) – အလွန်ပြင်းထန်သောအဆင့်တွင် အဆုတ်အစားထိုးကုသမှု ပြုလုပ်နိုင်သည်။
ရောဂါကုသရာတွင် ဆေးပညာရှင်များ စုပေါင်းညှိနှိုင်းကုသမှု (Multidisciplinary team approach) ဖြင့် ကုသကြသည်။ အဆုတ်အထူးကု ဆရာဝန်များမှ ဦးဆောင်ပြီး လေ့ကျင့်ခန်းကုထုံး ဆရာဝန်များ၊ အာဟာရ ပညာရှင်များ၊ လိုအပ်ပါက ခွဲစိတ်ဆရာဝန်များဖြင့် စုပေါင်းတိုင်ပင်ကာ ရောဂါပြင်းထန်မှုနှင့် အဆုတ်အနေအထားပေါ် မူတည်၍ လူနာတစ်ဦးချင်းစီအတွက် သင့်လျော်သောကုထုံးကို စီစဥ်ပေးသည်။
ရောဂါရလဒ်ခန့်မှန်းချက်
ကျောက်ဂွမ်းကြောင့်ဖြစ်သော အဆုတ်ရောဂါသည် ရောဂါအဖြေရရှိပြီးနောက် (၁၀) နှစ်ခန့်အထိ အသက်ရှင်နိုင်သည်။ လူနာ၏ သက်တမ်းသည် ရောဂါပြင်းထန်မှုအဆင့်ပေါ် မူတည်သည်။ ရောဂါဖြစ်ခါစလူနာများသည် (၁၄) နှစ်အထိ အသက်ရှင်နိုင်ပြီး၊ အဆုတ်ပျက်စီးမှုများသော နောက်ဆုံးအဆင့် လူနာများသည် (၁)နှစ်ခွဲ မှ (၂)နှစ်ထိသာ သက်တမ်းရှိသည်။ ကျောက်ဂွမ်းမှုန်များကို ရှူမိသောပမာဏ များလေ သို့မဟုတ် ထိတွေ့သောအချိန်ကာလ ကြာမြင့်လေ၊ ရောဂါပြင်းထန်မှု ပိုများလေဖြစ်ပြီး သက်တမ်းတိုလေဖြစ်သည်။ ထိတွေ့မှုပမာဏနည်းသူများသည် ရောဂါမပြင်းထန်ဘဲ ပုံမှန်သက်တမ်းနီးပါး နေထိုင်နိုင်သည်။
ကာကွယ်ခြင်း
ကျောက်ဂွမ်းမှုန်များကို မရှူရှိုက်မိအောင် နေထိုင်ခြင်းသည် အကောင်းဆုံးကာကွယ်ခြင်းဖြစ်သည်။ သို့သော် ကျောက်ဂွမ်းမှုန်များနှင့် ထိတွေ့ရသည့် အလုပ်အကိုင်ဖြစ်ပါက လေစစ်ကိရိယာ ပါဝင်သည့် နှာခေါင်းစည်း (ဥပမာ_N95) ဝတ်ဆင်ခြင်းဖြင့် ကျောက်ဂွမ်းမှုန်များကို ရှူရှိုက်မိခြင်းမှ လျော့ချနိုင်သည်။ ကျောက်ဂွမ်းနှင့် ထိတွေ့မှုများသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသူများသည် ပုံမှန် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်သင့်သည်။ အထူးသဖြင့် ဆေးလိပ်ကို လုံးဝရှောင်ကြဉ်ခြင်းနှင့် အဆုတ်ရောင် ရောဂါပိုးများအတွက် ကာကွယ်ဆေးထိုးနှံခြင်းတို့သည် ရောဂါပြင်းထန်မှုကို လျော့နည်းစေသည်။
References:
- Mayo Clinic. (2022). Asbestosis: Symptoms and causes. Retrieved March 20, 2026, from https://www.mayoclinic.org/diseases-conditions/asbestosis/symptoms-causes/syc-20354637
- Mayo Clinic. (2022). Asbestosis: Diagnosis and treatment. Retrieved March 20, 2026, from https://www.mayoclinic.org/diseases-conditions/asbestosis/diagnosis-treatment/drc-20354643
- Cleveland Clinic. (2023). Asbestosis. Retrieved March 20, 2026, from https://my.clevelandclinic.org/health/diseases/22245-asbestosis
- The Mesothelioma Center at Asbestos.com. (n.d.). Asbestosis. Retrieved March 20, 2026, from https://www.asbestos.com/asbestosis/
- Asbestosis Claims. (n.d.). Types and stages of asbestosis. Retrieved March 20, 2026, from https://www.asbestosis-claims.co.uk/types-stages-asbestosis
- UK Health Security Agency. (2025). Asbestos: General information. Retrieved March 20, 2026, from https://www.gov.uk/government/publications/asbestos-properties-incident-management-and-toxicology/asbestos-general-information
Published: 22 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.